← Chapters

ဒုတိယအစစ်အမှန်ကိုယ် နိုးထလော့

Vol. 53 Ch. 744

ဒုတိယအစစ်အမှန်ကိုယ် နိုးထလော့

Vol. 53 Ch. 744

ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးက သွေးစက်ပျံထွက်လာသည်ကို မြင်လျှင် မောက်‌မာဝံ့ကြွားစွာ ပြောသည်။ "သွေးမိစ္ဆာဂိုဏ်းချုပ်၊ မင်းက ငါတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ပြီး အာရုံခွဲထားချင်သေးတယ်ပေါ့။ ကြည့်ရတာ မင်းက တကယ်ပဲ ငါတို့ကို ဂရုမစိုက်ဘူးထင်ပါရဲ့"

တစ်ချိန်တည်းမှာပင် သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ သူ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ရုပ်သေးရုပ်များ မှော်ဆန်ဆန် ပေါ်လာစေသည်။ ရုပ်သေးရုပ်တစ်ရုပ်ချင်းစီသည် မီတာသုံးဆယ်မြင့်မားပြီး အစစ်ဟုထင်ရသလို တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်နှင့်လည်း တူနေသည်။ ၎င်းတို့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာဂိုဏ်းချုပ်ထံသို့ ‌ပြေးဝင်သွားသော ရောင်စဉ်အလင်းတန်းများ ဖြစ်သွား၏။

"သွေးမိစ္ဆာဂိုဏ်းချုပ်၊ မင်းတော့ ပျက်စီးရတော့မှာပါ" လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက ပြောသည်။ "ငါတို့ပိုက်ကွန်ထဲကနေ မင်း မလွတ်နိုင်ဘူး။ သွေးမိစ္ဆာတောင် ပြိုကျတာနဲ့ မင်းရဲ့ကိုယ်အစစ်လည်း မိုးကောင်းကင်ရဲ့အလင်းနဲ့ ထိတွေ့ပြီး ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ နိဂုံးချုပ်ရလိမ့်မယ်" သူသည် အေးစက်စက် နှာမှုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဖုန်းရွှေသံလိုက်အိမ်မြှောင်မှ မျက်စိကျိန်းလောက်အောင် တောက်ပနေသော အလင်းရောင်နှင့်အတူ မရေမတွက်နိုင်သော မှော်သင်္ကေတများအား ထုတ်လွှတ်‌လိုက်၏။ မှော်သင်္ကေတများသည် တစ်လွှာပေါ်တစ်လွှာထပ်၍ မန္တန်ဝင်္ကပါများ ဖော်ဆောင်ကာ ရှေ့ထွက်သွားကြလေသည်။

သွေးမိစ္ဆာဂိုဏ်းချုပ်က ဘာမှမပြောသည့်အပြင် ထိတ်လန့်သွားသောအရိပ်အယောင် စိုးစဉ်းမျှပင် မရှိပေ။ တကယ်တမ်း သူ၏မျက်နှာမှာ ‌မထူးခြားနားသာ။ သူသည် မည်သို့ပင် ဖြစ်ပျက်စေကာမူ၊ မည်သည့်အတားအဆီးကိုမဆို တွန်းလှန်နိုင်ကြောင်း ယုံကြည်ချက်ရှိ၏။

အရုဏ်ဦးအင်မော်တယ်က သူ၏အစွမ်းထက်ဆုံးပြိုင်ဘက်ဖြစ်သည့်အတွက် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သူမအပေါ်တွင် (၆၀) ရာခိုင်နှုန်းအာရုံစိုက်ထား၏။ ကျန် (၄၀) ရာခိုင်နှုန်းကို ကျင်းဟန်ဂိုဏ်း၏ ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးအပေါ် အသီးသီး ဖြန့်ကျက်ထားလေသည်။

နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် လှုပ်မရအောင် ချုပ်ထားကြ၏။ သူတို့သည် မှော်တိုက်ပွဲအား အကြိတ်အနယ် ဆင်နွဲနေသယောင် ထင်ရသော်လည်း အမှန်တော့ တစ်ဖက်လူ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အတိုင်းအတာတစ်ခုအထိ သုံးစွဲလိုက်သည့်အချိန်တွင် လျှပ်စီးလို ထိုးနှက်ပစ်ရန် သတိရှိရှိ စောင့်စားနေကြခြင်းဖြစ်သည်။

အောက်တွင် ထစ်ချုန်းသံကြီးတစ်သံ စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ မန်ဟိုက အကာအကွယ်အလွှာ (၂) ၏အနောက်တွင် ရပ်နေပြီး သစ်သားဓားမှာတော့ သူ့ကို လှည့်ပတ်နေ၏။ ဓားထံမှ တဝီဝီမြည်သံများ ကြားရပြီး အချိန်စွမ်းအားလှိုင်းများက ၎င်းပတ်ပတ်လည်ရှိ လေထုကို ပုံပျက်ရှုံ့‌တွသွားစေသည်။ အလွှာ (၂) ၏အနောက်ရှိ ‌သွေးမိစ္ဆာဂိုဏ်းသားအားလုံးက အခြားတစ်ဖက်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာနှင့်အတူ အင်အားတိုးစေရန် သက်တမ်းကို ကျွမ်းလောင်စေရင်း သွေးရူးသွေးတန်းဖြစ်နေသော ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးကို စိုက်ကြည့်ရင်း ရပ်နေကြသည်။

ဝတ်ရုံနက်အဘိုးကြီး၏ ဒေါသနှင့် ခံပြင်းမှုတို့မှာ ဖော်ပြ၍ပင်မရပေ။ သူသည် မန်ဟို့ကို ထပ်ခါတလဲလဲ သတ်ဖြတ်ပြီးနောက် ယီးကျန့်ဂိုဏ်း၏အဖိုးထိုက်ရတနာကို ပြန်ယူချင်နေ၏။

သူ တိုက်ခိုက်လိုက်သည့်အခါ လက်တွင် မည်သည့်ဓားကိုမှ ကိုင်မထားသော်လည်း သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသော ဓားစိတ်ဆန္ဒက ဒြပ်မဲ့ဓားတစ်လက်အသွင်ပြောင်းကာ အလွှာ (၂) ကို ခုတ်ပိုင်းချလိုက်သည်။

သွေးမိစ္ဆာဂိုဏ်း၏ ငါးလွှာအကာအကွယ်သည် ဂိုဏ်းနှင့်နီးလေ ၊ သန်မာလေ ဖြစ်၏။ ထို့အပြင် အကာအကွယ်အတွင်းမှ တန်ပြန်တိုက်ကွက်များကလည်း ပို၍ပြင်းထန်လာလေသည်။

အရေးအကြီးဆုံးမှာ ‌သွေးမိစ္ဆာတောင်အတွင်းရှိ သွေးကန်မှ သွေးစက်၏ကျေးဇူးကြော့င့် အလွှာ (၂) မှာ ယခုတွင် သွေးရောင်ဖြစ်နေလေပြီ။ ၎င်း၏စွမ်းအားမှာ လျင်မြန်စွာ ချိုးဖျက်နိုင်သောအရာ မဟုတ်ပေ။

ထိုမျှသာမက စောစောက သစ်ရွက်သည်လည်း အလွှာ (၂) ကို ‌ထိုးဖောက်မသွားခဲ့ပေ။ အလွှာ (၅) ၊ (၄) နှင့် (၃) သာ အပေါက်ပေါက်သွားခဲ့ခြင်းဖြစ်၏။ အလွှာ (၂) မှာ အကောင်းပကတိအတိုင်း ကျန်သေးသည်။

ဝတ်ရုံနက်အဘိုးကြီးက သူ၏ဒေါသများကို ၎င်းအပေါ် ပုံချနေသဖြင့် အကာအကွယ်မှာ သံစုံမြည်ပြီး ပုံပျက်နေ၏။ သို့သော် မပျက်စီးသွား။

သွေးမိစ္ဆာဂိုဏ်းတပ်ဖွဲ့မှာတော့ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ မန်ဟိုလည်း ထိုနည်းတူပင်။ သူသည် ဝတ်ရုံနက်အဘိုးကြီး တိုက်ခိုက်ပြီးရင်း တိုက်ခိုက်နေသည်ကို အေးတိအေးစက် ကြည့်နေ၏။ မန်ဟို၏မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး သစ်သားဓားသည်လည်း ၎င်းကို ခံစားလိုက်ရသည့်အလား တဝီဝီ‌ဆူညံလာ၏။

ဒုန်း

အကာအကွယ်သည် တုန်ခါသွားပြီး ဝတ်ရုံနက်အဘိုးကြီး နောက်ဆုတ်သွား၏။ သူက ခေါင်းနောက်လှန်ပြီး အဆုတ်ကွဲမတတ် အော်လိုက်လေသည်။ "ကျင့်ကြံသူအကုန်လုံး၊ အမိန့်နာခံစေ။ အကာအကွယ်ကို အစွမ်းကုန် တိုက်ကြ။ ဖျက်စီးပစ်ကြ"

‌ကျင့်ကြံသူသိန်းပေါင်းများစွာက တခဏ ချီတုံချတုံ ဖြစ်သွားသည်။ ပထမဆုံး လှုပ်ရှားကြသူများမှာ ယီးကျန့်ဂိုဏ်းသားများ ဖြစ်ကြသည်။ သောင်းချီသော ဓားပျံများက လေကိုခွင်းလျက် အကာအကွယ်ဆီသို့ ပြေးဝင်သွားကြသည်။ သူတို့အနောက်မှ ကျင်းဟန်ဂိုဏ်းသားများနှင့် လီမျိုးနွယ်များ လိုက်သွားကြ၏။ သင်းကွဲကျင့်ကြံသူတချို့လည်း ရှိသည်။ သူတို့အားလုံးက နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ရင်း သွေးရောင်အကာအကွယ်အလွှာ (၂) ကို ရိုက်နှက်နေကြသည်။

ချက်ချင်းပင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။ မြေကြီးသည် တသိမ့်သိမ့် တုန်ရီသွားပြီး အနီးအနားရှိ သစ်ပင်များ ဖျက်စီးခံလိုက်ရသည်။ ပူးပေါင်းတိုက်ခိုက်မှု၏အားကြီးကြောင့် တောင်တန်းများ ပြန့်ပြူးသွားပြီး တစ်မြေလုံးမှာာ တစ်မီတာတိတိ ချိုင့်ဝင်သွား၏။

‌အဝေးမှကြည့်လျှင် သွေးမိစ္ဆာဂိုဏ်း တည်ရှိခဲ့ဖူးသော တောင်တန်းမှာ ယခုတော့ လွင်ပြင်ဖြစ်သွားခဲ့လေပြီ။ ပတ်ဝန်းကျင်ရှိ ပင်များ သေဆုံးသွားကြပြီး မည်သည့်အသက်မှ မရှိတော့ပေ။

၎င်းတို့အားလုံး၏ အလယ်တည့်တည့်ရှိ တလက်လက် တောက်‌ပနေသော သွေးရောင်အကာအကွယ်မှလွဲ၍ အရာအားလုံးမှာ ပြိုကျပျက်စီးနေလေပြီ။ အကာအကွယ်မှာ လှိုင်းတွန့်များ ထနေပြီး ပြင်းထန်စွာ ရှုံ့တွနေသော်လည်း မပြိုပျက်သွားပေ။

သွေးမိစ္ဆာဂိုဏ်း၏တောင်ထိပ်ငါးခုမှာ ယခုတွင် အားလုံး၏အာရုံစိုက်ရာ ဖြစ်လာ၏။

နတ်ဘုရားစွမ်းရည်များထံမှ နောက်ဆက်တွဲလှိုင်းများ ပေါက်ကွဲထွက်လာပြီး မဟာမိတ်တပ်ဖွဲ့များမှာလည်း ပြန်ကန်အားကြောင့် ဒဏ်ရာများ ရသွားကြ၍ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သွေးအန်ပြီး နောက်ဆုတ်လိုက်ကြရသည်။ သို့သော် အခြားသူများက ချက်ချင်း သူတို့နေရာသို့ ဝင်လိုက်ကြသည်။

ထိုကဲ့သို့ သံသရာလည်ရင်း မရေမတွက်နိုင်သော တိုက်ကွက်များ တဖွဲဖွဲ ကျရောက်နေသည်။

ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက အထူးသဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။ သူ လှုပ်ရှားလိုက်တိုင်း အကန့်အသတ်မဲ့သော ဓားချီသည် သွေးရောင်အကာအကွယ်ကို ဝုန်းခနဲ ဝင်တိုက်၏။ နှစ်ရက်ကြာသော် အကာအကွယ်မှာ ပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။

တတိယမြောက်‌နေ့ ရောက်သောအခါ အက်ရာများသည် သွေးရောင်အကာအကွယ်ကို ဖုံးနေချေပြီ။ သွေးမိစ္ဆာဂိုဏ်းသားများက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ မန်ဟို၏မျက်လုံးများမှာတော့ တလက်လက် တောက်ပနေသည်။

နောက်ဆုံးတော့ ဖျောက်ခနဲ အသံတစ်သံ ပဲ့တင်ထပ်လာ၏။ မရေမတွက်နိုင်သော အက်ကြောင်းများက တစ်ခုနှင့်တစ်ခု ဆက်သွားပြီး အနာကြီးတစ်ခုနှင့် တူနေတော့သည်။ ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီးက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သဘာဝနိယာမ ဆင်းသက်လာပြီး အံ့ဖွယ်နတ်ဓားတစ်လက် ဖြစ်သွားသည်။

ဓားပေါ်လာသည်နှင့်တစ်ပြိုင်နက် အပေါ်တွင် မိုးထစ်ချုန်းသွား၏။ ဓားသည် မိုးကြိုးစွမ်းအားဖြင့် ရုတ်တရက် လင်းခနဲ လက်ကာ အလွှာ (၂) ကို ပိုင်းချလိုက်သည်။

ဂျုန်းးးးးးးးးး

အလွှာ (၂) မှာ ဓားချက်ကို မခံနိုင်ပေ။ ဒြပ်မဲ့ဓားကြီးက ၎င်းကို ထိုးစိုက်လိုက်ကာ ကြောက်စရာလှိုင်းလုံးကြီးတစ်လုံးအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။ သွေးမိစ္ဆာဂိုဏ်းသားများနှင့် မန်ဟိုကား နောက်ဆုံး ကျန်ရှိသောအလွှာထဲသို့ ဆုတ်ခွာထားနှင့်ခဲ့ပြီးဖြစ်သည်။

"တိုက်ခိုက်ကြမလား သွေးမင်းသား"

"သေခြင်းက ဆိုက်ရောက်လာခဲ့ပြီ။ ဒီမှာ နေနေမယ့်အစား စိတ်တိုင်းကျ သတ်ဖြတ်ကြတာ ပိုကောင်းမယ်"

"သေခြင်းကို မရှောင်တိမ်းနိုင်မှတော့ တိုက်ခိုက်ရင်း သေကြတာပေါ့" သွေးမိစ္ဆာဂိုဏ်းသားများ၏ မျက်လုံးများ နီရဲနေကြပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များပင်လျှင် မန်ဟိုရှိရာသို့ လှမ်းကြည့်နေကြ၏။

ဤနောက်ဆုံးအလွှာမှာ နောက်ဆုံးခံစစ်ဖြစ်သည်။ ၎င်း ပျက်စီးသွားသည်နှင့် သွေးမိစ္ဆာဂိုဏ်းအတွက် ခုခံနိုင်စွမ်း ကင်းမဲ့သွားလိမ့်မည်။ သိန်းချီသောကျင့်ကြံသူများ အထဲသို့ ဝင်ရောက်လာကြလိမ့်မည်။ ထိုသို့ဖြစ်ပျက်ခဲ့လျှင် ... သူတို့အနေဖြင့် အတန်ငယ် တောင့်ခံကောင်း တောင့်ခံနိုင်သော်လည်း ‌အဆုံးသတ်တွင်တော့ သေရလိမ့်မည်။

ဝမ်ယိုချိုင်က မန်ဟိုကို ကြည့်ရင်း သူ၏ဆုံးဖြတ်ချက်ကို စောင့်စားနေသည်။

လီရှိချီလည်း သူ့ကို ကြည့်နေသည်။ သူသည် သွေးမင်းသားဖြစ်ပြီး ခွန်အားခင်းကျင်းပြသမှုမှတစ်ဆင့် လေးစားမှုကို ရရှိခဲ့၏။ မိမိ၏ဘေးကင်းလုံခြုံမှုကို ပဓာနမထားဘဲ တစ်‌ယောက်တည်း တိုက်ခိုက်ရန် ထွက်သွားခဲ့သော သူ၏အပြုအမူက ဂိုဏ်းသားများထံမှ အဆုံးစွန်အထိ အထင်ကြီးရိုသေလေးစားမှုကို ရရှိစေခဲ့လေသည်။

လူတိုင်း သူ့ကို ကြည့်နေကြလေပြီ။

သို့သော် မန်ဟို့အကြည့်က ... ရှုချင်အပေါ် ကျရောက်သွားသည်။

သူမသည် စစ်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်ရင်း သွေးမင်းသားလျှိုမြောင်၏အပြင်တွင် ရပ်နေခဲ့လေ၏။ ယခု မန်ဟိုက သူမကို လှမ်းကြည့်လိုက်ရာ သူမလည်း သူ့ကို ပြန်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အပြင်လောကမှ ပေါက်ကွဲသံများ ခြံရံနေသော သွေးရောင်အကာအကွယ်၏အနောက်၊ သွေးမိစ္ဆာဂိုဏ်းတွင် သူတို့နှစ်ယောက်မှာ နှစ်ယောက်တည်းတစ်ကမ္ဘာ ဖြစ်သွားသယောင်ပင်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် မြတ်နိုးစွာ ကြည့်နေကြပြီး သူမမျက်ဝန်းထဲရှိ အားပေးနေသောအရိပ်အယောင်လေးကို မန်ဟို မြင်လိုက်ရသည်။ ထို့နည်းတူ.....

မင်း ရှင်ရင် အစ်မ ရှင်မယ်။ မင်း သေရင် အစ်မ သေမယ်

ဘုန်း

အလွှာ (၂) ၏ ပျက်စီးခြင်းမှ တုန်ခါလှိုင်းကြီး အားပျော့ပျောက်ကွယ်သွားပြီး ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးက ရှေ့ဆုံးမှ ဦးဆောင်လာသည်။ သူ အလွှာ (၁) ကို တိုက်ခိုက်ရန် တဟုန်ထိုးလာနေစဉ် အကန့်အသတ်မရှိသော ဓားအရောင်အဝါက သူ့ကို ခြုံရံလျက်ရှိ၏။

ပေါက်ကွဲမှုများက နေရာအနှံ့ပဲ့တင်ထပ်နေသည်။ မူလတပ်ဖွဲ့၏ ကျင့်ကြံသူသိန်းပေါင်းများစွာအနက်မှ နှစ်သိန်းသာ ကျန်တော့လေပြီ။ အကုန်လုံးမှာ ဒဏ်ရာများနှင့် ခြေကုန်လက်ပန်းကျနေကြသည်။ တိုက်ပွဲမှာ အချိန်ကြာရှည်‌နေပြီဖြစ်၍  သူတို့အတွက်ဖြစ်စေ ၊ သွေးမိစ္ဆာဂိုဏ်းသားများအတွက်ဖြစ်စေ ၎င်းသည် ရက်စက်သော ကာလကြာရှည်တိုက်ပွဲကြီး ဖြစ်ခဲ့၏။

"ပြီးခါနီးပြီ"

"နောက်ဆုံးခံစစ် ပွင့်သွားအောင် လုပ်ဖို့ပဲ လိုတယ်။ ပြီးရင် သွေးမိစ္ဆာဂိုဏ်း ... သုတ်သင်ခံရလိမ့်မယ်"

"လေးရက်ပဲ၊ လေးရက်အတွင်း တောင်ပိုင်းဒေသမှာ သွေးမိစ္ဆာဂိုဏ်းဆိုတာ မရှိစေရဘူး" ကျင့်ကြံသူနှစ်သိန်း၏မျက်လုံးများ နီရဲနေကြသည်။ သူတို့သည် ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် မာန်သွင်းဟိန်းဟောက်ပြီး အကာအကွယ်အား အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။

ဝုန်းးးးးးးး

အကာအကွယ်သည် လှိုင်းထသွား၏။ သို့သော် အလွှာ (၁) က အလွှာ (၂) ထက် ပို၍ပင် ခိုင်မာတောင့်တင်းပြီး ပို၍ပင်များပြားသော တန်ပြန်အား ရှိလေသည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော တဂျုန်းဂျုန်းမြည်သံများ မိုးထိညံသွား၏။ သိသိသာသာပင် အကာအကွယ်မှာ အချိန်တိုလေးအတွင်း ပျက်စီးမည်မဟုတ်ပေ။

ကံဆိုးစွာနှင့် သည့်ထက်ပို၍ပင် ခိုင်မာသော အကာအကွယ်ပင်လျှင် ကျင့်ကြံသူနှစ်သိန်း၏ ပူးပေါင်းတိုက်ခိုက်မှုအောက်ဝယ် ကြာကြာခံနိုင်မည်မဟုတ်။

"သွေးမင်းသား၊ ကျုပ်တို့ တိုက်ခိုက်ကြစို့" အကာအကွယ်အတွင်းရှိ သွေးမိစ္ဆာဂိုဏ်းသားများက ထရပ်လိုက်ကြသည်။ သူတို့၏စွမ်းအားများမှာ စုစည်းထားပြီးဖြစ်ပြီး သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒတို့မှာလည်း ယခင်ထက် အဆများစွာပို၍ အားကောင်းနေလေပြီ။

မန်ဟိုသည် တခဏ တိတ်ဆိတ်သွားပြီးနောက် အံတင်းတင်းကြိတ်ကာ ပြော၏။ "လေးရက် ထပ်စောင့်"

သူ၏ဒုတိယအစစ်အမှန်ကိုယ် နိုးထလာဖို့ လေးရက်လိုသေးသည်။

နိုးထလာလျှင်ချင်း သူ၏ဒုတိယအစစ်အမှန်ကိုယ် မည်မျှအစွမ်းထက်မလဲ မန်ဟို ဘယ်နည်းနှင့်မှ မသိနိုင်ပေ။ အင်မော်တယ်တစ်ဦး၏ဝိညာဉ်ကိုသာ အသုံးမပြုခဲ့လျှင် သူအနေဖြင့် ခန့်မှန်းကောင်း ခန့်မှန်းနိုင်မည်။ သို့သော် သူ၏ဒုတိယအစစ်အမှန်ကိုယ်ထဲ၌ အင်မော်တယ်တစ်ဦး၏ဝိညာဉ် ရှိနေသည့်အတွက် မခန့်မှန်းနိုင်ပေ။ ၎င်းက အမှန်တကယ်ပဲ မိုးကောင်းကင်ကို အာခံနေသည်လား .... နိုးထလာမှ သိရလိမ့်မည်။

"အစွမ်းထက်ကို ထက်လိမ့်မယ်" သူသည် အကာအကွယ်၏အလွန်ကို လှမ်းကြည့်ရင်း ပြောသည်။

တစ်ရက် ကြာသွားလေပြီ။

အကာအကွယ်သည် ၎င်းကို ခံနိုင်သော နောက်ဆုံးအတိုင်းအတာအထိ တွန်းပို့နေသည့် ကျင့်ကြံသူနှစ်သိန်း၏ တိုက်ကွက်များအောက်တွင် ပြင်းပြင်းထန်ထန် တုန်ရီနေ၏။ တန်ပြန်တိုက်ကွက်များကလည်း ကျင့်ကြံသူနှစ်သိန်းကို ဆိုးရွား‌သော ဒဏ်ရာများ ရသွားစေသည်။

နှစ်ရက်

အကာအကွယ်သည် နေရာတိုင်းလိုလိုတွင် တွန့်လိမ်ရှုံ့တွနေပြီး တုန်ပင် တုန်ရီနေ၏။ အမှန်အားဖြင့် တချို့နေရာများတွင် လျင်မြန်စွာ ပြန်ဆက်နေသော်လည်း အက်ကွဲကြောင်းများမှာ ပိုမိုသိသာသည်။

ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးက အသေအလဲ ထိုးနှက်နေ၏။ သူ တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်တိုင်း အကာအကွယ်မှာ ပြိုကျတော့မည့်အလား ဖြစ်သွားသည်။

သုံးရက်

"ကျိုးပျက်စမ်း"

ဂျိန်း

ပထမဆုံးအနေဖြင့် ပြန်ဆက်မရသော အက်ကြောင်းကြီးတစ်ကြောင်း ဖြာထွက်လာသည်။ အကာအကွယ်အတွက် ဈာပနခေါင်းလောင်းသံ ထိုးသွားခဲ့လေပြီ။ ကျင့်ကြံသူနှစ်သိန်းသည် တန်ပြန်တိုက်ကွက်များကို သုံးရက်ကြာ သည်းခံခဲ့ရသည့်အတွက် အများစုမှာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ စစ်မြေပြင်မှာ ဆုတ်ခွာသွားကြရ၏။

ကျန်ရှိသော ကျင့်ကြံသူအ‌ရေအတွက်မှာ တစ်သိန်းကျော်သာ ဖြစ်သော်လည်း စစ်မြေပြင်တွင် ပြွတ်သိပ်ကြပ်နေသေးရာ အဆုံးကိုပင် မမြင်ရပေ။ သူတို့ ဆက်လက်တိုက်ခိုက်နေသည်နှင့်အမျှ အက်ကြောင်းများ ပိုမိုပေါ်လာတော့သည်။

နောက်ဆုံးတော့ လေးရက်မြောက်နေ့သို့ ရောက်ရှိလာ၏။

လေးရက်မြောက်နေ့တွင် သွေးရောင်အကာအကာအကွယ်မှာ အက်ရာ‌‌များ ဗလပွ ဖြစ်နေလေပြီ။ တော်တော်များများက တစ်ခုနှင့်တစ်ခုဆက်ကာ အပေါက်ကြီးများအား ဖန်တီးထားကြသည်။

အကာအကွယ်သည် တုန်ရီနေပြီး အက်သံများ ကြားရနိုင်သည်။ ၎င်းကား သိပ်ကြာကြာ ခံနိုင်တော့မည့်ပုံမပေါ်။

တစ်ချိန်တည်းမှာပင် ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး၏မျက်လုံးများအတွင်း၌ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို မြင်ရနိုင်သည်။ သူသည် ရုတ်တရက် ‌အမြင့်သို့ ပျံတက်သွားပြီးနောက် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် သဘာဝနိယာမကား ဓားတစ်လက် ဖော်ဆောင်လိုက်လေပြီ။

ဤသည်ကား သူ၏တာအိုရှာဖွေခြင်းဓားဖြစ်၏။

"‌သွေးမိစ္ဆာဂိုဏ်း ဒီနေ့ တစ်ယောက်မကျန် သုတ်သင်ခံရစေမယ်" သူက ဟစ်ကြွေးလိုက်သည်။ သူသည် လက်ကိုညွှန်လိုက်ရာ ဓားကား အကာအကွယ်ဆီ ပြေးဝင်သွား၏။

သွေးမိစ္ဆာဂိုဏ်းသားများမှာ ထိန်းမနိုင်သိမ်းမရအောင် ဒေါသူပုန်ထသွားကြသည်။ သူတို့၏မျက်လုံးများက နီရဲနေပြီး သူတို့သည် အကာအကွယ်ပျက်စီးသွားမည့် အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်နေလေပြီ။ ထို့နောက် သေသည်အထိ တိုက်ခိုက်ကြမည်။

သို့သော် ဒြပ်မဲ့ဓားကြီး အကာအကွယ်ဆီသို့ ထိုးဆင်းလာသည့်အချိန်မှာပင် ... မန်ဟိုသည် သွေးမင်းသားလျှိုမြောင်ထဲမှ ပေါ်ထွက်လာသည့် ရင်းနှီးသောအရှိန်အဝါကို အာရုံရလိုက်သဖြင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။

သူ၏မျက်လုံးများ ဝင်းလဲ့သွားသည်။ သူ စောင့်စားနေခဲ့သော နေ့ရက်ကား နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပြီ။

"ဒုတိယအစစ်အမှန်ကိုယ် နိုးထလော့"

***

All Chapters