တောင့်ခံထားခြင်း
Vol. 108 Ch. 1500
ပါရာဂွန်အဆင့်အောက် ကြက်သွေးရောင်နဂါးအားလုံး အပိုင်းပိုင်းပြတ်ထွက်ကုန်သည်။ သွေးညှီနံ့များ ပျံ့လွင့်လာသည့်အချိန်မှာပင် မန်ဟို့လက်နှစ်ဖက်က မုဒြာလက်ကွက်နှစ်ကွက်ဖော်လိုက်ရာ တတိယဒိုင်း၏အပြင်၌ ဧရာမလက်ကြီးသုံးဖက် ပေါ်လာ၏။ တစ်ဖက်စီကား အနှစ်သာရ ၉ ခုအထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်လျက် ကြက်သွေးရောင်နဂါးသုံးကောင်နောက် တန်းတန်းမတ်မတ် လိုက်သွားသည်။
ထို့နောက် မထင်မှတ်ထားသည့်အချိန်မှာပင် ကြယ်တာရာကောင်းကင်သည် တုန်ခါလာပြီး လက်ကြီးသုံးဖက်၏အပေါ်တွင် အနီရောင်အစက်အပြောက်များ ဖြစ်ပေါ်လာ၏။ အနီးကပ်ကြည့်လိုက်သည့်အခါ ထိုအနီရောင်အစက်တစ်စက်စီက ပိုးကောင်တစ်ကောင်ကောင်ဖြစ်သယောင် ထင်ရသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် တဝီဝီမြည်သံများနှင့်အတူ လက်များကို အပြည့်လွှမ်းခြုံသွားခဲ့ချေပြီ။ ပိုးကောင်များတစတစ များပြားလာပြီး နောက်ဆုံးတော့ အရာအားလုံးမှာ အနီရောင်အိုင်ကြီးတစ်အိုင်လို ဖြစ်လာတော့သည်။
ထိုအချိန် အဝေး၌ အန္တရာယ်များသော သေခြင်းအရှိန်အဝါတစ်ခု ပေါ်လာသည်။ အဆိုပါအရှိန်အဝါက အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ဖြာထွက်သွားပြီး ၎င်းအတွင်း၌ အဆုံးမဲ့သောအလောင်းများအား မြင်ရနိုင်သည်။ အလောင်းတစ်လောင်းစီမှာ ပူးကပ်ခံထားရဟန်တူပြီး မန်ဟိုရှိရာမြေထုထံသို့ စစ်တပ်ကြီးသဖွယ် ချီတက်လာကြလေပြီ။
ပိုးကောင်နီများနှင့် အသေကောင်စစ်တပ်ကြီးက တတိယဒိုင်းအလွှာကို ကမူးရှူးထိုး တိုက်ခိုက်ကြသည်။
ကြောက်ခမန်းလိလိထစ်ချုန်းသံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေတော့သည်။
မန်ဟိုက ဘာမှမပြော။ အဝေးသို့လှမ်းကြည့်ရင်း လက်နှစ်ဖက်လုံးကို ဖြန့်ကားကာ မြေကြီးအပေါ် ဖိချလိုက်သည်။ ထို့နောက် သူသည် မျက်လုံးပိတ်၍ ဒိုင်းများအပြင်၌ ဖြစ်ပျက်နေသမျှအရာအားလုံးကို လျစ်လျူရှုလိုက်၏။ သူ၏စိတ်အစဉ်က ဆင့်ခေါ်နေသံကို အားဖြည့်ပေးဖို့ မှန်ကွဲစများအတွင်းထဲ နှစ်မြုပ်ထားလေသည်။
အချိန်တွေ ကုန်လွန်သွားသည်။ နှစ်ရက်ကြာသော် ကြေးမုံသည် မန်ဟို၏တည်နေရာဆီ လာနေသော အလင်းတန်းထဲတွင်သာ ရှိသေး၏။
မြေထုမှာတော့ ပြင်းထန်စွာ လှုပ်ခတ်နေသည်။ ဒိုင်းအလွှာသုံးသည် ပြိုကွဲသွားခဲ့ပြီဖြစ်ပြီး ဒိုင်းအလွှာလေးမှာလည်း ပျက်စီးတော့လုဆဲဆဲ ကြေမွနေချေပြီ။ ပိုးကောင်နီတစ်ဝက် သေသွားပြီဖြစ်သလို၊ အသေကောင်အများစုလည်း မရှိတော့ပေ။
သို့သော် ကျောက်ဘီလူးအုပ်ကြီး ရောက်ချလာခဲ့ပြီး ၎င်းတို့၏အင်တိုက်အားတိုက် တိုက်ခိုက်မှုများကြောင့် ဒိုင်းအလွှာလေးမှာ ပျက်စီးပေတော့မည်။ ကျောက်ဘီလူးများသည် ဒေါသတကြီး တိုက်ခိုက်နေကြ၏။
၎င်းတို့အပြင် ထူးဆန်းသောလက်တံများနှင့် ဖြစ်တည်မှုများ၊ နွားခေါင်းနှင့်လူခန္ဓာကိုယ်ရှိသော သတ္တဝါများလည်း ရှိသည်။ လက်တံပါဖြစ်တည်မှုများတွင် တောင့်တင်းသန်မာသော အပြင်အားကိုယ်များ မရှိသော်လည်း ၎င်းတို့၏မှော်သိုင်းကွက်များသည် မယုံနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်း၏။ ထိုအရာအားလုံးကြောင့် နောက်ဆုံးတော့ ဒိုင်းအလွှာလေးမှာ ပြိုကွဲသွားတော့သည်။ ပေါက်ကွဲမှုလှိုင်း ဖြာထွက်နေသည့်အချိန်မှာပင် ကျောက်ဘီလူးများ၏မျက်လုံးများက ရူးမိုက်လာပြီး ရုတ်တရက် ၎င်းတို့ကား ခန္ဓာဖောက်ခွဲလိုက်ကြချေပြီ။
အုန်းးးးးးးးးးးးးးးး
ကျောက်ဘီလူးများ၏ ဖောက်ခွဲမှုက ဒိုင်းအလွှာလေး၏ ပေါက်ကွဲမှုအားလှိုင်းကို ဒိုင်းအလွှာငါးအား ရိုက်ခတ်သွားစေသည်။ ထူးထူးဆန်းဆန်းသတ္တဝါအုပ်လိုက်ကြီး ဝိုင်းအုံတိုက်ခိုက်နေကြသဖြင့် ဒိုင်းအလွှာငါးမှာလည်း တစတစအက်ကွဲကာ ပျက်စီးသွားတော့သည်။
ထို့နောက် မြားပေါင်းများစွာက ဒိုင်းအလွှာခြောက်အပေါ် မိုးကဲ့သို့ တဝှီးဝှီး ရွာကျလာသည်။ မျက်စိတစ်မှိတ်အတွင်း ဒိုင်းအလွှာခြောက်မှာ ဖျက်စီးခံရသည်။
ထိုအခြင်းအရာက ဒိုင်းအလွှာခုနစ်ကို ပေါ်လာစေရာ ... မန်ဟို၏မျက်လုံးများ ပွင့်လာသည်။ သူသည် တင်းမာခက်ထန်သောအမူအရာဖြင့် လှမ်းကြည့်၏။ ထို့နောက် အသက်ပြင်းပြင်းရှူရင်း လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ကာ ဒိုင်းအလွှာခုနစ်၏မျက်နှာပြင်ထက်၌ ဝါးတားတားမျက်နှာတစ်ဖက် ပေါ်လာစေသည်။
မျက်နှာကြီးသည် တစ္ဆေတစ်ကောင်လို မြားမိုးဆီ ပြေးဝင်သွား၏။ ထို့နောက် သာမန်လူ၏ဒူးလောက်သာ ရှိသော လူပုံစံသတ္တဝါသေးသေးလေးများ ပေါ်လာပြန်သည်။
အချိန်များ ထပ်မံကုန်လွန်သွားသည်။ တတိယနေ့တွင် ဒိုင်းအလွှာခုနစ်မှာ အကောင်သေးသေးလေးများကြောင့် ပျက်စီးစပြုလာတော့သည်။ ဒိုင်းအလွှာများကို တိုက်ခိုက်နေခဲ့သည့် သုံးရက်အတွင်း ... ထူးထူးဆန်းဆန်းသတ္တဝါစစ်တပ်မှာ ပါရာဂွန်အဆင့်ဖြစ်တည်မှုများကိုပင် ဆုံးရှုံးခဲ့ရကာ အထိအခိုက်များခဲ့လေသည်။
သတ္တဝါမျိုးစုံကို အရွယ်အစားစုံလင်စွာ မြင်ရနိုင်သည်။ နှစ်ပေါင်းရာချီခရီးထွက်နေခဲ့သည့်တစ်လျှောက် မန်ဟို ကြုံတွေ့ခဲ့ရသော ဖြစ်တည်မှုပေါင်းမြောက်များစွာအနက် အနည်းစုသာ ဤနေရာတွင် ရှိလေသည်။ ဤသတ္တဝါများသည် အာကာပြင်ကျယ်စကြဝဠာ၏စိတ်ဆန္ဒထံမှ ဆင့်ခေါ်မှုများကို ရရှိခဲ့သည့်အတွက် ဒိုင်းအလွှာခုနစ်အား မျက်ထောင့်နီကြီးများဖြင့် ဝင်တိုက်နေကြ၏။
လေးရက်မြောက်နေ့တွင် ဒိုင်းအလွှာခုနစ် ပြိုကျသွားသည်။ ငါးရက်မြောက်နေ့ရောက်သည့်အခါ ဒိုင်းအလွှာရှစ် ဖျက်စီးခံလိုက်ရသည်။
ခြောက်ရက်မြောက်နေ့၌မူ ဒိုင်းအလွှာကိုး တုန်ခါနေလေပြီ။ မန်ဟိုက မျက်လုံးများ ပြန်ဖွင့်လိုက်ပြန်ပြီး အဆုံးမရှိသည့်အလား ထင်ရသော ထူးထူးဆန်းဆန်းသတ္တဝါတို့ကို ကြည့်သည်။ ၎င်းတို့၏အရေအတွက်ကား ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များလည်း ပါသည်။ ၎င်းတို့သည် ကြယ်တာရာကောင်းကင်အတွင်း၌ တည်ရှိသော အင်အား၏တစ်ပုံကိုပင် ကိုယ်စားမပြုသော်လည်း မန်ဟိုမသေမချင်း အနားမယူမည့်အလား စိတ်ရူးစိတ်မိုက်တို့ဖြင့် အပူးကပ်ခံထားရ၏။
“နောက်တစ်ရက်ပဲ....” မန်ဟိုက တိုးတိုးရေရွတ်လိုက်သည်။ “ဒိုင်းအလွှာကိုးက ပိုကြာကြာတောင့်ခံနိုင်လိမ့်မယ်” ကြေးမုံက အတန်ငယ်ဝေးနေသေးသော်လည်း နောက်တစ်ရက်အတွင်း သေချာပေါက် ရောက်လာလိမ့်မည်ဟု မန်ဟို ခံစားနေရသည်။
သို့သော် ဤအခိုက်အတန့်တွင် မန်ဟို၏မျက်နှာ ပျက်သွားသည်။ အဝေးမှ ဂြိုဟ်ကြီးတစ်လုံးက သူ လောလောဆယ်ထိုင်နေသော မြေထု၏အနောက်သို့ ရုတ်တရက် နေရာရွှေ့ပြောင်းလာခဲ့လေပြီ။ ဂြိုဟ်ကြီးသည် အရှိန်တင်လိုက်သဖြင့် ချက်ချင်း တုန်ခါလာ၏။
ထို့နောက် ဂြိုဟ်ကြီးက မရေမတွက်နိုင်သော သတ္တဝါများကို နင်းချေရင်း ဒိုင်းအလွှာကိုးအား အုန်းခနဲ ဝင်တိုက်လိုက်လေပြီ။
ထူးထူးဆန်းဆန်းသတ္တဝါများပင် ထိုနားကွဲလုမတတ် ပေါက်ကွဲသံကြီးအား တောင်ခံနိုင်သည်ဆိုရုံလေးသာ တောင့်ခံနိုင်၏။ ဒိုင်းအလွှာကိုးမှာတော့ ချက်ချင်း ကြေမွသွားတော့သည်။ ဂြိုဟ်ကြီးက လှုပ်လာပြီး အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ ဘီလူးကြီးသည် ဒိုင်း၏အပြင်၌ မားမားမတ်မတ်ရပ်လျက် မထီမဲ့မြင်ပြုံးကာ မန်ဟို့အား ငုံ့ကြည့်လိုက်သည်။
၎င်း မထီမဲ့မြင့်ပြုံးလိုက်သောအချိန်တွင် အလင်းတန်းတစ်တန်းက ၎င်းဖောက်ခဲ့သော ဒိုင်း၏အပေါက်ကို ဖြတ်ကာ မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
မန်ဟိုက အလွန်တင်းမာခက်ထန်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ရုတ်တရက် ညာလက်ကို ဆန့်တန်းကာ ထိုအရာအား ရက်ရက်စက်စက် ဆုပ်ကိုင်လိုက်၏။ သူ့ဒူးလောက်ပင် မမြင့်မားသော သတ္တဝါသေးသေးလေးတစ်ကောင်ကား သူ့လက်ထဲတွင် ရှိနေပြီဖြစ်သည်။
ထိုသတ္တဝါလေးသည် စွဲမက်ဖွယ်အညို့ဓာတ်ကို ထုတ်လွှတ်လျက် လက်ဖျားခါလောက်အောင် လှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သို့သော် သူမမျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏အမူအရာက မယုံနိုင်သောအမူအရာပင်။ ကြည့်ရသရွေ့ သူမသည် သူမကျင့်ကြံထားသည့် ကိုယ်ယောင်ဖျောက်အတတ်ကို မန်ဟို ထိုးဖောက်မြင်နိုင်ခဲ့သည်ကို မယုံနိုင်ပုံရ၏။
သူမ အသက်ချမ်းသာပေးဖို့ မတောင်းပန်နိုင်ခင် မန်ဟိုက လက်ကို ဖြစ်ညစ်လိုက်ရာ သူမခန္ဓာကိုယ်မှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။
သို့သော် ဤမျှနှင့်မပြီးသေး။ မန်ဟိုသည် ထရပ်၍ ဘယ်လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ သူ့လက်သီး၏လမ်းကြောင်းထဲ၌ ကြက်သွေးရောင်နဂါးတစ်ကောင် ဘွားခနဲ ပေါ်လာသည်။ နဂါး၏မျက်လုံးများက ငေးကြောင်နေပြီး ၎င်းသည် လက်သီးအား မရှောင်ဘဲ ၎င်း၏ခန္ဓာကိုယ်အား အပျက်စီးခံလိုက်၏။
တစ်ချိန်တည်းမှာပင် မန်ဟိုက တစ္ဆေတစ်ကောင်၏ အသေတိုက်ကွက်တစ်ကွက်ကို ရှောင်ရန် ခေါင်းစောင်းလိုက်သည်။ တစ္ဆေ သူ့ဘေးမှ ပွတ်ကာဖြတ်သွားစဉ် သူသည် ရုတ်တရက် ပါးစပ်ဟ၍ တစ္ဆေအား ကိုက်ချလိုက်၏။
၎င်း အားခနဲ ကျယ်လောင်စွာ အော်လိုက်သည့်အချိန်မှာပင် မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်သည်။ တစ္ဆေသည် မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ အစုပ်ယူခံလိုက်ရသဖြင့် အလိုအလျောက်ကျုံ့သွားတော့သည်။
ဤအရာအားလုံးကို ဖော်ပြနေရန် အချိန်တချို့ ကြာလိုက်သော်ငြား ဂြိုဟ်ဘီလူးကြီး ဒိုင်းကို အပေါက်ဖောက်၍ မထီမဲ့မြင့်ပြုံးလိုက်ပြီးနောက် စက္ကန့်ပိုင်းမျှသာ ကြာသေးလေသည်။
မန်ဟိုသည် တည်ငြိမ်အေးဆေးသောအမူအရာဖြင့် မီတာသုံးဆယ်သို့ လှမ်းခုန်လိုက်၏။ ထိုစဉ် သူ စောစောက ရပ်နေခဲ့သော နေရာ၌ ကျန်ခဲ့သည့် မှန်ကွဲစရှစ်ခုက တောက်ပသောဒိုင်းတစ်ဒိုင်းကို ထုတ်လွှတ်လိုက်သည်။
ဒိုင်း၏မျက်နှာပြင်တစ်လျှောက်တွင် လှပသောအရောင်အဝါများသည် လှိုင်းကဲ့သို့ ဖြာဆင်းနေပြီး... ထိုဒိုင်းက မန်ဟို၏ပြင်ဆင်မှုများအနက် အစွမ်းအထက်ဆုံး ဆယ်လွှာမြောက်ဒိုင်းဖြစ်သည်။
ဤဒိုင်းကာကွယ်နေသည်က မြေပြင်မဟုတ်၊ ကြေးမုံကို ဆင့်ခေါ်နေသော မန္တန်ဝင်္ကပါပင်။
မန်ဟိုသည် ဒိုင်း၏အပြင်တွင် သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။
သူက ဘာမှမပြောသည့်တိုင် သူ၏အပြုအမူက ပြတ်ပြတ်သားသား သတိပေးနေသည်... ထိုမန္တန်ဝင်္ကပါကို ဖျက်စီးရန် မည်သူမှ သူ့အား ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
စစ်မြေပြင်တစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ သို့သော် ထိုတိတ်ဆိတ်မှုသည် အသက်ရှိုက်စာအနည်းငယ်မျှသာ ခံလိုက်၏။ ထို့နောက် ဒိုင်းတွင် ပေါက်နေသော အပေါက်ကို ဖြတ်၍ မရေမတွက်နိုင်သောအရိပ်များ ဝင်ရောက်လာသဖြင့် ဟိန်းဟောက်အော်ဟစ်သံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။ ဂြိုဟ်ဘီလူးကြီးကမူ ဒိုင်းအလွှာကိုး၏ တခြားနေရာများကို တဒုန်းဒုန်း ဝင်တိုက်နေသည်။
မန်ဟိုက ရှေ့တစ်လှမ်း တက်လိုက်ပြီး မြေပြင်များ လှုပ်ခတ်သွားသည်။ အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအားသည် သူ၏မြေထုအပေါ်တွင် အားနည်းသည့်အတွက် မြေထု၏လှုပ်ခတ်မှုက ရန်သူများချဉ်းကပ်လာနေသည်ကို နှေးကွေးသွားစေသည်။
ဖြစ်တည်မှုတချို့သာလျှင် ရှေ့ရောက်လာကြသည်။ ၎င်းတို့က ပါရာဂွန်အဆင့်ပညာရှင်များမှတစ်ပါး အခြားမဟုတ်ပေ။ တစ်ကောင်တည်းကသာ အနှစ်သာရ ၉ ခုအဆင့်ဖြစ်ကာ ကျန်အကောင်များက အနှစ်သာရ ၈ ခုအဆင့်ဖြစ်သော်လည်း သူတို့သည် အင်အားကြီးပါရာဂွန်များ ဖြစ်နေသေး၏။ ၎င်းတို့ ဘွင်းဘွင်းရှင်းရှင်း ပေါ်လာလျှင်ချင်း မန်ဟိုက နတ်ဆိုးဇီဝိန်ချုပ်လက်သီးကို ထုတ်လွှတ်လျက် ရှေ့တက်လိုက်သည်။
အသက်နုတ်လက်သီး၊ ခန္ဓာစတေးလက်သီး၊ နတ်ဘုရားသုတ်သင်လက်သီး၊ နတ်ဆိုးဇီဝိန်ချုပ်လက်သီး.... အားလုံးက လက်သီးတစ်ချက်တည်းအဖြစ် ပေါင်းစုရင်း အရာအားလုံးကို တသိမ့်သိမ့် တုန်ရီစေကာ ကြယ်တာရာကောင်းကင်အား ယိမ်းထိုးလာစေသည်။ ကြောက်ခမန်းလိလိစွမ်းအားကြီးက ပါရာဂွန်အနည်းစုအပေါ် ကျရောက်လာ၍ သူတို့မှာ ခုခံဖို့ ပြင်ဆင်နေဆဲမှာပင် ရိုက်ခတ်ခံလိုက်ရသဖြင့် တုန်လှုပ်သွားကြ၏။ သူတို့အားလုံး မြက်ခြောက်လေးများလို အလွယ်တကူ နင်းခြေခံလိုက်ရလေပြီ။
အကုန်လုံး စိတ်နှင့်ခန္ဓာပါ ပျက်စီးပေါက်ကွဲကုန်သဖြင့် တအုန်းအုန်းပေါက်ကွဲသံများ ဆူညံနေသည်။ အနှစ်သာရ ၉ ခုပညာရှင်သာ ကံကောင်းထောက်မ၍ ဒဏ်ရာဗလပွနှင့် လွတ်သွားသည်။ သို့သော် မန်ဟိုက ဒုတိယခြေတစ်လှမ်းလှမ်းကာ လေထဲတွင် ပေါ်လာပြီးနောက် နောက်တစ်ချက် ထိုးချလိုက်၏။ သူ၏ပစ်မှတ်က .... ပါရာဂွန်မဟုတ်။ တခြားတစ်ယောက်ပင်။
သူ့အရှေ့ရှိ လေထုမှာ လှိုင်းထသွားကာ .... ချိုနှစ်ချောင်းနှင့် နက်မှောင်သောအရေပြားဖြင့် အဘိုးအိုတစ်ယောက်အား ဖော်ပြလိုက်သည်။ ထိုသူသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်စွမ်းအားကို ထုတ်လွှတ်နေ၏။
မန်ဟို့လက်သီးတစ်ချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ သေတော့မလိုပျက်ယွင်းသွားသည်။ သူသည် ဟိန်းဟောက်ကြုံးဝါးရင်း နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုလျက် နွားနက်တစ်ကောင်အား ဆင့်ခေါ်၏။ နွားနက်၏ ခြေထောက်အောက်၌ မီးများတောက်နေသည်။
မန်ဟို၏လက်သီးလေးတစ်ချက်က အပေါက်ထဲမှ တိုးဝင်းလာသော ဆန်းပြားသတ္တဝါပေါင်းများစွာကို ဖျက်စီးခဲ့သည်။ အဘိုးအိုပင်လျှင် သွေးအန်လျက် လွင့်ထွက်သွားသည်။
ဤအခိုက်အတန့်တွင် ခြောက်ရက်မြောက် နေ့၏တစ်ဝက် ကုန်သွားခဲ့လေပြီ။ မန်ဟိုက တတိယခြေလှမ်းလှမ်းလိုက်သော်လည်း အနက်ရောင်အရေပြားနှင့် အဘိုးအိုကို တိုက်ခိုက်ဖို့ မဟုတ်။ သူသည် ဒိုင်းအလွှာကိုး၏အပြင်... ဂြိုဟ်ဘီလူးကြီး၏အရှေ့တည့်တည့်၌ ပေါ်လာ၏။
“မင်းက သန်မာတယ်ပေါ့လေ” သူက အေးတိအေးစက် ပြောသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ဘီလူးကြီးသည် တဆတ်ဆတ် တုန်သွားပြီး ရင်တဒိန်းဒိန်းခုန်လာ၏။ သူက နောက်ဆုတ်သွားလေသည်။
သူ ဝေးဝေးမသွားနိုင်ခင် မန်ဟိုက လျှပ်စီးလို တဟုန်ထိုး ထွက်သွားသော သိမ်းငှက်နက်တစ်ကောင်အသွင်ပြောင်းကာ ဘီလူး၏ခေါင်းကို ထိုးစိုက်ပြီးနောက် နောက်စေ့မှ ဖောက်ထွက်သွားတော့သည်။