အထွတ်အထိပ်
Vol. 54 Ch. 745
သွေးမင်းသားလျှိုမြောင်တွင် မန်ဟို၏ ဒုတိယအစစ်အမှန်ကိုယ်သည် သစ်လုံးအိမ်အတွင်း၌ တင်ပျဉ်ခွေထိုင်နေ၏။ စောစောက သူ၏ကိုယ်ပေါ်တွင် မည်သည့်အရှိန်အဝါကိုမှ မတွေ့ရှိခဲ့ရပေ။ သူကား ရုပ်တုကြီးသဖွယ် အသက်မဲ့နေခဲ့၏။
သို့သော် ယခုတွင် သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ကျောချမ်းဖွယ်ကောင်းသော သွေးအေးမှုကို ၎င်းတို့ထဲ၌ မြင်နိုင်လေသည်။
တဖြေးဖြေး သူ့ဆီမှ အင်မော်တယ်တစ်ဦးကဲ့သို့သော ခံစားချက်မျိုး ထုတ်လွှတ်နေသည်ကို အာရုံရနိုင်၏။ သူ၏မျက်ဝန်းအကြည့်က မန်ဟိုနှင့်မတူသော်လည်း ခန္ဓာကိုယ်ကတော့ ချွတ်စွတ်ပင်။
ဝိညာဉ်သည် ဓားတစ်လက်နှင့်တူပြီး ခန္ဓာကိုယ်က ဓားအိမ်သဖွယ် ဖြစ်သည်။ ကွယ်ဝှက်ထားသော စွမ်းအားမှာတော့ ..... ‘ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို’ မှ ‘ကိုယ်’ ဖြစ်သည်။
ရုတ်တရက် ကျင့်ကြံခြင်းအခြေခံလှိုင်းများ ၎င်းထံမှ ဖြာထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း လှိုင်းများက သွေးမင်းသားလျှိုမြောင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ဒုတိယအစစ်အမှန်ကိုယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ လှိုင်းများမှာ ပြန်လည်ဆွဲငင်ခံလိုက်ရပြီး ကိုယ်ထဲ၌ ပြန်စုစည်းသွား၏။
ခန္ဓာကိုယ်သည် တာအို၊ ဝိညာဉ်က ဓားသွား။ မဟာတာအိုတစ်ပါးထဲ၌ ဖုံးကွယ်ထားသော ချွန်မြမြဓားတစ်ပါး။
တစ်ချိန်တည်းမှာပင် သွေးမင်းသားလျှိုမြောင်အတွင်းရှိ သစ်ပင်ပန်းမန်များအားလုံး ခြောက်သွေ့ညှိုးနွမ်းကုန်ကြ၏။ အရိုးခိုက်အောင် စိမ့်နေသော အအေးဓာတ်က ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို သယ်ဆောင်ရင်း ဒုတိယအစစ်အမှန်ကိုယ်ကို လှည့်ပတ်နေသည်။
ဒုတိယအစစ်အမှန်ကိုယ်က ခေါင်းမော့ပြီးနောက် သွေးမင်းသားလျှိုမြောင်၏အပေါ်ရှိ ကောင်းကင်သို့ ရွယ်ရင်း ညာလက်ကို မြှောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် အချိန်မှာ ရပ်တန့်သွားသယောင်ပင်။
တောင်ကြား၏အပြင်တွင် မန်ဟိုသည် အသိစိတ်အာရုံကို အရပ်မျက်နှာတစ်ခွင်သို့ ဖြန့်ကျက်ရင်း မျက်လုံးများ ပိတ်ထား၏။ သူ့ဘေးရှိ သစ်သားဓားမှာ တုန်ခါသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်ဟန်တူသည်။ ထို့နောက် ၎င်းသည် အကာအကွယ်၏ ကျန်ရှိသော နောက်ဆုံးအလွှာမှ တဟုန်ထိုး ထွက်သွား၏။
အကာအကွယ်၏အပြင်သို့ ရောက်သည်နှင့် ၎င်းက ... အချိန်စွမ်းအားအလင်းတို့ဖြင့် ကွန့်မြူးတောက်ပသွားလေသည်။
အချိန်ကား မြစ်တစ်စင်းသဖွယ် ဓားအတွင်းမှ စီးမျောထွက်လာသည်။
နှစ်တစ်ရာ ... နှစ်တစ်ထောင်…. .နှစ်ငါးထောင် ….. နှစ်တစ်သောင်း။
အချိန်နှစ်တစ်သောင်းသည် သစ်သားဓားထံမှ စီးမျောထွက်လာကာ လေထုတွင် ပုံပျက်လှိုင်းများ ဖြာနေစေ၏။ အချိန်ကား ရုတ်တရက် ရပ်သွားသဖြင့် လာနေသော တာအိုရှာဖွေခြင်းအဆင့်ဓားလည်း .... လေလယ်တွင် တုံ့ခနဲ ရပ်သွားရတော့သည်။
ကြည့်ရသရွေ့ အချိန်မြစ်ကို ဖြတ်ကျော်ဖို့အလို့ငှာ ၎င်းအနေဖြင့် အချိန်နှစ်တစ်သောင်းကို ကျော်ဖြတ်ရမည့်ပုံပင်။
သွေးမိစ္ဆာဂိုဏ်းသားများမှာ မြင်လိုက်ရသောအရာကြောင့် အံ့အားသင့်သွားကြပြီး အကာအကွယ်၏အပြင်ရှိ ရန်သူကျင့်ကြံသူတစ်သိန်းလည်း ထိုနည်းတူ မှင်သက်သွားကြသည်။ မျက်လုံးအားလုံးက သစ်သားဓားအပေါ်မှ မခွာကြပေ။
ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး၏မျက်လုံးများမှာ လုံးဝ နီရဲတောက်သွားတော့သည်။ အမျက်ဒေါသမီးသည် တစ်ဖန် လောင်မြိုက်လာပြီး သူ၏နှလုံးသားအား မီးလောင်တိုက်သွင်းပစ်လိုက်၏။ ဤသစ်သားဓားမှာ ယီးကျန့်ဂိုဏ်း၏ အဖိုးထိုက်ရတနာဖြစ်ပြီး နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဂိုဏ်း၏ အမြတ်တနိုး ကိုးကွယ်ခြင်းကို ခံခဲ့ရသည်။ သို့ထိတိုင် ဓားတွင် ယခုလို အံ့ဖွယ်အချိန်စွမ်းအားမျိုး သိုဝှက်ထားကြောင်း သူ ဘယ်တုန်းကမှ မခန့်မှန်းနိုင်ခဲ့ပေ။
စောစောက ဝါးဓားကွဲထွက်လာည့်အခါ အချိန်စွမ်းအားအရိပ်အယောင်များကို မြင်ခဲ့ရသော်လည်း ၎င်းက လျင်မြန်စွာပင် သခင်ပြောင်းသွားခဲ့၍ သူသည် သိပ်ထွေထွေထူးထူး မစဉ်းစားခဲ့ပေ။ သို့သော် ယခုတော့ သူ၏ရင်ထဲတွင် ခံပြင်းဒေါသတို့ တောက်လောင်နေချေပြီ။ အချိန်စွမ်းအာအရှိန်အဝါကလည်း သူ၏ဒေါသကို လောင်စာဖြည့်လိုက်ရာ သူသည် ဟိန်းဟောက်ပြီး ကျင့်ကြံခြင်းအခြေခံကို ပို၍ပင် ပြင်းပြင်းထန်ထန် တွန်းပို့လိုက်သည်။ သက်တမ်းလောင်ကျွမ်းခြင်းဖြင့် အားဖြည့်ပေးထားသော တာအိုရှာဖွေခြင်းအထွတ်အထိပ်စွမ်းအားသည် ချက်ချင်း ထိုးတက်သွား၏။
သူကား မီးတောက်နေသော ကြယ်တံခွန်ကြီးသဖွယ်၊ ချွန်ထက်နေသော ဓားသဖွယ် ရိပ်ခနဲ လေကိုခွင်း၍ သစ်သားဓား၏ဘေးတွင် ပေါ်လာတော့သည်။ သူသည် အချိန်မြစ်ကို ထိပ်တိုက်ရင်ဆိုင်၍ လက်ကို ဆန့်ထုတ်ကာ သစ်သားဓားကို ဆွဲယူလိုက်၏။
“ဒီကို ပြန်လာခဲ့စမ်း” သူက ဒေါသတကြီး အမိန့်ပေးလိုက်သည်။
သို့သော် သူ လက်ကို ဆန့်ထုတ်၍ ဓားကို ထိလိုက်သည့်အချိန်မှာပင် .... မန်ဟို၏ ဒုတိယကိုယ်အစစ်သည် သွေးမင်းသားလျှိုမြောင်ထဲ၌ မတ်တပ်ရပ်လိုက်၏။ သူက ရှေ့တစ်လှမ်းလှမ်းပြီး အကာအကွယ်၏အပြင်၊ သစ်သားဓား၏ဘေးတွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ၏လက်သည် ဓားကို ကိုင်ရန် ဖြေးညင်းစွာ မြောက်တက်သွား၏။
သူ၏ ဝတ်ရုံကား အနက်ရောင်၊ ဆံပင်လည်း ထိုနည်းတူ မည်းမှောင်နေသော်လည်း မျက်နှာမှာတော့ မန်ဟိုနှင့်တစ်ထေရာတည်းဖြစ်သည်။ သို့သော် သူ့ကို ကြည့်လျှင် ရရှိလိုက်သော ခံစားချက်မှာ လူတစ်ယောက်ကို ကြည့်နေရသည်နှင့် မတူ။ ဤဒုတိယကိုယ်အစစ်သည် ရေခဲသဖွယ် အေးစက်နေပြီး ထိုနေရာတွင် ပျံဝဲနေစဉ် မည်သည့်သက်ရှိသတ္တဝါကိုမဆို အထင်သေးရွံရှာသည့်အလား အတိုင်းထက်အလွန် မောက်မာသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူ မြင်ကွင်းထဲ ပေါ်လာခြင်းက သွေးမိစ္ဆာဂိုဏ်းသားများကို ထိတ်လန့်အံ့ဩသွားစေသည်။ သူတို့သည် ပါးစပ်ဟစိဟစိ အသက်ရှူရင်း မန်ဟိုကို တစ်လှည့်၊ သူ၏ဒုတိယကိုယ်အစစ်ကို တစ်လှည့် ကြောင်တောင်တောင်ကြည့်နေကြသည်။
အပြင်လောကရှိ ကျင့်ကြံသူတစ်သိန်းကျော်မှာလည်း ထိုနည်းတူ အံ့အားသင့်နေကြသည်။
“ကိုယ်ပွားလား” ထိုစကားလုံးသည် လူတိုင်း၏စိတ်ထဲ၌ ချက်ချင်း နေရာယူသွား၏။
“ကိုယ်ပွားတဲ့လား” ယီးကျန့်ဂိုဏ်း၏ ဝတ်ရုံနက်အဘိုးကြီးက မျက်လုံးကြီးကို ပြူးရင်း ပြောသည်။ “သေပေတော့ ....” သူသည် နတ်ဘုရားစွမ်းရည် ထုတ်လွှတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူတစ်ယောက်သာ အံ့အားသင့်သွားခြင်းမဟုတ် ။ ရန်သူကျင့်ကြံသူအကုန်လုံး ကြက်သေသေသွား၏။
သွေးမိစ္ဆာဂိုဏ်းသားများပင်လျှင် ဆွံ့အမှင်သက်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် ....
မန်ဟို၏ ဒုတိယအစစ်အမှန်ကိုယ် သစ်သားဓားကို ဆုပ်ကိုင်လိုက်သည့်အခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ခန္ဓာကိုယ်ထဲ၌ ပေါ်ပေါက်လာ၍ပင်။
ပထမခွဲထွက်ခြင်း၊ ဒုတိယခွဲထွက်ခြင်း၊ တတိယခွဲထွက်ခြင်း.... တာအိုရှာဖွေခြင်းစဦးပိုင်း။
မန်ဟို့ဒုတိယကိုယ်အစစ်၏ ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး တက်သွားစဥ် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွား၏။ တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့်၊ တာအိုရှာဖွေခြင်း နှောင်းပိုင်းအဆင့်..... တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်အထိ တောက်လျှောက်တက်သွားလေပြီ။
ဤအဖြစ်အပျက်က စစ်မြေပြင်တစ်ခုလုံးအား အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။
တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားရုံလေးနှင့်တင် ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးအဆင့်အား ရရှိနိုင်သည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်မှာမူ ... သူတို့သည် အမှန်အကန် အစွမ်းထက်သော ပညာရှင်များ၊ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက်ပင် အကြီးဆုံးအင်အားဖြစ်သည်။
သူတို့အား ဂိုဏ်း၏ တာအိုအစောင့်အရှောက်ဟုပင် မှတ်ယူနိုင်သည်။
တောင်ပိုင်းဒေသတစ်ခွင်လုံးတွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ရောက်ရှိသူများမှာ ဆယ်ယောက်ပင် မပြည့်ပေ။
တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်းလုံးတွင်ဆိုလျှင် တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ကား အယောက်တစ်ရာထက် နည်းသည်။
မည်သည့်တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်မဆို ရှေ့တစ်လှမ်းတက်ပြီး အတုအယောင်အင်မော်တယ် ဖြစ်လာနိုင်သည်။
ဤအခိုက်အတန့်တွင် မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်မှာ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်တွင် အတည်တကျရှိနေရာ မည်သူမဆိုအတွက် ရင်သပ်ရှုမောဖွယ်ရာသာ ဖြစ်၏။
စကားသံများ ချက်ချင်း ဆူညံသွားသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်။ အဲ့ဒါ သေချာပေါက် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်။ ငါတို့ခေါင်းဆောင်ကြီးဆီကနေ ရနေတဲ့ ခံစားချက်အတိုင်း ရတယ်.... ပိုပြီးအင်အားကြီးတာက လွဲလို့”
“မန်ဟို၊ မန်ဟို ... ဒီစစ်ပွဲ ဘယ်လိုပဲ အဆုံးသတ်သတ် ၊ တောင်ကောင်းကင်ဂြိုဟ်မှာ အစွမ်းထက်ပညာရှင်အသစ်တစ်ယောက် ပေါ်ထွန်းလာခဲ့ပြီ။ အဲဒါ မန်ဟိုပဲ”
“သူက ဘယ်လိုလုပ် အဲဒီလိုကိုယ်ပွားမျိုး ဖန်တီးနိုင်ရတာလဲ။ သူ့ကိုယ်ပွားက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဆိုရင် သူရဲ့ကိုယ်အစစ်က သေချာပေါက် တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ရောက်ဖို့ ကံပါနေပြီ”
မန်ဟို၏ ပြောင်းလဲမှု တစ်ခုပြီးတစ်ခုက သူတို့၏ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေခဲ့သည်။ ဖြစ်ပျက်သမျှအရာအားလုံးအား သူတို့ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။
သွေးမိစ္ဆာဂိုဏ်းသားများမှာ စိတ်လှုပ်တရှား ကြွေးကြော်လာကြသည်။
“သွေးမင်းသား”
“သွေးမင်းသား”
တစ်ချိန်တည်းမှာပင် သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် လေလယ်ရှိ အခြားသူများလည်း အံ့ဩနေကြ၏။ အထူးသဖြင့် ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးပင်။
“သေစမ်း။ ဘယ်လို အဲဒီကောင်လေးမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကိုယ်ပွားရှိနေတာလဲ”
အရုဏ်ဦးအင်မော်တယ်၏ ကိုယ်ပွားလည်း မျက်လုံးပြူးနေသည်။ မန်ဟိုသည် သာမန်လူမဟုတ်ကြောင်း သူမ သိသော်လည်း ဤအဖြစ်အပျက်က သူမကို လေးလေးနက်နက် တုန်လှုပ်သွားစေသည်။ အမှန်တွင် ဤသည်မှာ မန်ဟို သူမကို ယခုလို ပြောပြမတတ်နိုင်သော အတိုင်းအတာအထိ တုန်လှုပ်သွားအောင် ပထမဆုံးအကြိမ် လုပ်နိုင်ခြင်းဖြစ်၏။
သွေးမိစ္ဆာဂိုဏ်းချုပ်၏မျက်လုံးများက မြေပြင်ပေါ် ဖြတ်ပြေးသွားပြီး နက်နဲသောအရိပ်အယောင်တစ်ခု တောက်ပသွားသည်။
ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး၏မျက်လုံးများ လင်းလက်သွားသည်။ သူသည် အံ့ဩထိတ်လန့်မှုကို မြိုသိပ်ရင်း အံတင်းတင်းကြိတ်ကာ ဆို၏။ “တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်လား။ ငါလည်း တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပဲ”
သူသည် မုဒြာလက်ဟန်ဖြင့် လက်ကို ဆန့်တန်းလိုက်ရာ ဓားအလင်းတန်းတစ်သောင်းကျော်က ချက်ချင်း သူ့ကို ဝန်းရံလှည့်ပတ်သွား၏။
ကောင်းကင်နှင့်မြေကြီးသည် မှောင်မိုက်လာပြီး တိမ်တိုက်များ တဖွေးဖွေး လှုပ်လာသည်။ ဓားအလင်းတန်းများ လူးလာလှည့်ပတ်နေရာ တစ်နေရာလုံးကို ဓားကမ္ဘာသဖွယ် ဖြစ်သွားစေသည်။
ဝတ်ရုံနက်အဘိုးကြီးက မန်ဟို၏ဒုတိယကိုယ်အစစ်ကို လက်ညှိုးထိုးကာ ဓားအလင်းတန်းများအား သူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားစေသည်။
ဒုတိယကိုယ်အစစ်သည် အနက်ရောင်ဆံမျှင်များ လေတွင် လွင့်မျောလျက်၊ မျက်နှာအမူအရာ တင်းမာအေးစက်လျက် လေလယ်တွင် ရပ်နေ၏။ သူက ညာလက်ဖြင့် သစ်သားဓားကို ကိုင်ပြီး မျက်လုံးများ တောက်ပသွားသည်။ ရုတ်တရက် သူ၏ညာလက်က ဓားရိုးကို ဖြစ်ညစ်လိုက်၏။
ချက်ချင်းပင် သစ်သားဓားသည် တုန်ခါသွာပြီး တဝီဝီ မြည်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား အဆုံးမရှိသော အချိန်စွမ်းအားတို့ကို စတင်ထုတ်လွှတ်လိုက်သည်။
နှစ်တစ်သောင်း၊ နှစ် နှစ်သောင်း၊ နှစ်သုံးသောင်း....
အချိန်စွမ်းအားသည် အရပ်မျက်နှာတစ်ခွင် ပျံ့လွင့်နေသော သစ်သားဓား၏ စိတ်လှုပ်တရှားမြည်သံများနှင့်အတူ ပေါ်ထွက်လာ၏။ နောက်ဆုံးတော့ ဤအခိုက်အတန့်တွင် သစ်သားဓား၏ အစစ်အမှန်စွမ်းအားကား ပေါ်ထွက်လာခဲ့လေပြီ။
နှစ်လေးသောင်း၊ နှစ်ငါးသောင်း....
အပေါ်နှင့်အောက်ရှိ အရာအားလုံး တုန်ခါလှုပ်ရမ်းနေသည်။ အချိန်မြစ်သည် ဒုတိယအစစ်အမှန်ကိုယ်ကို ရစ်သိုင်းနေရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအား ဖန်တီးနေတော့သည်။ လာနေသော ဓားအလင်းတန်းတစ်သောင်းမှာမူ တုံ့ခနဲ ရပ်သွားရပြီး ရှေ့သို့ တစ်လက်မလေးပင် တိုးမလာနိုင်တော့ပေ။
သူတို့လမ်းကို ပိတ်ထားသည်မှာတော့ အချိန်ကုန်လွန်ခြင်းပင်။
ယီးကျန်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး မျက်နှာပျက်သွားပြီး အန္တရာယ်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရန်သူကျင့်ကြံသူတစ်သိန်းလည်း မှင်သက်နေကြ၏။
လေလယ်ရှိ ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးလည်း ပါးစပ်အဟောင်းသား။
ဒုတိယအစစ်အမှန်ကိုယ်သည် အနက်ရောင်ဆံပင်များနှင့် အနက်ရောင်အဝတ်အစားတို့ တဖတ်ဖတ် လွင့်ခါလျက် လေလယ်၌ ရပ်နေ၏။ သူ့လက်ထဲရှိ သစ်သားဓားမှာ ယခုထက်ထိ အစွမ်းထုတ်၍မပြီးသေးပေ။
ဝုန်း
နှစ်ခြောက်သောင်း
အချိန်မြစ် အချိန်စွမ်းအားနှစ်ခြောက်သောင်းဖြင့် တဖွေးဖွေး လှုပ်သွားသည့်အခိုက်အတန့်တွင် ဒုတိယကိုယ်အစစ်က လှစ်ခနဲ လှုပ်ရှားလိုက်သည်။
သူသည် ဓားကို ရမ်းလိုက်ပြီး ဓားအလင်းတန်းတစ်သောင်းမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်လေးအတွင်း ၎င်းတို့မှာ နှစ်ခြောက်သောင်းကို ဖြတ်ကျော်ခဲ့ရ၍ ဆက်လက် မတည်ရှိနိုင်တော့ပေ။
“မဖြစ်နိုင်ဘူးးးးးး” ဝတ်ရုံနက်အဘိုးကြီးမှာ ပင့်သက်ရှိုက်လိုက်မိသည်။ သူ၏အံ့ဩတုန်လှုပ်မှုမှာ အထွတ်အထိပ်အထိ ရောက်သွားခဲ့ပြီး သူကား ကပျာကယာ နောက်ဆုတ်လိုက်လေပြီ။ သို့သော် အချိန်စွမ်းအားက သူ့ကို ပွတ်တိုက်သွားသေးသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပိန်ချုံးခြောက်သွားတော့သည်။ မျက်တစ်ခတ်လေးတည်းနှင့် သူသည် အနည်းဆုံး နှစ်တစ်သောင်း အိုသွားသယောင်ပင်။ သူ့ပါးစပ်မှ သွေးတစ်လုပ် ပန်းထွက်လာပြီး သူ၏အဝတ်အစားများမှာ ပျက်စီးဆွေးမြည့်လာသည်။ သူ့မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏အမူအရာမှာ အံ့ဩတုန်လှုပ်မှုမှသည် ထိတ်လန့်ကြောက်ရွံမှုအဖြစ် ပြောင်းသွားတော့၏။
သူ့မှာ အချိန်မရွေး သေဆုံးတော့မည့်အလား သူ့အပေါ် အုပ်မိုးနေသော သေမင်း၏အရိပ်ကို ခံစားနေရလေပြီ။
ဒုတိယကိုယ်အစစ်က သစ်သားဓားကို ခပ်တင်းတင်း ဆုပ်ထားပြီး ၎င်း၏စွမ်းအားသည် ရင်သပ်ရှုမောဖွယ်အတိပင်။ ၎င်းကား တာအိုရှာဖွေခြင်းအဆင့်ကို အခက်အခဲမရှိ တိုက်ခိုက်နိုင်ကြောင်း သိသာ၏။
“အင်မော်တယ်ရဲ့ ဝိညာဉ်” ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးက ကောက်ချက်ချလိုက်သည်။ “ဒီကိုယ်ပွားက အင်မော်တယ်ဝိညာဉ်ရဲ့ လှိုင်းဂယက်တွေကို ထုတ်လွှတ်နေတယ်”
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ဒုတိယကိုယ်အစစ်က ရှေ့တက်လာပြီး အချိန်သည် မြစ်တစ်စင်းသဖွယ် စီးမျောသွားသော လေအဖြစ် ပြောင်းသွားသည်။ ၎င်းဖြတ်သွားသည့်နေရာတိုင်းရှိ သက်ရှိသတ္တဝါအားလုံး ပုပ်သိုးဆွေးမြည့်သွားကြရ၏။
ဂျိန်း
ဓားက ပိုင်းချလိုက်၍ ယီးကျန်းဂိုဏ်း ဝတ်ရုံနက်အဘိုးကြီးမှာ သွေးတစ်လုပ် အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ အလွန်အကျူး ခြောက်ကပ်သွားပြီး သူ၏မျက်လုံးများတွင် ကြောက်စိတ်တို့ ပြည့်နှက်နေသည်။ သူသည် လာနေသော ဒုတိယကိုယ်အစစ်ကို ကြည့်၍ နောက်ဆုတ်လိုက်ပြန်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် ဓားအလင်းတန်းတစ်သောင်းကျော်က ခုခံရန် ပြေးထွက်သွားကြသည်။
ဒုတိယကိုယ်အစစ်၏ ရှေ့မှောက်တွင် ဓားအလင်းတန်းများမှာ ထင်းခြောက်များသဖွယ် နင်းခြေခံလိုက်ရသဖြင့် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားသည်။ ဒုတိယကိုယ်အစစ်က လက်ကို မြှောက်၍ သစ်သားဓားကို တတိယအကြိမ် ဝှေ့ယမ်းလိုက်၏။ အချိန်နှစ်ခြောက်သောင်းအစွမ်းကား ရှေ့သို့ ဖြာထွက်သွားသည်။
အရာအားလုံး တုန်ခါသွားပြီး ယီးကျန့်ဂိုဏ်းဝတ်ရုံနက်အဘိုးကြီး၏စိတ်ထဲရှိ အန္တရာယ်အာရုံမှာ ပို၍ပင် အားကောင်းလာတော့သည်။ သူသည် မြေကြီးထံ လက်ကို ဝှေ့ယမ်းရင်း ကျင့်ကြံသူတစ်သိန်းကျော်ဆီသို့ ပြန်ဆုတ်သွား၏။ ချက်ချင်းပင် ကျင့်ကြံသူများမှာ သစ်သားဓားအချိန်စွမ်းအားကို ဟန့်တားပိတ်ဆို့ရန် တွန်းပို့ခံလိုက်ရသဖြင့် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ဘဲ လွင့်ထွက်သွားကြတော့သည်။
***