← Chapters

ဒီနေရာကို ခြေချတဲ့ ဘယ်ကောင်မဆို ... သေရမယ်

Vol. 108 Ch. 1501

ဒီနေရာကို ခြေချတဲ့ ဘယ်ကောင်မဆို ... သေရမယ်

Vol. 108 Ch. 1501

ဂြိုဟ်ဘီလူးသည် သွေးပျက်စွာ အော်ဟစ်လိုက်၏။ ၎င်း၏အသံနက်ကြီးကား အနားရှိ သတ္တဝါများစွာကို ပေါက်ကွဲသွားစေသည်အထိ ကျယ်လောင်လှပေသည်။

သွေးများသည် ရဲခနဲ ဖြာထွက်သွား၏။ ဂြိုဟ်ဘီလူးကြီး၏မျက်လုံးများက မှိန်ကျသွားပြီးနောက် ၎င်း၏ခေါင်းကား ‌ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ဦးနှောက်စများသည် ရွံစရာကောင်းဖွယ် ပြန့်ကြဲသွား၏။ ခေါင်းပြတ်ကိုယ်လုံးကြီး ပြိုလဲစပြုနေသည့်အချိန်တွင် မန်ဟိုက သိမ်းငှက်နက်အသွင်ဖြင့် မြေထုအပေါ် ပြန်ရောက်သွားပြီဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်၌ အန္တရာယ်ကို အာရုံရလိုက်သဖြင့် မန်ဟို့မျက်နှာတွင် အံ့ဩခြင်းတို့ ဖြတ်ပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် သိမ်းငှက်ကြီးအသွင်မှ သာမန်လူအဖြစ် ပြန်ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် အနက်ရောင်အလင်းတန်းတစ်တန်းက သူ့ခေါင်း စောစောကလေးတင် ရှိနေခဲ့သော လေနယ်ပယ်ကို ဖြတ်ခွင်းသွားသည်။ ၎င်းက သူ့ကို မထိခဲ့သည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံကို တုန်ရီသွားစေလေသည်။

သူသာ အချိန်မှီမတုံ့ပြန်ခဲ့လျှင် တိုက်ကွက်ကား သူ၏သိမ်းငှက်ခေါင်းကို ထုတ်ချင်းဖောက်သွားခဲ့လိမ့်မည်။ မန်ဟို့အနေဖြင့် အသတ်ခံခဲ့ရမည်မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန်တော့ ရသွားလိမ့်မည်။

မန်ဟိုသည် ချာခနဲ လှည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် ခေါင်းတလားတစ်ခုအား မြင်လိုက်ရ၏။ ခေါင်းတလား၏အပေါ်၌ မန်ဟို့ကို စိုက်ကြည့်နေသော အဘိုးကြီးတစ်ယောက်၏ မျက်နှာကြီး ရှိသည်။

အကြည့်ချင်းဆုံသွားသောအခိုက်တွင် ဤအဘိုးကြီးသည် သူနှင့်အဆင့်တူကြောင်း မန်ဟို ရုတ်တရက် ခံစားလိုက်ရ၏။ လက်ရှိစွမ်းအားအရ မန်ဟိုသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ထက် တစ်ဆင့်မြင့်မား၍ မည်သူ့ကိုမဆို အလွယ်တကူ တိုက်ခိုက်နိုင်၏။ သို့သော် ခေါင်းတလား၏အပေါ်ရှိ မျက်နှာကြီးကို မြင်လျှင် သူ့မှာ အန္တရာယ်၏အထိအတွေ့ကို မခံစားလိုက်ရဘဲ မနေပေ။

မန်ဟိုသည် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ပြန်ပေါ်လာသောအခါ ဒိုင်းအလွှာတစ်ဆယ်၏အရှေ့နားလေးတွင် ရပ်နေလေပြီ။ ကြယ်တာရာကောင်းကင်ထဲ၌ သူက ဤအဘိုးကြီးအတွက် ပြိုင်ဘက်ဖြစ်လျှင် .... လက်ရှိမြေထု၏စွမ်းအားဖြင့် ထိုအဘိုးကြီးအား သူ သေချာပေါက် ချေမှုန်းနိုင်လိမ့်မည်။

မြေထုအပေါ်တွင် ... အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအားက အားနည်းသည်မဟုတ်ပါလော။

သို့သော် ခေါင်းတလားအထက်က အဘိုးကြီးသည် မြေထုထဲ ဝင်မလာ။ သူက မန်ဟို့ကို အေးစက်စက်ကြည့်ရင်း အပြင်၌သာ နေ,နေသည်။ ထို့နောက် မီတာသုံးဆယ်အကျယ်ဒိုင်းကို မြင်သည့်အခါ သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာ၏။

မန်ဟိုက တင်းမာ‌အေးစက်သောမျက်နှာထားဖြင့် ရပ်နေသည်။ ထို့နောက် ခြေကို မြှောက်၍ ဆောင့်နင်းလိုက်ရာ အုန်းခနဲ ရိုက်ညောင်းသွားပြီး တုန်ခါလှိုင်းများ လိမ့်ထွက်သွားသည်။ လှိုင်းလိမ့်ထွက်သွားစဉ် သေရမည်ကို လုံးဝမကြောက်သော ပတ်ဝန်းကျင်ရှိ သတ္တဝါအားလုံး ချက်ချင်း သေဆုံးကုန်ကြသည်။

တဖြည်းဖြည်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်လာပြန်သည်။ ဒိုင်းအလွှာကိုး၏အပြင်၌ ဆန်းဆန်းပြားပြားသတ္တဝါများစွာ ရှိနေသေးသော်လည်း မြေထုဆီသို့ မလာရဲကြပေ။ မြေထုထဲ ဝင်ဖို့ ကြိုးစားသည့် မည်သူမဆို၊ ကျင့်ကြံအဆင့်မည်မျှပင် ဖြစ်စေကာမူ စိတ်နှင့်ခန္ဓာပါ အသတ်ခံရလိမ့်မည်။ လွတ်မြောက်ကျန်ရစ်သူများမှာ ဖီးနစ်ငှက်မွှေးများ သို့မဟုတ် ချီလင်ချိုများလို ရှားပါးလှလေသည်။

တိတ်ဆိတ်မှုက မန်ဟို့ကို နည်းနည်းလေးမှ မထိတ်လန့်စေပေ။ သူသည် အချိန်ဆွဲဖို့ ကြိုးစားနေပြီး ကြေးမုံ နီးသထက် နီးလာနေပြီဖြစ်ကြောင်း ပြောနိုင်၏။ အလွန်ဆုံး သူ့အရှေ့ရောက်လာရန် နေ့တစ်ဝက်သာ ကြာလိမ့်မည်။

သို့သော် ဤအခိုက်အတန့်တွင် သတ္တဝါစစ်တပ်ကြီး၏အနောက်၌ အရိပ်တစ်သောင်းကျော်ပေါ်လာသဖြင့် အရှိန်အဝါများ ကြယ်တာရာကောင်းကင်အပြည့် နေရာယူသွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုပုဂ္ဂိုလ်များက ကျင့်ကြံသူများ ဖြစ်နေသည်။

ထိုမျှသာမက သူတို့သည် ပေါ်လာလျှင်ချင်း အင်မော်တယ်နတ်ဘုရားကမ္ဘာ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြ၏။ ပတ်ဝန်းကျင်ရှိ ဆန်းပြားသတ္တဝါများမှာ အနည်းအကျဉ်းမျှ အံ့ဩဟန်မတူသော်လည်း မန်ဟို၏မျက်လုံးကမူ .... မထိန်းချုပ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်လာတော့သည်။

ဤအရှိန်အဝါ၊ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အရှိန်အဝါသည် သူ ဘယ်တော့မှ မမေ့နိုင်မည့် အရာဖြစ်၏။ ထိုအရှိန်အဝါက တောင်ပင်လယ်လောကကို ပျက်စီးစေခဲ့သော လက်သည်၊ ကြယ်တူရွေးကို သေဆုံးစေခဲ့ပြီး ကြက်တူရွေးကို မှတ်ဉာဏ်ဖျက်စေခဲ့သော ရန်သူ၊ မန်ဟို့ကို မရဏချောက်ထဲသို့ တွန်းချခဲ့သည့် တရားခံနှင့် သက်ဆိုင်သည်မဟုတ်ပါလော။

ချက်ချင်းပင် မန်ဟို၏နီရဲသောမျက်ဝန်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို မွန်းကြပ်လာစေသည်။

သို့သော်... ပြဿနာဟူသည် အဖော်နှင့် လာတတ်သည် ဆိုသော ဆိုရိုးစကားအတိုင်းပင်။ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အင်အားစုများ ရောက်လာပြီး ရှေးမနှောင်းမှာပဲ တခြားအရပ်မျက်နှာမှ အင်အားတစ်သောင်း ပေါ်လာ၏။ စစချင်း သူတို့အား သဲသဲကွဲကွဲ မမြင်ရသော်လည်း ကျင့်ကြံသူများပင် ဖြစ်ကြသည်။ သူတို့သည် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အရှိန်အဝါကို မထုတ်လွှတ်၊ နတ်ဆိုးလောက၏အငွေ့အသက်များဖြင့် ဝန်းရံလျက်ရှိ၏။ ထို့အပြင် မန်ဟို အတိတ်တုန်းက တိုက်ခိုက်ခဲ့ဖူးသော အနှစ်သာရ ၉ ခုပညာရှင်တစ်ယောက်ဖြစ်သည့် .... ဗလတောင့်တောင့်လူက သူတို့ကို ဦးဆောင်နေလေသည်။

ဗလတောင့်တောင့်လူမှာ မန်ဟို့ကို မြင်လျှင်ချင်း ပထမဆုံး အံ့အားသင့်သွားပြီးနောက် သူ၏သတ်ဖြတ်လိုစိတ်က ပိုအားကောင်းလာသည်။

အခြားတစ်ဖက်တွင် မန်ဟိုက သွေးအေးအေး ပြုံးလိုက်သည်။ သတ်ဖြတ်ဖို့ စိတ်ပိုင်းထားပြီးဖြစ်သော်လည်း ယခုမူ သူ၏သတ်ဖြတ်လိုစိတ်က ပို၍ပင်မြင့်မားနေခဲ့လေပြီ။

သူ ပြုံးလိုက်သည့်အချိန်မှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ အင်အားစုများသည် ဒိုင်းအလွှာကိုး၏အပေါ်မှ ပျံဝင်လာကြပြီး မြေထုဆီ ထိုးဆင်းလာကြ၏။

သူတို့၏ချီတက်လာမှုက စစ်မြေပြင်၏အခြေအနေကို ပြောင်းလဲသွားစေသည်။ သတ္တဝါစစ်တပ်မှာ စောစောက တိတ်ဆိတ်နေခဲ့သော်လည်း ယခုတွင် ဟိန်းဟောက်ကြွေးကြော်လာကြ၏။ သူတို့လည်း ချီတက်လာကြကာ အပေါက်မှတစ်ဆင့် ပြွတ်သိပ်ဝင်လာကြလေပြီ။

မရေမတွက်နိုင်သော အင်အားများ ချီတက်လာမှုကြောင့် မန်ဟို ရပ်နေသော မြေထုတစ်ခုလုံး တုန်ခါလှုပ်ရမ်းလာရန် တခဏသာ ကြာလိုက်သည်။

စစ်တပ်သည် အင်အားကြီးမားသည့်အပြင် အစွမ်းထက်ပညာရှင်များစွာလည်း ပါဝင်၏။ ခေါင်းတလားအဘိုးကြီးပင်လျှင် ဒိုင်းကို ဖြတ်၍ ဝင်ရောက်လာခဲ့သည်။

တအုန်းအုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ မန်ဟိုက ခြေခုနစ်လှမ်းလှမ်းသည်။ ခြေလှမ်းများနှင့်အတူ သူ၏ဆံပင်များသည် လွင့်လူမြောက်တက်နေရာ သူ၏ခံ့ညားသောမျက်နှာအား‌ ပေါ်လွင်နေစေတော့၏။

ခုနစ်လှမ်းမြောက်ခြေလှမ်း ကျသွားသောအခါ ဧရာမခြေထောက်ကြီးက ရန်သူများကို နင်းချလိုက်ရာ ကြက်ဥကွဲသွားသကဲ့သို့ သွေးများသည် ဗြစ်ခနဲ ဖြာထွက်သွား၏။ တစ်ဆက်တည်းမှာပင် မန်ဟိုက နတ်ဆိုးလောကမှ ဗလတောင့်တောင့်လူ၏အရှေ့တည့်တည့်၌ ပေါ်လာသည်။

ဗလတောင့်တောင့်လူမှာ ချာချာလည်မူးဝေသွားသည်။ ယနေ့ သူ တိုက်ခိုက်ရမည့်လူက မန်ဟို ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့သလို၊ ရာစုနှစ်အနည်းငယ်သာကြာသေးသည် မန်ဟိုက ဤမျှအစွမ်းထက်လာလိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။

သို့သော် စဉ်းစားနေရန် အချိန်မရှိ။ မန်ဟို့ညာလက်က ဝါးကို ပိုင်းဖြတ်လိုက်သော ဓားထက်ထက်တစ်လက်ပမာ ဗလတောင့်တောင့်လူ၏အကာအကွယ်များအား ထိုးဖောက်ပြီးနောက် သူ၏လည်မျိုကို ဆုပ်ကိုင်လိုက်လေပြီ။

“ငါ့ကလဲ့စားချေပွဲကို မင်းနဲ့ စရမယ်” သူ၏အက်ကွဲကွဲအသံ ပဲ့တင်ထပ်နေစဉ် စွမ်းအားသည် သူ့လက်ကို ဖြတ်၍ စီးဆင်းသွားပြီး အနှစ်သာရ ၉ ခုပညာရှင်မှာ စိတ်နှင့်ကိုယ်ပျက်စီးလျက် အရိုးတခြားအသားတခြား ပေါက်ကွဲသွားတော့သည်။

မန်ဟို ထိုလူ့အား သတ်လိုက်သည့်အချိန်မှာပဲ လူရိပ်ရှစ်ခု သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤလူများသည် သူတို့လူမျိုးစုများအကြား၌ အစွမ်းအထက်ဆုံးပညာရှင်များ ဖြစ်သည်သာမက တိုက်ကွက်တစ်ကွက်တည်းတွင် စွမ်းအားများ စုစည်းနေကြလေ၏။

ရန်သူရှစ်ယောက်။ မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ တောင်ပေါင်းများစွာ ကျဆင်းလာသည်။ သို့သော် ထိုတောင်များကို ရန်သူများထံ မပို့လွှတ်၊ သူ့ကို ကာစေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း တောင်တစ်သိန်း၊ တောင်ဆယ်သိန်း၊ တောင်ဆယ်သန်းကား သူ၏အပေါ်၌ အထပ်ထပ်နေရာယူလျက် ဒိုင်းအကာတစ်ခုကို ဖော်ဆောင်လိုက်ကြ၏။ တခဏကြာသော် အစွမ်းထက်ပညာရှင်ရှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်ကား တောင်များကို ပြေးတိုက်လိုက်ချေပြီ။

တောင်အနန္တ ပေါက်ကွဲကုန်သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် နောက်ဆုတ်၍ သူ့အနောက်ရှိ အစွမ်းထက်ပညာရှင်တစ်ယောက်အား ကိုယ်ဖြင့် ဝင်တိုက်၏။ သူ၏လျင်မြန်သောအရှိန်ကြောင့် ရန်သူခမျာ ချက်ချင်း သွေးမြူအဖြစ် ပေါက်ကွဲသွားပြီး အပြင်အားကိုယ်ပျက်စီးသွားတော့သည်။ သူ့ဝိညာဉ်က ပျံထွက်လာသော်လည်း မန်ဟို့ကို စည်းဝိုင်းထဲမှ ထွက်မသွား‌အောင် မတားနိုင်လိုက်ပေ။

ထိုအခိုက်တွင် ခေါင်းတလားအဘိုးကြီး၏မျက်လုံးများ တောက်ပသွားပြီး သူက တစ္ဆေတစ်ကောင်လို အခေါင်းထဲမှ ထွက်လာသည်။ သူ၏ခြေတစ်လှမ်းက မန်ဟို့အရှေ့ ရောက်သွားစေလေသည်။ အဘိုးကြီးသည် လက်ဆန့်လိုက်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ဖြင့် မန်ဟို့နဖူးကို တောက်ဖို့ ကြိုးစား၏။

“ငါ စောင့်နေတာလဲ ဒါပဲလေ” မန်ဟိုက ပြုံးလျက် ဆိုသည်။ အဘိုးကြီး၏လက်ချောင်း ချဉ်းကပ်လာသည့်အချိန်မှာပဲ မန်ဟို့မျက်လုံးများသည် အေးစက်စွာ လင်းလက်သွား၏။ အဘိုးကြီး မျက်နှာပျက်သွားသော်လည်း သူ မတုံ့ပြန်နိုင်ခင် မန်ဟိုက အဘိုးကြီး၏ပတ်ပတ်လည်တွင် မျဉ်းလေးကြောင်းဆွဲလိုက်သည်။

“အာကာသချုပ်နှောင်ခြင်း”

မျဉ်းလေးကြောင်းက ချက်ချင်းလက်ငင်း ပန်းချီကားဘောင်တစ်ချပ်အသွင် ပြောင်းသွားသည်။ အာကာသအနှစ်သာရစွမ်းအား ထွက်ပေါ်လာပြီး အဘိုးအိုမှာ ပန်းချီကားဘောင်အတွင်း၌ ချုပ်နှောင်မခံရန် တားနိုင်စွမ်းမရှိပေ။

ပန်းချီကားထဲ၌ ‌ပေါ်လာသောအခါ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မဆိုင်းမတွထုတ်လွှတ်လျက် ပန်းချီကားဘောင်အား မီးတောက်လာစေ၏။ သူ၏မြင့်မားသောကျင့်ကြံအဆင့်ကြောင့် ချုပ်နှောင်စွမ်းအားက သူ့ကို စက္ကန့်ပိုင်းမျှသာ ထိန်းထားပေးနိုင်လိမ့်မည်။

သို့သော် မန်ဟို့အတွက် လိုအပ်သည်မှာလည်း ထိုစက္ကန့်ပိုင်းမျှပင်။

မန်ဟိုသည် ရက်စက်ကြမ်းကြုတ်စွာ မထီတထီပြုံးရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဖော်ထုတ်လျက် အဋ္ဌမမန္တန်အား ဆင့်ခေါ်၏။ ထို့နောက် သတ္တမမန္တန်၊ ဆဋ္ဌမမန္တန်... ပထမမန္တန်အထိ တစ်လျှောက်လုံး။ ၎င်းတို့က အမျှင်ရှည်များဖြစ်လာပြီး ပိုက်ကွန်တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ မန်ဟိုက ထိုပိုက်ကွန်ကို အဘိုးကြီးထံ ပစ်လိုက်လေသည်။

“မန္တန်ရှစ်ခုပေါင်းစည်းစေ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ပိုက်ကွန်ကား ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လွှမ်းခြုံရန် ပြန့်ကားသွားချေပြီ။

ပိုက်ကွန်သည် ရန်သူသတ္တဝါများ ရှိပင်မရှိသည့်အလား ထိုသတ္တဝါတို့အပေါ်မှ ဖြတ်သွား၏။ တစ်ကောင်မှ မတားနိုင်ပေ။

အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ပါရာဂွန်မှာ ပိုက်ကွန် သူ့အပေါ်မှ ဖြတ်သွားသဖြင့် တအံ့တဩ မျက်တောင်ခတ်လိုက်မိသည်။ နွားလူများ၊ တစ္ဆေများ၊ ကျောက်ဘီလူးများ၊ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများ၊ တခြားနေရာများမှ သက်ရှိအမျိုးမျိုးတို့အားလုံး ... ပိုက်ကွန်၏အောက် ရောက်သွားကြတော့သည်။

ပိုးကောင်နီများပင် ပိုက်ကွန်အား မရှောင်နိုင်ပေ။ ၎င်းတို့သည် အရွယ်အစားသေးငယ်သော်လည်း ပိုက်ကွန်သည် အကွက်စိပ်၏။ အဆုံးအထိ ဖြာထွက်သွားခဲ့သောအခါ မန်ဟိုက ဖမ်းဆုပ်ဟန် လုပ်လိုက်သည်။ ပိုက်ကွန်ကား ၎င်းအုပ်မိုးခဲ့သော သတ္တဝါများနှင့်အတူ နောက်ပြန်ဆုတ်လာလေသည်။

ပိုက်ကွန်သည် စူးရှသောအလင်းရောင်လေးထက် မပိုတော့သည့်တိုင်အောင် မန်ဟို့လက်ဝါးပေါ်တွင် ကျုံ့သွား၏။

ထို့နောက် မြေထုအပေါ်ရှိ အရာအားလုံး တဝုန်းဝုန်း တုန်ခါစပြုလာသည်။ သတ္တါအားလုံး ပိုက်ကွန်ဖြင့် ပိုင်းဖြတ်ခံလိုက်သည့်အတွက် .... သွေးများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားတော့သည်။ တချို့၏အသားတုံးများက မြေကြီးအပေါ် တဘုတ်ဘုတ် ကျလာသည်။ တချို့ကတော့ ... ပြာကျသွား၏။

မြေထုအပြင်ရှိ ရန်သူများမှာတော့ ပါးစပ်အဟောင်းသား.....။ သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။ အာကာပြင်ကျယ်စကြဝဠာ၏ စိတ်ဆန္ဒက တိုက်ခိုက်ဖို့ သူတို့ကို လှုံ့ဆော်နေသော်ငြား သူတို့၏အလိုလိုသိစိတ်နှင့် ကြောက်စိတ်က သူတို့အား မြေထုကို ငေးကြောင်စွာသာ ကြည့်နေမိစေသည်။

မန်ဟိုကတော့ အေးအေးဆေးဆေးသာ....။ သို့သော် သူ၏မျက်လုံးများက နီရဲနေဆဲပင်။ သူသည် မီးလောင်နေသောပန်းချီကားဘောင်ထဲ၌ ချုပ်နှောင်ခံထားရသည့် အဘိုးအိုကို မော့ကြည့်လိုက်၏။ အဘိုးအိုက ဟိန်းဟောက်ကြုံးဝါးလျက် အထဲမှ ရုန်းထွက်လာသည်။

မန်ဟိုက သူ့ကို အေးစက်စွာ ကြည့်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ ပိုက်ကွန်ကား အဘိုးအိုကို အုပ်မိုးဖို့ နောက်တစ်ကြိမ် ပြန့်သွားလေပြီ။

ဤတစ်ခေါက်တွင် ၎င်း၏ချုပ်နှောင်စွမ်းအားသည် စောစောကထက်ပိုမိုကြီးမား၍ အဘိုးအိုမှာ ရုန်းမထွက်နိုင်တော့ပေ။ သူ့လုပ်နိုင်သမျှမှာ ခံပြင်းစွာအော်လိုက်ရုံသာ ရှိသည်။

မန်ဟိုက အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲရှိ ရန်သူအုပ်စုဆီ လှည့်ကြည့်သည်။ သူ၏ပတ်ပတ်လည်တွင် အတုန်းအရုံးလဲပြိုလဲနေသော အလောင်းများကား များပြားလွန်းသဖြင့် ‌ရေတွက်ဖို့ပင် မဖြစ်နိုင်ပေ။

သူသည် ဘာမှမပြော။ သို့သော် ထိုနေရာ၌ ရပ်နေသည့် သူ၏ပုံရိပ်နှင့် ယခုလေးတင် တိုက်ပွဲအတွင်း သူ လုပ်ခဲ့သောအရာက အသက်ရှင်နေသေးသူတိုင်းအတွက် သတိပေးချက်တစ်ချက် ဖြစ်ပေသည်။

ဒီနေရာကို ခြေချတဲ့ ဘယ်ကောင်မဆို ... သေရမယ်

All Chapters