သက်ညှာမှုမရှိသော တိုက်ပွဲ
Vol. 54 Ch. 747
နောက်ဆုံးတိုက်ပွဲ ၊ သက်ညှာမှုမရှိသော တိုက်ပွဲကား စတင်ခဲ့လေပြီ။
ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေပြီး ကောင်းကင်မြေပြင်တစ်ခွင် မှုန်မွှားဝေဝါးနေသည်။ လေပြင်းတို့သည်လည်း ဝေါခနဲ ဝေါခနဲ တိုက်ခတ်လျက်ရှိ၏။ သွေးမိစ္ဆာဂိုဏ်းမှာ အလယ်ဗဟိုတွင်ဖြစ်ပြီး ၎င်း၏ပတ်ပတ်လည်တွင်ကား မှော်သိုင်းမျိုးစုံ ထုတ်လွှတ်နေသော ကျင့်ကြံသူများဖွေးဖွေးလှုပ်နေရာ ဧရာမအားလှိုင်းကြီးများ ရိုက်ခတ်ဖြာထွက်နေတော့သည်။ ကမ္ဘာမြေသည် ကျွံ့ကျသွားပြီး လေထုမှာ ကြေမွအက်ကွဲနေ၏။ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာခဲ့သည့်အလားပင်။
ရန်သူကျင့်ကြံသူတစ်သိန်းကျော်က စစ်မြေပြင်ကို ဖြတ်၍ တစ်ချိန်လုံး အဝိုင်းထားရသော သွေးမိစ္ဆာဂိုဏ်းသားများထံသို့ ဝုန်းဒိုင်းကြဲ ချီတက်လာကြသည်။ သွေးမိစ္ဆာဂိုဏ်းသားများမှာလည်း စိတ်ကို ချုပ်တည်းထားခဲ့ကြရသည်ဖြစ်ရာ ယခုတွင် သူတို့၏ရက်စက်ကြမ်းကြုတ်မှုတို့က ပေါက်ကွဲထွက်လာတော့၏။
“သတ်ပစ်” သွေးမိစ္ဆာဂိုဏ်းသားမှာ သောင်းဂဏန်းမျှရှိပြီး ရန်သူကျင့်ကြံသူများကား တစ်သိန်းကျော်သည်။ အရေအတွက်အားဖြင့် မိုးနှင့်မြေပမာ ကွာခြားသည့်တိုင် သူတို့သည် သွေးချောင်းစီးတိုက်ပွဲအတွင်း ဝင်ရောက်သွားဖို့ မတွန့်ဆုတ်ပေ။
ဤသည်မှာ သူတို့၏ဂိုဏ်းဖြစ်ပြီး ဤစစ်ပွဲမှာ သူတို့ကို အမြစ်ဖြုတ်သုတ်သင်ဖို့ စတင်ခဲ့ခြင်းဖြစ်သည်။ တစ်ယောက်ကိုမှ အရှင်ထားပေးမည်မဟုတ်။ ထိုသို့ဆိုမှတော့ သူတို့လည်း ရန်သူများကို သူတို့နှင့်အတူ သေရွာသို့ တစ်ပါတည်း ခေါ်သွားမည်။
သို့မဟုတ် ... အသက်ရှင်လွတ်မြောက်သည်အထိ သတ်ဖြတ်သွားမည်။
မန်ဟိုက သွေးမင်းသားလျှိုမြောင်သို့ ပြန်ဆုတ်သွားသည်။ ရှုချင်မှာ မဆိုစလောက် တုန်ရီနေသော်လည်း သူ သူမအရှေ့တွင် ဆင်းသက်လာသည်ကို မြင်သောအခါ အသက်ပြင်းပြင်းရှူပြီး နူးညံ့သောမျက်ဝန်လေးများဖြင့် ကြည့်လေသည်။
သူသည် သူမကို ပွေ့ဖက်ပြီးနောက် သူတို့ထံ ချီတက်လာနေကြသော ရန်သူတပ်သားများကို မော့ကြည့်လိုက်၏။ သွေးမိစ္ဆာဂိုဏ်းသားများလည်း ညာသံပေး၍ ဒေါသတကြီး ချီတက်သွားကြသည်ကို သူ မြင်လိုက်ရသည်။ နောက်ဆုံးတော့ သက်ညှာမှုမရှိသော စစ်ပွဲကား စတင်ခဲ့လေပြီ။
“ကြောက်လား” သူက ရှုချင်ကို ညင်သာသောလေသံလေးဖြင့် မေးလိုက်သည်။
“ဟင့်အင်း” ရှုချင်က သဘောကျစွာ တစ်ချက်ရယ်ပြီး ပြန်ဖြေသည်။
မန်ဟို၏ဒုတိယကိုယ်အစစ်သည် မျက်လုံးများ တလက်လက် တောက်ပနေလျက် လေလယ်တွင် ရပ်နေ၏။ သူက လက်ကို မြှောက်လိုက်ရာ သစ်သားဓားသည် သူ့ကို လှည့်ပတ်လိုက်ပြီး သူ့ထံမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်လှိုင်းများ ထွက်လာသည်။ ထို့နောက် သူသည် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ဆီသို့ ပြေးဝင်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွား၏။
ရုပ်သေးရုပ်က ချက်ချင်း သူ့ကို ထိပ်တိုက်ရင်ဆိုင်လေရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး အဆုံးမဲ့လှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာတော့သည်။ ဤသည်ကား သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် အရုဏ်ဦးအင်မော်တယ်တိုက်ပွဲပြီးလျှင် ဒုတိယသာ လိုက်သော တတိယစစ်မြေပြင် ဖြစ်လာသည်။
အောက်ရှိ မြေပြင်အပေါ်တွင်လည်း သတ်ပွဲကြီး စတင်ခဲ့လေပြီ။ ကြုံးဝါးကြွေးကြော်သံများနှင့်အတူ သတ်သံဖြတ်သံများ ဆူညံနေ၏။ သွေးမိစ္ဆာဂိုဏ်းသားများမှာ မည့်သည့်အရာကိုမှ မထိမ်ချန်ထားဘဲ မိမိကိုယ်ကို အထိခိုက်ခံ၍ သက်တမ်းတို့ပင် လောင်ကျွမ်းပစ်ကာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြသည်။ သူတို့သည် အလွန်ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့လျှင် ခါးသီးစွာ ပြုံးပြီး ခန္ဓာဖောက်ခွဲပစ်ရန် ရွေးချယ်သွားကြ၏။
သွေးမိစ္ဆာဂိုဏ်သားများက ရန်သူများကို ဒေါသတကြီး အငြိုးကြီးကြီးဖြင့် သတ်ဖြတ်နေကြသဖြင့် ထစ်ချုန်းသံများ စစ်မြေပြင်တွင် ပြည့်နှက်နေတော့သည်။
အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံနှင့် သွေးမိစ္ဆာဂိုဏ်းသားတစ်ယောက်သည် သေစေလောက်သော ထိုးနှက်ချက်ကို ခံစားလိုက်ရ၏။ သူက နောက်ဆုံးလက်ကျန်စွမ်းအင်ကို အသုံးပြုရင်း ရှေ့သို့ခုန်တက်ကာ ရန်သူ၏လည်မျိုအား ခဲ၍ အသားများကို ကိုက်ဖြဲပစ်လိုက်၏။ ရန်သူ ကြောက်လန့်တကြား အော်ဟစ်နေစဉ် သွေးမိစ္ဆာဂိုဏ်းသားကား အရူးကြီးသဖွယ် ရယ်ပြီးနောက် ခန္ဓာဖောက်ခွဲပစ်လိုက်တော့သည်။
သွေးမိစ္ဆာဂိုဏ်းသားနောက်တစ်ယောက်က တားမြစ်ပညာရပ်တစ်ခုကို အသုံးပြုလိုက်သည်။ သူ့တစ်ကိုယ်လုံး၊ အပြင်အားကိုယ်သာမက ဝိညာဉ်ပင်လျှင် ရန်သူအမြောက်အမြား၏ နဖူးများအား ထုတ်ချင်းဖောက်ထွက်သွားသော သွေးစက်တစ်စက် အသွင်ပြောင်းသွားသည်။
ရက်ရက်စက်စက် မိုက်ရူးရဲဆန်ခြင်း
သွေးမိစ္ဆာဂိုဏ်း၏ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုကြောင့် ရန်သူကျင့်ကြံသူတစ်သိန်းကျော်မှာ တောင်ငါးလုံးအပြင်တွင်သာ တိုက်ခိုက်နေကြရပြီး ဂိုဏ်းအတွင်းပိုင်းအား ခြေလှမ်းလေးတစ်ဝက်ပင် မချနိုင်ပေ။ သွေးမိစ္ဆာဂိုဏ်း၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများက ရန်သူများကို လုံးလုံလျားလျား အံ့ဩတုန်လှုပ်နေစေတော့သည်။
အချိန်တိုလေးအတွင်း သွေးမိစ္ဆာဂိုဏ်းမှာ ကျင့်ကြံသူတစ်သောင်းကျော် ဆုံးရှုံးခဲ့ရလေပြီ။ သို့ပင်ငြား ရန်သူတပ်ဖွဲ့များမှာတော့ ကြီးကြီးမားမား ပေးဆပ်လိုက်ရသည်။ သူတို့၏ အသတ်ခံရသော အရေအတွက်ကား နှစ်သောင်းကျော်ချေ၏။
မန်ဟိုက ဝင်ရောက်မတိုက်ခိုက်ဘဲ သွေးမင်းသားလျှိုမြောင်တွင် သွေးမိစ္ဆာဂိုဏ်းသားများဖြင့် ဝန်းရံလျက် စစ်ပွဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သွေးမိစ္ဆာဂိုဏ်းသားများအတွက် သွေးမင်းသားပေးဆပ်ခဲ့သည်မှာ လုံလောက်သည်ထက် ပိုခဲ့ပြီးပြီဖြစ်သည်။ ယခုအချိန်က .... သူတို့အပိုင်းကို သူတို့လုပ်ရမည့် အချိန်ပင်။
လေလယ်တွင် အရုဏ်ဦးအင်မော်တယ်၏ ကိုယ်ပွားသည် စူးရှတောက်ပလာ၏။ သူမအနောက်ရှိ ပုံရိပ်ယောင်ရှင်သန်ခြင်းနှင်းပန်းမှာ အကောင်အထည်သွားပုံပေါ်လာသည်။ ယခု သူမကား သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်ပွားကို ထိန်းထားရန် သူမခွန်အားကိုသူမ အားထားနေလေပြီ။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်လိုက်သဖြင့် ထစ်ချုန်းကြီး လေတွင် ပြည့်နှက်သွားသည်။ ကျင်းဟန်ဂိုဏ်း ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးကမူ ရံဖန်ရံခါ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရင်း ပတ်ပတ်လည်မှ ဝိုင်းထားသော်လည်း များသောအားဖြင့် သွေးမိစ္ဆာဂိုဏ်း မလွတ်မြောက်နိုင်အောင် မန္တန်ဝင်္ကပါများသာ ခင်းကျင်းနေကြ၏။
မတူညီသော နေရာတစ်နေရာတွင်တော့ မန်ဟို့ဒုတိယကိုယ်အစစ်သည် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေ၏။ ဝတ်ရုံနက်အဘိုးကြီး၏ အနုသုခုမနတ်ခန္ဓာက ရုပ်သေးရုပ်ကို စေစားနေပြီး သူ၏ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒနှင့် ရုပ်သေးရုပ်၏ အံ့ဖွယ်ခွန်အားကျေးဇူးကြောင့် မန်ဟို့ဒုတိယကိုယ်အစစ်မှာ တဖြေးဖြေး နောက်သို့ တွန်းထုတ်ခံနေရသည်။
တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်နှင့် အတုအယောင်အင်မော်တယ်အဆင့် ဆိုသည်မှာ လွန်စွာ ကွာဟလွန်းသည် မဟုတ်ပါလော။
ကံကောင်းထောက်မစွာနှင့် မန်ဟို့ ဒုတိယကိုယ်အစစ်တွင် သစ်သားအချိန်ဓားရှိပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်ဝိညာဉ်က သူ့ကို တိုက်ပွဲအား တစ်ယောက်တည်း ကိုင်တွယ်နိုင်သည်ဆိုရုံကလေး ကိုင်တွယ်နိုင်စေသည်။
သို့သော် အဆုံးသတ်တွင် သွေးမိစ္ဆာဂိုဏ်း ရှုံးနိမ့်သွားလိမ့်မည်ကို မည်သူမဆို မြင်နိုင်သည်။
“သေကြစမ်း” ရန်သူကျင့်ကြံသူတစ်သိန်းကျော်က ထပ်မံ ထိုးစစ်ချီတက် လာကြပြန်သည်။ စစ်မြေပြင်၏အလယ်တွင် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါနှင့် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်အား မြင်ရနိုင်သည်။ ၎င်းက မျက်လုံးများ တဖျပ်ဖျပ် လက်လျက် လူအုပ်ကြီးကြားမှ သတိရှိရှိ ချီတက်လာသည်။
ဤကျင်းဟန်ဂိုဏ်း ရုပ်သေးရုပ်အား ဖွဲ့စည်းထားသည့် ကျင့်ကြံသူများမှာ မန်ဟိုကြောင့် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားခဲ့ကြပြီးဖြစ်သည်။ သူတို့မှာ ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင် အသတ်ခံခဲ့ရပြီး လီမျိုးနွယ်ခေါင်းဆောင်ကြီးငါး သေလုမြောပါး ဒဏ်ရာရသွားခဲ့သည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေခဲ့ရလေသည်။ ထို့နောက် သူတို့ ဘယ်နည်းနှင့်မှ မယှဉ်နိုင်သော ဝတ်ရုံနက်အဘိုးကြီးရှိသေးသည်။
သူတို့ထွက်ပြေးသွားချင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤသည်မှာ စစ်ပွဲဖြစ်သည့်အတွက် ပြေး၍မရပေ။
ကျင်းဟန်ဂိုဏ်း ရုပ်သေးရုပ်ကြီး တက်လာသည့်အချိန်မှာပင် မန်ဟို့၏မျက်လုံးများသည် ရေခဲတမျှ အေးစက်သွား၏။ သူက ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး သူ ထိုသို့ကြည့်လိုက်စဉ် ၎င်းမှာ တုံ့ခနဲ ရပ်သွားတော့သည်။
မန်ဟိုက ရှုချင်ကို ငုံ့ကြည့်ပြီး နူးညံ့ညင်သာသောအသံဖြင့် ပြောသည်။ “ကျွန်တော် ဒီနေ့ လူတွေ အများကြီးသတ်မှာ။ သွေးတွေကို မမြင်ချင်ရင် မျက်လုံးမှိတ်ထားနော်”
ရှုချင်က သူ့ကို ကြင်နာစွာ မော့ကြည့်ပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်။
မန်ဟိုသည် ရှုချင်ကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ရင်း အင်္ကျီလက်စကို ခါလိုက်ရာ စစ်ရထားအား ပေါ်လာစေသည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့် စစ်ရထားသည် မျက်စိကျိန်းမတတ် တောက်ပလာတော့၏။
မရေမတွက်နိုင်သော သားရဲများ မှော်ဆန်ဆန် ပေါ်လာပြီး သူတို့က ဟိန်းဟောက်၍ စစ်ရထားကို စတင်ဆွဲသွားကြသည်။
မန်ဟိုက ရှုချင်နှင့်အတူ စစ်ရထားထဲတွင် ရပ်နေသည်။ သူသည် စစ်မြေပြင်တွင် ပြန်ပေါ်လာခဲ့ပြီဖြစ်ရာ နောက်တစ်ဖန် အားလုံး၏အာရုံစိုက်ရာ ဖြစ်သွား၏။ သူပြောသမျှ လုပ်သမျှ အရာအားလုံးက စစ်မြေပြင်အပေါ် သက်ရောက်မှုရှိပေတော့မည်။
ရွှီး
စစ်ရထားသည် လူအုပ်ကြီးအကြား ဖြတ်သွားပြီး များစွာသော လူများ သေကြေပျက်စီးကြရ၏။ မျက်စိတစ်မှိတ်အတွင်း သွေးတို့ ရွှဲရွှဲစိုနေသော လမ်းကြောင်းက စစ်မြေပြင်တစ်လျှောက် ထင်းကျန်ခဲ့သည်။
သွေးလန့်ဖွယ် အော်ဟစ်သံကြီးများက အဆက်မပြတ် ပျံ့လွင့်လာသည်။ မန်ဟို့စစ်ရထားဖြင့် ဝင်တိုက်ခံရသော မည်သူမဆို သွေးတို့ ဖွားခနဲ ပန်းထွက်ကာ သေဆုံးသွားကြသည်။ မကြာမီ စစ်ရထားမှာ သွေးရောင်ပြောင်းသွားတော့၏။
မန်ဟို့မျက်နှာ၊ ဆံပင်နှင့် အဝတ်အစားတို့မှာလည်း သွေးတို့စိုရွဲနေသည့်တိုင် သူကား ဂရုမစိုက်ပေ။ သူ၏မျက်လုံးများသည် တင်းမာအေးစက်နေပြီး သူက လက်ကို ဝှေ့ယမ်းကာ နဝမတောင်နှင့်အတူ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄) ဝဲကြီးကို ပေါ်လာစေလိုက်သည်။
သူသည် တစ်ချိန်တုန်းက ကျိုးပြည်၏ စာပေသမားမဟုတ်တော့သလို၊ တောင်ပိုင်းဒေသ၏ မန်ဟိုလည်း မဟုတ်တော့။ သွေးမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း သူ၏နှလုံးသားသည် မရောင့်ရဲ၊ မတင်းတိမ်နိုင်သော သတ်ဖြတ်လိုစိတ်တို့ဖြင့် စတင်ပြည့်နှက်လာခဲ့၏။
ထိုသတ်ဖြတ်လိုစိတ်က သူ့နှလုံးအိမ်တွင် ကိန်းအောင်းနေသော နတ်ဆိုးဖြစ်သည်။
နှလုံးအိမ်မှာ နတ်ဆိုးအဖြစ် သန္ဓေတည်ကာ နတ်ဆိုးဆန်လာသည်။ နတ်ဆိုးအနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရမှ တင်းတိမ်မည်။
မန်ဟိုသည် ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်သည်။ စစ်ရထားကား ဤတစ်ကြိမ်တွင် ကျင်းဟန်ရုပ်သေးရုပ်ကြီးဆီ ချီတက်သွားလေပြီ။ ကျင်းဟန်ရုပ်သေးရုပ်ကြီး၏ မျက်နှာပျက်ယွင်းသွားပြီး ၎င်းက အမြန်ဆုံးနောက်ဆုတ်လိုက်သည်။ ၎င်းသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ ဓားအလင်းများနှင့် ဓားသွားများအား မန်ဟို့ဆီ လည်ထွက်သွားစေသည်။
အုန်း
မန်ဟိုက ရှောင်တိမ်းဖို့ မကြိုးစား။ စစ်ရထားက လာနေသော ဓားသွားများကို ထိုးခွင်းရင်း မြက်ခြောက်များသဖွယ် နင်းခြေကာ ရုပ်သေးရုပ်ကြီးဆီ ပြေးဝင်လာ၏။
နောက်ထပ်ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားပြီး ရုပ်သေးရုပ်၏ ကိုယ်တစ်လျှောက်လုံး အက်ကြောင်းများ ပျံ့နှံ့သွားသဖြင့် တဖောက်ဖောက် မြည်သံများ ကြားလိုက်ရသည်။ ၎င်းက လက်ကို ဝှေ့ယမ်း၍ ရွှေဓားတစ်လက်ကို ထုတ်ကာ မန်ဟို့ထံ ခုတ်ချရင်း နောက်ဆုတ်သွားပြန်သည်။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး ညာလက်သီးကို ဆုတ်ကာ ထိုးချလိုက်၏။
သူ၏လက်သီး ဓားကို ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ဓားမျက်နှာပြင်တစ်လျှောက် အက်ရာများ ဖြာထွက်သွားပြီး ခွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။ ဓားကို ဆုံးရှုံးလိုက်ရသဖြင့် ကျင်းဟန်းဂိုဏ်းရုပ်သေးရုပ်မှာ စိတ်ဓာတ်ကျသွားဟန်ပင်။ ၎င်းမှာ ၎င်း၏ခန္ဓာကိုယ်ကို ပြေးတိုက်လိုက်သော စစ်ရထားအား မရှောင်နိုင်တော့ပေ။
ဖောင်းခနဲ ရုပ်သေးရုပ်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားတော့သည်။ ၎င်းသည် သွေးအန်နေကြသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ လေးဦးအဖြစ် ပြောင်းလဲသွား၏။ သူတို့က မျက်နှာဖြူဖပ်ဖြူလျော်နှင့် ထွက်ပြေးရန် ပြင်လိုက်ကြသော်လည်း သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄) ဝဲကြီးမှ သူတို့ကို စောင့်ကြိုနေသည်ကိုသာ တွေ့လိုက်ရသည်။
ဝဲကြီးသည် တဝေါဝေါ လည်သွားပြီး သူတို့လေးယောက်ထဲမှ တစ်ယောက်မှ မပြေးနိုင်တော့ပေ။ သူတို့မှာ ဝဲကြီး၏ ဝါးမြိုခြင်းခံလိုက်ရသဖြင့် ခန္ဓာကိုယ်များ စတင်ခြောက်ကပ်လာသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများလည်း စုပ်ယူခံလိုက်ရသည်။ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်များပင် ဤဝဲကြီးထဲမှ ရုန်းမထွက်နိုင်ရာ သူတို့လေးယောက်အနေဖြင့် ... သေမင်းလက်မှ မည်သို့ပြေးလွတ်တော့မည်နည်း။
ဖောင်း
သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများ မရှိတော့ပေ။ သူတို့၏အနုသုခုမနတ်ခန္ဓာများ ပျံထွက်သွားသည့်အခါ တံခွန်သုံးခုအလံက သူတို့ကို ရစ်ပတ်လိုက်သည်။
ကံဆိုးစွာနှင့် ဤအောင်မြင်မှုသေးသေးလေးက စစ်ပွဲတစ်ပွဲလုံး၏ အခြေအနေကို မပြောင်းလဲနိုင်ပေ။ မန်ဟို ကျင်းဟန်ရုပ်သေးရုပ်ကို အနိုင်ယူလိုက်သည့် အခိုက်အတန့်မှာပင် လေအလယ်မှ ပေါက်ကွဲသံများ ကြားလိုက်ရပြီး သူ၏ဒုတိယကိုယ်အစစ်မှာ သွေးတစ်ပွက်အန်ရင်း အမြန်ဆုံး နောက်ဆုတ်လိုက်ရသည်။
ဝတ်ရုံနက်အဘိုးကြီး၏ ထိန်းချုပ်မှုအောက်တွင် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်က အံ့ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ အင်မော်တယ်ချီတို့က တရိပ်ရိပ် ဖြာထွက်နေပြီး ၎င်း၏ပတ်ပတ်လည်ရှိ လေထုမှာ ယိုယွင်းပုံပျက်နေ၏။ ၎င်းသည် သုံးလောက၏ ဥသျှောင်ဘုရင်တစ်ပါးအလား သဘာဝနိယာမက သူ့အရှေ့တွင် ဝပ်တွားခစားနေရ၏။
ဧရာမရုပ်သေးရုပ်ကြီးက ရိပ်ခနဲ ဦးတည်ပြောင်းလာသည်။ ဒုတိယကိုယ်အစစ်ကို တိုက်ခိုက်ရန်မဟုတ်၊ မန်ဟိုကို တိုက်ခိုက်ရန်ပင်။
မန်ဟိုသည် သူနှင့်ရုပ်သေးရုပ်အကြား ကွာဟမှုကို ကောင်းကောင်းသိသဖြင့် သူ၏ အသတ်အဖြတ်စိတ်ဆန္ဒကား ပတ်ဝန်းကျင်တစ်ခွင် စိုးမိုးသွားတော့သည်။ စစ်ရထားက တကျီကျီ မြည်လျက် နောက်ဆုတ်သွားသည်။ ကံဆိုးစွာနှင့် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်သည် သူ့နောက်သို့ ဆက်လိုက်လာပြီး ၎င်း၏အမြန်နှုန်းကိုပင် မြှင့်လိုက်၏။ ၎င်းက နီးသထက် နီးလာလေပြီ။
ဒုတိယအစစ်အမှန်ကိုယ်က ဖျတ်ခနဲ သူ့ဆီ ဦးတည်လာသည်။ သို့သော် မန်ဟိုသည် ထွက်ပြေး၍မလွတ်တော့ကြောင်း ကောင်းကောင်းသိ၏။ သူက ရုတ်တရက် အကျည်းတန်စွာ ပြုံးလိုက်ပြီး ညာလက်ကို မြှောက်လိုက်ရာ သွေးမိစ္ဆာမဟာမှော်သိုင်းက နဝမတောင်၊ ပုလဲဖြူ ပုလဲနက်၊ သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်များနှင့်အတူ ပေါ်လာသည်။
သူသည် “ခြောက်သွေ့” စကားလုံးကိုလည်း ဆင့်ခေါ်ပြီး အောက်ရှိ စစ်မြေပြင်ထက်မှ ကျီမျိုးနွယ်သွေးကိုယ်ပွားကိုလည်း ပြန်ခေါ်လိုက်၏။ ထို့အပြင် ရှင်သန်ခြင်းနှင်းပန်းက ကြောက်စရာကောင်းလောက်အောင် တွန့်လိမ်လူးလွန့်ရင်း သူ့အနောက်တွင် ပွင့်လန်းလာသည်။
ထို့နောက် နောက်ဆုံးအနေဖြင့် ... ညာလက်သီးကို ဆုပ်လိုက်၏။
ဒုတိယကိုယ်အစစ်ကမူ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံကို အသုံးပြုကာ အဖော်မဲ့ယန်ကောင်းကင်ကို ပစ်သွင်းလိုက်သည်။
၎င်းသည် သစ်သားအချိန်ဓား၏ နှစ်ခုနစ်သောင်းအချိန်မြစ်နှင့် ပေါင်းစည်းသွားပြီး မန်ဟို လောလောဆယ် ထုတ်လွှတ်နိုင်သမျှအထဲ အင်အားအကြီးဆုံး တိုက်ကွက်တစ်ကွက် ဖြစ်လာသည်။
သူကား အတုအယောင်အင်မော်တယ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်လေပြီ။
စစ်မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
နှလုံးခုန်ရပ်သွားရလောက်အောင် အံ့ဩဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးက လူပေါင်းများစွာကို ခေါင်းပြတ်သွားစေသည်။ လေထုသည် ကြေမွသွားပြီး အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်မှာ တုံ့ခနဲ ရပ်လိုက်ရရုံသာမက နောက်သုံးလှမ်း ဆုတ်လိုက်ရ၏။
မန်ဟို၏ ဒုတိယအစစ်အမှန်ကိုယ်မှ များစွာသော သွေးတို့ကို အန်ကာ လွင့်ထွက်သွားလေသည်။ မန်ဟိုလည်း သွေးအန်လိုက်ရသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ စစ်ရထား၏အကာအကွယ်ကြောင့် ပျက်စီးမသွားပေ။ စစ်ရထားမှာမူ တရစပ် တုန်ခါနေပြီး အင်မော်တယ်လမ်းညွှန်၏ချီ လွင့်ပျယ်သွားရာ စစ်ရထားလည်း ပျောက်ကွယ်သွားရတော့သည်။
မန်ဟိုက ရှုချင်ကို တင်းတင်းဖက်ရင်း နောက်ဆုတ်သွားသည်။ သူ နောက်ပြန်ကြည့်လိုက်သောအခါ အရူးသဖွယ် တဟားဟား အော်ရယ်ရင်း သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လျက် ရှေ့တက်လာသော အတုအယောင်အင်မော်တယ် ရုပ်သေးရုပ်ကို မြင်လိုက်ရ၏။
“သေပေတော့” ရုပ်သေးရုပ်က ညာလက်ကို မြှောက်ရင်း ကြုံးဝါးလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ရောင်စုံအလင်းတစ်ခုက အင်မော်တယ်ချီနှင့်အတူ စီးဆင်းလည်ပတ်သွားကာ အင်မော်တယ်ကြာတစ်ပွင့် ဖြစ်သွား၏။ ကြာက လှိုင်းများ ထုတ်လွှတ်လိုက်ပြီး ကြီးမားသော ဖိအားကြီး လိမ့်ထွက်လာတော့သည်။
ထိုအခိုက်အတန့်တွင် ...
လေလယ်၌ အရုဏ်ဦးအင်မော်တယ်နှင့် တိုက်ခိုက်နေသော သွေးမိစ္ဆာဂိုဏ်းချုပ်၏ကိုယ်ပွားက ရုတ်တရက် သက်ပြင်းချလိုက်သည်။ ထို့နောက် ၎င်းက လှည့်၍ ပျောက်ကွယ်သွား၏။
ထိုစဉ် သွေးမိစ္ဆာတောင်ရှိ ဂူထဲတွင် ချပ်ဝတ်တန်ဆာနှင့် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သွေးကန်ထဲ၌ တင်ပျဉ်ခွေထိုင်လျက်ရှိချေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သွေးအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
***