မိုးကြိုးတန်းနောက်သို့ လိုက်နေသော အရူး
Vol. 55 Ch. 754
“ကောင်းကင်ပန်းချီကား... ဒါက တကယ့်ကို ကောင်းကင်ပန်းချီကားတစ်ချပ်ပဲ”
ခရမ်းရောင်နဂါးမြို့၏ မြောက်ဘက်ရှိ ခမ်းနားသော စံအိမ်တစ်ခုအတွင်း၌ လူတစ်စု ရှိနေလေသည်။ လူတစ်ယောက်စီသည် “ပင်လယ်တွင် မီးတောင်ပေါက်” ပန်းချီကားတစ်ချပ်စီ ကိုင်ထားကြ၏။ သူတို့၏မျက်လုံးများက တောက်ပနေပေသည်။ သူတို့သည် ကောင်းကင်ပန်းချီကားကို မြင်ဖူးသူများဖြစ်သည်။ ထိုလူအားလုံးသည် ခရမ်းရောင်နဂါးကျွန်းဆွယ်ကို ထိန်းချုပ်သော ချွီမျိုးနွယ်၏ အကြီးအကဲများဖြစ်ကြသည်။ သူတို့သည် လေလံပွဲများစွာတွင် ဝင်ရောက်လေလံဆွဲဖူးသဖြင့် အနုပညာပစ္စည်းများစွာကို တွေ့ခဲ့ဖူးပေသည်။ သို့ဖြစ်၍ ကောင်းကင်ပန်းချီကားများကိုလည်း မြင်ခဲ့ဖူးသည်။
လောကထဲတွင် အနုပညာဧကရာဇ်များ၊ ဂီတဧကရာဇ်များ အနည်းငယ်သာ ရှိပေသည်။ သူတို့သည် ယခုမှ ဤမျှများသော ကောင်းကင်ပန်းချီကားများကို တွေ့ဖူးခြင်းပင်။
“လီရှန်း...”
တုတ်ခိုင်သော အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ခေါ်လိုက်၏။
“ပန်းချီကားတွေကို ရောင်းသွားတဲ့သူရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းပြီးသွားပြီလား။ အဲ့ပန်းချီဆရာကို ငါတို့ရဲ့ မျိုးနွယ်ထဲကိုဝင်ဖို့ ခေါ်နိုင်မယ့် အခွင့်အရေးရှိလား။ တကယ်လို့ မင်းသာ အဲ့ပန်းချီဆရာကို သိမ်းသွင်းနိုင်မယ်ဆိုရင် မင်းကို ဆုလာဘ်ကြီးကြီးချမယ်”
ခရမ်းရောင်နဂါးကုန်သည်အဖွဲ့အစည်း၏ ကြီးကြပ်ရေးမှူး လီရှန်းက ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“မျိုးနွယ်ခေါင်းဆောင်... လာရောင်းသွားတဲ့သူက အစေခံတစ်ယောက်ပါပဲ။ ပြီးတော့ သူက ဉာဏ်များပါတယ်။ အဲ့ဒါကြောင့် လီရှန်း သူ ဒေါသထွက်သွားစိုးလို့ မဆင်မခြင် နောက်ယောင်ခံလိုက်ခိုင်းဖို့ မဝံ့ပါဘူး။ လီရှန်း သူ့ကို ကုန်သည်အဖွဲ့အစည်းရဲ့ တံဆိပ်ပေးလိုက်ပါတယ်.. ဒါပေမဲ့ အဲ့တံဆိပ်က အိမ်သာတစ်ခုထဲကို လွှင့်ပစ်ခံလိုက်ရပါတယ်။ သူ နောက်လကျ ထပ်လာခဲ့မယ်လို့တော့ ပြောသွားပါတယ်။ ဒါပေမဲ့ သူ တကယ်လာမလား၊ မလာဘူးလားဆိုတာတော့ လီရှန်း မသိပါဘူး”
“နှမြောစရာပဲ”
ထိုတုတ်ခိုင်သော အသက်လတ်ပိုင်း အမျိုးသားသည် ချွီမျိုးနွယ်၏ လက်ရှိမျိုးနွယ်ခေါင်းဆောင် ချွီရှုံးဖြစ်၏။ သူ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ပြောလိုက်သည်။
“ဒီလူက ပန်းချီကားထဲ တာအိုအရှိန်အဝါထည့်နိုင်တဲ့ နတ်စွမ်းရည် ပိုင်ဆိုင်ထားတယ်ဆို ထင်ရှားတယ်။ ဒါပေမဲ့ သူက ပန်းချီဘယ်လိုဆွဲရမလဲဆိုတာ အခုမှ စသင်ခါစပဲ ရှိသေးတယ်။ သူ့ရဲ့ ပန်းချီလက်ရာက ကြမ်းလွန်းတယ်။ တကယ်လို့ အနာဂတ်မှာ သူ့ရဲ့ ပန်းချီစွမ်းရည် တိုးတက်လာရင် သူက သေချာပေါက် အနုပညာဧကရာဇ်အသစ်တစ်ပါး ဖြစ်လာမှာပဲ။ ဒီကလူတိုင်း အနုပညာဧကရာဇ်တစ်ပါးရဲ့ တန်ဖိုးကို သိကြမှာပါ...”
“အမှန်ပဲ”
“တကယ်လို့ ဒီလူကိုသာ ကျုပ်တို့ရဲ့ မျိုးနွယ်ထဲဝင်အောင် သိမ်းသွင်းနိုင်ခဲ့ရင် ကျုပ်တို့ ချွီမျိုးနွယ်ရဲ့ အနာဂတ်က အများကြီး တိုးတက်သွားမှာပဲ။ အဲ့လူက အဆင့်မြင့် ကောင်းကင်ပန်းချီတွေကို ဆွဲနိုင်ရင် ကျုပ်တို့မျိုးနွယ်က နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာမှာပဲ”
“အဲ့လူက ကျုပ်တို့ရဲ့ ချွီမျိုးနွယ်နဲ့ မပူးပေါင်းချင်လောက်ဘူး။ မဟုတ်ရင် သူက ကျုပ်တို့နဲ့ တိုက်ရိုက် လာညှိုနှိုင်းမှာပေါ့”
“ကောင်းကင်ပန်းချီကားပေါ်မှာ ထိုးတားတဲ့ နာမည်က ရီဖျောင်ဖျောင်တဲ့လား။ အဲ့လူက မိန်းမတစ်ယောက် ဖြစ်နေမလား”
ကျန်အကြီးအကဲများက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်ကြ၏။ လီရှန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီး အကြံတောင်းလိုက်၏။
“မျိုးနွယ်ခေါင်းဆောင်... လီရှန်းတို့ ဒီကောင်းကင်ပန်းချီကား ခြောက်ရာကို ဘယ်လိုလုပ်ရမလဲ။ ကုန်သည်အဖွဲ့အစည်းမှာ လေလံပွဲကျင်းပပြီး တခြားကုန်သည်အဖွဲ့အစည်းတွေက ဂုဏ်သရေရှိဧည့်သည်တော်တွေကို ဖိတ်ပြီး ဒီပန်းချီကားတွေကို လေလံပစ်ရမလား”
“ဟင့်အင်း...”
ချွီရှုံးက လက်ခါ၍ ပြောလိုက်၏။
“ငါတို့ ဒီပန်းချီကားတွေကို မရောင်းဘူး။ တစ်ချပ်တောင် မရောင်းဘူး။ အဲ့ဒါတွေအကုန်လုံးကို ရှန်းစီမြို့ကို ပို့လိုက်။ နောက်သုံးလနေရင် ရှန်းစီပွဲတော် ကျင်းပတော့မှာ။ မျိုးနွယ်ကြီး၊ မျိုးနွယ်သေးတွေ အကုန်လုံး ရှန်းစီမြို့မှာ စုဝေးကြမှာ။ ငါတို့ ရှန်းစီမြို့မှာသာ ဒီကောင်းကင်ပန်းချီကားတွေနဲ့ အရင်တုန်းက ရထားတဲ့ ရှားပါးရတနာတွေကို လေလံပစ်ရင် ပန်းချီကားတစ်ချပ်ကို ကောင်းကင်ကျောက်တုံး ဆယ်သန်းစီလောက်နဲ့ ရောင်းနိုင်လိမ့်မယ်”
“မျိုးနွယ်ခေါင်းဆောင်က ပညာရှိပါပေတယ်”
နောက်သုံးလနေလျှင် ရှန်းစီပွဲတော်ကျင်းပမည်ကို လီရှန်း မည်သို့ မသိဘဲ နေမည်နည်း။ သူမသည် ထိုသို့ မျက်နှာလိုမျက်နှာရ ပြောနိုင်ရန် တမင် မေးလိုက်ခြင်းဖြစ်သည်။
ချွီရှုံးက ပြုံးကာ ခေါင်းညိတ်လိုက်၏။
“လျှို့ဝှက်အဖွဲ့ကို ဒီကိစ္စအကြောင်း စုံစမ်းခိုင်းလိုက်.. ငါတို့ အဲ့ဉာဏ်ကြီးရှင်ကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ ငါတို့ အဲ့ဉာဏ်ကြီးရှင်ကို ရှာတွေ့ရင် သူ့ကို သိမ်းသွင်းနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားကြတာပေါ့”
အကြီးအကဲတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ပြင်ဆင်စရာရှိသည်များ သွားရောက် ပြင်ဆင်လိုက်၏။ ချွီမျိုးနွယ်၏ လျှို့ဝှက်အဖွဲ့သည် ယခင်က ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့ ဖွဲ့စည်းခဲ့သော အဖွဲ့ကဲ့သို့ပင်။ ထိုလျှို့ဝှက်အဖွဲ့ စတင်လှုပ်ရှားသည်နှင့် ခရမ်းရောင်နဂါးမြို့ထဲတွင် မည်သည့် လျှို့ဝှက်ချက်မှ ရှိတော့မည် မဟုတ်ပေ။ ခရမ်းရောင်နဂါးကျွန်းဆွယ်၏ အုပ်ချုပ်သူက ခရမ်းရောင်နဂါးမြို့ကိုပင် မထိန်းချုပ်နိုင်လျှင် အုပ်ချုပ်သူကို ဘာကြောင့် လိုတော့မည်နည်း။
***
ရှန်းစီကျွန်းအပြင်ဘက်အပိုင်းရှိ ပင်လယ်ဒေသကို ရှန်းစီပင်လယ်ဟုခေါ်၏။ ထိုပင်လယ်သည် အဝိုင်းပုံ ပင်လယ်ဒေသတစ်ခုဖြစ်သည်။ ထိုနေရာရှိ ပင်လယ်ရေက ကြည်လင်ပြီး ရှုခင်းက လှပ၏။ ကျွန်းဆွယ်ကိုးခုနှင့် ရှန်းစီကျွန်းကြားတွင် မရေမတွက်နိုင်သော ကျွန်းလေးများ ရှိသည်။ မျိုးနွယ်(၁၃)ခုက ထိုကျွန်းလေးများကို သိမ်းပိုက်မထားပေ။ သူတို့သည် ထိုကျွန်းများကို တောင်ပေါ်ဓားပြတပ်မဟာများ အချင်းချင်း တိုက်ခိုက်ယူရန်အတွက် တမင် ချန်ထားသကဲ့သို့ပင်။
ရှန်းစီပင်လယ်က ရှန်းစီကျွန်းနှင့် နီး၏။ ထိုနေရာတွင် မိုးမြေအတွင်းအားများ သာမန်ထက်ပို၍ သိပ်သည်းနေပေသည်။ ထို့ကြောင့် ယင်းကျွန်းများက အလွန်အဖိုးတန်ပေသည်။ သို့သော် ကျွန်းအားလုံးနီးပါးကို အင်အားကြီး တောင်ပေါ်ဓားပြတပ်မဟာများက သိမ်းပိုက်ထားကြသည်။ ဤနေရာမှ ဓားပြတပ်မဟာများသည် လေနက်တပ်မဟာထက် များစွာပို၍ အင်အားကြီးပေသည်။ ဤနေရာရှိ သာမန်တောင်ပေါ်ဓားပြတပ်မဟာတစ်ခုသည်ပင် အနည်းဆုံး အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် ဒါဇင်ခန့် ပိုင်ဆိုင်သည်။ ထပ်တန်း(၁၀)ဖွဲ့စာရင်းဝင် တောင်ပေါ်ဓားပြတပ်မဟာများဆိုလျှင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များပင် ပိုင်ဆိုင်ကြသည်။
ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ထားခြင်းက နိဗ္ဗာန်ဘုံတစ်ခုကို သိမ်းပိုက်ထားသကဲ့သို့ပင်။ တပ်မဟာများနှင့် ပူးပေါင်းလိုသူ၊ ကျွန်းများပေါ်တွင် နေလိုသူများသည် ကောင်းကင်ကျောက်တုံးများ သို့မဟုတ် ရတနာများကို ပေးရပေသည်။ အကယ်၍ သူတို့တွင် ထိုအရာများ မရှိပါက ကျွန်များအဖြစ် ပင်လယ်၏ နက်ရှိုင်းသောနေရာရှိ မိုးမြေရတနာများကို တူးဖော်ရာတွင် တပ်မဟာများကို ကူညီရမည်ဖြစ်သည်။ သို့မဟုတ် သူတို့သည် ကောင်းကင်ကျောက်တုံးများ တူးရန်အတွက် ကြမ်းတမ်းသောကုန်မြေများသို့ စေလွှတ်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ရှန်းစီပင်လယ်ထဲတွင် ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ထားနိုင်ခြင်းကာ အင်အား၏ ပြယုဂ်ဖြစ်ပြီး မကုန်နိုင်သည့် ကောင်းကင်ကြောတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
အမှန်တွင်...
ရှန်းစီပင်လယ်အတွင်းရှိ ကျွန်းတစ်ဝက်ခန့်ကို ရှန်းစီမြို့ထဲရှိ မျိုးနွယ်များက သိမ်းယူထားခြင်းဖြစ်သည်။ ထိုလူများသည် မြို့ထဲတွင် နေလျှင် လူကောင်းများဖြစ်ပြီး မြို့မှ ထွက်လိုက်သည်နှင့် ချက်ချင်း တောင်ပေါ်ဓားပြများ ဖြစ်သွားမည်ဖြစ်သည်။ သူတို့သည် သူတို့ကြိုက်ရာနေရာများကို လုယက်ကြပြီး အကျိုးအမြတ်ရမည်ဆိုလျှင် ဘနဖူးပင်သိုက်တူးကြမည့်သူများ ဖြစ်သည်။ ဤသည်မှာ ဒုစရိုက်မှုများ၏ နယ်မြေ အပြစ်သားကျွန်းပင်။
ယခုတွင် ဧရာမ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးတစ်စင်းသည် ရှန်းစီပင်လယ်၏ တောင်ဘက်ပိုင်းမှနေ၍ ပျံသန်းလာသည်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောသည် ခပ်မြင့်မြင့်တွင် ပျံသန်းနေခြင်းမဟုတ်ဘဲ ပင်လယ်ရေမျက်နှာပြင်အထက်တွင်သာ ကပ်၍ ပျံသန်းနေခြင်းပင်။ ရှန်းစီမျိုးနွယ်စု၏ ကောင်းကင်ထက်တွင် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ရှိ၏။ ထို့ကြောင့် မည်သူမှ မြင့်မြင့် မပျံဝံ့ကြပေ။ အကယ်၍ သူတို့သာ အစီအရင်များနှင့် မတော်တဆသွားထိမိပါက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်လျှင်ပင် ပြာဖြစ်သွားမည်ဖြစ်သည်။
ထိုကောင်းကင်ကံကြမ္မာသင်္ဘောက ရွှေရောင်ဖြစ်ပြီး မီတာခြောက်ရာကျော်ရှည်ကာ အမြင့်နှင့်အကျယ်က မီတာတစ်ရာ့ငါးဆယ်စီ ရှိပေသည်။ သင်္ဘောကိုယ်ထည်တစ်ခုလုံးကို ရွှေဖြင့်သွန်းလုပ်ထားသည်ဟု ထင်ရ၏။ သင်္ဘောကြီးသည် ပင်လယ်အထက်တွင် တိတ်တဆိတ်သွားနေသော ဧရာမရဲတိုက်ကြီးတစ်ခုကဲ့သို့၊ တစ်ချက်ကြည့်မိရုံဖြင့် ကြောက်ရွံ့သွားနိုင်သည့် ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ပင်။
ယခုသည် နေ့လယ်ခင်းအချိန်ဖြစ်၏။ ဆောင်းတွင်း နေအလင်းက အလွန်နွေးထွေး၏။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ အင်အားအနည်းဆုံး သိုင်းသမားများသည် ဗာဂျရာအဆင့်ရှိသူများ ဖြစ်ကြ၍ ရာသီဦတု ပူခြင်း၊ အေးခြင်းက သူတို့အပေါ် မသက်ရောက်နိုင်သော်လည်း ခရီးသည်တော်တော်များများသည် အခန်းများမှ ထွက်လာကြပေသည်။ သူတို့သည် ကုန်းပတ်များပေါ်တွင် ရပ်ကာ နေစာလှုံရင်း ပင်လယ်၏ လှပသောရှုခင်းကို ကြည့်ရှုခံစားနေကြသည်။
ရှန်းစီပင်လယ်က ကြီးမား၏။ ခရမ်းရောင်နဂါးမြို့မှနေ၍ ရှန်းစီကျွန်းသို့ ရောက်ရန် အနည်းဆုံး တစ်လသွားရမည်ဖြစ်သည်။ ရှန်းစီကျွန်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင်ပင် ရှန်းစီမြို့သို့ ရောက်ရန် နှစ်ပတ်ကျော် ဆက်ပျံသန်းရပေမည်။ လူများစွာသည် ကျင့်ကြံရန် ပျင်းနေကြပြီး သင်္ဘောအခန်းများထဲတွင်လည်း မနေလိုကြတော့သဖြင့် အပြင်သို့ ထွက်ကာ လမ်းလျှောက်ခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။
ဖုန်းလန်နှင့်ချင်းယွီတို့သည်လည်း အပြင်ထွက်၍ လမ်းလျှောက်လိုနေ၏။ ကျန်းရီ၊ ချမ်ဝမ်ကွမ်းနှင့် ကျန်းရှောင်နူတို့က အခန်းအောင်း ကျင့်ကြံနေကြသည်။ ထို့ကြောင့် သူမတို့ အတော်လေး ပျင်းနေကြ၏။ နေ့တိုင်းလိုလို သူမတို့တွင် ဘာလုပ်စရာမရှိဘဲ ပန်းထိုးခြင်း၊ ပန်းချီဆွဲခြင်းဖြင့်သာ အပျင်းဖြေနေရလေသည်။
သို့သော် သူမတို့နှစ်ယောက်သည် သူမတို့သာ အပြင်ထွက်သွားပါက ရုပ်ပြောင်းဆေးလုံး သောက်ထားလျှင်ပင် သူမတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သေးကြောင်း ကောင်းစွာသိပေသည်။ ထို့ကြောင့် နှစ်ယောက်သား ရွေးစရာမရှိတော့ဘဲ ကောင်းကင်စိတ်အာရုံကိုသာ တိတ်တဆိတ်ဖြန့်ကျက်၍ အဆုံးမဲ့ပင်လယ်၏ ရှုခင်းကို ကြည့်နေရလေသည်။
“မမ... မိုးရွာတော့မယ်”
အနောက်ဘက်မှနေ၍ တိမ်မည်းတစ်အုပ် လွင့်မျောလာ၏။ ချင်းယွီက ၎င်းကို အာရုံခံမိသောအခါ ဖုန်းလန်ကို ပြောလိုက်ခြင်းပင်။ ဖုန်းလန်က ခပ်ဖွဖွ ခေါင်းညိတ်၍ ရယ်ကာ ပြောလိုက်၏။
“ဒီရှန်းစီပင်လယ်ရဲ့ ရာသီဥတုက ကြိုက်သလို ပြောင်းနေတာပဲ။ အစောက နေသာနေပေမယ့် အခု မိုးကြိုးမုန်တိုင်း ကျတော့မယ်။ နောက်ကျရင် မိုးသီးမုန်တိုင်းပါ ကျလာနိုင်တယ်”
ဂျိန်း...ဂျိန်း...ဂျိန်း...
အနောက်ဘက်တွင် မိုးချုန်းကာ လျှပ်စီးများလက်လာ၏။ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အစောက အေးချမ်းနေသော ပင်လယ်ပြင်သည် ရုတ်ခြည်း လှိုင်းတံပိုးထန်လာ၏။ ထို့ကြောင့် ကုန်းပတ်ပေါ်မှ လူအားလုံးက ကျိန်ဆဲလိုက်ကြသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောတွင် အကာအရံရှိသဖြင့် သူတို့သည် ရေစိုမည်ကို စိတ်ပူရန် မလိုပေ။ သို့သော် နွေးထွေးသော နေအလင်းမရှိတော့သဖြင့် ခပ်မှောင်မှောင် ဖြစ်နေသော ကောင်းကင်က အားလုံးကို စိတ်မသက်မသာ ဖြစ်စေ၏။
ဖြန်း...ဖြန်း...ဖြန်း...
ပြင်းထန်သော မုန်တိုင်းက လျင်မြန်စွာ ရိုက်ခတ်သွားပြီး အကာအရံတွင် ရိုက်ခတ်သံများ ပဲ့တင်ထပ်သွားစေသည်။ အဝေးရှိ ကောင်းကင်မှနေ၍ မိုးကြိုးတန်းများသည် မြွေများကဲ့သို့ ပင်လယ်အတွင်း ကျဆင်းနေကြ၏။ ထိုမြင်ကွင်းသည် အသက်ရှူမှားစေလောက်သည့် မြင်ကွင်းပင်။
“မြန်မြန်ကြည့်လိုက်ကြ”
လူတစ်ယောက်က အော်ပြောလိုက်၏။ အားလုံးသည် ထိုသူ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ကြပြီး အလွန်တုန်လှုပ်သွားကြလေသည်။
ပင်လယ်ပြင်ပေါ်တွင် လျှောက်သွားနေသော သိုင်းသမာတစ်ယောက်ရှိနေ၏။ သူသည် စွတ်စွတ်ဖြူသော စစ်သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ အစိမ်းရောင်ဆံပင်က ခါးအထိရှည်လျားပြီး လေထဲတွင် တဖျပ်ဖျပ် ဝဲလွင့်နေသည်။ သူသည် မိုးကြိုးတန်းများကျဆင်းလာသော နေရာသို့ သွားနေ၏။ သူက မိုးကြိုးတန်းများနောက်သို့ လိုက်နေခြင်းလော။ မိုးကြိုးတန်းများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျလာတော့မည့်အခိုက်တွင် သူသည် သူ၏ဓားကိုဆွဲထုတ်၍ မိုးကြိုးတန်းများကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
ထိုမြင်ကွင်းသည် အားလုံးကို အံ့အားသင့်သွားစေ၏။ ဓား ခုတ်ပိုင်းလိုက်သောအခါ အာကာပြင်က တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည်လည်း အလွှာတစ်ထောင်ရှိသော လှိုင်းများအဖြစ် ထိုးတက်သွားကြသည်။ ဓားသွားသည် မိုးကြိုးတန်းကိုပင် ပြန့်ကျဲသွားစေ၏။ မိုးကြိုးတန်းများသည် လျှပ်စစ်တန်းအသေးလေးများအဖြစ် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားကြ၏။
“ဒါက...”
ချင်းယွီနှင့် ဖုန်းလန်တို့၏ ကောင်းကင်စိတ်အာရုံများကလည်း ထိုအဖြစ်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူမတို့၏ လှပသောမျက်နှာလေးများတွင် အံ့အားသင့်မှုနှင့် ပြည့်နှက်သွားလေသည်။ လူတစ်ယောက်က အမှန်ပင် မိုးကြိုးတန်းများကို ခုတ်ဖြတ်လိုက်ခြင်းလော။ ယင်းက ဘာတာအိုပုံသဏ္ဌာန်အမျိုးအစားနည်း။ ထို့ပြင် ထိုလူသည် အသက်ကြီးပုံမပေါ်ပေ။ အသက်နှစ်ဆယ်ကျော်သာရှိသည့် လူငယ်တစ်ယောက်ဟု ထင်ရသည်။ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ထိုသို့သော အင်အားရှိနေပြီး ရှန်းစီပင်လယ်ကို တစ်ကိုယ်တည်း ဖြတ်သန်းဝံ့သည်လော။ သူသည် မျိုးနွယ်(၁၃)ခုမှ သခင်လေးတစ်ယောက်ပေလော။
***