← Chapters

ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်

Vol. 55 Ch. 755

ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်

Vol. 55 Ch. 755

“အတော် စွမ်းအားကြီးတဲ့ တာအိုပုံသဏ္ဌန်တိုက်ခိုက်မှုပဲ”

အခန်းထဲမှနေ၍ အံ့ဩတကြီး ရေရွတ်လိုက်သံ ထွက်ပေါ်လာသည်။ ကျန်းရီသည် အခန်းအပြင်သို့ လျှောက်လာ၏။ သူသည် ဆံပင်အစိမ်းရောင်နှင့် လူငယ်လေး ခုတ်လိုက်သော ဓားမှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် နိုးလာခြင်းပင်။

ကျန်းရီသည် ဖုန်းလန်နှင့် ချင်းယွီတို့ဘေးတွင် ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ ထို့နောက်တွင် သူသည် အပြင်ဘက်ရှိ အခြေအနေကို ဂရုတစိုက် အာရုံခံလိုက်၏။ လူငယ်လေးသည် ပင်လယ်ပြင်ပေါ်တွင် ဓားတစ်လက်ကဲ့သို့ လျင်မြန်စွာ ပျံသန်းနေပြီး မိုးကြိုးတန်းများနောက် လိုက်နေ၏။ သူသည် အဆက်မပြတ် ခုတ်ကာ မိုးကြိုးတန်းများကို ပြန့်ကျဲသွားစေနေ၏။ သူ တစ်ချက်ခုတ်လိုက်တိုင်း ကျန်းရီ၏ စိတ်ဝိညာဉ် တစ်ချက်တုန်သွားလေသည်။

“အသက်နှစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာတောင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်နေပြီလား။ ဒီလူငယ်သာ မျိုးနွယ်(၁၃)ခုက သခင်လေးတစ်ယောက်မဟုတ်ရင် ထူးခြားတဲ့ပါရမီရှင်တစ်ယောက် ဖြစ်မှာပဲ”

ကျန်းရီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ရှန်းစီပင်လယ်ကို တစ်ကိုယ်တည်း ဖြတ်ကူးဝံ့ပြီး မိုးကြိုးတန်းများနောက်သို့ လိုက်နေသည်ကို ကြည့်လျှင် ထိုသူသည် အရူးတစ်ယောက် သို့မဟုတ် အင်အားကြီးနောက်ခံရှိသူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ဂျိန်း...ဂျိန်း...ဂျိန်း

မိုးကြိုးတန်းများသည် အရှေ့ဘက်သို့ လျင်မြန်စွာ ကျဆင်းသွား၏။ ထိုလူငယ်ကလည်း ထိုဘက်သို့ ပျံသန်းသွားသည်။ အစိမ်းရောင်ဆံပင်နှင့် လူငယ်သည် ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် ဆယ်မိုင်အကွာသို့ ရောက်သောအခါ လေထဲတွင် ရုတ်တရက် ရပ်လိုက်ပြီး ဓားပြန်သိမ်းလိုက်၏။ သူက ကောင်းကင်ကံကြမ္မာသင်္ဘောကို လက်ညှိုးညွှန်လိုက်ပြီး ပြောလိုက်သည်။

“သင်္ဘော‌ပေါ်က လူအားလုံး နားထောင်ကြ၊ ဒီနေရာကို ဖြတ်သန်းခအနေနဲ့ ခင်ဗျားတို့အားလုံး တစ်ယောက်ကို ကောင်းကင်ကျောက်တုံး တစ်သန်းစီ ပေးရမယ်။ မဟုတ်ရင် ကျွန်တော် ညှိုနှိုင်းမနေတော့ဘဲ သတ်ပစ်မယ်”

ထန်း...

သင်္ဘောပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ထိုလူသည် အမှန်ပင် အရူးတစ်ယောက်လော။ သူသည် သူ၏အင်အားမျှနှင့် ဤသင်္ဘောကို အမှန်ပင် တားဝံ့သည်လော။ သင်္ဘောပေါ်မှ ခရီးသည်များထဲတွင် ပညာရှင်များပါသည်ကို ပြောနေရန်ပင် မလိုချေ။ ထို့ပြင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် အယောက်ငါးရာလည်း ပါလာပေသေးသည်။ သင်္ဘောကို ကြီးကြပ်ရန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးလည်း ပါသည်။

“မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်”

အစောင့်များအားလုံးသည် ဒေါသထွက်သွားပြီး သူတို့၏အရှိန်အဝါများကို ထုတ်လိုက်ကြသည်။ သူတို့၏ လက်နက်အမျိုးမျိုး၊ အသုံးအဆောင်အမျိုးမျိုး ထွက်ပေါ်လာ၏။ သူတို့သည် ထိုလူကို သတ်ရန် အသင့်ဖြစ်နေပေပြီ။

“ရပ်လိုက်”

ကျယ်လောင်စွာ‌အော်လိုက်သော အသံအိုတစ်သံ ပဲ့တင်ထပ်သွား၏။ အဘိုးအိုတစ်ယောက်သည် သင်္ဘော၏ အခန်းနံပါတ်(၂)မှနေ၍ သိမ်းငှက်တစ်ကောင်ကဲ့သို့ ပျံထွက်လာလေသည်။ သူ့တွင် သိမ်းငှက်ကဲ့သို့မျက်လုံးများနှင့် ကောက်သောနှာခေါင်းတစ်ခုရှိ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုအဘိုးအိုသည် ရှိန်လောက်ဖွယ်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူ၏အရှိန်အဝါက တောင်တစ်လုံးကဲ့သို့ ရှိပြီး လွန်စွာသိပ်သည်းပေသည်။ ကုန်းပတ်ပေါ်မှ လူများစွာသည် သူ့ကို ကြည့်လိုက်ကြ၏။ သို့သော် ချက်ချင်းပင် ခေါင်းငုံ့သွားကြရသည်။ အစောင့်အားလုံးက ဦးညွှတ်ကာ လက်ဆုပ်၍ နှုတ်ဆက်လိုက်ကြ၏။

“အရှင်ချင်းလုံကို နှုတ်ခွန်းဆက်ပါတယ်”

အဘိုးအိုက အစောင့်များကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို အလွယ်တကူ ထွင်းဖောက်ကာ အပြင်သို့ ထွက်သွားလေသည်။ သူသည် လေထဲတွင် ရပ်၍ လက်ဆုပ်ကာ အစိမ်းရောင်ဆံပင်နှင့် လူငယ်ကို ပြောလိုက်၏။

“ကျုပ်က ငှက်စိမ်းကုန်သည်အဖွဲ့အစည်းရဲ့ အကြီးအကဲ ချင်းလုံပါ။ သခင်လေးဟွမ်ဖူကို နှုတ်ခွန်းဆက်ပါတယ်”

“ဟွမ်ဖူလား...”

သိုင်းသမားများနှင့် အစောင့်များ နှုတ်ခမ်းတွန့်သွားကြ၏။ ဤမျိုးနွယ်အမည်သည် ရှန်းစီမျိုးနွယ်စုတွင် ကျော်ကြား၏။ ဟွမ်ဖူမျိုးနွယ်သည် မျိုးနွယ်(၁၃)ခုထဲမှ ဖြစ်ပြီး ရှန်းစီကျွန်းကို ထိန်းချုပ်ထားသည့် အဓိကမျိုးနွယ်လေးခုထဲမှ တစ်ခုဖြစ်ပေသည်။ ချင်းလုံပင် ထိုလူငယ်အပေါ် အလွန်ယဉ်ကျေးနေလျှင် ထိုဆံပင်အစိမ်းရောင်နှင့် လူငယ်သည် ဟွမ်ဖူမျိုးနွယ်၏ စစ်မှန်သောသခင်လေးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဟွမ်ဖူမျိုးနွယ်၏ သခင်လေးက အမှန်ပင် သူတို့ကို ဓားပြတိုက်နေခြင်းလော။

လူတော်တော်များများ အံ့ဩသွားကြ၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနှင့် အဓိကမျိုးနွယ်လေးခုကြားမှ ပတ်သတ်မှုများကို ထည့်မတွက်လျှင်ပင်၊ ထိုသို့သော ပတ်သတ်ဆက်နွယ်မှုများ မရှိလျှင်ပင် ဟွမ်ဖူမျိုးနွယ်၏ သခင်လေးသည် ကောင်းကင်ကျောက်တုံးများ လိုအပ်နေ၍ ဓားပြတိုက်ရခြင်းလော။ အကယ်၍ သူ၏ ဓားပြတိုက်မှုအကြောင်းသာ ပျံ့နှံ့သွားပါက ဟွမ်ဖူမျိုးနွယ်သည် သေချာပေါက် ဂုဏ်သတင်းကျဆင်းသွားပေလိမ့်မည်။

“ဟွန်း...”

ဆံပင်အစိမ်းရောင်နှင့် လူငယ်က အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်က ဟွမ်ဖူထောင်ထျန်းပဲ။ ဒါပေမဲ့ သခင်လေးတစ်ယောက်တော့ မဟုတ်ဘူး။ ကျွန်တော်က ဟွမ်ဖူမျိုးနွယ်နဲ့ မဆိုင်တော့ဘူး... အခု ကျွန်တော်က တောင်ပေါ်ဓားပြတစ်ယောက် ဖြစ်နေပြီ။ ကျွန်တော် ခင်ဗျားတို့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းအကြောင်းကို ကြားဖူးပါတယ်။ ဒါပေမဲ့ ခင်ဗျားကိုတော့ မသိဘူး။ ခင်ဗျားတို့ ကောင်းကင်ကျောက်တုံးတွေ ပေးမှာလား၊ မပေးဘူးလား”

“အာ...”

အားလုံး အံ့အားသင့်သွားကြ၏။ ကြည့်ရသည်မှာ သူသည် ဆိုးသွမ်းသော သားတစ်ယောက်ဖြစ်ပြီး ပဋိပက္ခအချို့ကြောင့် မျိုးနွယ်မှ ထွက်လာသည့်ပုံပင်။ ယခုတွင် သူသည် တောင်ပေါ်ဓားပြတစ်ယောက်ပင် ဖြစ်နေပေပြီ။ သို့သော် မည်သူမှ သူ့ကို တောင်ပေါ်ဓားပြတစ်ယောက်ကဲ့သို့ မဆက်ဆံကြပေ။ သူတို့သာ သူ့ကို သတ်လိုက်လျှင် သေချာပေါက် ဟွမ်ဖူမျိုးနွယ်၏ လိုက်လံသတ်ဖြတ်မှုကို ခံရမည်ဖြစ်သည်။

ချင်းလုံ ဘေးကျပ်နံကျပ်ဖြစ်နေ၏။ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြောလိုက်၏။

“သခင်လေးဟွမ်ဖူ.. ဒီအဘိုးကြီးက သခင်လေးရဲ့ အဖေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ သခင်လေးအနေနဲ့ ဒီအဘိုးကြီးကို မျက်နှာသာပေးလို့ မရဘူးလား”

ဟွမ်ဖူ‌ထောင်ထျန်းက လှောင်ရယ်ရယ်၍ ပြောလိုက်၏။

“ခင်ဗျား သူနဲ့ ရင်းနှီးတာ ခင်ဗျားကိစ္စပဲ။ ကျွန်တော်တို့မှာ ဘာရင်းနှီးမှုမှ မရှိတာ... ကျွန်တော် ခင်ဗျားကို မျက်နှာသာ မပေးနိုင်ဘူး။ လက်ထဲမှာ ဓားရှိနေရင် အရာအားလုံးကို ညှိုနှိုင်းလို့ရတယ်။ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို နိုင်ရင် ကျွန်တော် ဘာမှမပြောဘဲ ထွက်သွားမယ်”

“စိတ်ကြီးဝင်နေတာပဲ...”

အစောင့်များစွာက စိတ်ထဲမှ လှောင်ရယ်ရယ်လိုက်ကြ၏။ ချင်းလုံက နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သူဖြစ်ကြောင်း သူတို့သိပေသည်။ သည်ဟွမ်ဖူ‌ထောင်ထျန်းက အတော်လေး အင်အားကြီးပုံ‌ပေါ်သော်လည်း ချင်းလုံ၏ တိုက်ကွက်တစ်ကွက်ကပင် သူ့ကို ရှင်းပစ်နိုင်လောက်ပေသည်။

ချင်းလုံ ခေါင်းခါလိုက်ပြီး ခါးသက်သက် ရယ်လိုက်၏။ ထို့နောက် သူသည် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်၍ ပြောလိုက်၏။

“အဲ့ဒါဆိုလည်း ကောင်းပါပြီ။ သခင်လေးက ကစားချင်မှာတော့ ဒီအဘိုးကြီးက သခင်လေးနဲ့အတူ ကစားပေးရမှာပေါ့။ ဟိုနေရာမှ တိုက်ကြတာပေါ့”

ဝှစ်...

ချင်းလုံက မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ဟွမ်ဖူထောင်ထျန်းကလည်း နောက်မှ ထက်ကြပ်မကွာ လိုက်သွား၏။ သင်္ဘောကုန်းပတ်ပေါ်မှ လူများ စိတ်လှုပ်ရှားလာကြသည်။ ယခုတွင် သူတို့သည် ထိုကဲ့သို့ အဆင့်မြင့်တိုက်ပွဲတစ်ပွဲကို ကြည့်ရန် အခွင့်အရေးကောင်းတစ်ခု ရပြီမဟုတ်ပါလား။ ထို့ပြင် သူတို့သည် ဟွမ်ဖူမျိုးနွယ်မှ သခင်‌လေး မည်သို့ အရှက်ကွဲသွားမည်ကို ကြည့်ရ‌တော့ပေမည်။ ယင်းက သူတို့ကို အလွန်ကျေနပ်စေ၏။

“တိုက်ပွဲ စနေပြီ”

ကျန်းရီသည်လည်း စိတ်လှုပ်တရားဖြင့် ကောင်းကင်စိတ်အာရုံဖြန့်ကျက်၍ ထိုနှစ်ယောက်ကို ကြည့်နေ၏။ ပင်လယ်၏ဤဘက်အခြမ်းတွင် မိုးကြိုးတန်းများ မရှိတော့ပေ။ မိုးကြိုးတန်းများမရှိတော့သဖြင့် သူ၏ကောင်းကင်စိတ်အာရုံ ဖျက်ဆီးခံရမည်ကို စိတ်ပူရန်မလိုချေ။

ရွှစ်...ရွှစ်...

ချင်းလုံတို့နှစ်ယောက်သည် ကောင်းကင်ထက် မိုင်သုံးဆယ်အမြင့်တွင် ရှိနေကြ၏။ ဟွမ်ဖူထောင်ထျန်းက စတင်တိုက်ခိုက်လိုက်သည်။ သူသည် အဖြူရောင် ‌ငွေနဂါးဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။ ပတ်ဝန်းကျင်အာကာပြင် တုန်ခါသွားပြီး မိုးစက်များကို မြူခိုးများအဖြစ် ပြောင်းလဲသွားစေလေသည်။ ဓားမှနေ၍ မိုးကြိုးနဂါးတစ်ကောင် ထွက်လာ၏။ ယင်းသည် နတ်နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်တွင် တွန့်လိမ်ပျံသန်းကာ အထက်သို့ ဆက်ပျံတက်နေသော ချင်းလုံကို ရုတ်ခြည်းမီသွားလေသည်။

“ဟွန်း...”

ချင်းလုံ နှာမှုတ်လိုက်၏။ သူ၏နတ်ဘုရားဒိုင်းက သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ဖြာထွက်လာသည်။ ထို့နောက်တွင် သူက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လွှတ်လိုက်၏။ အနက်ရောင် ဧရာမလက်ဝါးရာကြီးသည် အောက်ဘက်သို့ ကျဆင်းသွားသည်။ ၎င်းက မိုးကြိုးနဂါးကို အလွယ်တကူ ပျောက်ကွယ်သွားစေပြီး မိုးချုန်းသံများနှင့်အတူ ဟွမ်ဖူထောင်ထျန်းထံသို့ ဆက်ဆင်းသွား၏။

“ကောင်းကင်ကိုးဘုံ အဖျက်မိုးကြိုး”

သို့သော် ဟွမ်ဖူထောင်ထျန်းသည် နတ်ဘုရားဒိုင်းမထုတ်လိုက်ပေ။ ထိုအစား သူက ဓားဖြင့် ထပ်ခုတ်လိုက်၏။ ဓားအလင်း တစ်ဒါဇင် ဖြာထွက်သွားပြီး ယင်းဓားအလင်းများက မိုးကြိုးနဂါးများအဖြစ် ပြောင်းလဲသွားသည်။ မိုးကြိုးနဂါးများက အချင်းချင်း ရစ်ပတ်၍ အထက်သို့ ပျံတက်သွားကာ ကောင်းကင်ကို မိုးကြိုးအရိပ်ဖြင့် လွှမ်းခြုံလိုက်သည်။ အဖျက်အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ ထို့ကြောင့် ကုန်းပတ်ပေါ်မှ လူအားလုံးသည် မွန်းအစ်မှုတစ်ခုကို ခံစားလိုက်ရလေသည်။

“သခင်လေးဟွမ်ဖူက မိုးကြိုးစွမ်းအား တာအိုပုံသဏ္ဌာန်ကို ကောင်းကောင်း သုံးနေတာပဲ။ မဟုတ်သေးဘူး... အဲ့ဒါက လုံးဝကြီး မိုးကြိုးစွမ်းအား မဟုတ်ဘူး။ အဖျက်စွမ်းအားနဲ့ တခြားတာအိုပုံသဏ္ဌာန်တစ်ခုလည်း ပါသေးတယ်။ ဒါက အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုပဲ”

ကျန်းရီသည် သင်္ဘောအခန်းထဲမှနေ၍ ဟွမ်ဖူထောင်ထျန်း၏ တိုက်ကွက်တစ်ကွက်မှ တာအိုပုံသဏ္ဌာန်များကို ခံစားလိုက်ရသောအခါ စိတ်ဝိညာဉ်တုန်ရင်သွား၏။ ထို့ပြင် ထိုထဲ၌ သူ ရင်းနှီးသော တာအိုပုံသဏ္ဌာန်နှစ်ခုပါပေသည်။ ယင်းတို့မှာ ယခင်က သူ့လေ့လာခဲ့သော မိုးကြိုးစွမ်းအားနှင့် အဖျက်စွမ်းအားတို့ဖြစ်သည်။

ကျန်းရီ၏ စိတ်က လျင်မြန်စွာ လည်ပတ်နေ၏။ သူသည် ဟွမ်ဖူထောင်ထျန်း၏ တိုက်ခိုက်မှုများကို အသေးစိတ်အာရုံခံကာ ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။ သူ၏ မိုးကြိုးစွမ်းအားနှင့် အဖျက်စွမ်းအားတို့ကိုလည်း ပေါင်းစည်းနိုင်မည်လော။

ဝုန်း...

အာကာပြင် တုန်ခါသွား၏။ ရစ်ပတ်နေသော မိုးကြိုးနဂါး တစ်ဒါဇင်က ဧရာမ အနက်ရောင်လက်ဝါးရာကြီးကို အလွယ်တကူ ဖျက်ဆီးလိုက်၏။ ကြောက်မက်ဖွယ် အဟုန်လှိုင်းတစ်ခု ပြန့်ကားလာပြီး ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောကိုပင် တုန်ခါသွားစေလေသည်။

“မဆိုးပါဘူး”

ချင်းလုံးသည် အတန်ငယ် ခေါင်းညိတ်လိုက်ပြီး အသာအယာ လက်ဝှေ့ယမ်း၍ နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်၏။ ဤတစ်ကြိမ်တွင် အနက်ရောင်လက်ဝါးရာကြီးသည် ရွှေရောင်မီးတောက်များ ဖြာထုတ်နေပေသည်။ စွမ်းအားက အဆပေါင်းများစွာ ပိုတိုးလာပြီး ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခုလည်း ထွက်ပေါ်လာသည်။ အားကောင်းသော အပူကြောင့် ဗာဂျရာအဆင့် သိုင်းသမားများသည် မသက်မသာ ခံစားလာရလေသည်။

“ဒီလက်ဝါးရာကလည်း အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်ပဲ။ အဖျက်စွမ်းအားနဲ့ မီးစွမ်းအားကို ပေါင်းစည်းထားတာ။ ဟုတ်တယ်.. သတ္တုစွမ်းအားလည်း ပါသေးတယ်။ ဒီပေါင်းစည်းမှုက တော်‌တော်ကောင်းတဲ့ အကြံပဲ... ပြီးတော့ တော်‌တော်လည်း ဆန်းကြယ်တယ်”

သင်္ဘောအခန်းအတွင်းရှိ ကျန်းရီက ရုတ်တရက် ရေရွတ်လိုက်၏။ ထို့ကြောင့် တိုက်ပွဲကို ကြည့်ရှုနေသော ဖုန်းလန်နှင့် ချင်းယွီတို့ ကြောက်ရွံ့သွားကြ၏။ သူမတို့နှစ်ယောက်က ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီသည် မျက်လုံးများ ပွင့်နေပြီး သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် သံသယများ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူသည် အပြင်ဘက်မှ တိုက်ပွဲကို အာရုံစိုက်မနေတော့ပေ။

ချင်းယွီက တစ်စုံတစ်ခုမေးရန် ဟန်ပြင်လိုက်ချိန်တွင် ဖုန်းလန်က လျင်မြန်စွာ အသံပို့လွှတ်လိုက်၏။

“သခင်လေးကို မနှောင့်ယှက်နဲ့။ သူက တစ်ခုခုကို သုံးသပ်နေတာဖြစ်နိုင်တယ်”

ဝုန်း...

ဟွမ်ဖူထောင်ထျန်းသည် ဆက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏နတ်ဘုရားဒိုင်းကို ထုတ်လိုက်ရ၏။ သို့သော် သူ့ခန္ဓာကိုယ်သည် ပင်လယ်ထဲသို့ ပြုတ်ကျသွားပေသည်။ ပင်လယ်ရေသည် ချက်ချင်း တုန်ခါသွားပြီး ဆူနာမီလှိုင်းလုံးတစ်ခုက အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားလေသည်။

ဝှစ်...

ဟွမ်ဖူထောင်ထျန်းသည် ပင်လယ်ရေထဲမှ ထိုးထွက်လာ၏။ သူ့နှုတ်ခမ်းစွန်းတွင် သွေးများ ရှိနေသည်။ သူ၏အစိမ်းရောင်ဆံပင်ကလည်း တဖျပ်ဖျပ် ဝဲလွင့်နေ၏။ သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မဆိုးပါဘူး။ အဘိုးကြီးချင်းလုံ ခင်ဗျားရဲ့ တိုက်ခိုက်စွမ်းအားက တကယ့်ကို ကြီးတာပဲ။ တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ရဲ့ နောက်တိုက်ကွက်ကို ခံနိုင်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့အားလုံးကို သွားခွင့်ပေးလိုက်မယ်”

ဟွမ်ဖူထောင်ထျန်း၏ဓားက တောက်ပလာ၏။ ရုတ်တရက် သင်္ကေတပုံသဏ္ဌာန်များ စီးဆင်းလာပြီး အရှိန်အဝါကို ဆယ်ဆတိုးသွားစေလေသည်။ ထို့နောက် သူ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။ ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ထိုဓားအလင်းသည် သာမန်ဓားအလင်း မဟုတ်ပေ။ ၎င်းသည် မိုးကြိုးအလင်း၊ အနက်ရောင်အဖျက်စွမ်းအား၊ ရွှေရောင်အလင်းနှင့် အခြားအလင်းများစွာဖြင့် တောက်ပနေလေသည်။ သို့သော် ထိုဓားအလင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ အာကာပြင်ကိုပင် တုန်ခါ မသွားစေခဲ့ပေ။

ရွှီး...ရွှီး...

ထို့နောက်တွင် ချင်းလုံ၏‌ရှေ့ရှိ အာကာပြင်သည် ရုတ်တရက် စုတ်ပြဲသွားကာ ကြောက်မက်ဖွယ်ဓားအလင်းတစ်ခု ထွက်‌ပေါ်လာလေသည်။ ယင်းက ချင်းလုံကို ခုတ်ပိုင်းတော့ပေမည်။

“ဝိညာဉ်ချိတ်ဆက် မူလရတနာ၊ ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်”

ချင်းလုံ၏ မျက်နှာထား ပြောင်းလဲသွား၏။ ထို့နောက် သူ ရုတ်တရက် အော်လိုက်သည်။

“သခင်လေးဟွမ်ဖူ... ရပ်ပါတော့။ ဒီအဘိုးကြီး အရှုံးပေးပါပြီ။ ကျုပ်တို့ ဖြတ်သန်းခ ပေးပါမယ်”

***

All Chapters