ကျွန်တော်က သဘောထားကြီးတဲ့သူပါ
Vol. 55 Ch. 756
ထန်း...
ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်နေ၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ချင်းလုံက အမှန်ပင် ရှုံးသွားခြင်းလော။ ဤဟွမ်ဖူထောင်ထျန်း၏ တိုက်ခိုက်စွမ်းအားက ထိုမျှ ကြီးလေသလော။
ဖုန်းလန်နှင့် ချင်းယွီတို့သည် အံ့အားသင့်သောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးထံတွင် အညံ့ခံလိုက်ရသနည်း။ သူမတို့သည် ထိုသို့ဖြစ်လာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ဤသခင်လေးဟွမ်ဖူထံတွင် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခု ရှိနေလျှင်လည်း ဘာအရေးနည်း။ သူ၏တိုက်ခိုက်စွမ်းအားက မည်မျှ တိုးလာမှာမို့နည်း။ ချင်းလုံ အညံ့ခံလိုက်ခြင်းမှာ ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကြောင့်လော။
“ဟွန်း...”
မြင့်မားသော ကောင်းကင်ထက်တွင် ဟွမ်ဖူသည် အေးစက်စက် နှာမှုတ်လိုက်၏။ မီတာအနည်းငယ်ရှည်သော အရောင်မျိုးစုံတောက်ပနေသည့် ဓားအလင်း ပျောက်ကွယ်သွားသည်။ သူသည် ချင်းလုံကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“ခင်ဗျားသာ နည်းနည်းနောက်ကျပြီး အော်လိုက်ရင် သေချာပေါက် အသတ်ခံလိုက်ရမှာပဲ”
ချင်းလုံက ခါးသက်သက် ပြုံးလိုက်ပြီး အလေးအနက်ဦးညွှတ်ကာ လက်ဆုပ်၍ ပြောလိုက်သည်။
“သခင်လေးရဲ့ အရည်အချင်းတွေက တကယ့်ကို ကြီးပါပေတယ်။ သခင်လေးက ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို အမှန်တကယ် ပေါင်းစည်းနိုင်ခဲ့ပြီပဲ။ ဒီအဘိုးကြီးက နှစ်ရာချီကျင့်ကြံခဲ့ပေမယ့် အလကားပါပဲ။ ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ရှန်းစီမျိုးနွယ်စုရဲ့ နံပါတ်(၁)ဉာဏ်ကြီးရှင်ဆိုတဲ့ ဘွဲ့က သေချာပေါက် သခင်လေးနဲ့ပဲ ထိုက်တန်ပါတယ်။ သခင်လေးဟွမ်ဖူကြောင့် ဟွမ်ဖူမျိုးနွယ်က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပါ”
“အဘိုးကြီး ခင်ဗျား နားကန်းနေလား”
ဟွမ်ဖူထောင်ထျန်းက စူးစူးဝါးဝါးကြည့်ကာ အော်ပြောလိုက်၏။
“ကျွန်တော်က ဟွမ်ဖူမျိုးနွယ်နဲ့ မဆိုင်တော့ဘူးလို့ ပြောပြီးပြီလေ။ ကျွန်တော် ဟွမ်ဖူထောင်ထျန်းက ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဓားကိုယ်ကိုးပြီး နောက်ထပ် ဟွမ်ဖူမျိုးနွယ်အသစ်တစ်ခု တည်ထောင်နိုင်တယ်။ နောက်ဆယ်နှစ်ကြာရင် သေချာပေါက် မျိုးနွယ်(၁၃)ခုကနေပြီး မျိုးနွယ်(၁၄)ခု ဖြစ်သွားမှာ”
“အာ...”
ချင်းလုံ၏ မျက်နှာထား အိုးတိုးအန်းတန်းဖြစ်သွားသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လူများကလည်း ဟန်လုပ်ပြုံးနေကြရသည်။ ဟွမ်ဖူထောင်ထျန်းသည် ဟွမ်ဖူမျိုးနွယ်နှင့် ပဋိပက္ခအကြီးကြီး ဖြစ်ထား၍ အမှန်ပင် ကိုယ်ပိုင်မျိုးနွယ် ထူထောင်လိုနေခြင်းလော။
သို့သော် ထိုအခိုက်တွင် မည်သူမှ ဟွမ်ဖူထောင်ထျန်းကို မလှောင်ဝံ့ကြပေ။ သူသည် အသက်(၂၈)နှစ်အရွယ်မှာပင် ကျော်ကြားသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ကို အရှုံးဝန်ခံအောင် လုပ်နိုင်ခဲ့ပေပြီ။ သည်ဟွမ်ဖူထောင်ထျန်းက အမှန်ပင် နတ်ဘုရားအဆင့်နီးပါးထိ အင်အားကြီးလာနိုင်ပေသည်။ ထိုအခါ သူ့အနေဖြင့် ကိုယ်ပိုင်မျိုးနွယ်ထူထောင်ရန် ခက်ခဲတော့မည် မဟုတ်ပေ။
“ပေါက်ကရတွေတော်ပြီ”
ဟွမ်ဖူထောင်ထျန်းက အေးစက်သောမျက်လုံးများဖြင့် ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
“ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ကောင်းကင်ကျောက်တုံး သန်းငါးရာ ပေးရမယ်။ ကျန်တဲ့သူတွေက တစ်ယောက်ကို ကောင်းကင်ကျောက်တုံး တစ်သန်းစီ ပေးရမယ်။ မပေးတဲ့သူတွေ... သေရမယ်”
ချင်းလုံက ခါးသက်သက်ပြုံး၍ လက်ဆုပ်ကာ ဟွမ်ဖူထောင်ထျန်းကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။
“သခင်လေး... သူတို့အားလုံးက ကျုပ်တို့ ကုန်သည်အဖွဲ့အစည်းရဲ့ ဧည့်သည်တော်တွေပါ။ သူတို့က ကျုပ်တို့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနေတာဆိုတော့ ကျုပ်တို့က သူတို့ရဲ့ လုံခြုံနေရားကို တာဝန်ယူရမှာပါ။ ဒီလိုလုပ်ပါလား... ကျုပ်တို့ ကောင်းကင်ကျောက်တုံး သန်းတစ်ထောင် ပေးပါမယ်၊ အဲ့ဒါဆို သူတို့အတွက်လည်း ပေးပြီးသွားပြီလို့ သတ်မှတ်လိုက်လို့ ရတယ်မလား”
“မရဘူး...”
ဟွမ်ဖူထောင်ထျန်းက လှောင်ပြုံး ပြုံးကာ ပြောလိုက်၏။
“ကျွန်တော် ခင်ဗျားကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ပြီးခဲ့တဲ့လတုန်းက ကျွန်တော် ရှန်းစီပင်လယ်ပေါ်က ကောင်းကင်ကံကြမ္မာသင်္ဘောအစီးသုံးဆယ်ကို တားခဲ့တယ်။ ခြွင်းချက်မရှိ လူအားလုံး သူတို့ရဲ့ ကောင်းကင်ကျောက်တုံးတွေကို ပေးရတာပဲ။ တကယ်လို့ ခင်ဗျားတို့ ကုန်သည်အဖွဲ့အစည်းက သူတို့အတွက် ပေးပေးချင်ရင် လူဦးရေအတိုင်းလုပ်ပေါ့။ ဒီသင်္ဘောပေါ်မှာ လူစုစုပေါင်း ခြောက်ထောင်ကနေ ခုနစ်ထောင်လောက်ရှိမယ်။ ဒါပေမဲ့ ငါးထောင်လို့ပဲ ထားပေးပါမယ်။ ဒီတော့ ခင်ဗျားတို့ ကုန်သည်အဖွဲ့အစည်းက ကောင်းကင်ကျောက်တုံး သန်းငါးထောင်ပေးရမယ်”
ရှူး...
ချင်းလုံက လေအေးတစ်ချက် ရှူသွင်းလိုက်၏။ ကောင်းကင်ကျောက်တုံး သန်းငါးထောင်ဟူသော ပမာဏက ငှက်စိမ်းကုန်သည်အဖွဲ့အစည်းအတွက် မနည်းလှသော ပမာဏပင်။ ဤတစ်ခေါက်ခရီးတွင် သူတို့ သန်းရာဂဏန်းအနည်းငယ် ရနိုင်လျှင်ပင် ကောင်းနေပြီဖြစ်သည်။ သူတို့ ဖြတ်ကျော်ရမည့် အင်အားကြီး တောင်ပေါ်ဓားပြတပ်မဟာများ များစွာ ရှိသည် မဟုတ်ပါလား။ အကယ်၍ သူသာ ကောင်းကင်ကျောက်တုံး သန်းငါးထောင် ပေးခဲ့လျှင် အကြီးအကဲရာထူးကိုပင် ဆက်ထိန်းထားနိုင်မည် မဟုတ်ပေ။ သူမပေးလျှင်လည်း ကုန်သည်အဖွဲ့အစည်း၏ ဂုဏ်သတင်း ကျဆင်းသွားပေလိမ့်မည်။ သူတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောက စီးနင်းသူများ၏ လုံခြုံရေးကို တာဝန်ယူမပေးနိုင်လျှင် မည်သူက သူတို့၏သင်္ဘောကို စီးလိုပါဦးမည်နည်း။
တိုက်ခိုက်ရမည်လော။
အစောင့်အားလုံး ပေါင်းတိုက်လျှင် သခင်လေးဟွမ်ဖူကို သတ်နိုင်လောက်သည်။ သို့သော် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းလည်း ပျက်သုဉ်းသွားမည်ဖြစ်သည်။ ဤကဲ့သို့ အရည်အချင်းမျိုးရှိသည့် သခင်လေးက သေချာပေါက် ဟွမ်ဖူမျိုးနွယ်၏ အသက်သွေးကြောဖြစ်ပေမည်။ ထို့ပြင် အနီးပတ်ဝန်းကျင်တွင် စွမ်းအားကြီးအစောင့်များ ပုန်းအောင်းနေနိုင်သည်။
ချင်းလုံ ဒွိဟဖြစ်နေ၏။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး လက်ဆုပ်ကာ အံကြိတ်၍ ပြောလိုက်၏။
“သခင်လေး... ဒီအဘိုးကြီးက ဒီစီးနင်းသူတွေအတွက် အခွင့်အရေးတစ်ခု တောင်းချင်ပါတယ်။ ကောင်းကင်ဧကရာဇ်တွေက တစ်ယောက်ကို ကောင်းကင်ကျောက်တုံး သုံးသိန်းပေးပြီး ဗာဂျရာအဆင့် သိုင်းသမားတွေက ကောင်းကင်ကျောက်တုံး တစ်သိန်းစီပေးမယ်ဆိုရင်ရော၊ အားလုံးလည်း အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်နေကြရတာ မဟုတ်လား”
“သေစမ်း...”
သင်္ဘောပေါ်မှ စီးနင်းသူများသည် စတင် ဆဲဆိုလိုက်ကြ၏။ ချင်းလုံက သူတို့ ကောင်းကင်ကျောက်တုံး မပေးရအောင် ကူညီမပေးနိုင်ကြောင်း ထင်ရှားသွားပေပြီ။ သို့သော် သူတို့ ကောင်းကင်ကျောက်တုံးများ မပေးလျှင် သူတို့တော်တော်များသည် သခင်လေးဟွမ်ဖူ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။
ဟွမ်ဖူထောင်ထျန်းက ကုန်းပတ်ပေါ်ရှိ သိုင်းသမားအားလုံးကို ကြည့်ကာ ပြောလိုက်၏။
“ကောင်းကင်ဧကရာဇ်တွေက ကောင်းကင်ကျောက်တုံးငါးသိန်း ပေးရမယ်၊ ဗာဂျရာအဆင့် သိုင်းသမားတွေက ငါးသောင်းပေးရမယ်။ ကောင်းကင်ကျောက်တုံးတစ်တုံးလိုရင် တစ်ယောက်သတ်မယ်။ မကြာသေးခင်က ကျွန်တော် ကောင်းကင်ကျောက်တုံးအများကြီး လိုလာလို့ ရွေးစရာမရှိတော့ဘဲ အားလုံးကို အပြစ်ပြုရတော့မှာပဲ”
“ဒါပေါ့... ခင်ဗျားတို့ မကျေနပ်ဘူးဆို တိုက်ခိုက်လို့ရပါတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်း တိုက်ချင်လည်းရတယ်၊ ပေါင်းတိုက်ချင်လည်း ရတယ်။ ကျွန်တော့်မှာ ကောင်းကင်ကျောက်တုံးသန်းခြောက်သောင်း၊ အတုအယောင် နတ်ဘုရား အသုံးအဆောင် သုံးခုရှိတယ်၊ ပြီးတော့ ဒီဓားက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပဲ။ တကယ်လို့ ခင်ဗျားတို့ ကျွန်တော့်ကို သတ်နိုင်ရင်... ဒီကောင်းကင်ကျောက်တုံးတွေ၊ အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေက ခင်ဗျားတို့ဟာပဲ။ ဟွမ်ဖူမျိုးနွယ်က ခင်ဗျားတို့ကို လိုက်မသတ်ဘူးဆိုတာ ကျွန်တော်အာမခံတယ်... မျိုးနွယ်က ကျွန်တော့်ကို မောင်းထုတ်လိုက်ပြီးပြီ”
ဟွမ်ဖူထောင်ထျန်းက ဝံ့ကြွားစွာ ပြောလိုက်သည်။ သူက သူ့တွင် ကောင်းကင်ကျောက်တုံးသန်းခြောက်သောင်း၊ အတုအယောင် နတ်ဘုရား အသုံးအဆောင် သုံးခုရှိသည်ဟုပင် ပြောလိုက်သေးသည်။ ထို့ပြင် သူ့ကို ဟွမ်ဖူမျိုးနွယ်က မောင်းထုတ်လိုက်ပြီဟုလည်း ဆိုခဲ့၏။
သို့သော် ကုန်းပတ်ပေါ်မှ လူထောင်ကျော်သည် မလှုပ်ရှားဝံ့ကြပေ။ သူတို့ ဟွမ်ဖူထောင်ထျန်းကို သတ်နိုင်လျှင်ပင်... မည်သူက သတ်ဝံ့မည်နည်း။ ဟွမ်ဖူမျိုးနွယ်က ထိုကဲ့သို့ ဉာဏ်ကြီးရှင်မျိုးဆက်တစ်ယောက်ကို အမှန်ပင် မောင်းထုတ်လိုက်ခြင်း ဖြစ်နိုင်ပါမည်လော။
“အားလုံးပဲ ကျုပ်တောင်းပန်ပါတယ်”
ချင်းလုံက အားတင်းပြုံး၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“ဒါက ကျုပ်တို့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနဲ့ ကျုပ်ချင်းလုံ အသုံးမကျလို့ ဖြစ်ရတာပါ။ နောက်ကျရင် ကျုပ် ခင်ဗျားတို့ကို ကျုပ်တို့ကုန်သည်အဖွဲ့အစည်းရဲ့ အထူးဧည်သည့်တော်တံဆိပ်ပြားတွေ ပေးပါမယ်။ နောက်ကျ ခင်ဗျားတို့ ကျုပ်တို့ကုန်သည်အဖွဲ့အစည်းက ပစ္စည်းဝယ်တာဖြစ်ဖြစ် ဒါမှမဟုတ် ကျုပ်တို့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးတာပဲဖြစ်ဖြစ် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရပါမယ်...”
“သွားသေလိုက်ပါလား...”
သိုင်းသမားများစွာက မျက်လုံးပင့်လိုက်ပြီး အချို့က စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လူအားလုံး၏ ကောင်းကင်ကျောက်တုံးများကို ပြန်ပေးသင့်သည် မဟုတ်လော။ သူတို့သာ ထိုသို့လုပ်လျှင် မည်သူမှ မကျေမနပ်ရှိမည် မဟုတ်ပေ။ သူတို့၏ သောက်တံဆိပ်ပြားကို မည်သူက ဂရုစိုက်မည်နည်း။
အားလုံးသည် မကျေနပ်သော်လည်း ကောင်းကင်ကျောက်တုံးများ ထုတ်ပေးလိုက်ကြ၏။ ရှန်းစီမြို့သို့ ကောင်းကင်ကံကြမ္မာသင်္ဘော စီးနိုင်သော လူများသည် ယေခုယျအားဖြင့် ချမ်းသာသူများ၊ ဂုဏ်သရေရှိသူများဖြစ်ကြသည်။ မဟုတ်လျှင် သူတို့သည် ရှန်းစီမြို့သို့ ရောက်သွားပြီးနောက် သေသွားမည်ဖြစ်သည်။ ဗာဂျရာအဆင့် သိုင်းသမားများအတွက် ကောင်းကင်ကျောက်တုံး ငါးသောင်း၊ ကောင်းကင်ဧကရာဇ်များအတွက် ကောင်းကင်ကျောက်တုံး ငါးသိန်းဆိုသော ပမာဏမှာ လက်ခံနိုင်သော ပမာဏပင်။
ဝှစ်...
သို့သော် လူအချို့က ကောင်းကင်ကျောက်တုံးများ မပေးနိုင်၊ အချို့က မပေးလိုကြပေ။ ကောင်းကင်ဧကရာဇ်အနည်းငယ်က လူစုခွဲ၍ အရပ်မျက်နှာအနှံ့သို့ ပျံပြေးသွားကြ၏။ သူတို့က ပြန်မတိုက်ခိုက်လိုပေ။ သို့သော် ထွက်ပြေးလျှင် အဆင်ပြောလောက်သည် မဟုတ်လော။ လူများစွာက အရပ်မျက်နှာအနှံ့ကို ထွက်ပြေးလျှင် ဟွမ်ဖူထောင်ထျန်းက သူတို့အားလုံးကို မသတ်နိုင်လောက်ပေ။
“ဟွန်း...”
ဟွမ်ဖူထောင်ထျန်း၏ နောက်ကျောဘက်တွင် အစိမ်းရင့်ရောင် ဝတ်ရုံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အဆက်မပြတ် တောက်ပနေ၏။ ဟွမ်ဖူထောင်ထျန်းသည် ပုံရိပ်ယောင်တစ်ခုအလား အဝေးသို့ ပျံထွက်သွားသည်။
“တော်တော်ကြောက်ဖို့ကောင်းတဲ့ အမြန်နှုန်းပဲ...”
ဖုန်းလန်နှင့် ချင်းယွီတို့နှစ်ယောက်စလုံး တုန်လှုပ်သွားပြီး မျက်နှာတွင် သွေးရောင်ပျောက်သွားလေသည်။ သူမတို့သည် သူမတို့ထံတွင်လည်း ထိုကဲ့သို့ ကျောက်ထောက်နောက်ခံနှင့် များပြားသော အတုအယောင် နတ်ဘုရား အသုံးအဆောင်များ ရှိလျှင် မည်မျှကောင်းမည်နည်းဟု တွေးနေကြ၏။ ဟွမ်ဖူထောင်ထျန်း၏ မူလအမြန်နှုန်းကပင် ချီးကျူးလောက်နေပြီဖြစ်သည်။ ယခုတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်ဖြစ်သော ဝတ်ရုံတစ်ခု၏ အထောက်အပံ့ကို ရသောအခါ သူ၏အမြန်နှုန်းက အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သွားပြီဖြစ်သည်။
ဟွမ်ဖူထောင်ထျန်းသည် တဒင်္ဂအတွင်းမှာပင် လူတစ်ယောက်ကို လိုက်မီသွားပေသည်။ သူ၏ငွေဓားက အကြိမ်ဒါဇင် ခုတ်ပိုင်းသွားပြီး မရေမတွက်နိုင်သော မိုးကြိုးနဂါးများကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့က တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေလိုက်ကာ ထိုကောင်းကင်ဧကရာဇ်ကို ရုတ်ခြည်းဝါးမျိုပစ်လိုက်သည်။ ထိုကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်း ကွဲအက်သွားသောအခါ သူ၏ခန္ဓာကိုယ်သည် အမှုန့်ဖြစ်သွားလေသည်။
ဝှစ်...ဝှစ်..
ဟွမ်ဖူထောင်ထျန်းသည် တစ်ချက်ပင် မရပ်လိုက်ဘဲ နောက်လှည့်၍ ဓားဖြင့် အချက်ပေါင်းမရေမတွက်နိုင်အောင် ခုတ်ပိုင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ထွက်ပြေးသူငါးယောက်သည် တစ်ယောက်ပြီးတစ်ယောက် သေသွားကြလေသည်။
ဟွမ်ဖူထောင်ထျန်း၏ သတ်ဖြတ်လိုသောအရှိန်အဝါက လျှံထွက်နေ၏။ သူသည် ကုန်းပတ်ကို တစ်ချက်ကြည့်ကာ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ကျွန်တော်က အတော်လေး သဘောထားကြီးတဲ့သူပါ။ တကယ်လို့ ခင်ဗျားတို့မှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် မရှိဘူးဆိုရင် ရတနာတွေ ပေးလို့ရပါတယ်။ ခင်ဗျားတို့မှာ တကယ်ကို ဘာမှ မရှိဘူးဆိုရင် ခင်ဗျားတို့ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ပေးလိုက်.. အဲ့ဒါဆို ကျွန်တော် ခင်ဗျားတို့ကို အသက်ချမ်းသာခွင့်ပေးမယ်။ အားလုံးပဲ သင်္ဘောအခန်းတွေထဲက ထွက်လာကြပါ... လေဟာနယ်အသုံးအဆောင်တွေထဲက လူတွေအားလုံးကိုလည်း ထုတ်လိုက်ကြပါ။ မဟုတ်ရင်တော့ ကျွန်တော့်ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့”
ဝှစ်...ဝှစ်...ဝှစ်...
သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံနေရသဖြင့် လူများစွာသည် သင်္ဘောအခန်းများအတွင်းမှ ထွက်လာကြ၏။ ဖုန်းလန်နှင့် ချင်းယွီတို့လည်း တုန်လှုပ်နေကြသည်။ ကျန်းရီ၏ မျက်လုံးများက မိန်းမောနေဆဲပင်။ သူမတို့နှစ်ယောက်က သူ့ကို ချီ၍ အပြင်သို့ မထုတ်နိုင်ပေ။ သူသည် တစ်စုံတစ်ခုကို စဉ်းစားသုံးသပ်နေပုံပေါ်၏။ အကယ်၍ ယခုတွင် သူ့ကို သွားထိလိုက်ပါက သူ၏အတွေးကို နှောင့်ယှက်မိသလို ဖြစ်သွားပေလိမ့်မည်။
ဖုန်းလန်တွင် ကောင်းကင်ကျောက်တုံးအနည်းငယ်သာ ရှိ၏။ သူမတို့သည် သူရိန်နီခံတပ်တွင် ပစ္စည်းများစွာ ဝယ်မိခဲ့ပေသည်။ သူမတို့အားလုံးအတွက် ကောင်းကင်ကျောက်တုံး တစ်သန်းကျော် ပေးရမည်ဖြစ်သည်။ သို့သော် သူမတို့ထံတွင် အလုံအလောက်မရှိပေ။ ချမ်ဝမ်ကွမ်းထံတွင် ကောင်းကင်ကျောက်တုံးများရှိ၏။ သို့သော် လက်ရှိတွင် သူနှင့် ကျန်းရှောင်နူတို့က ဧကရာဇ်နန်းတော်ထဲတွင် ရှိနေပေသည်။
***