သွေးမိစ္ဆာ၏ကိုယ်အစစ်
Vol. 54 Ch. 748
ရှေးဆန်သောအသံကြီးတစ်သံက သွေးမိစ္ဆာတောင်ထိပ်မှ ပဲ့တင်ထပ်လာသည်။
“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ”
သွေးမိစ္ဆာဂိုဏ်းသားများမှအပ စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ ချက်ချင်း ကြက်သေသေသွားကြ၏။
မန်ဟို့နောက်လိုက်နေသော ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီး၏ ထိန်းချုပ်မှုအောက်ရှိ အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ပင်လျှင် လေလယ်တွင် တုံ့ခနဲ ရပ်သွားသည်။
ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီး၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးအပြင် အရုဏ်ဦးအင်မော်တယ်ပင် ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားရသည်။ သူတို့မှာ လှုပ်မရတော့သော်လည်း တွေးနိုင်သေးပြီး ... သူတို့၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေသည်။
“မင်းတို့ ငါ့ကို ဒီအထိရောက်အောင် တွန်းပို့နိုင်ခဲ့တယ်ဆိုတော့ ငါ မင်းတို့ တောင်ပိုင်းဒေသကျင့်ကြံသူတွေကို အထင်သေးခဲ့မိတာ သက်သေပြနေတာပဲ” ရှေးဆန်သောအသံကြီးက ပြောသည်။ ၎င်းမှာ အလွန်အမင်း ပင်ပန်းနေသံ ပေါက်သည့်တိုင် တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားပြီး မာန်အပြည့်ပါ၏။
“အရုဏ်ဦးအင်မော်တယ် ၊ စောစောက မင်း ငါ့ကို ဘာ့ကြောင့် ဒီလောက်ယုံကြည်ချက်ရှိနေတာလဲလို့ မေးခဲ့တယ်။ အေး အခု ငါ ပြမယ် .... ဘာကြောင့် ငါ ဒီလောက် ယုံကြည်ချက်ရှိနေသလဲဆိုတာ
“သွေးမိစ္ဆာတောင်က ကျင့်ကြံခြင်းဂူထဲမှာ ငါ့ရဲ့ ကိုယ်အစစ် ရှိနေတယ်လို့ မင်းတို့အားလုံး ယုံကြည်တယ်မလား” အသံကြီးဟိန်းထွက်လာသည့်အချိန်မှာပင် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သွေးကန်ထဲ၌ တင်ပျဉ်ခွေထိုင်နေရာမှ တဖြေးဖြေး ထရပ်လိုက်သည်။ သူက ရှေ့လှမ်းပြီးနောက် .... သွေးမိစ္ဆာတောင်ပေါ်ရှိ ကျင့်ကြံခြင်းဂူထဲမှ လမ်းလျှောက်ထွက်လာ၏။
တောင်ထိပ်အပေါ်သို့ သူ ခြေချလိုက်သောအခါ သူ၏အနောက်တွင် သွေးပင်လယ်တစ်စင်းက တဖွေးဖွေး လှုပ်နေလေသည်။ ၎င်းသည် အမှန်ပင် ကောင်းကင်ယံအထိ မြင့်သွန်းနေသော သွေးပင်လယ်ကြီးဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက အရာအားလုံးကို ဖုံးလွှမ်းပစ်လိုက်သဖြင့် အပေါ်ရှိ အရာအားလုံးမှာ .... သွေးရောင်ပြောင်းသွားတော့သည်။
ကောင်းကင်ပြာကြီးအား မမြင်ရတော့ဘဲ တစ်လောကလုံးမှာ သွေးရောင်ခြယ်သော လောကသဖွယ် ဖြစ်သွားသယောင်ပင်။ ဤသွေးလောက၏အထဲ၊ သွေးမိစ္ဆာတောင်၏ထိပ်တွင် ချပ်ဝတ်တန်ဆာနှင့် သွေးမိစ္ဆာဂိုဏ်းချုပ်သည် ရှေးဆန်သောမျက်လုံးများဖြင့် လောကကြီးအား ကြည့်ရှုနေ၏။
ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးမှာ တုန်ရီသွားပြီး ပြင်းထန်သော ထိတ်လန့်မှုတို့က သူ၏ရင်ထဲတွင် ဖြစ်တည်လာတော့သည်။
လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာလည်း ထိုနည်းတူ တုန်လှုပ်နေပြီး တစ်ခုမှ မခံစားခဲ့ရဖူးသော အန္တရာယ်အာရုံမျိုးအား ခံစားလိုက်ရတော့သည်။
အရုဏ်ဦးအင်မော်တယ်၏ကိုယ်ပွားကတော့ သူမ၏ သွေးမိစ္ဆာအပေါ် နားလည်မှုမှာ .... ပြီးပြည့်စုံဖို့ အဝေးကြီးလိုသေးကြောင်း သဘောပေါက်လိုက်သဖြင့် အံ့အားသင့်နေသော မျက်နှာအမူအရာကို ဆင်မြန်းထားလေသည်။
ယီးကျန့်ဂိုဏ်း ဝတ်ရုံနက်အဘိုးကြီး ထိန်းချုပ်ထားသော အတုအယာင်အင်မော်တယ်ရုပ်သေးရုပ်မှာလည်း တဆတ်ဆတ် တုန်ယင်နေ၏။ သူ့အပေါ် သက်ရောက်နေသော ဖိအား၏ ကြီးမားမှုမှာ အတွေးလေးတစ်ချက်တည်းနှင့် သူ့အား သတ်နိုင်သည်အထိ ဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နိုင်မှာလဲ”
အောက်ဖက် စစ်မြေပြင်အပေါ်တွင်လည်း မဟာမိတ်တပ်ဖွဲ့များ၏ ကျင့်ကြံသူတစ်သိန်းကျော်မှာ ကြက်သေသေနေကြတော့သည်။
“တောင်ကောင်းကင်ရဲ့ နယ်မြေတွေမှာ ငါ့အကြောင်း ပုံပြင်တွေ အများကြီးရှိတယ်” သွေးမိစ္ဆာဂိုဏ်းချုပ်က အေးတိအေးစက် ပြောသည်။ “အဲ့ဒီထဲက ပုံပြင်တချို့အရဆိုရင် ငါက မိစ္ဆာတစ်ကောင်ရဲ့ သွေးစက်တစ်စက်ကနေ ဖြစ်တည်လာတာတဲ့လေ။ အဲ့ဒါကြောင့်ပဲ ... ငါ့ကို သွေးမိစ္ဆာဂိုဏ်းချုပ်လို့ ခေါ်ကြတယ်
“အဲ့ဒီပုံပြင်က မှန်တယ်” သူသည် ကျင့်ကြံခြင်းအခြေခံလှိုင်းလေးတစ်လှိုင်းပင် မထုတ်လွှတ်ဘဲ သွေးမိစ္ဆာတောင်ပေါ်တွင် ရပ်နေ၏။ သူကား မည်သည့်နေရာကပဲ ကြည့်ကြည့်၊ မည်သို့ပင် ဖြစ်စေ သေမျိုးလူသားတစ်ယောက်သဖွယ်သာ။
“ဒါပေမဲ့ မှားလည်း မှားတယ်” သူ ဤစကားကို ပြောလိုက်သောအခါ မြေငလျင်များ လှုပ်လာလေသည်။ အလွန်ကြီးမားသောသတ္တဝါကြီးတစ်ကောင် မြေမျက်နှာပြင်အောက်တွင် နိုးထလာပြီး ထွက်တော့မည့်အလား အက်ကွဲကြောင်းများ ပျံ့နှံ့လာ၏။
“ဘာကြောင့် မှန်တယ်လို့ ပြောသလဲဆိုရင် ငါက တကယ် သွေးစက်တစ်စက်ကနေ ဖြစ်တည်လာတာကြောင့်ပဲ။ ဘာကြောင့် မှားတယ်လို့ ပြောရသလဲဆိုရင်ကတော့ သွေးစက်ကနေ ဖြစ်တည်လာတဲ့ ဒီခန္ဓာကိုယ်က ... ငါ့ရဲ့ ကိုယ်အစစ်မဟုတ်ဘူး”
မြေပြင်ရှိ အကွဲကြောင်းများ ပိုမိုကြီးမားလာသဖြင့် တဝုန်းဝုန်း မြည်သံများ ကြားလိုက်ရသည်။ သို့သော် ကျင့်ကြံသူများမှာ သူတို့၏မူလနေရာများမှ လှုပ်မရသေးပေ။ သူတို့ခြေထောက်အောက်ရှိ မြေကြီး ပြိုကျသွားလျှင်တောင်မှ သူတို့မှာ မလှုပ်မယှက် ပျံဝဲလျက် ကျန်ရစ်ခဲ့မည်ဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်းသားများမှာမူ တောင်ငါးလုံးဝန်းကျင်သို့ ပြန်ဆုတ်ခဲ့ပြီးကြလေပြီ။ သူတို့အကြားတွင် မန်ဟိုလည်း ရှုချင်ကို ခပ်တင်းတင်း ဖက်ထားရင်း မူးဝေနေ၏။
ရှုချင်၏မျက်လုံးများမှာ ပွင့်လာခဲ့ပြီး သူမလည်း အံ့ဩတုန်လှုပ်နေသောပုံစံ ရှိလေသည်။
“ငါ့ယုံကြည်ချက်က ငါ့ကိုယ်အစစ်အပေါ် မူတည်တာ။ ငါ့မှာ အသက်သိပ်မကျန်တော့လို့ မလှုပ်ရှားချင်ခဲ့ဘူး... ဒါပေမဲ့ ဒီစစ်ပွဲကြောင့် မင်းတို့ ငါ့ကို မြင်ခွင့်ရသွားပြီပေါ့လေ” စကားလုံးများ သူ၏ပါးစပ်မှ စတင်ထွက်လာသည့် အချိန်မှာပင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးအား မြေကြီးထံမှ ကြားလိုက်ရသည်ည်။
အရာအားလုံး တဝုန်းဝုန်း လှုပ်ခါလာကာ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမလက်ကြီးတစ်ဖက်က မြေကြီးထဲမှ ထိုးထွက်လာသည်။ မီတာထောင်ချီ ရှည်လျားသော လက်မောင်းကြီးကလည်း ၎င်းအနောက်မှ လိုက်လာ၏။ ၎င်းသည် တောင်ကြီးသဖွယ် ဝေဟင်ထက် မြောက်သွားရာ အရာအားလုံးကို တုန်ခါနေစေတော့သည်။
မြေကြီးများ ကျွံကျသွားပြီး ခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။ သူ့တွင် သွေးရောင်အသားရှိပြီး ချိုကြီးတစ်ချိုက သူ၏နဖူးမှ ချွန်ထွက်နေသည်။ သူသည် ပျက်စီးသော ရှေးဟောင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ သူ့အတွက် မြေကြီးထဲမှ ထိုးထွက်လာရန် တခဏသာ ကြာလိုက်လေသည်။
သူသည် ပိုရှေးကျပြီး ပိုစစ်မှန်သည်ကလွဲ၍ မန်ဟို ယခင်က ထိန်းချုပ်ခဲ့သော သွေးမိစ္ဆာမဟာမန္တန်ဝင်္ကပါ၏ မိစ္ဆာတမန်တော်နှင့် တစ်ထေရာတည်းတူ၏။
ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးမှာ စိတ်ထဲ၌ အချက်ပေးသံများ ဆူညံလာသည့်မလား ခံစားလိုက်ရပြီးနောက် အသက်ရှူသံများ မြန်လာတော့သည်။ သူ့ဘေးတွင် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာ ပင့်သက်ရှိုက်နေရပြီး မယုံနိုင်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်နေလေသည်။
အရုဏ်ဦးအင်မော်တယ်၏ ကိုယ်ပွားလည်း တုန်ရီနေပြီး သူမမနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းမှာ ရုန်းကန်နေ၏။ ယီးကျန့်ဂိုဏ်းမှ ဝတ်ရုံနက်အဘိုးကြီး ထိန်းချုပ်ထားသော အတုအယောင်အင်မော်တယ်မှာလည်း တုန်ရီနေလေသည်။
ဧရာမပုံရိပ်ကြီးပေါ်လာသည့်အခိုက်အတန့်တွင် သွေးမိစ္ဆာတောင်ပေါ်၌ ရပ်နေခဲ့သော သွေးမိစ္ဆာဂိုဏ်းချုပ်က လေထဲ ခြေလှမ်းပြီးနောက် ဧရာမခေါင်းကြီးထိပ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သူကား ဧရာမိစ္ဆာကြီးအထဲ တဖြေးဖြေး နစ်ဝင်ပေါင်းစည်းသွားတော့၏။
ဤအခိုက်တွင် မိစ္ဆာကြီး၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။
“ဒါကမှ ငါ့ရဲ့ ကိုယ်အစစ်
“ငါဟာ ဒဏ်ရာအပြင်းအထန်ရခဲ့တာမလို့ အားပြန်ဖြည့်ဖို့ ဒီနေရာကို ရွေးချယ်ခဲ့တယ်။ သွေးစက်တစ်စက်နဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး သွေးမိစ္ဆာဂိုဏ်းကို ထူထောင်ခဲ့တာပဲ” သူ၏အသံကြီးက မိုးခြိမ်းသံကြီးပမာ မြေပြင်တစ်လျှောက် ဟိန်းထွက်သွားသည်။ အပေါ်ထက်ရှိ သွေးရောင်ကောင်းကင်မှာ တဖျပ်ဖျပ် လက်လာ၏။ ကျင့်ကြံသူတစ်သိန်းကျော်မှာ အံ့ဩတုန်ရီနေကြပြီး အစွမ်းထက်ဆုံးပညာရှင်များပင် ခြွင်းချက်မဟုတ်ပေ။
မန်ဟိုလည်း ထိုနည်းတူ အံ့ဩတုန်လှုပ်နေ၏။
“ကံမကောင်းတာက ငါ့အနေနဲ့ အထွတ်အထိပ်အဆင့်ရောက်နေတဲ့အချိန်မှာပဲ စွမ်းအားအနည်းငယ် အသုံးပြုနိုင်တော့တယ်။ အစစ်အမှန်အင်မော်တယ်တစ်ဦးကို အန္တရာယ်ပြုဖို့ ငါ့အတွက် ခက်ခဲပေမယ့် အတုအယောင်အင်မော်တယ်ကို သတ်ဖို့ကတော့ ...ကလေးကစားစရာပဲ” ထိုသို့ပြောရင်း သူ၏လက်ကြီးက ဆန့်ထွက်လာကာ အရုဏ်ဦးအင်မော်တယ်၏ ကိုယ်ပွားကို ဖမ်းဆုပ်လိုက်သည်။
အုန်းခနဲ ရိုက်ညောင်းသွားပြီး အရုဏ်ဦးအင်မော်တယ်၏ ကိုယ်ပွားမှာ မချိမဆန့် အော်လိုက်ရသည်။ သူမ ပြန်တိုက်ခိုက်ဖို့ ရုန်းကန်နေစဉ် သူမအနောက်ရှိ ရှင်သန်ခြင်းနှင်းပန်းမှာ ညှိုးနွမ်းလာ၏။ သူမမှာ တခဏသာ တောင်ခံနိုင်လိုက်ကာ စိစိညက်ညက် ကြေသွားတော့သည်။ သူမသည် ရှင်သန်ခြင်းနှင်းပန်းနှင့်အတူ မှေးမှိန်ပျောက်ကွယ်လာတော့၏။
အပြီးတိုင်ပျောက်ကွယ်မသွားခင် အရုဏ်ဦးအင်မော်တယ်၏ သွေးအေးသောအသံ ထွက်လာသည်။ “သွေးမိစ္ဆာ၊ ရှင် ဒီမိစ္ဆာကိုယ်ကို ကြာကြာ ထိန်းထားနိုင်မယ်ဆိုတာ ကျွန်မ မယုံဘူး။ ရှင်လည်း သေအံ့ဆဲဆဲ ဖြစ်နေပြီဆိုတော့ ရှင့်မိစ္ဆာကိုယ်က မကြာခင် ကျွန်မအပိုင် ဖြစ်လာလိမ့်မယ်”
“ဪ ဟုတ်နေတာပဲ.... မင်းက ငါ့မိစ္ဆာကိုယ်အတွက် ဒီကို လာခဲ့တာကိုး” ထို့နောက် သွေးမိစ္ဆာဂိုဏ်းချုပ်၏မျက်လုံးများသည် ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးအပေါ် ကျရောက်သွားသည်။ သူက လက်ချောင်းတစ်ချောင်း ဆန့်တန်းလိုက်သည်။
ဆံနီအဘိုးကြီးမှာ တုန်ရီသွားသော်လည်း ပြန်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သွေးမိစ္ဆာ၏လက်ချောင်း သူ့ကို ထိသွားသည့်အခါ ၎င်းသည် သူ့အပေါ် ဖိချပစ်လိုက်သည့် အကန့်အသတ်မဲ့ တောင်ကြီးတစ်လုံး ဖြစ်လာသည်။ သူ့မှာ ချက်ချင်းပင် အရိုးတခြား၊ အသားတခြား ဖြစ်သွားပြီး သူ၏အနုသုခုမနတ်ခန္ဓာသာ ကျန်ရစ်ခဲ့လေသည်။ သူ၏မျက်နှာအမူအရာမှာ ကြောက်လန့်ပြီး ဆောက်တည်ရာမရသောအမူအရာဖြစ်နေ၏။
သူ ထာဝရ ပျောက်ကွယ်ရတော့မည်ဟု တွေးနေသည့်အချိန်မှာပင် သွေးမိစ္ဆာက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “မင်းကို အရှင်ထားပေးမယ်”
ထို့နောက် သွေးရောင်ကောင်းကင်မှ သွေးနီအလင်းတန်းတစ်တန်း ထိုးဆင်းလာပြီး ဆံနီအဘိုးကြီးကို ရစ်ပတ်လွှမ်းခြုံ၍ သွေးကိုယ်ပွားကဲ့သို့ အရာမျိုးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ခန္ဓာကိုယ်အသစ်နှင့်အတူ သူ၏မျက်နှာအပေါ်တွင် ယခင်မှတ်ဉာဏ်များ ဖျောက်ဖျက်ခံလိုက်သည့်အလား တွေဝေငေးကြောင်နေသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
“အခုကစပြီး မင်းက သွေးမိစ္ဆာဂိုဏ်းရဲ့ ဓမ္မစောင့်ရှောက်သူ လုပ်ရမယ်” သွေးမိစ္ဆာဂိုဏ်းချုပ်က အေးတိအေးစက် ပြောသည်။ ထို့နောက် သူ၏အကြည့်သည် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးဆီသို့ ကူးပြောင်းသွားပြီး သူ့လက်ချောင်းက ထပ်မံရွေ့လျားသွားပြန်သည်။
လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာ တုန်ရီပြီး ပေါက်ကွဲသွား၏။ အသွေးအသားများမရှိတော့သောအခါ သူ၏အနုသုခုမနတ်ခန္ဓာက ပျံထွက်လာပြီး ဆံနီအဘိုးကြီးနည်းတူ သွေးခန္ဓာကိုယ်ကို ရရှိလိုက်သည်။ သူ၏မှတ်ဉာဏ်များ ဖယ်ရှားခံလိုက်ရကာ သူကား သွေးမိစ္ဆာဂိုဏ်း၏ နောက်ထပ် ဓမ္မစောင့်ရှောက်သူ ဖြစ်လာခဲ့လေပြီ။
သွေးမိစ္ဆာဂိုဏ်းချုပ်မှာ ပင်ပန်းနေပုံရပြီး မျက်လုံးများအား ပွင့်ထားရန်ပင် အားမရှိတော့သည့်အလား မှိတ်လိုက်သည်။ သူ၏ ယခုအပြုအမူများက သူ့ကို အတော်လေး အားနည်းသွားစေသယောင်ပင်။
တခဏကြာသော် သူသည် မျက်လုံးပြန်ဖွင့်၍ ဝတ်ရုံနက်အဘိုးကြီး၏ ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။ “မင်း .... မင်းလည်း သွေးမိစ္ဆာဂိုဏ်းရဲ့ ဓမ္မစောင့်ရှောက်သူ ဖြစ်လာရမယ်”
“အဲ့ဒီတစ်ယောက်ကို အရှင်မထားနိုင်ဘူး” မန်ဟိုက ရုတ်တရက် ပြောသည်။
သွေးမိစ္ဆာ၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူက စကားထပ်မဆိုတော့ဘဲ အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ကို လှမ်းဖမ်းကာ ရက်ရက်စက်စက် ဖြစ်ညစ်ပစ်လိုက်၏။ ဖျက်စီးခံလိုက်ရသည်မှာ တကယ်တော့ ဝတ်ရုံနက်အဘိုးကြီး၏ အနုသုခုမနတ်ခန္ဓာဖြစ်သည်။
အသံဝါကြီးနှင့်အတူ အနုသုခုမနတ်ခန္ဓာမှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့လေပြီ။
ဤအရာများကို လုပ်ဆောင်ပြီးသော် သွေးမိစ္ဆာကြီးက မျက်လုံးများ ပိတ်လိုက်သည်။ သူ့မှာ အားအင်ကုန်ခမ်းသွားသယောင်ပင်။ သူသည် နောက်တစ်ဖန် တင်ပျဉ်ခွေပြန်ထိုင်၍ မြေကြီးထဲ နစ်ဝင်သွား၏။ ပင်ပန်းနွမ်းနယ်နေပြီး ယခင်ထက်ပို၍ သေခြင်းအခိုးအငွေ့တို့ တလိပ်လိပ်ထနေသော သွေးမိစ္ဆာဂိုဏ်းချုပ်၏ပုံရိပ်က သူ၏ခေါင်းထိပ်တွင် ပေါ်လာသည်။ ဧရာမမိစ္ဆာကြီး မြေကြီးထဲ နစ်ဝင်သွားသည့်အခါ သွေးမိစ္ဆာဂိုဏ်းချုပ်က သွေးမိစ္ဆာတောင်အပေါ် ခြေချလိုက်သည်။ သူ ထိုနေရာရှိ ကျင့်ကြံခြင်းဂူထဲသို့ ပြန်ဝင်သွားစဉ် ကောင်းကင်ကို အုပ်မိုးထားခဲ့သော သွေးပင်လယ်လည်း ဂူထဲ တဟုန်ထိုးပြန်ဝင်ကာ သွေးကန်ပြန်ဖြစ်သွား၏။ သွေးမိစ္ဆာဂိုဏ်းချုပ်က နှေးကွေးလေးကန်စွာ ထိုင်ချလိုက်သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် သွေးမိစ္ဆာဂိုဏ်းချုပ်၏ ပင်ပန်းနေသော အသံကို နားထဲမှ ကြားလိုက်ရသည်။
“ကိုယ်အစစ်ကို သုံးရင် တော်တော်ကို အားကုန်လို့ မသုံးချင်ခဲ့တာ...
“ဒါပေမဲ့ မင်းက ... ငါ့အတွက် လျစ်လျူမရှုနိုင်တဲ့ မျှော်လင့်ချက်ပဲ ...
“ငါ အခု အိပ်ဖို့ လိုတယ်။ နောက်နှစ်တွေရာချီ ကြာတဲ့အထိ နိုးမှာမဟုတ်ဘူး။ ဘယ်တော့မှ နိုးမလာတော့မှာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သွေးမိစ္ဆာဂိုဏ်းကတော့ ... မင်းကို ငါ ပေးမယ်... အရုဏ်ဦးအင်မော်တယ်ကို သတိထား။ သူက ရှင်သန်ခြင်းနှင်းပန်းဟုတ်သလို၊ ဟုတ်လည်း မဟုတ်ဘူး။ ပြီးတော့ မကြာခင် ကျူးကျော်စစ်ကြီး စတော့မယ်”
မြေကြီးရှိ အက်ကွဲကြောင်းကြီး ပြန်ဆက်သွားပြီး ပတ်ဝန်းကျင်ကို ဝိုင်းရံထားခဲ့သော တားမြစ်မန္တန်လည်း ပျောက်ကွယ်သွားသည်။ ယခုတွင် စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူတစ်သိန်းကျော်မှာ ပြန်လှုပ်နိုင်သွားလေပြီ။ သူတို့သည် ကြောက်ဒူးတုန်ရီစွာဖြင့် သွေးမိစ္ဆာတောင်ကို အထိတ်တလန့် ကြည့်နေကြသည်။ မည်သူအရင်စလိုက်သလဲ ပြောရခက်သော်လည်း သူတို့မှာ ဖရိုဖရဲဖြစ်သွားသော ငှက်အုပ်ကြီးသဖွယ် အချင်းချင်း တွန်းတိုက်တိုးဝှေ့ရင်း ခြေဦးတည့်ရာ ထွက်ပြေးသွားကြတော့သည်။
ကျန်ရှိသော သွေးမိစ္ဆာဂိုဏ်းသား ခုနစ်သောင်းမှာမူ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပုံမှန်ထက်ပင်ပို၍ အားကောင်းလာကြသည်။ ဤစစ်ပွဲတွင် သူတို့ဂိုဏ်းမှာ အမြစ်ဖြုတ်သုတ်သင်ခံရမည့်ဘေးမှ ကပ်သီလေးလွတ်သွားခဲ့ခြင်းဖြစ်၍ ကလဲ့စားမချေရမချင်း ဘယ်တော့မှ အေးအေးဆေးဆေး အနားယူမည်မဟုတ်ပေ။
“သွေးမင်းသား”
“သွေးမင်းသား”
သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံးက နောက်ထပ် ဘာလုပ်ရမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး သူ၏ဆုံးဖြတ်ချက်ကို စောင့်နေသည့်အလား မန်ဟို့ကို လှည့်ကြည့်လိုက်ကြသည်။
မန်ဟိုက ပင်ပန်းနေသော သွေးမိစ္ဆာဂိုဏ်းသားများကို ကြည့်၍ အတန်ကြာ ဆင်ခြင်သုံးသပ်ကြည့်ပြီးနောက် ပြောသည်။ “သွေးကြွေးဆိုတာ သွေးနဲ့ပဲ ပြန်ချေနိုင်တဲ့အရာ။ ငါတို့ တစ်လနားမယ် ။ ပြီးရင် မင်းတို့နဲ့အတူ ... တောင်ပိုင်းဒေသကို တစ်စည်းတစ်လုံးတည်းဖြစ်သွားအောင် လုပ်မယ်”
သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒနှင့်အတူ တောင်ပိုင်းဒေသကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် လုပ်ချင်သော လိုအင်ဆန္ဒက သူတို့ကို စိတ်ဓာတ်တက်ကြွ၍ သွေးရူးသွေးတန်း ဖြစ်သွားစေသည်။ ထိုစိတ်ဓာတ်က ချုံးချုံးကျနေသော သွေးမိစ္ဆာဂိုဏ်းကို လွှမ်းခြုံသွား၏။
ထိုစဉ် သွေးမိစ္ဆာဂိုဏ်း၏ အပြင် ၊ ကောင်းကင်ထက်၌ အဘိုးကြီးတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ သူ့အနောက်တွင် ဆေးပေါင်းဖိုတစ်လုံးရှိ၏။ သူက တွေဝေရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် သွေးမိစ္ဆာဂိုဏ်းကို ငုံ့ကြည့်နေလေသည်။
ထိုသူသည် ... ဇီယွင်ဂိုဏ်း၏ ဆရာကြီးဇီတုန်ဟုလည်း အသိများသော ဆေးလုံးမိစ္ဆာပင်။
“သွေးမိစ္ဆာဂိုဏ်းချုပ်၊ မင်းက သူ့ကို နတ်ဆိုးဆန်မှုကို ဖျက်စီးပြီး တာအိုရှာဖွေခြင်းအဆင့် ဝင်ရောက်နိုင်အောင် ပြင်ဆင်ပေးဖို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့တယ်။ သူက ငါ့တပည့်ဖြစ်တဲ့အတွက် ဒီကျေးဇူးဟာ သူ ဆပ်သင့်တဲ့ အရာမဟုတ်ဘူး။ မင်းကို ကျေးဇူးပြန်ဆပ်ဖို့ ငါ တာဝန်ယူမယ်” သူသည် သွေးမိစ္ဆာဂိုဏ်းကို အကြာမှအကြာကြီး လေးလေးနက်နက် စိုက်ကြည့်နေခဲ့ပြီးနောက် ချာခနဲ လှည့်၍ ပျောက်ကွယ်သွားတော့သည်။
***