← Chapters

ဓားပြတိုက်မှုတစ်ခု

Vol. 55 Ch. 758

ဓားပြတိုက်မှုတစ်ခု

Vol. 55 Ch. 758

“အဲ့ဒါက ရှန်းစီမြို့လား”

“အိုး...”

“တကယ်ပဲ ရှန်းစီမြို့ကို နတ်ဘုရားတွေက ချီးမြှင့်ထားတာလား”

နှစ်ရက်ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘော ရပ်တန့်သွား၏။ ကျန်းရီနှင့် ဖုန်းလန်တို့က ချက်ချင်း ကောင်းကင်စိတ်အာရုံများထုတ်၍ အာရုံခံလိုက်ကြ၏။ သူတို့ အလွန်အံ့အားသင့်သွားကြသည်။

ဤနေရာသည် မြက်မရှိသော လွင်ပြင်တစ်ခုပင်။ နေရာအနှံ့တွင် လှပသော ပန်းလေးများရှိနေသည်။ သို့သော် ရှန်းစီမြို့မှာ မြေပြင်ပေါ်တွင် မဟုတ်ဘဲ ကောင်းကင်ထဲတွင် ဖြစ်သည်။

မြေပြင်အထက် သုံးကီလိုမီတာအကွာရှိ ကောင်းကင်ထဲတွင် ဧရာမ အနက်ရောင်ကျောက်တုံးကြီး ရှိနေ၏။ ကျောက်တုံး၏မျက်နှာပြင်သည် အနည်းဆုံး ငါးဆယ်ကီလိုမီတာ ကျယ်ပေလိမ့်မည်။ ၎င်းမှာ တစ်ဆက်တည်းရှိသော ဧရာမကျောက်တုံးကြီးတစ်တုံးဖြစ်ပြီး မည်သည့် အက်ကြောင်းမှ မရှိပေ။ အောက်ဘက်တွင် ထောက်ကန်ထားသော ထောက်တိုင်များလည်း မရှိချေ။ ၎င်းသည် လေထဲတွင် အထောက်အကန်မရှိ တည်ရှိနေခြင်းပင်။ ကျောက်တုံးမျက်နှာပြင်ပေါ်တွင် ခမ်းနားသော မြို့ကြီးတစ်မြို့ ရှိပေသည်။

ထိုမြို့သည် ကျန်းရီမြင်ဖူးသမျှ မြို့များထဲတွင် အကြီးဆုံးမြို့ဖြစ်သည်။ ၎င်းသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ ဖန်းတုမြို့ထက်ပင် နှစ်ဆပိုကြီးပေသည်။ နံရံများကို ကီလိုဂရမ်တစ်ရာလေးသည့် အနက်ရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထား၏။ မြို့ရိုးများသည် ကီလိုမီတာသုံးထောင်လောက်မြင့်ပြီး ရှေးဟောင်းအငွေ့အသက်တစ်ခု ပေးနေပေသည်။ ဧရာမသားရဲတစ်ကောင်ကဲ့သို့ ကြီးမားသည့် ကောင်းကင်ကံကြမ္မာသင်္ဘောသည်ပင် ထိုမြို့နှင့်ယှဉ်လိုက်သောအခါ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။ ကျန်းရီတို့အဖွဲ့နှင့်သာယှဉ်လျှင် ဆိုဖွယ်ရာပင် ရှိမည်မဟုတ်ပေ။

“ဘုရား‌ရေ... အဲ့မြို့က လေထဲမှာ မျောနေတာလား”

ချင်းယွီသည် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူမ၏ပါးစပ်ထဲတွင် ဘဲဥတစ်လုံးပင် ဆန့်ပေလိမ့်မည်။

ကောင်းကင်ထဲမှ မြို့တော်...

ယင်းမှာ အလွန် အံ့အားသင့်စရာကောင်း၏။ ယင်းမြို့မှာ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကဲ့သို့ပင်။ သို့သော် ၎င်း၏အလေးချိန်က ကောင်းကင်ကံကြမ္မာသင်္ဘောထက် အဆပေါင်း သန်းထောင်ချီ ပိုလေးပေလိမ့်မည်။ ၎င်းကို ဆန်းကြယ်မှုဟူ၍မှတစ်ပါး အခြားမည်သို့မှ ရှင်းမပြနိုင်ချေ။

ကျန်းရီသည် အသက်ရှူနှုန်း ပြန်မှန်လာစေရန် တံတွေးမျိုချလိုက်၏။ အချိန်က နောက်ကျနေပေပြီ။ သူတို့ မြို့အတွင်းသို့ မြန်မြန်ဝင်၍ အိမ်တစ်လုံးဝယ်ရမည်ဖြစ်သည်။ ရှန်းစီမြို့တွင် ညမထွက်ရအမိန့် ရှိပေသည်။ အကယ်၍ သူတို့သာ မြို့ထဲတွင် မနေနိုင်လျှင် သေချာပေါက် သေသွားပေလိမ့်မည်။

ဝှစ်...ဝှစ်...ဝှစ်...

လူများစွာသည် ကောင်းကင်ကံကြမ္မာသင်္ဘောမှနေ၍ ရှန်းစီမြို့သို့ ပျံသန်းသွားကြ၏။ ကျန်းရီ၏လက်ထဲရှိ ဧကရာဇ်နန်းတော် လင်းလက်လာ၏။ သူသည် ချမ်ဝမ်ကွမ်းကို အပြင်သို့ ထုတ်လိုက်ပြီး ဖုန်းလန်နှင့် ချင်းယွီတို့ကို အထဲသို့ ပြန်ပို့လိုက်သည်။ ထို့နောက်တွင် သူသည် ချမ်ဝမ်ကွမ်းကို ခေါ်၍ အခန်းအတွင်းမှ ထွက်လိုက်လေသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ယောက်ခင်ဗျာ.. ဒါက ငှက်စိမ်းကုန်သည်အဖွဲ့အစည်းရဲ့ အထူးဧည့်သည်တော်တံဆိပ်ပြားပါ။ ဒီတံဆိပ်ပြားနဲ့ဆို နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးပါလိမ့်မယ်။ ဖြစ်ခဲ့တဲ့ကိစ္စအတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

တပ်မှူးတစ်ယောက်က သူတို့ထံသို့ ခပ်သွက်သွက် လျှောက်လာပြီး ပြုံးကာ ရွှေရောင်တံဆိပ်ပြားတစ်ခုကို လက်နှစ်ဘက်ဖြင့်ကိုင်၍ တရိုတသေ ပေးလေ၏။ ကျန်းရီက ၎င်းကို လက်စွပ်အတွင်းသို့ ထည့်လိုက်ပြီး လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

ကျန်းရီတို့နှစ်ယောက်သည် ခမ်းနားသော တောင်ဘက်မြို့တံခါးဆီသို့ ပျံသွားလိုက်၏။ မကြာခင်မှာပင် သူတို့သည် အနက်ရောင်ကျောက်ပြားပေါ်သို့ ရောက်သွား၏။ သူတို့ လှည့်ပတ်ကြည့်လိုက်ရာ မြို့တံခါးအပြင်ဘက်တွင် အစောင့်တစ်ရာ ရှိနေကြောင်းတွေ့လိုက်လေသည်။ ထိုအစောင့်အားလုံးသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြ၏။ သူတို့၏ ခေါင်းဆောင်မှာမူ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။

“မျိုးနွယ်ကြီးလေးခုက တကယ့်ကို အင်အားကြီးတာပဲ”

ကျန်းရီတို့ အံ့အားသင့်နေကြ၏။ ထို့ကြောင့် လျှောက်ကြည့်မနေတော့ဘဲ မြို့တွင်းသို့ ဝင်ရန် ရိုရိုကျိုးကျိုး တန်းစီလိုက်လေသည်။

“ဟင်... မြို့ထဲဝင်ရဖို့ ကောင်းကင်ကျောက်တုံးတွေ ပေးရမှာလား။ လူတစ်ယောက်ကို တစ်သောင်းလား။ ဒီမျိုးနွယ်(၁၃)ခုက တကယ်ကို အကျင့်မကောင်းတာပဲ...”

ကျန်းရီ ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး နှာခေါင်းကုတ်လိုက်လေသည်။ လက်ရှိ လူတန်းတွင် လူထောင်ချီရှိနေ၏။ ထို့ကြောင့် ရှန်းစီမြို့က ကောင်းကင်ကျောက်တုံး သန်းထောင်ချီ ရပေလိမ့်မည်။ အချို့လူများသည် အမှန်ပင် သနားစရာကောင်း၏။ သူတို့သည် ဟွမ်ဖူထောင်ထျန်း ဓားပြတိုက်ခဲ့စဉ်ကပင် ပေးစရာ ကောင်းကင်ကျောက်တုံး မရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် မြို့ထဲသို့ ဝင်ရန် သူတို့တွင်ရှိသမျှ ရတနာအားလုံးကို ပေးနေရသည်။

“ဒီလူတွေမှာ ကောင်းကင်ကျောက်တုံး သိပ်မကျန်လောက်တော့ဘူး။ သူတို့ မြို့ထဲဝင်သွားရင် သေသွားမှာ မဟုတ်ဘူးလား”

ကျန်းရီက ချမ်ဝမ်ကွမ်းထံသို့ အသံပို့လွှတ်လိုက်၏။ ချမ်ဝမ်ကွမ်းက မျက်လုံးပင့်ကာ ပြန်၍ အသံပို့လွှတ်လိုက်သည်။

“သူတို့က ဒီမြို့မှာရှိတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီက အကူအညီတောင်းမယ်ထင်တယ်။ မဟုတ်ရင်လည်း သူတို့က မြို့ထဲမှာ ကိုယ်ပိုင်အိမ်တွေ ရှိထားပြီး ဖြစ်မယ်”

“ဟုတ်လောက်တယ်”

ကျန်းရီ ခပ်မဲ့မဲ့ ပြုံးလိုက်လေသည်။ ကောင်းကင်ကျောက်တုံး ကောက်ခံမှုက အလွန်မြန်၏။ တစ်နာရီမပြည့်ခင်မှာပင် ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့၏ အလှည့် ရောက်လာ၏။ ကျန်းရီက ကြိုထုတ်ထားသော ကောင်းကင်ကျောက်တုံး နှစ်သောင်းကို ပေးလိုက်သည်။ သို့သော် အစောင့်တစ်ယောက်က သူ့ကို အေးစက်စက်ကြည့်ကာ အော်ပြောလိုက်၏။

“မင်းက ငါတို့ကို အရူးလုပ်ရဲတယ်‌ပေါ့လေ။ မင်းရဲ့ လေဟာနယ် အသုံးအဆောင်ထဲမှာ လူလေးယောက်နဲ့ မိစ္ဆာဘုရင်တစ်ကောင် ပါတာပဲ။ ဒီတော့ စုစုပေါင်း ကောင်းကင်ကျောက်တုံး ခုနစ်သောင်း ပေးရမှာ။ ဒါပေမဲ့ မင်းက ငါတို့ကို တစ်ပတ်ရိုက်ဖို့ လုပ်ခဲ့တော့ ဆယ်ဆပေးရမယ်။ ဒီတော့ စုစုပေါင်း ကောင်းကင်ကျောက်တုံး ခုနစ်သိန်းပေးရမယ်”

“ဘာ...”

ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ သူတို့သည် တစ်ပတ်ရိုက်ဖို့ လုပ်ခဲ့ခြင်းမဟုတ်ပေ။ စည်းမျဉ်းများကို မသိခဲ့ခြင်းသာဖြစ်သည်။ ကောင်းကင်ကျောက်တုံးများ ပေးရခြင်းက ပြဿနာမရှိပေ။ သို့သော် ထိုအစောင့်များက တရားလွန်လွန်းလှပေသည်။

အစောင့်များသည် ကျန်းရီနှင့်ချမ်ဝမ်ကွမ်းတို့၏ မျက်လုံးများထဲမှ မကျေနပ်မှုများကို တွေ့သောအခါ ချက်ချင်း ဒေါသတကြီး အော်လိုက်၏။

“မင်းတို့က ဘာတွေစောင့်နေတာလဲ။ မင်းတို့မှာ ကောင်းကင်ကျောက်တုံး မရှိရင် ထွက်သွား”

“ရှိပါတယ်”

ကျန်းရီက အံကြိတ်၍ ပြန်ပြောလိုက်ပြီး လက်စွပ်အတွင်းမှ ကောင်းကင်ကျောက်တုံး ခုနစ်သိန်း ထုတ်လိုက်ကာ အစောင့်များကို ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် မြို့ထဲသို့ ခပ်သွက်သွက် ဝင်သွားလိုက်၏။ ယခင်က သူသည် ရှန်းစီမြို့ကို အထင်ကြီးခဲ့၏။ ထိုအထင်ကြီးမှုကို ယင်းအစောင့်က လုံးဝ ဖျက်ဆီးပစ်လိုက်ပေပြီ။ ယခုတွင် သူသည် မျိုးနွယ်ကြီးလေးခုအပေါ် အမြင်မကြည်တော့ချေ။

မြို့တံခါးမှ ဝင်ပြီးနောက်တွင် လမ်းရှည်တစ်ခုအစား ဧရာမမြို့ရင်ပြင်တစ်ခု ရှိ၏။ ထိုနေရာတွင် လူများ ပျားပန်းခတ် စည်ကားနေသည်။ ရင်ပြင်အလယ်တွင် ရုပ်တုကြီးတစ်ရုပ် ရှိနေ၏။

“မဟာဧကရာဇ်နန်ကုန်းလား”

ရုပ်တုသည် အလွန်ထင်ရှား၏။ ယင်းမှာ သာမန်ရုပ်ရည်ရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ရုပ်တုပင်။ ထူးခြားသည့် တစ်ခုတည်းသောအရာမှ သူ၏နက်ရှိုင်းသောမျက်ဝန်းများဖြစ်သည်။ ရုပ်တုအောက်တွင် စာလုံးကြီးသုံးလုံးရှိ၏။ ကျန်းရီက နောက်လှည့်လိုက်ပြီး ချမ်ဝမ်ကွမ်းကို မေးလိုက်သည်။

“မဟာဧကရာဇ်နန်ကုန်းဆိုတာ ဘယ်သူလဲ”

“သူက နဂါးကိုးကောင် နတ်ဘုရားသုတ်သင် အစီအရင်ကို ဖန်တီးခဲ့တဲ့ ထူးခြားတဲ့သူတစ်ယောက်ပဲ။ မျိုးနွယ်(၁၃)ခုက အသိအမှတ်ပြုထားတဲ့ မဟာဧကရာဇ်တစ်ပါးပဲ”

ချမ်ဝမ်ကွမ်းက ရှင်းပြလိုက်သည်။ ထို့နောက် သူက နားမလည်နိုင်ဟန်ဖြင့် အသံပို့လွှတ်လိုက်၏။

“ခေါင်းဆောင်... ခေါင်းဆောင်က တကယ်ပဲ မျိုးနွယ်ကြီးလေးခုအကြောင်းကို မသိဘူးလား”

ကျန်းရီက ခေါင်းညိတ်၍ အသံပို့လွှတ်လိုက်သည်။

“ငါက ဟွမ်ဖူမျိုးနွယ်အကြောင်းပဲ သိတယ်။ အဲ့ဒါကလည်း ဟွမ်ဖူထောင်ထျန်းနဲ့ တွေ့ခဲ့လို့။ မင်းက ငါ့ကို ဘာမှ ပြောပြဖူးတာမှ မဟုတ်တာ...”

ကျန်းရီသည် ယခင်က ထိုကဲ့သို့ ကိစ္စများကို စိတ်မဝင်စားခဲ့ပေ။ သူသည် မိုးကြိုးတောင်တန်းတွင်သာ နေ့နေ့ညည ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် သူသည် ရှန်းစီကျွန်းနှင့်ပတ်သတ်သော ကိစ္စများကို မသိချေ။ ချမ်ဝမ်ကွမ်းက မျက်လုံးပင့်၍ ပြောလိုက်၏။

“ရှန်းစီကျွန်းရဲ့ မျိုးနွယ်ကြီးလေးခုက လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ စစ်ထူမျိုးနွယ်နဲ့ ဟွမ်ဖူမျိုးနွယ်တွေပဲ။ သူတို့က မျိုးနွယ်(၁၃)ခုထဲက အင်အားအကြီးဆုံး မျိုးနွယ်လေးခုပဲ။ သူတို့ ရှန်းစီကျွန်းကို ထိန်းချုပ်လာတာ နှစ်တစ်သိန်းကျော်ပြီ...”

“အို့... အင်း...”

ကျန်းရီက အူလည်လည်ဖြင့် ခေါင်းညိတ်လိုက်၏။ အဘယ်ကြောင့် သူသည် နန်ကုန်းမျိုးနွယ်၏ အမည်ကို အလွန်ရင်းနှီးနေရခြင်းနည်း။ သူသည် ထိုအမည်ကို ယခင်က ကြားခဲ့ဖူးသလိုပင်။

“ဟုတ်သား... အစ်မကြီးဆည်းလည်း”

ကျန်းရီက ရုတ်တရက် သူ့ခေါင်းကို ပုတ်လိုက်၏။ အစ်မကြီးဆည်းလည်းသည် ထွက်မသွားခင်တွင် သူမ၏မျိုးရိုးအမည်ကို တမင်ပြောပြခဲ့၏။ ယင်းမှာ နန်ကုန်းဖြစ်သည်။ ထိုစဉ်က အစ်မကြီးဆည်းလည်းက အဘယ်ကြောင့် သူမ၏မျိုးရိုးအမည်ကို တမင်ပြောပြခဲ့ကြောင်း သူ နားမလည်ဖြစ်ခဲ့သည်။ ယင်းတွင် အခြားအဓိပ္ပာယ်ရှိသေးသလော။

“အစ်မကြီးဆည်းလည်းက နန်ကုန်းမျိုးနွယ်ကလား။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး... တကယ်လို့ သူက နန်ကုန်းမျိုးနွယ်ရဲ့ မျိုးဆက်ဆိုရင် ဘာလို့ ကောင်းကင်မိုးကြိုးမြို့ကို လာရမှာလဲ။ သူက လက်စားချေမယ့်အကြောင်းကိုလည်း ပြောခဲ့သေးတယ်။ တကယ်လို့ သူသာ နန်ကုန်းမျိုးနွယ်ရဲ့ သခင်မ‌လေးဆိုရင် အမိန့်ပေးလိုက်ရုံနဲ့တဲ့ သူလက်စားချေချင်တဲ့သူကို သတ်လို့ရပြီ မဟုတ်ဘူးလား”

ကျန်းရီက ခေတ္တမျှတွေးတောနေပြီးနောက် ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်လေသည်။ သူ ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ ရှန်းစီမျိုးနွယ်စုက ကြီးလွန်းပေသည်။ ဤတစ်သက်တွင် သူ အစ်မကြီးဆည်းလည်းနှင့် ထပ်တွေ့ချင်မှ တွေ့ရပေလိမ့်မည်။

“ခေါင်းဆောင်.. မှောင်လာပြီ။ အရင်ဆုံး အိမ်တစ်လုံး ဝယ်ကြတာပေါ့”

ကျန်းရီတို့သည် ‌ရှေ့သို့ ဆက်သွားလိုက်၏။ ချမ်ဝမ်ကွမ်းက အလွန်နှုတ်သွက်၏။ မကြာခင်မှာပင် သူတို့သည် မြို့ရင်ပြင်၏ မြောက်ဘက်တွင် တောင်ဘက်မြို့အရှင်စံအိမ်တစ်ခု ရှိကြောင်း သိခဲ့ရသည်။ သူတို့ လျင်မြန်စွာ လျှောက်ဝင်သွားလိုက်ပြီး တတိယထပ်သို့ တန်းသွားလိုက်ကာ အလယ်ခန်းမတစ်ခုအတွင်းသို့ ဝင်လိုက်လေသည်။

“နှုတ်ဆက်ပါတယ် မြို့အရှင်... ကျွန်တော်တို့ ခြံဝန်းပါတဲ့ အိမ်တစ်လုံး ဝယ်ချင်လို့ပါ”

ကျန်းရီက ဘေးတွင် ရပ်နေပြီး ချမ်ဝမ်ကွမ်းက ရှေ့တိုးကာ ယဉ်ယဉ်ကျေးကျေး မေးလိုက်လေသည်။ အခန်းထဲတွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ထိုင်နေ၏။ သူက ကျန်းရီတို့ကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။

“ခြံဝန်းအသေးက ကုသိုလ်မှတ် သန်းတစ်ရာ၊ ပြီးတော့ ငှားခအနေနဲ့ လစဉ် ကောင်းကင်ကျောက်တုံး ဆယ်သန်းထပ်ပေးရမယ်။ အလယ်အလတ်ခြံဝန်းက ကုသိုလ်မှတ် သန်းသုံးရာ၊ လစဉ်ငှားခက ကောင်းကင်ကျောက်တုံး သန်းနှစ်ဆယ်။ ခြံဝန်းကြီးက ကုသိုလ်မှတ်သန်းတစ်ထောင်၊ ဘာကောင်းကင်ကျောက်တုံးမှ ပေးစရာမလိုဘူး”

“ဘာ...”

ချမ်ဝမ်ကွမ်းသည် သူ နားကြားမှာသည်ဟု ထင်သွား၏။ ကုသိုလ်မှတ်သာ လိုသည်ဟု ပြောထားသည် မဟုတ်လော။ အဘယ်ကြောင့် သူတို့သည် လစဉ် ကောင်းကင်ကျောက်တုံးများ ထပ်ပေးရမည်နည်း။ ထို့ပြင် တစ်လလျှင် ကောင်းကင်ကျောက်တုံးဆယ်သန်း ပေးရမည်ဖြစ်သည်။ သူတို့သည် ဓားပြတိုက်ခံနေရသကဲ့သို့ပင်။

“ဘာလဲ.. မင်းတို့ ဝယ်မှာလား၊ မဝယ်ဘူးလား။ မဝယ်ရင် ထွက်သွားတော့”

အဘိုးအိုက ချမ်ဝမ်ကွမ်းကို အသံဩဩဖြင့် ပြောလိုက်သည်။

ချမ်ဝမ်ကွမ်းက ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယခုတွင် သူသည် မျိုးနွယ်ကြီးလေးခုအပေါ် ပို၍ပင် အမြင်မကြည်ဖြစ်လာပေပြီ။ ဤနေရာသည် လူများကို အရိုးပါမကျန် စားပစ်သည့် နေရာတစ်ခုပင်။ အကယ်၍ လစဉ်ငှားခ မပေးနိုင်လျှင် တာဝန်များ ထမ်းဆောင်ရပြီး ကောင်းကင်ကျောက်တုံးအတွက် လူသတ်ကြရလေသည်။ အကယ်၍ တာဝန်ထမ်းဆောင်ရင်း မတော်တဆမှုများ ဖြစ်သွားပါက အသက်ဆုံးရှုံးသွားနိုင်၏။ ထိုအခါ ထိုသူ၏ခြံဝန်းကို ထပ်မံ ရောင်းချပေသည်။

ချမ်ဝမ်ကွမ်းက ကုသိုလ်မှတ်များနှင့် ကောင်းကင်ကျောက်တုံးများကို ထုတ်ပေးလိုက်၏။ မြို့အရှင်က သူ့ကို နံပါတ်(၁၁၁၂)ဟုရေးထားသည့် ကျောက်စိမ်းဖြူ အမိန့်ပြားတစ်ခု ပြန်ပေးသည်။

ကျန်းရီနှင့် ချမ်ဝမ်းကွမ်းတို့သည် ဘေးချင်းယှဉ်လျှောက်၍ မြို့အရှင်စံအိမ်မှ ထွက်လာကြ၏။ ကျန်းရီက ဧရာမမြို့ရင်ပြင်နှင့် မီတာသုံးဆယ်ကျော် မြင့်သော ရုပ်တုကို ကြည့်ရင်း သက်ပြင်းလေးလေးတစ်ချက်ချကာ ပြောလိုက်သည်။

“ငါတို့ ဒီရှန်းစီမျိုးနွယ်စုမှာ အကြာကြီးနေလို့ မဖြစ်ဘူး။ ငါတို့ မြန်နိုင်သမျှ မြန်မြန် အင်အားကြီးလာအောင်လုပ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို လျှို့ဝှက်ပြီး ပြန်သွားရမယ်။ ငါတို့ ဒီမှာ ကြာကြာနေရင် မြန်မြန် အသက်တိုမှာပဲ...”

***

All Chapters