← Chapters

နတ်ဘုရားငိုကြွေးသံ

Vol. 55 Ch. 759

နတ်ဘုရားငိုကြွေးသံ

Vol. 55 Ch. 759

ရှန်းစီမြို့သည် အမှန်ပင် လူများ ခေါင်းပုံဖြတ်ခံရသော နေရာတစ်ခုပင်။

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ ခြံနံပါတ်(၁၁၁၂)ကို တွေ့သောအခါ ထိုခြံဝန်းသည် ခရမ်းရောင်ကျောက်စိမ်းမြို့တွင် သူတို့နေခဲ့သည့် ခြံဝန်းထက် နှစ်ဆသေးသည်ကို တွေ့လိုက်ရသည်။ အရွယ်အစားက အရေးမပါပေ။ သို့သော် မည်သည့်အကာအရံအလွှာမှ ရှိမနေခြင်းက ကိစ္စရှိ၏။

အကယ်၍ ကျန်းရီသာ ဧကရာဇ်နန်းတော်ကို ထုတ်လိုလျှင် အကာအရံကို နှိုး၍ ပုံရိပ်ယောင်ကျောက်တုံးကိုသုံးကာ ပုံရိပ်ယောင်နယ်မြေတစ်ခု ဆင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ဤနေရာကို ဖြတ်သွားသူတိုင်း သူ၏ဧကရာဇ်နန်းတော်အတွင်းထဲသို့ စူးစမ်းနိုင်ပေလိမ့်မည်။ ချမ်ဝမ်ကွမ်း မြို့အရှင်စံအိမ်တွင် သွားညှိုနိုင်းသောအခါ သူတို့ အကာအရံအလွှာ တပ်လိုလျှင် ကောင်းကင်ကျောက်တုံး သန်းတစ်ရာကျော် ပေးရမည်ဟု တပ်မှူးက ပြောလေသည်။

ထိုတပ်မှူးက အခြားသူများကလည်း သူတို့၏ခြံဝန်းများထဲတွင် အကာအရံအလွှာမှ မရှိဘဲ နေနေကြခြင်းဖြစ်ပြီး မြို့ထဲတွင် လုံးဝလုံခြုံသည်ဟု ဆို၏။ သို့သော် လုလင်း၊ လီမျိုးနွယ်နှင့် ဟုန်မျိုးနွယ်တို့က သူ့တို့ကို ရှာနေနိုင်ပေသေးသည်။ သူတို့ ဂရုမစိုက်၍ မရပေ။

နောက်ဆုံးတွင် ကျန်းရီသည် အံကြိတ်ကာ ချမ်ဝမ်ကွမ်းကို ကောင်းကင်ကျောက်တုံး သန်းတစ်ရာ သွားပေးစေလိုက်ရတော့သည်။ ထိုအခါမှ မြို့အရှင်စံအိမ်က တစ်စုံတစ်ယောက်စေလွှတ်၍ အကာအရံအလွှာ ဆင်ခိုင်းလိုက်လေသည်။ တော်သေးသည်မှာ သူတို့၏ အကာအရံအလွှာက အတော်လေး စွမ်းအားကြီးခြင်းပင်။ အားကောင်းသော ကောင်းကင်စိတ်အာရုံမရှိသည့် သိုင်းသမားများက အထဲသို့ စူးစမ်းနိုင်မည် မဟုတ်ပေ။

ကျန်းရီတို့သည် ခြံဝန်းထဲတွင် အခြေချပြီးသောအခါ အတန်ငယ် ပို၍စိတ်အေးသွားကြ၏။ ချမ်ဝမ်ကွမ်းက အပြင်သို့ တစ်ခေါက်ထပ်ထွက်သွားပြီး ပုံရိပ်ယောင်ကျောက်တုံးအချို့နှင့် နေ့စဉ်လိုအပ်သည့် ပစ္စည်းပစ္စယများ ဝယ်လာလေသည်။ သူ ပြန်လာသောအခါ မျက်နှာကြီး မည်းလာ၏။ အရာအားလုံး၏ ဈေးနှုန်းများက အခြားကျွန်းများထက် အဆတစ်ရာ ပိုဈေးကြီးပေသည်။ သူသည် အသေးအဖွားလေးများသာ ဝယ်လာခြင်းဖြစ်သော်လည်း ကောင်းကင်ကျောက်တုံး ဆယ်သန်း သုံးခဲ့ရပေသည်။

ချမ်ဝမ်ကွမ်းသည် သတင်းဆိုးတစ်ခုလည်း ယူလာ၏။  ရှန်းစီမြို့တွင် လပြည့်ညတိုင်း “နတ်ဘုရားငိုကြွေးသံ” ရှိမည်ဖြစ်ပြီး လူအားလုံးသည် ထိုအသံ၏ သက်ရောက်မှုကို ခံရမည်ဖြစ်သည်။ စွမ်းအားကြီးစိတ်ဝိညာဉ် မရှိသူများသည် နတ်ဘုရားငိုကြွေးသံ ထွက်ပေါ်နေသည့် အတောအတွင်း အလွန် မသက်မသာ ခံစားရပေလိမ့်မည်။ အကယ်၍ သူတို့ ထိုသို့ မသက်မသာ မခံစားခြင်ပါက “နတ်ဘုရားငိုကြွေးသံဆေးလုံး”ကို သောက်ရမည်ဖြစ်သည်။ သို့သော် ထိုဆေး တစ်လုံးလျှင် ကောင်းကင်ကျောက်တုံး ဆယ်သန်း ကျသင့်ပေမည်။

“နတ်ဘုရားငိုကြွေးသံဆိုတာ ဘာလဲ”

ကျန်းရီ၏ နဖူးတွင် အရေးအကြောင်းများနှင့် ပြည့်နေ၏။ ဤမြို့သည် အမှန်ပင် နတ်ဘုရားများ ချီးမြှင့်ထားသောမြို့မှ ဟုတ်ပါလေသလော။ ဤမြို့မှာ နတ်ဆိုးများ၏ မြို့ပင်။ ကောင်းကင်ကျောက်တုံး မရှာနိုင်သော သာမန်သိုင်းသမားများသည် ဤနေရာတွင် ရှင်သန်နိုင်ပါမည်လော။

“ကျုပ်လည်း အတိအကျတော့ မသိဘူး...”

ချမ်ဝမ်ကွမ်းက ခေါင်းခါကာ ပြောလိုက်၏။

“အဲ့ဒါက နတ်ဘုရားတွေရဲ့ ငိုကြွေးသံလို့ ကြားတယ်၊ အဲ့အသံက ရှန်းစီမြို့ စတည်ထောင်ကတည်းက ရှိခဲ့တာတဲ့။ ဒီမြို့ကို မဟာဧကရာဇ်နန်ကုန်းက တည်ထောင်ခဲ့တာ... သူတောင် အဲ့ နတ်ဘုရားတွေရဲ့ ငိုကြွေးသံကို မဖယ်ရှားနိုင်ခဲ့ဘူး။ သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက နတ်ဘုရားငိုကြွေးသံ ထွက်ပေါ်လာရင် အသံကို ကာပေးနိုင်မယ့် ဆေးလုံးကို ဖော်စပ်တာပဲ။  ဟုတ်သား... မနက်ဖြန်က လပြည့်နေ့ပဲ။ ခေါင်းဆောင်.. ခေါင်းဆောင်သာ နတ်ဘုရားငိုကြွေးသံဆေးလုံးကို မသောက်ထားရင် အဲ့အသံကို ကြားရလိမ့်မယ်”

“လိမ်နေတာပဲဖြစ်မှာ”

ကျန်းရီက စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ထို့နောက် သူ ခေါင်းခါကာ ပြောလိုက်သည်။

“မနက်ဖြန်ကျ နတ်ဘုရားငိုကြွေးသံဆေးလုံး ဆယ်လုံး သွားဝယ်လိုက်။ တကယ်လို့ မင်းတို့ အဲ့အသံကို တကယ် မခံနိုင်ဘူးဆိုရင် ဆေးလုံးကို သောက်လိုက်ကြပေါ့”

ချမ်ဝမ်ကွမ်း ဝယ်လာခဲ့သော ပုံရိပ်ယောင်ကျောက်တုံးများမှာ အဆင့်အမြင့်ဆုံး ကျောက်တုံးများဖြစ်သည်။ သူသည် ခြံဝန်းထဲတွင် ပုံရိပ်ယောင်နယ်မြေတစ်ခု လျင်မြန်စွာ ဆင်လိုက်၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်မဟုတ်လျှင် ဧကရာဇ်နန်းတော်အတွင်းသို့ စူးစမ်းနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ သူတို့ ဧကရာဇ်နန်းတော်ကို တွေ့သွားလျှင်လည်း အထဲရှိ ကျန်းရီနှင့် အခြားသူများကို အာရုံခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီတို့သည် သူတို့ မည်သူ၊ မည်ဝါဖြစ်ကြောင်း ပေါ်သွားမည်ကို သိပ်စိုးရိမ်စရာ မလိုတော့ပေ။

“ကျင့်ကြံကြတော့”

ကျန်းရီသည် ‌‌ရွှေရောင်မျောလွင့်နဂါးကို အပြင်ဘက်တွင် ထားခဲ့ပြီး ကျန်သူအားလုံးကို ဧကရာဇ်နန်းတော်ထဲတွင် ကျင့်ကြံစေလိုက်သည်။ ကျန်းရီသည် ခေတ္တမျှထိုင်၍ အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် မျက်လုံးများ ဖွင့်လိုက်၏။ သူ အလွန်ကျေနပ်နေပေသည်။

“ငါ့ရဲ့ ကျင့်ကြံနှုန်းက အဆတစ်ထောင် တိုးတက်လာတာပဲ။ ဒီကျင့်ကြံနှုန်းနဲ့သာဆို ငါ့ရဲ့ စတုတ္ထမြောက် စက်လုံးပုံ ကြယ်ကို တိုးမြှင့်ဖို့ သုံးလလောက်ပဲ လိုမယ်”

ရှန်းစီမြို့သို့ လာရန် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပြီး မျိုးနွယ်ကြီးလေးခု၏ အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုကို ခံခဲ့ရသော်လည်း ဤရှန်းစီမြို့က ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ဤနေရာရှိ အတွင်းအားက အပြင်လောကထက် ဆယ်ဆပိုများပေသည်။ ထိုအတွင်းအားကို ဧကရာဇ်နန်းတော်၏ ထောက်ပံ့မှု၊ သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့နှင့် ပေါင်းလိုက်သောအခါ သူ၏ကျင့်ကြံနှုန်းက သာမန်လူတစ်ယောက်ထက် အဆတစ်ထောင် ပိုမြန်သွားလေသည်။ သူ၏ကျင့်ကြံနှုန်းက ပျံသန်းခြင်းကဲ့သို့ဖြစ်ပြီး သူ ကောင်းကင်ကျောက်တုံးများကို သန့်စင်ခဲ့စဉ်ကထက် အနည်းငယ်သာ ပိုနှေးပေသည်။

ကျင့်ကြံခြင်းမှာ ကောင်းကင်ကျောက်တုံးများကို သန့်စင်ခြင်းနှင့် မတူပေ။ မိုးမြေအတွင်းအားက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ၍ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အတွင်းသို့ ဝင်သွားကာ ခန္ဓာကိုယ်ကို အာဟာရ ရစေမည်ဖြစ်ပြီး တဖြည်းဖြည်း သန်မာလာစေမည်ဖြစ်သည်။ ထိုနည်းက ခန္ဓာကိုယ်ကို သဘာဝနှင့် လိုက်လျောညီထွေ သန်မာလာစေပြီး ခန္ဓာကိုယ်အတွင်းရှိ သဘာဝအစီအစဉ်ကိုလည်း ပျက်စီးစေမည် မဟုတ်ပေ။

ကျန်းရီ၏ စတုတ္ထမြောက် စက်လုံးပုံကြယ်က တစ်ဝက်အထိ ပြည့်သွားသောအခါ သူ့အတွက် ကျင့်ကြံရန် ပိုခက်လာစေခဲ့သည်။ သို့သော် ယခုတွင် ကွဲပြားသွားပေပြီ။ အဆတစ်ထောင် ပိုမြန်သော ကျင့်ကြံနှုန်းနှင့်ဆိုလျှင် သူ၏ စက်လုံးပုံကြယ်အတွင်းရှိ အတွင်းအားက ရေပန်းတစ်ခုကဲ့သို့ အံ့အားသင့်ဖွယ် အရှိန်ဖြင့် ထွက်နေလေသည်။

ကျန်းရီသည် ကောင်းကင်နှင့်လူသား ‌ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်လိုက်ပြီး သူ၏ အသိစိတ်အာရုံကို ပိုင်းခြား၍ အတွင်းအား အဆက်မပြတ် ထွက်လာစေရန် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တာအိုပုံသဏ္ဌာန်ကိုလည်း နှောင့်နှေးမှုမရှိဘဲ လေ့လာလိုက်သည်။

ညသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွား၏။ အရုဏ်တက်ချိန်ရောက်သောအခါ ကျန်းရီက ချမ်ဝမ်ကွမ်းကို အပြင်သို့ ထုတ်ပေးလိုက်ပြီး ဆက်၍ ကျင့်ကြံနေလိုက်သည်။ မိန်းတည့်ချိန်တွင် ချမ်ဝမ်ကွမ်းက နတ်ဘုရားငိုကြွေးသံဆေးလုံး ဆယ်လုံးဖြင့် ပြန်လာ၏။

“ခေါင်းဆောင်... ကျုပ်တို့ရဲ့ ကောင်းကင်ကျောက်တုံးတွေ ကုန်တော့မယ်...”

ချမ်ဝမ်ကွမ်းသည် မျက်နှာညိုနေ၏။ မြို့ထဲမှ ပစ္စည်းများသည် အလွန်ဈေးကြီးလွန်းပေသည်။ လိုအပ်သည့် ကုသိုလ်မှတ်များ လဲလှယ်ပြီးနောက် သူတို့တွင် ကောင်းကင်ကျောက်တုံး သန်းလေးရာ ရှိခဲ့၏။ ကျန်းရီက ဟွမ်ဖူထောင်ထျန်းကို သန်းတစ်ရာပေးခဲ့သည်။ ခြံဝန်းတွင် အကာအရံအလွှာဆင်ခြင်းက သန်းတစ်ရာ ကုန်ကျခဲ့သည်။ နတ်ဘုရားငိုကြွေးသံဆေးလုံး ဆယ်လုံး ဝယ်ရခြင်းက နောက်ထပ် သန်းတစ်ရာ ကုန်ခဲ့သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောခ၊ မြို့ထဲတွင် ပုံရိပ်ယောင်ကျောက်တုံးများ ဝယ်ယူခတို့ကို ပေါင်းလိုက်လျှင် ကောင်းကင်ကျောက်တုံး သန်းလေးရာသည် ကုန်လုနီးပါး ဖြစ်နေပေပြီ။

“ကုန်ပါစေ... နောက်မှ ငါ ကောင်းကင်ပန်းချီကားတွေ ထပ်ဆွဲလိုက်ပါမယ်”

ကျန်းရီက စိတ်ရှုပ်ဟန်ဖြင့် မျက်နှာကို ပွတ်လိုက်သည်။ သူတို့ ယခင်က ရောင်းခဲ့သည့် ကောင်းကင်ပန်းချီကားချပ် ခြောက်ရာက အတော်လေး ပွက်လောရိုက်သွားစေပေလိမ့်မည်။ သူတို့ကို စုံစမ်းနေသူများလည်း ရှိနေနိုင်ပေပြီ။ အကယ်၍ ယခုတွင် သူတို့သာ ကောင်းကင်ပန်းချီကားများ ထပ်ရောင်းလိုက်ပါက သူတို့ မည်သူ၊ မည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်ခြေများပေသည်။

သို့သော် သူတို့ ပန်းချီကားများ မရောင်းလည်း ဘာလုပ်နိုင်ဦးမည်နည်း။

ဤသောက်မြို့တွင် ကောင်းကင်ကျောက်တုံးများ မရှိလျှင် ရှင်သန်နိုင်ရန် မဖြစ်နိုင်ချေ။ သူတို့သည် ဤနေရာသို့ ရောက်ဖို့ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရ၏။ ထို့ပြင် ဤနေရာတွင် ကျင့်ကြံနှုန်းက အလွန်မြန်ပေသည်။ သူတို့ အဘယ်သို့ ဤအတိုင်း လက်လျှော့နိုင်ပါမည်နည်း။

ထိုစဉ် ဖုန်းလန်၏ လှပသော မျက်လုံးလေးများ အရောင်လက်သွား၏။ ထို့နောက် သူမ ပြောလိုက်သည်။

“သခင်လေး နေ့တိုင်း အချိန်နည်းနည်းပေးပြီး ပန်းချီဆွဲ ကျင့်ပါ။ သခင်လေးရဲ့ ပန်းချီစွမ်းရည် တိုးတက်လာလေလေ ကောင်းကင်ပန်းချီကားရဲ့ တန်ဖိုးက မြင့်လာလေလေပဲ။ အဲ့ဒါဆို ပန်းချီကားတစ်ချပ်ပဲ ရောင်းရင်တောင် လနည်းနည်းစာ အသုံးစရိတ်ရလိမ့်မယ်။ ကောင်းကင်ပန်းချီကား နည်းနည်းပဲ ရောင်းရင် ပေါ်သွားမယ့် အခွင့်အရေးလည်း နည်းသွားမှာပဲ”

“ကောင်းပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်၏။ တာအိုပုံသဏ္ဌာန်များကို အချိန်တိုအတွင်း ပေါင်းစည်းရန် မဖြစ်နိုင်သဖြင့် သူသည် ကျင့်ကြံခြင်းကို ကြိုက်သည့်အချိန် ရပ်၍ ရနေပေသည်။ ယင်းက သူ့အပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။

ကျန်းရီသည် တစ်နေ့လယ်လုံး ကျင့်ကြံပြီးနောက် ညနေစောင်းတွင် ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး အားလုံးကို စုဝေးခိုင်းလိုက်၏။ သူသည် ကျန်းရှောင်နူကိုလည်း နှိုးလိုက်၏။ ထို့နောက် ယာ့ဇီသားရဲကို နတ်ဘုရားငိုကြွေးသံဆေးလုံး တစ်လုံးပေးလိုက်ကာ အသံကို မခံနိုင်တော့လျှင် သောက်ဖို့ ပြောလိုက်၏။

ညရောက်လာသောအခါ တောက်ပသော လသည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။ အားလုံးသည် အသက်ရှူအောင့်ကာ သူတို့၏ ကောင်းကင်စိတ်အာရုံများကို အပြင်သို့ ဆန့်ထုတ်လိုက်ပြီး နတ်ဘုရားငိုကြွေးသံ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။

ရှန်းစီမြို့သည် ညအချိန်တွင် အလွန်တိတ်ဆိတ်နေ၏။ မီးအလင်းတစ်စပင် ရှိမနေချေ။ မြို့သည် တစ္ဆေမြို့တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုစဉ် တိမ်မည်းများ လွင့်မျောလာပြီး တောက်ပသော လကို ကွယ်သွားသည်။ ထို့ကြောင့် ရှန်းစီမြို့သည် ပို၍ပင် မှောင်မိုက်သွားသည်။

ရုတ်တရက်...

တောက်ပသော လ၏ အစွန်းတွင် ရုတ်တရက် အနီရောင်အလင်း လင်းလက်လာပြီး ရှန်းစီမြို့ကို သိမ့်ခနဲ တုန်ခါသွားစေ၏။ ဧကရာဇ်နန်းတော်ထဲရှိ ကျန်းရီတို့သည်ပင် တုန်ခါမှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ မြို့အထက်ရှိ ကောင်းကင်တွင် သက်တန့်ရောင် အကာအရံ လင်းလက်လာပြီး မြို့ထဲရှိ အတွင်းအားများ ပရမ်းပတာဖြစ်လာ၏။ ထို့နောက် လေပြင်းများ တိုက်ခတ်လာပြီး သိမ်မွေ့သော ငိုကြွေးသံတစ်သံကို ကြားလိုက်ရလေသည်။

“ဟီး..ဟီး... ဟီး..ဟီး...”

အသံသည် မိန်းမပျိုတစ်ယောက်၏ ငိုကြွေးသံကဲ့သို့ပင်။ အသံက မကျယ်သော်လည်း အားလုံး၏ စိတ်ဝိညာဉ်များအတွင်း၌ ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေလေသည်။

“ဒါက...”

ကျန်းရီ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်း လက်သွား၏။ သူသည် အသံထဲ၌ ပါဝင်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။ သိမ်မွေ့သော ငိုကြွေးသံသည် စိတ်ဝိညာဉ်ကို ထိုးစိုက်နေသည့် မမြင်နိုင်သော ဓားများကဲ့သို့ပင်။ မရေမတွက်နိုင်သော ပုရွက်ဆိတ်များက စိတ်ဝိညာဉ်ကို ကိုက်ဖြတ်နေသည်ဟု ခံစားနေရပြီး သူတို့ အလွန်မသက်မသာ ဖြစ်နေလေသည်။

“အား... သခင်လေး ကျွန်မ မခံနိုင်‌တော့ဘူး”

ချင်းယွီသည် သူမ၏ခေါင်းကိုကိုင်ကာ ကြမ်းပြင်တွင် လူးလွန့်နေလေသည်။ ကျန်းရီက သူမကို ချက်ချင်း ပွေ့လိုက်ပြီး သူမ၏ပါးစပ်အတွင်းသို့ အစိမ်းရောင်ဆေးတစ်လုံး ထည့်လိုက်ကာ ရေတစ်ခွက်တိုက်၍ ဆေးလုံးကို မျှောချစေလိုက်သည်။

မျှော်လင့်ထားသကဲ့သို့ပင်။

နတ်ဘုရားငိုကြွေးသံဆေးလုံးကို သောက်ပြီးနောက်တွင် ချင်းယွီ၏ အသားအရောင် ပြန်ကောင်းလာ၏။ အစောက မည်သည်မှ မဖြစ်ခဲ့သည့်အတိုင်း သူမ ပုံမှန် ပြန်ဖြစ်သွားလေသည်။ သူမသည် ကြောက်မက်ဖွယ် ငိုကြွေးသံကို မကြားရတော့ပေ။

***

All Chapters