နတ်ဘုရားများ၏ ငိုကြွေးသံလော
Vol. 55 Ch. 760
“မင်းတို့ မခံနိုင်တော့ရင် နတ်ဘုရားငိုကြွေးသံဆေးလုံးကို သောက်လိုက်ကြ။ ကိုယ့်ကိုယ်ကို ဖိအား မပေးနဲ့။ မင်းတို့ရဲ့ စိတ်ဝိညာဉ် ထိခိုက်သွားရင် ဒုက္ခများသွားမယ်”
ကျန်းရီက ချမ်ဝမ်ကွမ်းတစ်ယောက် မျက်နှာရှုံ့မဲ့လာပြီး ချွေးများပြန်လာသည်ကို တွေ့လိုက်၏။ သို့သော် သူသည် နတ်ဘုရားငိုကြွေးသံဆေးလုံးကို မသောက်သေးပေ။
နတ်ဘုရားငိုကြွေးဆေးလုံးက အလွန်ဈေးကြီး၏။ တစ်လုံးလျှင် ကောင်းကင်ကျောက်တုံး ဆယ်ဆန်း တန်ပေသည်။ သို့သော် သူတို့၏ အသက်က ပိုအရေးကြီး၏။
“ခေါင်းဆောင်... ကျုပ် ခံနိုင်ပါသေးတယ်”
ချမ်ဝမ်ကွမ်းက ကပ်စေးနှဲသူတစ်ယောက် ဖြစ်သည်။ သူသည် ပိုက်ဆံနှင့် ကောင်းကင်ကျောက်တုံးများကို အလွန်ငမ်းငမ်းတက်သူဖြစ်သည်။ သူ့အတွက် ကောင်းကင်ကျောက်တုံး ဆယ်သန်းတန် ဆေးလုံးတစ်လုံးကို တစ်ချက်တည်းမျိုချခိုင်းခြင်းက သူ၏ အသားကို လှီးသည်ထက်ပင် ပိုနာပေသေးသည်။
“ဟီး...ဟီး...”
ငိုကြွေးသံက အချိန်နှင့်အမျှ ပိုပြတ်သားလာ၏။ ရုတ်တရက် ချမ်ဝမ်ကွမ်းသည် သူ၏ခေါင်းကို ကိုင်ကာ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် လူးလွန့်သွားသည်။ ကျန်းရီက သူ့ကို ချက်ချင်း ဆေးတစ်လုံး တိုက်လိုက်ရ၏။ ရွှေရောင်မျောလွင့်နဂါးနှင့် ဖုန်းလန်တို့ကလည်း မခံနိုင်တော့သဖြင့် နတ်ဘုရားငိုကြွေးသံဆေးလုံးကို ချက်ချင်း သောက်လိုက်ကြသည်။ အခြားခန်းမထဲရှိ ဧရာမယာ့ဇီသားရဲကလည်း နတ်ဘုရားငိုကြွေးသံဆေးလုံးကို သောက်လိုက်၏။
“အာ...”
ကျန်းရီသည် ကျန်းရှောင်နူနှင့် သူမ၏ရင်ဘတ်ရှိ မြေခွေးလေးကို ကြည့်လိုက်ပြီး အတော် အံ့အားသင့်သွား၏။ သူသည် ကျန်းရှောင်နူထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မတွေ့ပေ။ မြေခွေးလေးကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
ကျန်းရှောင်နူက ထူးခြားသည့်မျိုးနွယ်ဖြစ်၍ ထိုအဖြစ်ကို နားလည်ပေး၍ရ၏။ သို့သော် အလွန်အားနည်းသော ထိုမြေခွေးလေးပင် ဘာမှ မဖြစ်သည်လော။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ မြေခွေးလေးကို အာရုံခံလိုက်၏။ မြေခွေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲဖြစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။ မြေခွေးလေးတွင် မူမမှန်သည်များ ရှိမနေသဖြင့် ကျန်းရီ ပို၍ပင် အံ့ဩသွား၏။ ဤမြေခွေးလေး အိပ်နေသည်မှာ နှစ်ပေါင်း ရာနှင့်ချီနေပြီဖြစ်သည်။ ၎င်းက ကျင့်ကြံနေခြင်းဟု ပြောကြ၏။ ကျင့်ကြံခြင်းဆိုသည်မှာ အိပ်ခြင်းလော။
ထိုအခိုက်တွင် ငိုကြွေးသံက အလွန် ကြောက်မက်ဖွယ် ကောင်းလာ၏။ ဝိညာဉ်ဓား(၃၆)ချောင်းကြောင့်သာ မဟုတ်လျှင် ကျန်းရီလည်း ထိုအသံကို ခံနိုင်တော့မည် မဟုတ်ပေ။ ထိုမြေခွေးလေးက ငိုကြွေးသံ၏ သက်ရောက်မှုကို မခံရသည်မှာ မဖြစ်နိုင်ချေ။ ထို့ပြင် ထိုမြေခွေးလေသည် နှစ်ရာပေါင်းများစွာ မစား၊ မသောက် နေခဲ့၏။ ၎င်းသည် မည်သို့သော ကျင့်ကြံနည်းကို အသုံးပြုနေခြင်းနည်း။
“ကောင်းကင်မြေခွေးမျိုးနွယ်မှာ ကောင်းကင်ဧကရာဇ်တွေ အများကြီးရှိတယ်လို့ မိစ္ဆာဧကရီက ပြောခဲ့တယ်။ ဒါပေမယ့် အဲ့မြေခွေးတွေက အရမ်းကြီးစွမ်းနေတာတော့ မဟုတ်ဘူးလေ။ ကောင်းကင်မြေခွေးမျိုးနွယ်ကလည်း သာမန်မိစ္ဆာမျိုးနွယ်တစ်ခုပဲလို့ ပြောလို့ရတာပဲ။ ဘာလို့ ဒီမြေခွေးလေးက ဒီလောက် ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံနိုင်နေရတာလဲ”
ကျန်းရီ နားမလည်နိုင်ဖြစ်နေ၏။ ကျန်းရီသည် မြေခွေးလေးကို ခေတ္တမျှ ဆက်ကြည့်လိုက်ပြီး ၎င်းက အဆင်ပြေကြောင်း အတည်ပြုပြီးသောအခါ ရှောင်နူကို ကြည့်၍ မေးလိုက်၏။
“ရှောင်နူ.. မင်း အဲ့အသံကို ခံနိုင်လား”
ကျန်းရှောင်နူက ချိုသာစွာ ပြုံး၍ ပြောလိုက်၏။
“သခင်လေး ကျွန်မ အဆင်ပြေပါတယ်။ စိုးရိမ်ဖို့ မလိုပါဘူး။ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက အားနည်းလွန်းတယ်”
“အားနည်းလွန်းတယ်လား”
ကျန်းရီ၊ ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့ တစ်ပြိုင်တည်း မျက်လုံးပင့်လိုက်ကြသည်။ ထူးခြားသော မျိုးနွယ်ဖြစ်သည့် ကျန်းရှောင်နူက အလွန် အစွမ်းကြီးလွန်း၏။ သူမ ပုံစံပြောင်းပြီးနောက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာလာရုံသာမက သူမ၏စိတ်ဝိညာဉ်ကလည်း အလွန်သန်မာပေသည်။
“ဟီး..ဟီး..ဟီး...”
ငိုကြွေးသံက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။ ကျန်းရီသည် အခြားသူများကို အာရုံမစိုက်နိုင်တော့ဘဲ ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ သူသည် ဝိညာဉ်ဓား(၃၆)ချောင်းကို ထိန်းချုပ်၍ သူ့စိတ်အတွင်းသို့ ကျူးကျော်နေသည့် ထူးဆန်းသော စွမ်းအင်ကို ခုခံလိုက်၏။
ထိုစွမ်းအင်က သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဘက်ပေါင်းစုံမှ စိမ့်ဝင်နေ၏။ မရေမတွက်နိုင်သော သဏ္ဌာန်မဲ့ အပ်ပါးလေးများက သူ၏စိတ်ဝိညာဉ်ကို ထိုးစိုက်နေသကဲ့သို့ပင်။ အကယ်၍ ချမ်ဝမ်ကွမ်းနှင့် အခြားသူများသာ နတ်ဘုရားငိုကြွေးသံဆေးလုံးကို မသောက်ထားပါက သေချာပေါက် နာကျင်မှုကြောင့် သတိလစ်သွားပေလိမ့်မည်။
“အဲ့အသံက ဘယ်က ထွက်လာတာလဲ။ နတ်ဘုရားတွေရဲ့ ငိုကြွေးသံလား.. သောက်ပိုတွေ။ ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ဒါမှမဟုတ် မဟာဧကရာဇ်နန်ကုန်းလုပ်ထားတဲ့ အစီအရင်တစ်ခု ဖြစ်ရမယ်။ ရည်ရွယ်ချက်ကတော့ နတ်ဘုရားငိုကြွေးသံဆေးလုံးတွေ ရောင်းဖို့ပဲ”
ကျန်းရီ နှုတ်ခမ်းတွန့်လိုက်၏။ သူသည် ဝိညာဉ်ဓား(၃၆)ချောင်းကို ထိန်းချုပ်၍ အသံတိုက်ခိုက်မှုကို တောင့်ခံနေရင်း ကောင်းကင်နားလည်သိမြင်ခြင်း အတတ်ကို သုံးကာ အသံ၏ အရင်းအမြစ်ကို ရှာလိုက်လေသည်။
ကိုယ်ပွားအသင်္ချေအတတ်၏ အကျိုးကျေးဇူးများ ထွက်ပေါ်လာပြီဖြစ်သည်။ ကျန်းရီသည် ကိစ္စနှစ်ခု၊ သုံးခု၊ လေးခု တို့ကို တစ်ချိန်တည်း လုပ်နိုင်နေ၏။ သူ၏ကောင်းကင်စိတ်အာရုံက အေးမြသော လေညှင်းလေးကဲ့သို့ ဖြန့်ကျက်သွားသည်။
ကျန်းရီ၏စိတ်အတွင်းတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။ မြို့သည် သုဿန်တစ်စပြင်အလား တိတ်ဆိတ်နေ၏။ မြို့ပတ်ပတ်လည်ရှိ လေတိုးသံမှလွဲ၍ အခြားမည်သည့် လှုပ်ရှားမှုမှ မရှိပေ။ ကျန်းရီသည် ဂရုတစိုက် စူးစမ်းပြီးနောက် ထိုအသံက လေတိုးသံနှင့်အတူ ပါလာကြောင်း သိလိုက်ရလေသည်။
ထူးဆန်းလှ၏။
မြို့ပတ်ပတ်လည်ကို အကာအရံအလွှာတစ်ခုက ကာထားသဖြင့် ပြင်ပမှ လေသည် မြို့ထဲသို့ ဖောက်ဝင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီက လေထွက်ပေါ်လာသည့် အရင်းအမြစ်ကို ခြေရာမခံနိုင်ခဲ့ခြင်းပင်။ ထိုစဉ် မြို့ထဲရှိ အတွင်းအားက ရုတ်တရက် ပရမ်းပတာဖြစ်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ကို သူ အာရုံခံမိလိုက်၏။
“ဒီနတ်ဘုရားငိုကြွေးသံကို မျိုးနွယ်ကြီးလေးခုက လုပ်နေတာလား”
ကျန်းရီ အလွန် သံသယဝင်သွား၏။ သူတို့သည် အစွမ်းကြီးသော အစီအရင်တစ်ခုကို ပြုလုပ်၍ ထူးခြားသော အသံတစ်ခုကို ဖန်တီးနိုင်ပေသည်။ ထို့ပြင် သူတို့က မြို့တွင်းမှ လူများထံ စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ပို့လွှတ်ခြင်း ဖြစ်နိုင်သည်။
မဟာဧကရာဇ်နန်ကုန်းက နဂါးကိုးကောင် နတ်ဘုရားသုတ်သင် အစီအရင်ကို ဖန်တီးနိုင်ခဲ့၏။ ထို့ပြင် ဤရှန်းစီမြို့သည် လေထဲတွင် တည်ရှိနေခြင်းပင်။ ထို့ကြောင့် သူ့အတွက် အစီအရင်တစ်ခုကို ပြုလုပ်ရန်မှာ အသေးအဖွဲသာ ဖြစ်လိမ့်မည် မဟုတ်လော။
ဟူး...ဟူး...ဟူး...
လေတိုးသံက ပို၍ ကျယ်လာ၏။ ကျန်းရီ လျှောက်၍ စူးစမ်းမနေဝံ့တော့ချေ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံရန်သာ သူ အာရုံစိုက်လိုက်သည်။ အချိန်တစ်ခဏမျှ တောင့်ခံပြီးနောက် ရုတ်တရက် သူ၏စိတ်ဝိညာဉ် တုန်ရင်သွား၏။ သူ အလွန် အံ့အားသင့်သွားသည်။
“အာ... ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို ဝိညာဉ်ဓားက ဖျက်ဆီးလိုက်ပြီးရင်တောင် စွမ်းအင်နည်းနည်း ကျန်ခဲ့သေးတာပဲလား”
ကျန်းရီသည် သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စွမ်းအင်နည်းနည်း ကျန်ခဲ့ကြောင်း သိလိုက်ရသောအခါ စိတ်လှုပ်ရှားသွား၏။ ယခင်က ဆန်းကြယ်ဧကရီနန်းတော်ထဲမှ စမ်းချောင်းဝါလမ်းကြောင်းထဲတွင် သူ ဝိညာဉ်ဝါးမျို မိကျောင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်ပြီးနောက် ထိုကဲ့သို့ စွမ်းအင်လေးများ ကျန်ခဲ့၏။ ထိုအခါမှ ဝိညာဉ်ဓား(၃၆)ချောင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုတွင် ထိုသို့သောစွမ်းအင် ထပ်ပေါ်လာပြီဖြစ်၍ သူ ၎င်းတို့ကို ယခင်ကကဲ့သို့ စုပ်ယူနိုင်မည်လော။
ဝှစ်...
ကျန်းရီ၏ ပင်မစိတ်ဝိညာဉ်အတွင်းမှ ပိုကြီးသော မီးနဂါးဓား ပျံထွက်လာ၏။ ထိုကျန်ခဲ့သောစွမ်းအင်လေးများကို အမှန်ပင် စုပ်ယူ၍ ရ၏။ သူ၏ပင်မစိတ်ဝိညာဉ်က အနည်းငယ် ပိုအားကောင်းလာလေသည်။
“ဟားဟားဟား”
ကျန်းရီ ရယ်လိုက်၏။ ဤနတ်ဘုရားငိုကြွေးသံသည် အတော်လေး အားကောင်းပုံပေါ်၏။ ကျန်ခဲ့သော စွမ်းအင်က အလွန်နည်းသော်လည်း ဘာမှမရသည်ထက်စာလျှင် ကောင်းသေးသည်။ ဤသို့သာ ဆက်စုပ်ယူနိုင်ပါက သူ ဝိညာဉ်ဓားများ ပိုခွဲထုတ်နိုင်လာမည်ဖြစ်သည်။
အစက ကျန်းရီသည် နတ်ဘုရားငိုကြွေးသံကို လျင်မြန်စွာ ပျောက်ဆုံးသွားစေလိုခဲ့၏။ ယခုတွင်မူ ကြာနိုင်သမျှ ကြာစေရန် သူ မျှော်လင့်နေပေပြီ။ သူ၏စိတ်ဝိညာဉ်အတွင်းသို့ ဖောက်ထွင်းလာသော ထိုအပ်ပါးလေးများက သူ၏စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မခံနိုင်ကြပေ။ ၎င်းတို့အချင်းချင်း ထိခတ်သွားသည်နှင့် အပ်ပါးလေးများ ပျက်စီးသွားပြီး သူ၏ပင်မစိတ်ဝိညာဉ်က စုပ်ယူနိုင်မည့် စွမ်းအင်ပမာဏအနည်းငယ် ချန်ထားခဲ့လေသည်။
“ဒါက မဟာဧကရာဇ်နန်ကုန်း ဖန်တီးထားတဲ့ အစီအရင်တစ်ခုလား။ ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်လာတာလား။ မဟုတ်ရင် ဘာလို့ စွမ်းအင်တွေ ကျန်ခဲ့မှာလဲ”
ကျန်းရီ ထပ်မံ အံ့အားသင့်နေပေသည်။ သို့သော် တိုက်ခိုက်မှုက ပိုပြင်းထန်လာ၍ သူ အာရုံမပျံ့လွင့်ရဲတော့ပေ။ သူသည် စွမ်းအားအကုန်သုံးကာ သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်ဓားများကို ထိန်းချုပ်၍ ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ခုခံဖျက်ဆီးလိုက်သည်။ သူ ဝိညာဉ်ဓား(၃၆)ချောင်း ပိုင်ဆိုင်ထား၍ တော်သေးပေသည်။ သူသည် ထိုဓားများဖြင့် ခုခံအလွှာများစွာ ဖန်တီး၍ သူ၏ပင်မစိတ်ဝိညာဉ်ကို လုံခြုံစွာ ဝန်းရံထားနိုင်ပေသည်။ အကယ်၍ သူသာ အခြား စိတ်ဝိညာဉ်ခုခံနည်းများကို သုံးလျှင် သူ၏စိတ်ဝိညာဉ်သည် နေရာလပ်မကျန် ထိုးဖောက်လာသော ထိုအပ်ပါးလေးများ၏ တိုက်ခိုက်မှုကို သေချာပေါက် ခံရမည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် ထိုတိုက်ခိုက်မှုများကို မခုခံနိုင်လောက်ပေ။
“ညီမရှောင်နူ.. ညီမက အဆင်ပြေနေတုန်းပဲလား”
ဖုန်းလန်သည် နတ်ဘုရားငိုကြွေးသံဆေးလုံးကို သောက်လိုက်ပြီးနောက်တွင် သူမ၏စိတ်ဝိညာဉ်ပတ်ပတ်လည်၌ စွမ်းအင်အလွှာတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားခဲ့ရ၏။ အပ်ပါးလေးများက ထိုစွမ်းအင်အလွှာကို မထွင်းဖောက်နိုင်ကြချေ။ ထို့ကြောင့် သူမသည် ထိုအရာကို ခေတ္တမျှ စူးစမ်းပြီးနောက် ဆက်၍ အာရုံမစိုက်တော့ဘဲ ကျန်းရှောင်နူကို ကြည့်လိုက်ခြင်းပင်။
“မမလန်... ညီမ အဆင်ပြေပါတယ်။ စိုးရိမ်စရာမလိုပါဘူး”
ကျန်းရှောင်နူက ဖုန်းလန်နှင့် ချင်းယွီတို့နှင့် ခေတ္တမျှ စကားပြောလိုက်၏။ သူမတို့ကြားမှာ ဆက်ဆံရေးက အလွန်ကောင်းပေသည်။ သို့သော် ထိုဆက်ဆံရေးသည် သူမနှင့်စုလောရွှယ်တို့၏ ဆက်ဆံရေးနှင့် မယှဉ်နိုင်သေးပေ။ သို့သော် သူမသည် ထိုအကြောင်းကို လုံးဝအမှုမထားသကဲ့သို့ ပြုံးနေလေသည်။
တစ်နာရီ...နှစ်နာရီ
နောက်ဆုံးတွင် ငိုကြွေးသံက တဖြည်းဖြည်း အားနည်းလာ၏။ တစ်နာရီကြာပြီးနောက်တွင် မြို့ထဲတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ ကျန်းရီက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ပင်ပန်းနွမ်းနယ်ဟန်ဖြင့် မျက်လုံးများဖွင့်လိုက်၏။ သူသည် တိုက်ခိုက်မှုအားလုံးကို တောင့်ခံနိုင်ခဲ့သော်လည်း အတော်လေး ပင်ပန်းသွားရပေသည်။
ကျန်းရီက သူ၏စိတ်ဝိညာဉ်ကို စူးစမ်းလိုက်ပြီး ခေတ္တမျှ အနားယူလိုက်၏။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။
“မဆိုးဘူး... ဒီနတ်ဘုရားငိုကြွေးသံက တော်တော်လေး ကောင်းတယ်”
ဖုန်းလန်နှင့် အခြားသူများသည် နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ချမ်ဝမ်ကွမ်းမှာမူ လက်ဆန့်တန်း၍ ကျန်းရီ၏ နဖူးကို စမ်ကာ ပြောလိုက်၏။
“ခေါင်းဆောင်.. အဆင်ပြေရဲ့လား။ ဒီနတ်ဘုရားငိုကြွေးသံက တော်တော်လေး ကောင်းတယ် ဟုတ်လား။ နတ်ဘုရားငိုကြွေးသံ တစ်သံအတွက် နတ်ဘုရားငိုကြွေးသံဆေးလုံး ငါးလုံး သုံးလိုက်ရပြီ။ အဲ့ဒါက ကောင်းကင်ကျောက်တုံး သန်းငါးဆယ်တန်တယ်နော်..သန်းငါးဆယ်၊ အဲ့ပမာဏနဲ့ဆို သာလွန် သူတော်စင် အသုံးအဆောင် ဘယ်နှစ်ခုလောက် ဝယ်နိုင်မလဲ...”
“ဟဲဟဲ...”
ကျန်းရီက ၎င်းကို အရေးမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“ငါတို့ ကောင်းကင်ကျောက်တုံးတွေ ပြန်ရှာလို့ရပါတယ်ကွာ။ နတ်ဘုရားငိုကြွေးသံတစ်သံက ငါ့ကို နောက်ထပ် ဝိညာဉ်ဓား(၃)ချောင်း ထပ်ခွဲထုတ်နိုင်စေခဲ့တယ်။ တစ်နှစ်ကြာရင် ငါ့မှာ ဝိညာဉ်ဓား(၇၂)ချောင်းလောက်ရှိလာမှာပဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်လည်း တိုးတက်လာလောက်တယ်”
***