လုံးဝမဖြစ်နိုင်
Vol. 55 Ch. 761
နတ်ဘုရားငိုကြွေးသံဆေးလုံး ငါးလုံးကျန်သေးဖြင့် ကျန်းရီတို့ နောက်နှစ်လ တောင့်ခံနိုင်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ မလောပေ။ သူသည် ညတိုင်း အတွင်းအား ကျင့်ကြံခဲ့ပြီး နံနက်နိုးလာသည်နှင့် ဖုန်းလန်၊ ချင်းယွီ၊ ကျန်းရှောင်နူနှင့် အခြားသူများကို အဖော်ပြုပေး၏။ ထို့နောက်တွင် သူသည် ပန်းချီဆွဲလေ့ကျင့်၏။ ယခုတွင် သူသည် ကောင်းကင်ပန်းချီကားကို အသေးစိတ်ရေးဆွဲရန် မကြိုးစားတော့ပေ။ ထိုအစား သူသည် စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲကာ သူ၏ပန်ချီစွမ်းရည်ကို တိုးတက်အောင် လုပ်ခဲ့သည်။ နေ့လယ်ပိုင်းတွင်မူ သူသည် အတွင်းအား ဆက်ကျင့်ကြံပြီး တာအိုပုံသဏ္ဌာန် သို့မဟုတ် မှော်ကျင့်စဉ်များကို လေ့လာ၏။
ကျန်းရီသည် သူ၏တစ်နေ့တာကို အချည်းနှီးမဖြစ်စေပေ။ ကျန်းရှောင်နူက လဝက် အနားယူပြီးနောက် ဆက်၍ အခန်းအောင် ကျင့်ကြံလိုက်၏။ သူမ ပိုသန်မာလာလျှင် ကျန်းရီကို ပို၍ကူညီပေးနိုင်မည် ဖြစ်ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။ ထိုအခါ ကျန်းရီ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးသည် သိပ်လေးလံတော့မည် မဟုတ်ပေ။
ချမ်ဝမ်ကွမ်းသည်လည်း အခန်းအောင် ကျင့်ကြံနေ၏။ သူသည် စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်ကို နောက်ဆုံးအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူသာ ၎င်းကို အပြည့်အဝ နားလည်တတ်မြောက်သွားလျှင် ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ ထိုမျှလောက်အင်အားက ကျန်းရီအတွက် အသုံးမဝင်သော်လည်း သူ၏ အသက်ကို ရှည်စေပေလိမ့်မည်။ ထို့ပြင် အားလုံးက အခန်းအောင်းကျင့်ကြံခြင်း သို့မဟုတ် အနားယူခြင်းတို့ဖြင့် အချိန်ကုန်နေကြသဖြင့် ကျန်းရီသည် သူတို့ကို အဖော်ပြုပေးရန် မလိုတော့ပေ။
ကျန်းရီ၏ အတွင်းအား ကျင့်ကြံခြင်းက အလွန်လျင်မြန်၏။ သို့သော် သူ၏တာအိုပုံသဏ္ဌာန်တွင်တော့ မည်သည့်တိုးတက်မှုမှ ရှိမလာပေ။ သူသည် ကျန်နေသေးသော အဆင့်နိမ့် တာအိုပုံသဏ္ဌာန်သုံးခုအား မည်သို့ ပေါင်းစည်းရမည်ကို မသိသေးချေ။ သို့ရာတွင် သူ၏ ကိုယ်ပွားအသင်္ချေက တစ်နည်းနည်းဖြင့် ထပ်မံ တိုးတက်လာ၏။ သူသည် ကိုယ်ပွားငါးရာပင် ဖန်တီးနိုင်ပေပြီ။
“ထားလိုက်တော့... ဒီမှော်ကျင့်စဉ်က ဒီအဆင့်လောက်ဆို လုံလောက်ပါပြီ။ ကိုယ်ပွားတွေ ထပ်ထုတ်နိုင်လည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး”
ရက်နှစ်ဆယ်ကြာပြီးနောက် ကျန်းရီသည် ကောင်းကင်ဖျက်မီးကျင့်စဉ်ကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူသာ ယန်ကိုးပါးမီးလျှံစစ်ကို သန့်စင်နိုင်ပြီး ကောင်းကင်ဖျက်မီးကျင့်စဉ်ကို အထွတ်အထိပ်ထိ ကျင့်ကြံပြီးသွားပါက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ကိုပင် ပြာချပစ်နိုင်မည်ဖြစ်သည်။ ဤနှစ်များအတွင်း၌ ကျန်းရီသည် မှော်ကျင့်စဉ်များကို မပြတ်ကျင့်ကြံခဲ့၏။ သို့သော် တိုးတက်မှုက အလွန်နှေးကွေးခဲ့၏။ လက်ရှိတွင် သူသည် မြေမီးတောက်ကိုသာ ထုတ်နိုင်ပေသည်။
ကျန်းရီသည် အတွင်းအား ကျင့်ကြံရင်း ကောင်းကင်ဖျက်မီးကျင့်စဉ်ကိုလည်း ကျင့်ကြံလိုက်၏။ သူက သူ၏နေ့ရက်များကို သက်တောင့်သက်သာ ဖြတ်သန်းနေသည်။ သူသည် စုလောရွှယ်နှင့် ရီဖျောင်ဖျောင်တို့ကို မေ့လျော့နေရန် သူ့ကိုယ်သူ ဖိအားပေးထား၏။ သူသည် သူ့ဘဝအတွင်းရှိ အရေးအပါဆုံး ထိုအမျိုးသမီးနှစ်ယောက်အကြောင်းကို တွေးမိလျှင် ရင်နာလာတတ်ပေသည်။ ထိုအခါ သူ၏စိတ်ကလည်း အလွန်ပရမ်းပတာ ဖြစ်လာပြီး ဆက်၍ ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။ ယင်းက အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အချိန်တစ်လ ကုန်ဆုံးသွားပြီး လပြည့်ည ပြန်ရောက်လာလေသည်။ မျှော်လင့်ထားသလိုပင် နတ်ဘုရားငိုကြွေးသံ ထွက်ပေါ်လာ၏။ ကျန်းရီတို့အားလုံး ထပ်မံ စုဝေးလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ချမ်ဝမ်ကွမ်းနှင့် ချင်းယွီတို့သည် ခဲမှန်ဖူးသောစာသူငယ်လေးများကဲ့သို့ နတ်ဘုရားငိုကြွေးဆေးလုံးကို ကြိုသောက်ထားကြ၏။ ယာ့ဇီသားရဲနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကလည်း ချက်ချင်း ဆေးလုံး သောက်လိုက်ကြသည်။ ကျန်းရှောင်နူက မြေခွေးလေး ရှောင်ဖေးကို ပိုက်၍ ကျန်းရီဘေးတွင် တိတ်တဆိတ် ထိုင်နေသည်။ ကျန်းရီသည် ခန်းမထဲတွင် ထိုင်၍ နတ်ဘုရားငိုကြွေးသံ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အာရုံစိုက်၍ ခုခံနေလေသည်။
မျှော်လင့်မထားသည့် ကိစ္စတစ်ခုမှ ဖြစ်မလာပေ။
ကျန်းရီက လေးနာရီကြာ တောင့်ခံခဲ့၏။ ဤတစ်ကြိမ်တွင် သူ၏ပင်မစိတ်ဝိညာဉ်က နောက်ထပ် ဝိညာဉ်ဓား(၃)ချောင်း ထပ်ခွဲထုတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်ဓားအရေအတွက်မှာ (၄၂)ချောင်း ဖြစ်သွားပေပြီ။ သူသည် တိုက်ခိုက်မှုများကို ခုခံနေစဉ်အတွင်း ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ထူးဆန်းသောအသံ၏ အရင်းအမြစ်ကို ရှာခဲ့၏။ သို့သော် သူ ဘာမှ မတွေ့ခဲ့ရပေ။ ထိုနတ်ဘုရားငိုကြွေးသံနှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် အမှန်ပင် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့်ပုံပင်။
ဟူး...ဟူး...
ကျန်းရီသည် လေးနာရီကြာအောင် စိတ်နှစ်၍ တောင့်ခံခဲ့ပြီးနောက်တွင် အလွန်ပင်ပန်းနွမ်းနယ်သွားသဖြင့် မျက်လုံးများမှိတ်ကာ တစ်နာရီကြာ အနားယူလိုက်၏။ ပြီးနောက်မှ သူ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူ့နောက်တွင် အားလုံး အကောင်းအတိုင်း ရှိနေကြောင်း တွေ့လိုက်မျှ သူ စိတ်အေးသွားသည်။
“ခေါင်းဆောင်...”
ရုတ်တရက် ချမ်ဝမ်ကွမ်းက အသံပို့လွှတ်လိုက်၏။
“ကျုပ်တို့ အခန်းတစ်ခုထဲ ခဏလောက် သွားလို့ရမလား”
“အာ...”
ကျန်းရီက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်၏။ သူ ထရပ်လိုက်ပြီး အားလုံးကို ပြန်လွှတ်လိုက်ကာ ချမ်ဝမ်ကွမ်းနှင့်အတူ သူ့အခန်းထဲသို့ ဝင်သွားလိုက်သည်။
“ခေါင်းဆောင်...”
ချမ်ဝမ်ကွမ်းက သူတို့ ဝင်သွားသည်နှင့် အခန်း၏ အကာအရံကို နှိုးလိုက်၏။ ထို့နောက် သူ အသံပို့လွှတ်လိုက်သည်။
“နတ်ဘုရားငိုကြွေးဆေးလုံးတွေက ဈေးကြီးလွန်းတယ်။ ရွှေရောင်မျောလွင့်နဂါးနဲ့ ယာ့ဇီသားရဲကို... အဲ့ဒါ လုပ်ရင်ဘယ်လိုလဲ”
“အဲ့ဒါလား”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာနီလာ၏။ ထို့နောက် သူ ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ဝမ်ကွမ်း... ရွှေရောင်မျောလွင့်နဂါးနဲ့ ယာ့ဇီသားရဲ့က မိစ္ဆာသားရဲတွေဆိုပေမယ့် ငါ့ရဲ့ ဝိညာဉ်သားရဲတွေပဲ။ မင်း ငါ့ကို သူတို့ကို သတ်စေချင်တာဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး”
“ကျုပ်က ခေါင်းဆောင်ကို သူတို့ကို သတ်ခိုင်းတာ မဟုတ်ပါဘူး”
ချမ်ဝမ်ကွမ်းက မျက်လုံးပင့်ကာ ရှင်းပြလိုက်၏။
“ကျုပ် ဆိုလိုတာက သူတို့ကို လွတ်လပ်ခွင့်ပေးလိုက်ပြီး အပြစ်သားကျွန်းအပြင်ဘက်ကို ရောက်မယ့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးအပေါ် တင်ပေးလိုက်စေချင်တာပါ။ သူတို့ ကျုပ်တို့နောက်ကို လိုက်လာလည်း ဘာမှ သိပ်အသုံးမဝင်ဘူးမလား။ သူတို့ရှိနေတာက ကျုပ်တို့အတွက်လည်း မကောင်းသလို သူတို့အတွက်လည်း မကောင်းဘူးလေ”
“အို့.. အဲ့လိုလား”
ကျန်းရီ၏ အသားအရေ ပြန်ကောင်းလာ၏။ ရွှေရောင်မျောလွင့်နဂါးနှင့် ယာ့ဇီသားရဲတို့သည် သူ၏ဝိညာဉ်သားရဲများဖြစ်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခဲ့သည်မှာ ကြာပြီဖြစ်၍ သူတို့ကြားတွင် သံယောဇဉ်လေးများ ရှိလာပြီဖြစ်သည်။ အထူးသဖြင့် သူသည် ယာ့ဇီသားရဲအပေါ် သံယောဇဉ်ပိုရှိပေသည်။ ယာ့ဇီသားရဲ၏ လက်ရှိအစွမ်းက အလွန်နည်းပြီး သူ့အတွက် အသုံးမဝင်သော်လည်း ကျန်းရီသည် ၎င်းကို စွန့်ပစ်ရန် တစ်ခါမှ မတွေးခဲ့ဖူးချေ။
“သူတို့ကို လွတ်လပ်ခွင့်ပေးပြီး အဝေးကို ပို့ပစ်ရမှာလား”
ကျန်းရီက ထိုကိစ္စကို တွေးလိုက်ပြီး ပြန်ပြောလိုက်၏။
“ယာ့ဇီသားရဲအတွက် ငါတို့နောက်ကို လိုက်လာတာက ပိုကောင်းလိမ့်မယ်။ ရွှေရောင်မျောလွင့်နဂါးအတွက်ကတော့ သူ့သဘောထားကို အရင်မေးကြည့်ကြတာပေါ့။ တကယ်လို့ သူ ထွက်သွားချင်ရင် ငါ သူ့ကို သူ့ရဲ့ဝိညာဉ်အမှတ်အသား ပြန်ပေးလိုက်မယ်။ ပြီးရင် သူ့အတွက် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး စီစဉ်ပေးလိုက်မယ်”
“ကောင်းပါပြီ၊ ကျုပ် ရွှေရောင်မျောလွင့်နဂါးကို ဒီကို ခေါ်လိုက်ပါမယ်”
ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ ဤသို့အဆုံးသတ်သွားမည်ကို သူသိ၏။ ကျန်းရီက သစ္စာတရားကို တန်ဖိုးထားသည်။ သူသည် သူ့ရန်သူများအပေါ် ရက်စက်နိုင်သော်လည်း သူ့လူများအတွက်ဆိုလျှင် ကိုယ်တွင်းအင်္ဂါများပင် ထုတ်ပေးနိုင်သူဖြစ်သည်။
“ရွှေရောင်မျောလွင့်နဂါး”
ချမ်ဝမ်ကွမ်းက ရွှေရောင်မျောလွင့်နဂါးကို လှမ်းခေါ်လိုက်သည်။ ကျန်းရီက ရှင်းရှင်းပင် ပြောလိုက်သည်။
“ငါ မင်းကို ရွေးစရာနှစ်ခု ပေးမယ်။ ပထမတစ်ခုက ငါ့နောက်ကို ဆက်လိုက်ဖို့၊ တကယ်လို့ တစ်နေ့မှာ ငါအောင်မြင်လာရင် မင်းကို မမျှမတဆက်ဆံမှာ မဟုတ်ဘူး။ ဒုတိယတစ်ခုက ငါ မင်းကို လွတ်လပ်ခွင့်ပေးပြီး ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး စီစဉ်ပေးပြီးတော့ အပြစ်သားကျွန်းအပြင်ကို ပို့ပေးမယ်”
ရွှေရောင်မျောလွင့်နဂါးသည် ကျန်းရီက သူ၏လွတ်လပ်ခွင့်ကို ဤမျှမြန်မြန် ပြန်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွား၏။ သူ ခေါင်းငုံကာ အချိန်အတော်ကြာ တွေးတောနေ၏။ နောက်ဆုံးတွင် သူ ခေါင်းခါလိုက်လေသည်။
“သခင်လေး.. ကျွန်တော် သခင်လေးနောက်ကို ဆက်လိုက်ပါမယ်။ ဒီရှန်းစီမြို့ထဲမှာ ကျွန်တော့်ရဲ့ ကျင့်ကြံနှုန်းက အများကြီး တိုးတက်လာပါတယ်”
“ကောင်းပြီ... အပြင်မှာနေပြီး ငါတို့ကို ဆက်ကာကွယ်ပေးနေပါ”
ကျန်းရီက ရွှေရောင်မျောလွင့်နဂါးကို ပခုံးပုတ်လိုက်ပြီး အပြင်သို့ ပြန်ပို့လိုက်သည်။ ချမ်ဝမ်ကွမ်းက စိတ်ပျက်ဟန်ဖြင့် မျက်ခုံးပွတ်လိုက်၏။ ထို့ကြောင့် ကျန်းရီ ပြုံးလိုက်သည်။
“ဝမ်ကွမ်း... စိတ်မပူပါနဲ့။ နောက်ကျရင် ငါ့ရဲ့ ပန်းချီစွမ်းရည်က တိုးတက်လာမှာပါ။ ဒီရက်ပိုင်းအတွင်း ငါ မင်းအတွက် အဆင့်မြင့် ကောင်းကင်ပန်းချီကားတစ်ချပ် ဆွဲပေးပါမယ်။ မင်း အဲ့ဒါကို အပြင်ယူသွားပြီး ရောင်းလိုက်ပေါ့”
“ဟုတ်”
ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ အပြင်သို့ ထွက်သွား၏။ ထို့နောက် သူသည် ပန်းချီကားများ ရောင်းရန်ကိစ္စအတွက် ဖုန်းလန်နှင့် အသေးစိတ် ဆွေးနွေးလိုက်လေသည်။ ကျန်းရီကမူ အခြားအခန်းတစ်ခုသို့ သွားလိုက်၏။ သူသည် ပန်းချီကားအကြောင်း ပြောပြီးနောက်တွင် စိတ်ဓာတ်တက်ကြွလာခဲ့သည်။ ယနေ့တွင် သူ ပန်းချီကားကောင်းကောင်းအချို့ ဆွဲနိုင်၊ မဆွဲနိုင်ကို စမ်းကြည့်လိုနေသည်။
ချင်းယွီက သူ့အတွက် မင်သွေးပေးလို၏။ သို့သော် ကျန်းရီက လက်ယမ်း၍ သူမကို သူ့အနားသို့ မကပ်လာရန် အချက်ပြလိုက်သည်။ သူသာ ယခင်ကလို စက်တစ်ခုကဲ့သို့ ရေးဆွဲလျှင် သူ၏ပန်းချီကားက မည်သို့မှ ကောင်းမည် မဟုတ်ပေ။ သူ ပန်းချီကားကောင်းတစ်ချပ် ဆွဲလိုလျှင် စိတ်နှစ်၍ ရေးဆွဲရပေမည်။
ပန်းချီဆွဲခြင်းမှာ သီချင်းဆိုခြင်း၊ တူရိယာတီးမှုတ်ခြင်းတို့နှင့် မကွာပေ။ အကယ်၍ ထိုအလုပ်များကို ခံစားချက်မပါဘဲ လုပ်ပါက မည်မျှအရည်အချင်းရှိစေကာမူ အသက်ဝင်သော တေးသွားကို သီဆို၊ တီးမှုတ်နိုင်မည်မဟုတ်ပေ။ ခံစားချက်ထည့်ကာ စိတ်နှစ်၍ လုပ်ပါမှ အသက်ဝင်သော အနုပညာတစ်ခုကို ရမည်ဖြစ်သည်။ ခံစားချက်ထည့်ထား၍ သီဆို၊ တီးမှုတ်လျှင် အရည်အချင်းတွင် လိုအပ်ချက်များရှိနေလျှင်ပင် သဘာဝ၏အသံကဲ့သို့ သာယာပေလိမ့်မည်။
ကျန်းရီသည် စုတ်တံကို လက်တစ်ဘက်ဖြင့် ကိုင်ထား၏။ သို့သော် သူ စမဆွဲသေးပေ။ သူသည် မျက်လုံးများမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ သူသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေ၏။ မကြာခင်မှာပင် သူ၏ခေါင်းထဲတွင် ပုံရိပ်များ ထွက်ပေါ်လာလေသည်။
“အမေ...”
ပထမဦးဆုံး သူ၏အတွေးထဲတွင် အလွန်ကျက်သရေရှိသော မိန်းမလှတစ်ယောက် ထွက်ပေါ်လာ၏။ ရီဖျောင်ဖျောင်တစ်ယောက် သူမ၏ နတ်စွမ်းရည်ကိုသုံး၍ ပုံရိပ်ယောင်ထဲတွင် ချန်ထားခဲ့သော စကားများကို သူ ပြန်တွေးလိုက်သည်။
“အမေ့ရဲ့သားလေး... အမေက ရီဖျောင်ဖျောင်ပါ။ သားရဲ့ အသုံးမကျတဲ့ အမေပါ။ သားလေး... တကယ်လို့ အမေတို့ ဒီတစ်သက်မှာ ပြန်မတွေ့နိုင်တော့ဘူးဆိုရင် ဝမ်းမနည်းပါနဲ့။ ဒါက ကောင်းကင်ကပေးထားတဲ့ အမေတို့ရဲ့ ကံကြမ္မာပဲ... အမေက သားကို အမြဲချစ်၊ အမြဲလွမ်းပြီး သားအကြောင်းကို အမြဲတွေးနေမှာပါ...”
ကျန်းရီ၏စိတ်ထဲတွင် ကြင်နာသော စကားများ ပဲ့တင်ထပ်နေ၏။ သူ၏မျက်နှာပေါ်တွင် အလွန်လွမ်းဆွတ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုစဉ်အတွင်း သူ၏လက်က အနီရောင်အတွင်းအား လင်းလက်လာ၏။ နောက်ဆုံးတွင် သူသည် စုတ်တံကို စတင် လှုပ်ရှားလိုက်လေသည်။
ကျန်းရီ၏စုတ်တံက ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ မြွေတစ်ကောင်လို လှုပ်ရှားနေသည်။ ကျန်းရီသည် စက္ကူပေါ်တွင် အစက်များ ချလိုက်ပြီး ထိုအစက်များကို လိုက်ဆက်လိုက်၏။ စုတ်ချက်အနည်းငယ် ရေးဆွဲပြီးနောက်တွင် အဖြူရောင်စက္ကူပေါ်တွင် အလွန်လှပသောမိန်းမလှတစ်ဦး၏ပုံ ထွက်ပေါ်လာလေသည်။ ထိုငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီးသည် အသက်ရှူမှားလောက်သည့် ခံစားချက်ကို မပေးဘဲ ကြည့်ရှုသူများကိုလည်း တဏှာစိတ် ဖြစ်မသွားစေပေ။ သို့သော် ထိုပန်းချီကားကို တစ်ချက်ကြည့်လိုက်ရုံနှင့် ရင်ထဲတွင် သိမ့်ခနဲ ဖြစ်သွားနိုင်ပေသည်။ အထူးသဖြင့် ထိုအိမ်ထောင်ရှင် မိန်းမပျို၏ နှုတ်ခမ်းစွန်းမှ အပြုံးသဲ့သဲ့က အလွန်သိမ်မွေ့၏။ ထိုအပြုံးသည် လူတစ်ယောက်၏ နက်ရှိုင်းသောစိတ်ဒဏ်ရာများကို ကုသပေးနိုင်သကဲ့သို့ပင်။
ဖြောက်...ဖြောက်...
ဖုန်းလန်နှင့် ချင်းယွီတို့ အနောက်တွင် ရောက်နေသည်ကို ကျန်းရီ မသိခဲ့ပေ။ သူမတို့နှစ်ယောက်စလုံးက မည်သည့်အသံမှ မပြုခဲ့ကြချေ။ ထိုအခိုက်တွင် သူမတို့သည် ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး တုန်ရင်နေကြလေသည်။
ဖုန်းလန်နှင့် ချင်းယွီတို့၏ မျက်လုံးလေးများက တလက်လက် တောက်ပနေ၏။ မျက်ရည်များကလည်း စမ်းချောင်းလေးတစ်ခုကဲ့သို့ စီးကျနေသည်။ ထိုမျက်ရည်စလေးများ ကြမ်းပြင်ပေါ်သို့ ကျသွားသောအခါ ဖြောက်ဖြောက်ဟူ၍ အသံသဲ့သဲ့ ထွက်ပေါ်လာ၏။ သူမတို့နှစ်ယောက်စလုံးသည် ထိုပန်းချီကားကို ကြည့်မိသောအခါ သူမတို့၏ အမေနှင့် ဖီးနစ်အော်သံနယ်မြေတွင် နေထိုင်နေသည့် ဆွေမျိုးများကို သတိရသွားကြလေသည်။ ဤပန်းချီကားသည် မရေမတွက်နိုင်သော မှတ်ဉာဏ်များကို နှိုးဆွပေးနိုင်သည့် ဖော်ပြ၍မရနိုင်သော မှော်စွမ်းအားတစ်ခုကို ပိုင်ဆိုင်သကဲ့သို့ပင်။
***