ငါ မင်းရဲ့ခွေးဘဝကို အဆုံးသတ်ပစ်မယ်
Vol. 55 Ch. 763
“တခြားကိစ္စမရှိတော့ရင် နောက်သုံးလနေမှ ပြန်လာခဲ့ပါ”
ကြီးကြပ်သူက ချမ်ဝမ်ကွမ်း နှုတ်ဆိတ်နေသည်ကို တွေ့သောအခါ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ ဤမြို့တွင် လေလံအိမ်တစ်ခုပဲ ရှိသည့်အပြင် စစ်ထူမျိုးနွယ်သည် မျိုးနွယ်ကြီးလေးခုထဲမှ တစ်ခုဖြစ်သဖြင့် ဤကြီးကြပ်သူက စိတ်ကြီးဝင်နိုင်စွမ်းရှိ၏။
ချမ်ဝမ်ကွမ်း ဒေါသထွက်သွား၏။ သူ့မျက်လုံးများ အရောင်လက်သွားပြီး သူ ပြောလိုက်သည်။
“ခင်ဗျားတို့မှာရှိတဲ့ ကောင်းကင်ပန်းချီကားတွေက ဘယ်လိုမျိုးလဲ။ ကျုပ်ရဲ့ ပန်းချီကားတစ်ချပ်က ခင်ဗျားတို့ရဲ့ ကောင်းကင်ပန်းချီကား ရာကျော်ကို ချက်ချင်း လွှမ်းမိုးပစ်နိုင်တယ်။ ခင်ဗျား မယုံရင် ခင်ဗျားတို့ရဲ့ အနုပညာရာဖြတ်ကို လာကြည့်ခိုင်းလိုက်”
“အန်...”
ကြီးကြပ်သူ၏မျက်လုံးများ အေးစက်သွား၏။ ထိုကောင်းကင်ပန်းချီကား ရာကျော်ကို သေချာပေါက် မိုးလောက်မြင့်သော ဈေးနှုန်းဖြင့် လေလံပစ်နိုင်မည်ဖြစ်ကြောင်း သူသိပေသည်။ ဤလူက စကားကြီး၊ စကားကျယ်များ ပြောနေခြင်းလော။ ဗာဂျရာအဆင့် သိုင်းသမားလေးက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေခြင်းလော။
ဤနေရာသည် စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်း မဟုတ်ပါက ကြီးကြပ်သူသည် ချမ်ဝမ်ကွမ်းကို ဆွဲထုတ်ခိုင်းလိုက်ပြီဖြစ်သည်။ သူ ခေတ္တမျှ တွေးလိုက်ပြီး ခနဲ့စကားဆိုလိုက်၏။
“တကယ်လို့ ဒီပန်းချီကားသုံးချပ်က ဘာမှမတန်ဘူးဆိုရင်... ကျုပ်တို့ ဘာလုပ်ရမလဲ”
ချမ်ဝမ်ကွမ်းသည် သူ့ကိုယ်သူ ဤအခြေအနေသို့ ရောက်စေလိုက်ပြီဖြစ်၍ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းမာမာဖြင့်ပင် ဆက်ပြောလိုက်သည်။
“အဲ့ဒါတွေက အဖိုးမတန်ဘူးဆိုရင် ခင်ဗျား ကျုပ်ကို ကြိုက်တာလုပ်နိုင်တယ်”
“ကောင်းပါပြီ”
ကြီးကြပ်သူက ထရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“အဲ့ဒါတွေက တကယ်ပဲ အဖိုးတန်တယ်ဆိုရင် ကျုပ် ဧည့်သည်တော်ကို အလကား လေလံပစ်ခွင့် ပေးပါမယ်။ တကယ်လို့ အဲ့ဒါတွေက ကောင်းကင်ကျောက်တုံး သန်းသုံးရာ မတန်ဘူးဆိုရင်တော့ ဧည့်သည်တော် ဒီနေရာကနေ တွားသွားပြီး ထွက်သွားရပါမယ်။ တစ်ယောက်ယောက်... ပန်းချီကားတွေကို တန်ဖိုးဖြတ်ဖို့ အဘိုးလောင်ကို သွားခေါ်လိုက်”
ကြီးကြပ်သူက အလွန်ရှင်းလင်းစွာ ပြောလိုက်သည်။ အကယ်၍ ဤကောင်းကင်ပန်းချီကားများသာ အဖိုးတန်လျှင် ၎င်းတို့ကို အလကား လေလံပစ်ခွင့် ရပေမည်။ အကယ်၍ ၎င်းတို့သာ သန်းသုံးရာ မတန်လျှင် ကြီးကြပ်သူက ချမ်ဝမ်ကွမ်း၏ ခြေထောက်များကို ရိုက်ချိုး၍ သူ့ကို တွားသွားထွက်သွားစေမည်ဖြစ်သည်။
ချမ်ဝမ်ကွမ်း နှုတ်ခမ်းတွန့်သွားသည်။ ခြေထောက်အချိုးခံရခြင်းမှာ အသေးအဖွဲလေးပင်။ သို့သော် ကုန်သည်အဖွဲ့အစည်းက လူများ ပြည့်နှက်နေသောနေရာတစ်ခုဖြစ်သည်။ သူသာ ထိုသို့ တွားသွားထွက်သွားပါက သေချာပေါက် အရှက်ဗြန်းဗြန်းကွဲပေလိမ့်မည်။ သူသည် လှောင်ပြောင်မည့် မျက်နှာထားများကို တွေးမိသွားသောအခါ ခန္ဓာကိုယ် တောင့်တင်းသွားသည်။
“ဒီပန်းချီကားတွေက တကယ်ပဲ သန်းသုံးရာ တန်ပါ့မလား”
ချမ်ဝမ်ကွမ်း မသိပေ။ ဖုန်းလန်နှင့် ကျန်းရီတို့က သူ့ကိုကစားနေခြင်း မဟုတ်ပါစေနှင့်ဟုသာ သူ မျှော်လင့်နိုင်ပေသည်။ မဟုတ်လျှင် သူ အရှက်ဗြန်းဗြန်းကွဲရပေတော့မည်။
ရှပ်...ရှပ်...ရှပ်...
မကြာခင်တွင် အပြင်မှနေ၍ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် လျှောက်ဝင်လာ၏။ ထိုအဘိုးအိုသည် အမှန်ပင် အိုမင်းနေပေပြီ။ သူ၏မုတ်ဆိတ်ဖြူများက သူ့ရင်ဘတ်ထိပင် ရှည်နေပြီး သူ၏မျက်လုံးများကလည်း ညစ်ထေးနေသည်။ သူက လဲကျမည်ကို စိုးရိမ်သည့်အလား ခပ်ဖြေးဖြေးပင် လျှောက်လာ၏။
အသက်လတ်ပိုင်း ကြီးကြပ်သူက အဘိုးအိုဆီ ခပ်သွက်သွက်သွား၍ တွဲလိုက်၏။ ထိုအဘိုးအိုက အဆင့်အတန်း အလွန်မြင့်ပုံရလေသည်။ ထို့နောက် ကြီးကြပ်သူက ပြောလိုက်သည်။
“အဘိုးလောင်... ဒီပန်းချီကားသုံးချပ်ကို တန်ဖိုးဖြတ်ပေးပါဦး”
“သေတ္တာတွေ ဖွင့်လိုက်ပါ”
အဘိုးလောင်က လက်ဝှေ့ယမ်းလိုက်၏။ အခြွေအရံနှစ်ယောက်က ဇင်သစ်သားသေတ္တာများကို လျင်မြန်စွာ ဖွင့်လိုက်ကြသည်။ သူတို့က ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်ပြီး အစိမ်းရောင် သစ်သားစားပွဲပေါ်တွင် တင်လိုက်၏။ သူတို့အားလုံးသည် ပန်းချီကားကို ကြည့်လိုက်ပြီး မှင်တက်သွားကြ၏။
“ကောင်းလိုက်တဲ့ ပန်းချီကား”
ပန်းချီပညာကို ကောင်းစွာ နားမလည်သော ချမ်ဝမ်ကွမ်းသည်ပင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤပန်းချီကားက ပန်းချီကားကောင်းတစ်ချပ်ဖြစ်ကြောင်း ခံစားရပေသည်။ ဤပန်းချီကားသည် ကျန်းရီ၏ ယခင်ကပန်းချီကားများထက် အဆပေါင်းများစွာ ပိုကောင်း၏။ ဤပန်းချီကားကို ‘ဝမ်းနည်းမှု’ဟု ခေါ်၏။ ပန်းချီပုံမှာ ကျန်းပိုင်လီက ကောင်းကင်ရှိ ဧရာမလက်ဝါးရာကြီးထံ မတွန့်မဆုတ်သွားနေပုံဖြစ်သည်။ ထိုဧရာမလက်ဝါးရာကြီးတွင် အဖျက်အရှိန်အဝါပါရှိ၏။ ယင်းက ချမ်ဝမ်ကွမ်း၏ ဝိညာဉ်ကိုပင် တုန်ရင်သွားစေသည်။
“လော့ကဲအရှင်ကျန်း...”
ချမ်ဝမ်ကွမ်းသည် မျက်ရည်လွယ်သူတစ်ယောက် မဟုတ်ပေ။ သို့သော် ထိုပန်းချီကားကို တွေ့သောအခါ သူ ငိုချင်သလို ဖြစ်လာသည်။ ကျန်းပိုင်လီက ကျန်းရီအတွက် သေဆုံးသွားခြင်းဖြစ်ကြောင်း သူကြားခဲ့၏။ သို့သော် ထိုအကြောင်းကို ကျန်းရီက သေချာ မပြောပြခဲ့ပေ။ သို့သော် ယခုအခိုက်တွင် ကျန်းပိုင်လီ မည်သို့ သေဆုံးသွားကြောင်း သူ နားလည်သွားပေပြီ။
အဘိုးလောင်၏ ပိန်ပါးသောခန္ဓာကိုယ်လည်း တုန်ရင်သွား၏။ သူ၏ညစ်ထေးသော မျက်လုံးများကလည်း အရောင်လက်လာပြီး သူ၏လက်များ အတန်ငယ် တုန်သွား၏။ သူသည် ပန်းချီကားကို ထိကိုင်လိုနေပုံပင်။ သို့သော် သူ ကိုင်လိုက်လျှင် ပန်းချီကား ထိခိုက်သွားမည်ကို သူစိုး၏။ ထို့ကြောင့် သူ ဘာမှ မလုပ်ဝံ့ချေ။ သူ၏မျက်လုံးများက သူချစ်ခင်သော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ နူးညံ့နေ၏။ သူ၏နှုတ်ခမ်းများ တုန်ရင်လာပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။
“ကောင်းလိုက်တာ.. ကောင်းလိုက်တဲ့ ပန်းချီကား။ ဒီအဘိုးကြီးက ကျော်ကြားတဲ့ ပန်းချီကားတွေ အများကြီးကို မြင်ခဲ့ဖူးပြီ... ဗုဒ္ဓအရှင် ဆွဲတဲ့ ကောင်းကင်ပန်းချီကားကို မြင်ခဲ့ဖူးတဲ့အထိ ကံကောင်းခဲ့တယ်။ ဒါပေမဲ့ ဒီပန်းချီကားက အနည်းဆုံး ထိပ်တန်းပန်းချီကားဆယ်ချပ်ထဲ ဝင်မှာပဲ”
“ဟာ...”
ကြီးကြပ်သူက အနုပညာအကြောင်း မသိပေ။ သို့သော် တစ်ချက်၊နှစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုပန်းချီကားက အလွန်အဖိုးတန်ကြောင်း သူ ပြောနိုင်ပေသည်။ ထို့ပြင် အဘိုးရန်၏ တုံ့ပြန်ပုံက သူ့ကို ကြောက်ရွံ့သွားစေခဲ့သည်။ အဘိုးလောင်သည် သာမန် အနုပညာရာဖြတ်တစ်ယောက် မဟုတ်ပေ။ ယခင်က သူသည် စစ်ထူမျိုးနွယ်၏ အာဏာရှိ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ပြီး အထင်ကြီးဖွယ် သိုင်းစွမ်းအားကို ပိုင်ဆိုင်ပေသည်။ သို့သော် ယခုတွင် အဘိုးလောင်သည် အလွန်အသက်ကြီးပေပြီ။ ပြီးခဲ့သော နှစ်များအတွင်း၌ သူသည် အေးအေးလူလူသာ နေခဲ့၏။ သို့သော် သူ၏သားက စစ်ထူမျိုးနွယ်၏ လက်ရှိအကြီးအကဲ(၁၈)ယောက်ထဲမှ တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
စစ်ထူရန်သည် ဤကုန်သည်အဖွဲ့အစည်း၏ အတော်ဆုံးအနုပညာရာဖြတ်သုံးဦးထဲမှ တစ်ဦးဖြစ်၏။ သူသည် သူ့ဘဝတစ်လျှောက်တွင် ကျော်ကြားသောပန်းချီကားများစွာကို မြင်ခဲ့ဖူးပေပြီ။ သို့သော် သူက ဤပန်းချီကားသည် ထိပ်တန်းပန်းချီကားဆယ်ချပ်အတွင်း ဝင်နိုင်သည်ဟု ပြောခဲ့၏။ ထို့ကြောင့် ဤပန်းချီကားကို တန်ဖိုးမဖြတ်နိုင်တော့ပေ။
“မြန်မြန်.. တခြားပန်းချီကားနှစ်ချပ်ကိုလည်း ဖွင့်လိုက်”
အဘိုးအိုသည် ပန်းချီကားကို ခေတ္တမျှကြည့်ပြီးနောက် အခြွေအရံများကို လောဆော်လိုက်၏။ ထိုအခြွေအရံနှစ်ယောက်က အခြားဇင်သစ်သားသေတ္တာနှစ်ခုကို ဂရုတစိုက် ဖွင့်လိုက်သည်။ အဘိုးရန်က ကျန်ပန်းချီကား နှစ်ချပ်ကို ကြည့်လိုက်ပြီး ပို၍ပင် တုန်ရင်သွားလေသည်။ သူ လျင်မြန်စွာ ပြောလိုက်၏။
“လွမ်းဆွတ်မှု၊ ဝမ်းနည်းမှုနဲ့ ပြင်းပြမှုလား၊ ကောင်းတယ်..ကောင်းတယ်။ အနှိုင်းမဲ့ပဲ... တကယ့်ကို အနှိုင်းမဲ့ပဲ။ စစ်ထူဟုန် ဒီပန်းချီကားသုံးချပ်ကို လေလံပွဲဒုတိယပိုင်းရဲ့ နောက်ဆုံးမှာ လေလံပစ်ဖို့ စီစဉ်လိုက်ပါ။ ဒီပန်းချီကားသုံးချပ်က လေလံပွဲကို သေချာပေါက် ပိုကြီးကျယ်သွားစေမှာ။ မျိုးနွယ်ကလူတွေ လေလံပွဲမှာ ဝင်ပါလို့ မရဘူးဆိုတဲ့ မျိုးနွယ်စည်းမျဉ်းသာမရှိရင် ဒီအဘိုးကြီးရဲ့ စည်းစိမ်တွေ ကုန်ချင်ကုန်သွားပါစေ ဒီပန်းချီကားသုံးချပ်ကို ရအောင် ဝယ်မှာပဲ”
“ဒါက...”
စစ်ထူဟုန်၏ နှုတ်ခမ်းများတွန့်သွား၏။ သူသည် သူ့ကိုယ်သူ ပါးရိုက်ပစ်ချင်စိတ် ပေါက်နေပေသည်။ လေလံပွဲဒုတိပိုင်း၏ နောက်ဆုံးတွင် လေလံပစ်ရမည်လော။ ယင်း၏ အဓိပ္ပာယ်မှာ ဤပန်းချီကားသုံးချပ်က အမှန်ပင် အဖိုးမဖြတ်နိုင်သော ပန်းချီကားများဖြစ်သည်ဟူ၍ပင်။ လေလံပွဲ၏စည်းမျဉ်းအရ လေလံဈေး၏ ဆယ်ရာခိုင်နှုန်းကို လေလံအိမ်က ရ၏။ ထိုမှရသော ဝင်ငွေက မနည်းပေ။
ချမ်ဝမ်ကွမ်း အလွန်ဝမ်းသာအားရဖြစ်သွား၏။ ဖုန်းလန်က သူ့ကို မလိမ်ခဲ့ချေ။ ဤတစ်ခေါက်တွင် သူတို့ အမှန်ပင် အကျိုးအမြတ်ကြီးကြီး ရတော့မည်ဖြစ်သည်။ သူက အဘိုးရန်နှင့် စစ်ထူဟုန်တို့ကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကြီးကြပ်သူ... ဒီပန်းချီကားသုံးချပ်ကာ သန်းသုံးရာတန်တယ်မလား။ အစောက ခင်ဗျားပြောခဲ့တဲ့ အလကားလေလံပစ်ခွင့်ဆိုတာ အကျုံးဝင်သေးတယ်မလား။ တကယ်လို့ ကျုပ် အဲ့ဒါတွေကို လေလံပစ်ခွင့်မရရင်လည်း တခြားကုန်သည်အဖွဲ့အစည်းတွေကို သွားရှာရမှာပဲ”
“ဘာ...”
အဘိုးရန်က ချမ်ဝမ်ကွမ်း၏စကားကို ကြားသောအခါ ဇောချွေးများ ပြန်လာပြီး စစ်ထူဟုန်ကိုကြည့်၍ ပြောလိုက်၏။
“ဒီပန်းချီကားတွေကို လေလံပစ်လို့ မရဘူးဆိုရင်... ဘယ်ရတနာတွေကို လေလံပစ်နိုင်ဦးမှာလဲ။ စစ်ထူဟုန် မင်း ရူးနေသလား။ အလကားလေလံပစ်ခွင့်ဆိုတာကရော ဘာလဲ”
စစ်ထူဟုန် မျက်နှာပျက်သွား၏။ ယခုတွင် သူ သေချင်စိတ်ပင် ပေါက်နေပေသည်။ သူက အဘိုးရန်ကို တောင်းပန်သည့်အပြုံးဖြင့်ကြည့်လိုက်ပြီး အသံပို့လွှတ်ကာ အခြေအနေကို ရှင်းပြလိုက်သည်။ ထို့နောက် သူသည် ချမ်ဝမ်ကွမ်းဘက်လှည့်ကာ လက်ဆုပ်၍ ပြောလိုက်၏။
“ဂုဏ်သရေရှိဧည့်သည်တော်ခင်ဗျာ... ကျုပ်က မသိတတ်လို့ ဂုဏ်သရေရှိဧည့်သည်တော်ကို လျစ်လျူရှုခဲ့မိပါတယ်။ ကျုပ်တို့စစ်ထူကုန်သည်အဖွဲ့အစည်းက ဒီပန်းချီကားသုံးချပ်ကို လက်ခံပြီး လေလံပွဲဒုတိယပိုင်းရဲ့ နောက်ဆုံးမှာ လေလံပစ်ပေးဖို့ အာမခံပါတယ်။ အဲ... လေလံပစ်ပေးခကတော့...”
“ကျုပ်တို့ လေလံပစ်ခပေးပါမယ်”
ချမ်ဝမ်ကွမ်းက ခေတ္တမျှ တွေးလိုက်ပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ကျုပ် ကောင်းကင်ကျောက်တုံး သန်းသုံးရာ ကြိုယူထားချင်တယ်”
“ကောင်းပါပြီ.. ပြဿနာမရှိပါဘူး။ တစ်ယောက်လောက်လာစမ်း.. ဒီဂုဏ်သရေရှိဧည့်သည်တော်ကို ခေါ်သွားပြီး လုပ်ထုံးလုပ်စဉ်တွေ ကူညီပြီးလုပ်ပေးလိုက်”
စစ်ထူဟုန်က နားရွက်တက်ချိတ်တော့မတတ် ပြုံးကာ ချမ်ဝမ်ကွမ်းကို တစ်စုံတစ်ခု ကမ်းပေး၏။
“ကျုပ် ဧည့်သည်တော်ကို အထူးဧည့်သည်တော်တံဆိပ်ပြားလည်း ပေးချင်ပါတယ်”
ချမ်ဝမ်ကွမ်းသည် အခြွေအရံနောက်သို့ ကျေနပ်သည့်မျက်နှာထားဖြင့် လိုက်သွား၏။ ပန်းချီကားများကို ဈေးမြင့်မြင့်ဖြင့် ရောင်းနိုင်လျှင် လေလံပစ်ပေးခ ပေးရသည်မှာ ပြဿနာမရှိချေ။ ရှန်းစီမြို့၏ စစ်ထူမျိုးနွယ်ကို အပြစ်ပြုမိခြင်းက ကောင်းသောအရာမဟုတ်ပေ။
“အသုံးမကျလိုက်တာ”
ချမ်ဝမ်ကွမ်း ထွက်သွားပြီးနောက်တွင် အဘိုးရန်က ကြီးကြပ်သူကို ဒေါသတကြီး ကြည့်လိုက်သည်။
“စစ်ထူဟုန်... မင်းက ကြီးကြပ်သူရာထူးက ပြုတ်ချင်နေပြီထင်တယ်”
“အဘိုးရန် ကျွန်တော့်ကို ခွင့်လွတ်ပေးပါ။ ကျွန်တော် တကယ်ပဲ ဒီကိစ္စမှာ အမှားလုပ်ခဲ့မိပါတယ်။ ကျွန်တော် မျိုးနွယ်ရဲ့ ခွင့်လွတ်မှုကိုလည်း တောင်းဆိုပါမယ်”
စစ်ထူဟုန်က တောင်းပန်တိုးလျှိုးစွာ ပြုံး၍ လက်နှစ်ဘက်ကို ရှေ့တွင် ထားကာ ဦးညွှတ်လိုက်သည်။ အဘိုးရန်သည် မျိုးနွယ်အတွင်းရေးကိစ္စများကို မဆောင်ရွက်တော့သော်လည်း သူတစ်ခွန်းပြောလိုက်ရုံနှင့် စစ်ထူဟုန် ရာထူး ပြုတ်သွားနိုင်ပေသည်။
စစ်ထူဟုန်က ပန်းချီကားသုံးချပ်ပေါ်မှ အမည်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်၏။
“အဘိုးရန်... ကျွန်တော့်မှာ အရေးတကြီး တင်ပြစရာ ရှိပါတယ်။ ပန်းချီကားသုံးချပ်ပေါ်မှာ ရေးထိုးထားတဲ့ နာမည်ကို ကြည့်လိုက်ပါ”
“ရီဖျောင်ဖျောင်... အဲ့ဒါက ဘာဖြစ်လို့လဲ”
အဘိုးရန်က တစ်ချက်ကြည့်လိုက်ပြီး မသင်္ကာဟန်ဖြင့် မေးလိုက်သည်။
စစ်ထူဟုန်သည် အတွင်းအားထုတ်၍ ခန်းမလေး၏ အကာအရံကို နှိုးလိုက်၏။ ထို့နောက်မှ သူ အသံပို့လွှတ်လိုက်လေသည်။
“အဘိုးရန်... မကြာသေးခင်တုန်းက ချွီမျိုးနွယ်ကလည်း လေလံပွဲအတွက် ပန်းချီကား အချပ်ခြောက်ရာ ပို့လိုက်ပါတယ်။ အဲ့ပန်းချီကားတွေအကုန်လုံးက ‘ပင်လယ်မှာ မီးတောက်ပေါက်’ ပန်းချီကားတွေချည်းပါပဲ။ အဘိုးရန်လည်း အဲ့အကြောင်းကို ကြားပြီးဖြစ်မှာပါ။ အဲ့ပန်းချီကားခြောက်ရာလုံးမှာ ရေးထိုးထားတဲ့ နာမည်ကလည်း... ရီဖျောင်ဖျောင်ပါပဲ”
“အန်...”
စစ်ထူရန်၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ အော်ပြောလိုက်သည်။
“မျိုးနွယ်ဆီ ချက်ချင်းသွားပြီး မျိုးနွယ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို တောင်းခဲ့။ ငါတို့ အဲ့လို ပါရမီရှင်တစ်ယောက်ကို ချက်ချင်း သိမ်းသွင်းရမယ်။ သူ့ကို တခြားမျိုးနွယ်တွေက သိမ်းသွင်းသွားရင် ငါ မင်းရဲ့ ခွေးဘဝကို အဆုံးသတ်ပစ်မယ်”
***