← Chapters

ရှန်းစီပွဲတော်

Vol. 55 Ch. 764

ရှန်းစီပွဲတော်

Vol. 55 Ch. 764

“ခြေရာခံတာ မအောင်မြင်ခဲ့ဘူး ဟုတ်လား။ အထူးဧည့်သည်တော်တံဆိပ်ပြားကို နန်ကုန်းမျိုးနွယ်ရဲ့ ကုန်သည်အဖွဲ့အစည်းထဲမှာ ချန်ထားခဲ့တာပေါ့လေ”

စစ်ထူကုန်သည်အဖွဲ့အစည်း၏ နောက်တွင် ဧရာမ ရဲတိုက်ခြံဝန်းတစ်ခုရှိ၏။ ထိုခြံဝန်းထဲတွင် ရဲတိုက်များ စီတန်း တည်ရှိနေသည်။ ယခုတွင် အကြီးဆုံးရဲတိုက်ထဲ၌ အညိုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဩဇာအရှိန်အဝါရှိသော အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်သည် စာကြည့်ခန်းထဲတွင် ထိုင်နေပေသည်။ သူက လေလံအိမ်၏ အသက်လတ်ပိုင်း ကြီးကြပ်သူ စစ်ထူဟုန်ကို ကြည့်နေ၏။

“မျိုးနွယ်ခေါင်းဆောင်... ကျွန်တော်က ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှ အသုံးမကျပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ”

စစ်ထူဟုန်က ခံစားချက်ကင်းမဲ့သော မျက်နှာထားရှိသည့် ဝတ်ရုံညိုနှင့် လူကို ဂရုတစိုက်ကြည့်လိုက်သည်။ ထိုအသက်လတ်ပိုင်းအမျိုးသားက စစ်ထူမျိုးနွယ်၏ ခေါင်းဆောင် စစ်ထူအောင်းဖြစ်သည်။

ရှန်းစီမျိုးနွယ်စု၏ မျိုးနွယ်ကြီးများဖြစ်စေ၊ မျိုးနွယ်ငယ်များဖြစ်စေ အားလုံး အတူတူပင်။ အကြီးအကဲအိုကြီးများသည် သာမန်ကိစ္စများတွင် ဝင်ပါခဲပြီး မျိုးနွယ်၏ သေရေး၊ရှင်ရေးနှင့် ပတ်သတ်သည့် ကိစ္စများတွင်သာ ဝင်ပါကြသည်။ ကျန်ကိစ္စများကို မျိုးနွယ်ခေါင်းဆောင်ကသာ ကိုင်တွယ်ဖြေရှင်းရပေသည်။

စစ်ထူဟုန်သည် စစ်ထူအောင်းက ဘာမှပြန်မပြောသည်ကို တွေ့သောအခါ မျက်လုံးများ အရောင်လက်သွားပြီး ဦးညွှတ်ကာ ခွင့်ပြုချက် တောင်းလိုက်လေသည်။

“မျိုးနွယ်ခေါင်းဆောင်...စုံစမ်းဖို့အတွက် လျှို့ဝှက်အဖွဲ့ကို စေလွှတ်ချင်ပါသလား။ အဘိုးရန်ပြောတာကတော့ အဲ့လူကို မြန်မြန် သိမ်းသွင်းရမယ်တဲ့”

“မင်းက ဘာမှ မသိဘူးပဲ။ လျှို့ဝှက်အဖွဲ့ကို သွားထိလို့မရဘူး”

စစ်ထူအောင်းက စစ်ထူဟုန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ လျှို့ဝှက်အဖွဲ့ကို သုံးတာကို တခြားမျိုးနွယ်တွေက သိသွားရင် အထင်လွဲမှုတွေ ဖြစ်လာလိမ့်မယ်။ နောက်သုံးရက်နေရင် ရှန်းစီပွဲတော် ကျင်းပတော့မှာ။ အရောင်းသမားတွေက သေချာပေါက် ကောင်းကင်ကျောက်တုံးတွေ ယူဖို့ ရောက်လာမှာပဲ။ ဒီကိစ္စကိုတော့ ရီရှောင်ကို စုံစမ်းခိုင်းလိုက်.. ပြီးတော့ ချိုချိုသာသာ ဆက်ဆံဖို့လည်း သူ့ကို ပြောလိုက်ဦး။ အခြေအနေတွေအားလုံးကို ညှိုနှိုင်းလို့ရတယ်... ငါတို့ အဲ့လူကို မသိမ်းသွင်းနိုင်ရင်တောင် သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရမယ်”

“သခင်လေးရီရှောင်လား”

စစ်ထူဟုန် ခေါင်းညိတ်လိုက်သည်။ စစ်ထူရီရှောင်သည် စစ်ထူမျိုးနွယ်၏ နံပါတ်တစ် သခင်လေးဖြစ်ပြီး အမှန်ပင် အဆင့်အတန်းမြင့်သူဖြစ်၏။ သူသည် ရှန်းစီမျိုးနွယ်စု၏ ထိပ်သီးသခင်လေးများထဲမှ တစ်ယောက်ဖြစ်သည်။ အကယ်၍ ဤကိစ္စကို စစ်ထူရီရှောင်ကိုယ်တိုင် ကိုင်တွယ်လျှင် စစ်ထူမျိုးနွယ်၏ စိတ်ထားအမှန်ကို ပြသနိုင်ပေလိမ့်မည်။ အနုပညာရှင်တစ်ယောက်မဆိုထားနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ပင် ထိုအတွက် ကျေးဇူးတင်လိမ့်မည် မဟုတ်လော။

***

“ခေါင်းဆောင်... ခေါင်းဆောင်က တကယ် တော်တာပဲ”

ချမ်ဝမ်ကွမ်း ခြံဝန်းသို့ ပြန်ရောက်သောအခါ ကျန်းရီက သူ့ကို ဧကရာဇ်နန်းတော်အတွင်းသို့ ခေါ်လိုက်၏။ ထို့နောက် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍ ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးလိုက်၏။ ဆယ့်ငါးမိနစ်ကြာပြီးသည်အထိ ချမ်ဝမ်ကွမ်းနောက်သို့ မည်သူမှ လိုက်မလာကြောင်း အတည်ပြုပြီးသောအခါ သူသည် မျက်လုံးများဖွင့်၍ ပြုံးလိုက်၏။

“ဝမ်ကွမ်း... အခြေအနေ ဘယ်လိုရှိလဲ”

“အရမ်းကောင်းတယ်။ အဲ့ပန်းချီကားသုံးချပ်ကို တန်ကြေးအများကြီးနဲ့ ရောင်းနိုင်လောက်တယ်။ သုံးရက်ကြာပြီးလို့ လေလံပွဲပြီးသွားမှ တန်ကြေးဘယ်လောက်ရလဲဆိုတာ အတိအကျ သိရမှာ”

ချမ်ဝမ်ကွမ်းက အားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။ ဖုန်းလန်နှင့်ချင်းယွီတို့က ထိုပန်းချီကားသုံးချပ်ကို မရောင်းလိုသဖြင့် ရင်ထဲတွင် နောင်တရနေ၏။ ထိုကဲ့သို့ ထူးခြားသောအရှိန်အဝါရှိသည့် ကောင်းကင်ပန်းချီကားများကို အလွယ်တကူ ဆွဲ၍ မရပေ။ ကျန်းရီသည် သူ့ဘဝတစ်လျှောက်တွင် ထိုသို့သော ပန်းချီကားများကို ထပ်ဆွဲချင်မှ ဆွဲနိုင်ပေလိမ့်မည်။

ကျန်းရီတို့အားလုံးသည် ထိုပန်းချီကားများကို နောက်သုံးရက်နေလျှင် ကျင်းပမည့် ရှန်းစီပွဲတော်၌ လေလံပစ်မည်ဖြစ်ကြောင်း ကြားလိုက်သောအခါ စိတ်လှုပ်ရှားသွားကြ၏။ သူတို့သည် ပန်းချီကားသုံးချပ်ကို ‌ဈေးမည်မျှဖြင့် ရောင်းနိုင်မည်ကို သိလိုနေကြသည်။ ထို့ပြင် အနာဂတ်တွင် ကောင်းကင်ကျောက်တုံး မလုံလောက်မည်ကို သူတို့ စိုးရိမ်ရန် မလိုတော့ပေ။ သူတို့သည် ထိုပန်းချီကားသုံးချပ်က ဩဇာအာဏာရှိသူတစ်ယောက်ထံ ရောက်သွားပြီး ပန်းချီကားသုံးချပ်၏ကျော်ကြားမှုက အပြစ်သားကျွန်းတစ်ခွင်လုံးတွင် ပျံ့နှံ့သွားရန် အလေးအနက်မျှော်လင့်နေကြ၏။ သို့ဆိုလျှင် အပြစ်သားကျွန်းတွင် ပုန်းကွယ်နေကြသည့် အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များကြောင့် ရီဖျောင်ဖျောင်၏အမည်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင်လည်း ပျံ့နှံ့သွားမည်ဖြစ်သည်။

ဈေးဝယ်ထွက်ရသည်ကို ကြိုက်ခြင်းမှာ အမျိုးသမီးများ၏ သဘာဝဖြစ်၏။ ထို့ကြောင့် ဖုန်းလန်၊ ချင်းယွီနှင့် ကျန်းရှောင်နူတို့၏ ရင်ထဲတွင် လေလံပွဲကို တက်ရောက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာလေသည်။ သူမတို့ မည်သည်ကိုမှ မဝယ်နိုင်လျှင်ပင် လောက၏ ထိပ်တန်းရတနာများ၊ ရှားပါးရတနာများကို တွေ့နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် သူမတို့ ရှန်းစီမြို့ကို လာခဲ့ခြင်းမှာ အချည်းနှီးဖြစ်တော့မည် မဟုတ်ချေ။

လူရှေ့သူရှေ့ကို ထွက်ခြင်းက အန္တရာယ်များကြောင်း ဖုန်းလန်တို့သိ၏။ လေလံပွဲကို တက်ရောက်လျှင် ပို၍ပင် အန္တရာယ်များပေသည်။ လုလင်း၊ ဟုန်မျိုးနွယ်နှင့် လီမျိုးနွယ်တို့က ထိုနေရာတွင် ရှိနေလျှင် သူမတို့ ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။

“နောက်သုံးရက်နေရင် ငါနဲ့ ဝမ်ကွမ်း အပြင်ကိုသွားမယ်”

ကျန်းရီက ခေတ္တမျှ တွေးလိုက်ပြီး ပြောလိုက်၏။

“မင်းတို့ ဧကရာဇ်နန်းတော်ထဲမှာနေပြီး လိုက်ခဲ့ကြပေါ့။ တကယ်လို့ လေလံပွဲက လုံခြုံရင် ငါ မင်းတို့ကို အပြင်ထုတ်ပေးမယ်”

“ကောင်းတယ်..ကောင်းတယ်”

ချင်းယွီက စိတ်လှုပ်တရှား လက်ခုပ်တီးလိုက်၏။ သူမသည် ထိုပန်းချီကားသုံးချပ်က ဈေးမည်မျှအထိ ရမည်ကို အမှန်ပင် သိလိုနေပေသည်။

“သခင်လေး... ဒါက...”

ဖုန်းလန်က ချီတုံချတုံဖြင့် မေးလိုက်၏။

“အဲ့ဒါက အရမ်းအန္တရာယ်မများလွန်းဘူးလား”

“ဘာအန္တရာယ်မှ မရှိပါဘူး”

ကျန်းရီက ခေါင်းခါ၍ ပြောလိုက်သည်။

“တကယ်လို့ ရှန်းစီမြို့က မလုံခြုံရင် ငါတို့ လူရှေ့သူ‌ရှေ့ကို ထွက်တာ၊ မထွက်တာက အရေးပါမှာ မဟုတ်ဘူး။ အဲ့ပန်းချီကားသုံးချပ်ကကို ငါတို့ကို ပေါ်သွားစေနိုင်နေပြီ။ ငါတို့ ပန်းချီကားတွေ မရောင်းရင်လည်း... ဒီမြို့မှာ ဆက်နေနိုင်မှာ မဟုတ်ဘူး။ မင်းက မျိုးနွယ်ကြီးတွေရဲ့ အစွမ်းကို လျှော့တွက်နေတာကို။ တကယ်လို့ စစ်ထူမျိုးနွယ်ကသာ ငါတို့ကို တကယ်ခြေရာခံချင်ရင် ငါတို့ ပေါ်သွားပြီးနေပြီ။ မျိုးနွယ်ကြီးလေးခုက မြို့ထဲမှာ လှုပ်ရှားမှာမဟုတ်ဘူးလို့ပဲ ငါတို့ မျှော်လင့်လို့ရတယ်”

အကယ်၍ မျိုးနွယ်ကြီးလေးခုက မလှုပ်ရှားလျှင် ရှန်းစီမြို့တွင် အင်အားမရှိသော လုမျိုးနွယ်ကလည်း လှုပ်ရှားဝံ့မည်မဟုတ်ချေ။ လုလင်းက ဤနေရာကို ခြေရာခံနိုင်ခဲ့လျှင်ပင် သူတို့ မြို့ပြင်သို့ မထွက်သ၍ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ထိုပန်းချီကားသုံးချပ်က ကျန်းရီအတွက် အလွန်အရေးပါ၏။ ထိုပန်းချီကားသုံးချပ်ကို ရသွားသူမှာ မည်သူဖြစ်ကြောင်း သူတွေ့လိုပေသည်။ ထို့ကြောင့် သူသည် အပြင်သို့သွားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ကျန်းရီ ဆုံးဖြတ်ပြီးလျှင် အခြားသူများကလည်း ဆန့်ကျင်မည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်းက အပြင်သို့ ထပ်ထွက်သွားလိုက်ပြီး မှောင်ခိုဈေးတွင် ကောင်းကင်ကျောက်တုံးအနည်းငယ်သုံး၍ ရှန်းစီမြို့ထဲမှ အခြေအနေကို စုံစမ်းလိုက်သည်။ မဟုတ်လျှင် သူတို့ ဘာမှန်းပင် မသိလိုက်ဘဲ သေသွားမည်ကို သူစိုးရိမ်ပေသည်။

ရှန်းစီပွဲတော် စလျှင် ရှန်းစီမြို့တစ်ခွင်လုံး ပို၍စည်ကားလာပေလိမ့်သည်။

ရှန်းစီပွဲတော်သည် ရှန်းစီမျိုးနွယ်စု၏ အကြီးကျယ်ဆုံး ပွဲတော်ဖြစ်၏။ ပွဲတော်နေ့က မဟာဧကရာဇ်နန်ကုန်း နဂါးကိုးကောင် နတ်ဘုရားသုတ်သင် အစီအရင်ကို ဆင်ခဲ့သောနေ့ဖြစ်သည်။ ထိုမဟာအစီအရင် မရှိလျှင် ရှန်းစီမျိုးနွယ်စု ဆက်တည်ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုနေ့တွင် ရှန်းစီမျိုးနွယ်စုမှ မျိုးနွယ်အားလုံးသည် ရှန်းစီမြို့သို့လာ၍ မဟာဧကရာဇ်နန်ကုန်းကို အရိုအသေလာပေးကြသည်။

ရှန်းစီပွဲတော်မတိုင်ခင် ငါးရက်နှင့် ပွဲတော်ပြီးနောက် ငါးရက်အတွင်း၌ ရှန်းစီမြို့တွင်းတွင်သာမက ရှန်းစီကျွန်းတစ်ခုလုံးတွင် သိုင်းပညာအားလုံးကို အသုံးပြုခွင့် ပိတ်ထားပေသည်။ မြို့ပြင်တွင် အကြမ်းဖက်သူများရှိပါက ထိုသူများ သေသည်အထိ မျိုးနွယ်ကြီးလေးခုက လိုက်လံသတ်ဖြတ်မည်ဖြစ်သည်။

ရှန်းစီပွဲတော်ရက်တွင် တစ်မြို့လုံးကို ဖွင့်ပေးထားမည်ဖြစ်၏။ ညမထွက်ရအမိန့်ကိုလည်း ရုတ်သိမ်းထားမည်ဖြစ်သည်။ မျိုးနွယ်ကြီးလေးခု ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများကလည်း အစားအသောက်များကို အလကားကျွေးမွေး၍ ဧည့်ခံကြသည်။

ချမ်ဝမ်ကွမ်းက ထိုသတင်းအချက်အလက်များ ပြန်ယူလာသောအခါ ကျန်းရီနှင့် အခြားသူများ ပို၍ စိတ်အေးသွားကြ၏။ ရှန်းစီပွဲတော်အတောအတွင်း၌ သိုင်းသမားများ ကြောက်ခမန်းလိလိ ရှိနေမည်ဖြစ်၍ သူတို့ လူအုပ်ထဲတွင် ရောနှေနေနိုင်ပေသည်။ သူတို့ကို မည်သူမှ သတိပြုမိမည် မဟုတ်ချေ။

လေလံပွဲက ညမှ စမည်ဖြစ်သည်။ လေလံပွဲသို့ ဝင်နိုင်ရန် ပိုက်ဆံပေးရမည်ဖြစ်၏။ ချမ်ဝမ်ကွမ်းက ကောင်းကင်ကျောက်တုံး သန်းတစ်ရာ ကြိုသွင်းလိုက်သဖြင့် အခန်းအသေးလေးတစ်ခု ရခဲ့၏။ အပြင်မှနေ၍ ထိုအခန်းအတွင်းသို့ စူးစမ်းနိုင်မည် မဟုတ်ပေ။

ကျန်းရီ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ ရှန်းစီပွဲတော်နေ့တွင် အားလုံး လေလံပွဲကို တက်ရမည်။ သို့သော် ရုပ်တော့ဖျက်ရပေမည်။ သူတို့သည် ပုံရိပ်ယောင် လကျောက်တုံးကိုသုံး၍လည်း ရုပ်သွင်များ ပြောင်းလဲရမည်ဖြစ်သည်။

သုံးရက်ဟူသောအချိန်က ရုတ်ခြည်း ကုန်ဆုံးသွား၏။ ရှန်းစီပွဲတော် စပေပြီ။

ဝှစ်...ဝှစ်...

အရုဏ်မတက်ခင်မှာပင် ရှန်းစီမြို့၏ မြို့တံခါးများအပြင်သို့ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများ ရောက်ရှိလာလေသည်။ မျိုးနွယ်အသီးသီးမှ လူအုပ်များက မြို့တွင်သို့ ဝင်လာကြ၏။ နှစ်နာရီအတွင်းမှာပင် ကောင်းကင်ကံကြမ္မာသင်္ဘော အစီးတစ်ရာ ရောက်ရှိလာပြီး လူတစ်သန်းနီးပါး ချပေးလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရှန်းစီကျွန်းအပြင်ရှိ မရေမတွက်နိုင်သော ဓားပြများကလည်း မြို့တံခါးလေးခုမှနေ၍ မြို့တွင်းသို့ ဝင်လာကြသည်။ ယနေ့တွင် မြို့အတွင်းသို့ လွတ်လွတ်လပ်လပ် ဝင်ခွင့်ရှိ၏။ ထို့ကြောင့် ဓားပြတပ်မဟာများသည် မြို့တွင်းသို့ ဝင်၍ ရတနာများ၊ နေ့စဉ်အသုံးအဆောင်များ ဝယ်ယူခြင်းနှင့် သတင်းစုံစမ်းခြင်းတို့ လုပ်ကြပေသည်။

နံနက်ပိုင်းမှာပင် မြို့တွင်း၌ လူအရေအတွက် ဆယ်သန်းကျော် တိုးသွား၏။ ထို့ပြင် မြို့ထဲသို့ လူများ ဆက်ဝင်လာနေဆဲဖြစ်သည်။ နေဝင်ဆည်းဆာချိန်ရောက်သောအခါ မြို့၏ ရင်ပြင်ငါးခုတွင် လူများ ပြည့်နှက်သွားလေသည်။ ကုန်သည်အဖွဲ့အစည်းများ၏ စားသောက်များတွင်လည်း လူများ ပြည့်နေသည်။ ကျန်းရီတို့အုပ်စုက ယခုမှ ထွက်လာခြင်းဖြစ်ပြီး ထူထပ်သောလူအုပ်ကြီးကြောင့် အံ့အားသင့်သွားလေသည်။

“ညမှောင်တော့မယ်၊ မကြာခင် ရှန်းစီအခမ်းအနား စတော့မယ်။ ရှန်းစီရင်ပြင်ကို သွားကြည့်ကြစို့။ အခမ်းအနားပြီးမှ လေလံအိမ်ကို တန်းဝင်ကြတာပေါ့”

ချမ်ဝမ်ကွမ်းက လက်ယပ်ခေါ်လိုက်၏။ ထို့နောက် သူသည် အားလုံးကို ဦးဆောင်၍ သိုသိုသိပ်သိပ်ဖြင့် မြို့လယ်ရှိ ရှန်းစီရင်ပြင်သို့ သွားလိုက်လေသည်။

***

All Chapters