ရပ်ဝေးတွင် မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
Vol. 55 Ch. 765
“ခေါင်းဆောင်... ရှန်းစီရင်ပြင်က အရှေ့မှာပါ”
လမ်းကျယ်တစ်ခုပေါ်တွင် ကျန်းရီတို့အုပ်စုသည် လူအုပ်ကြား၌ တိုးကာ သွားနေကြသည်။ ချန်ဝမ်ကွမ်းက ရှေ့တွင် ဖြစ်ပြီး သူ့ဘေးတွင် ကျန်းရီရှိ၏။ ရွှေရောင်မျောလွင့်နဂါးက နောက်ဆုံးတွင် နေကာ မိန်းကလေးသုံးယောက်ကို အလယ်တွင် ဝန်းရံထားသည်။ သူတို့ခြောက်ယောက်သည် ရုပ်ပြောင်းဆေးလုံးများကိုသုံး၍ ရုပ်သွင်ပြောင်းထားကြ၏။ ထို့ပြင် သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားသည်ဖြစ်ရာ အလွန်သာမန်ဆန်နေသည်။ သူတို့၏အရှိန်အဝါကလည်း သိပ်မကြီးသဖြင့် မည်သူမှ သူတို့ကို သတိမပြုမိကြပေ။
“လူတွေများလိုက်တာ”
ကျန်းရီက အရှေ့ရှိ ပုရွက်ဆိတ်အုံကဲ့သို့ လူအုပ်ကြီးကို ကြည့်ကာ ခေါင်းကိုက်လာ၏။ မိန်းကလေးသုံးယောက် အသားယူခံရမည်ကို သူ မလိုလားပေ။ ရှန်းစီကျွန်းအပြင်မှ ဓားပြတစ်ဝက်ကျော်က မြို့ထဲသို့ ရောက်နေကြသည်။ သူတို့က စည်းစောင့်သူများ မဟုတ်ပေ။ မိန်းကလေးများကို မြင်သည်နှင့် ဟိုကိုင်ဒီကိုင် လက်သရမ်းချင်တတ်ကြသည်။ ကျန်းရီနှင့် အခြားယောက်ျားနှစ်ယောက်က မိန်းကလေးများကို ကာကွယ်မနေလျှင် သူတို့သည် အကြိမ်များစွာ လက်သရမ်းပြီးလောက်ပြီဖြစ်သည်။
မြို့ထဲတွင် မည်သူမှ အကြမ်းမဖက်ရဲချေ။ တစ်စုံတစ်ယောက်က မိန်းကလေးများကို လက်သရမ်းလိုက်လျှင်လည်း သူတို့ ပြန်မတိုက်ခိုက်ဝံ့လောက်ပေ။ မြို့ရင်ပြင်တွင် လူများအုံခဲနေသဖြင့် ကျန်းရီ ထိုရင်ပြင်ထဲသို့ ဝင်သွားရန် တုံ့ဆိုင်းနေလေသည်။
“ထောင့်နားကပဲ ကြည့်ကြတာပေါ့”
ကျန်းရီက ဟိုကြည့်ဒီကြည့်ဖြင့် လူသိပ်မရှုပ်သည့် ထောင့်တစ်နေရာကို တွေ့သွားသည်။ သူတို့အားလုံး၏ အမြင်အာရုံက အတော်လေးကောင်းသဖြင့် ရင်ပြင်က အတော်ကြီးသော်လည်း သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလိမ့်မည်။ ရင်ပြင်ထဲသို့ ဝင်ရန် မလိုပေ။
ကျန်းရီတို့သည် လူအုပ်ကိုတိုးကာ စစ်ထူကုန်သည်အဖွဲ့အစည်းအရှေ့ရှိ ထောင့်နေရာသို့ သွားလိုက်ကြ၏။ ထို့နောက် ရှန်းစီအခမ်းအနား စမည့်အချိန်ကို တိတ်တဆိတ်စောင့်နေလိုက်ကြလေသည်။
ရှန်းစီရင်ပြင်အလယ်တွင် ဧရာမရုပ်တုတစ်ခုရှိ၏။ ထိုရုပ်တုမှာ မဟာဧကရာဇ်နန်ကုန်း၏ ရုပ်တုပင်။ သို့သော် ထိုရုပ်တုသည် မြို့တောင်ဘက်ရှိ ရုပ်တုထက် အဆပေါင်းများစွာ ပိုကြီး၏။ ယခုတွင် ရုပ်တုပတ်ပတ်လည် အချင်းဝက်သုံးကီလိုမီတာကို ဝန်းရံထားသော စင်မြင့်တစ်ခု ဆောက်လုပ်ထား၏။ ထိုစင်မြင့်ကို အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်သည်များက စောင့်ကြပ်နေကြသည်။ ရုပ်တုပတ်ပတ်လည်ရှိ စင်မြင့်ပေါ်တွင် ဧရာမ ကြေးဒယ်စောက်အိုး ကိုးခုကို တင်ထား၏။ ၎င်းတို့သည် မီးတောက်များဖြင့် တောက်ပနေပြီး ပတ်ဝန်းကျင်ကို အနီရောင်အလင်း ပေးနေပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
မြောက်ဘက်ရဲတိုက်ခြံဝန်းအတွင်းမှနေ၍ လူတစ်စု ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူတို့က စင်မြင့်ဆီသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။ ထိုအုပ်စုထဲတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အစုံပါ၏။ သူတို့အားလုံးသည် မိုးပြာရောင် စစ်သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ ယောက်ျားများတွင် အကန့်အသတ်မဲ့ အရှိန်အဝါရှိပြီး မိန်းမများတွင် ထူးကဲသော သူရဲကောင်းအရှိန်အဝါရှိကြသည်။ ထိုလူများသည် အသက်လေးဆယ်ကျော်အရွယ် ရှိလောက်ပြီဖြစ်ပြီး တောင်ကဲ့သို့ အရှိန်အဝါရှိကြ၏။ သူတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြောင်း ထင်ရှားပေသည်။
“လဲ့မျိုးနွယ်က လူတွေ ထွက်လာပြီ”
“လဲ့မျိုးနွယ်ရဲ့ နံပါတ်(၁) သခင်မလေး လဲ့စစ်ဟန်ကို မြန်မြန်ကြည့်လိုက်၊ သူက အရမ်းလှတာပဲ။ လဲ့မျိုးနွယ်ရဲ့ နံပါတ်(၁) သခင်လေး လဲ့ချီယန်ကလည်း ခံ့ညားတယ်။ သူတို့နှစ်ယောက်က ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေကြပြီ။ လဲ့မျိုးနွယ်ရဲ့ လူငယ်မျိုးဆက် ပါရမီရှင်တွေအားလုံး ဒီကို ရောက်လာတာပဲ”
ဝှစ်...ဝှစ်...
လူအားလုံး ဆွေးနွေးပြောဆိုနေစဉ်တွင် အရှေ့ဘက်ရဲတိုက်ဝန်းအတွင်းမှနေ၍ လူတစ်ရာသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဤဘက်သို့ လျင်မြန်စွာ ပျံသန်းလာကြ၏။ စစ်ထူမျိုးနွယ် ရောက်လာပေပြီ။ စစ်ထူအောင်းက ပညာရှင်တစ်စုကို ဦးဆောင်၍ စင်မြင်ပေါ်သို့ ကျင်လည်စွာ ဆင်းသက်လိုက်၏။ သူတို့အုပ်စုတွင်လည်း လူများစွာ၏ အာရုံစိုက်မှုကို ခံရသော ခံ့ညားသည့် သခင်လေးများ များစွာပါပေသည်။
“စစ်ထူရီရှောင်က အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သွားပြီလို့ ငါကြားတယ်။ ကျွတ်..ကျွတ်... ဟွမ်ဖူမျိုးနွယ်က သစ္စာဖောက်သားကြောင့်သာ မဟုတ်ရင် စစ်ထူရီရှောင်က သေချာပေါက် မျိုးနွယ်စုရဲ့ နံပါတ်(၁) သခင်လေး ဖြစ်မှာပဲ”
“ဟွမ်ဖူထောင်ထျန်းကို ဟွမ်ဖူမျိုးနွယ်က မောင်းထုတ်လိုက်ပြီဆိုတော့ ဟွမ်ဖူမျိုးနွယ်ရဲ့ သခင်လေးလို့ သတ်မှတ်လို့ မရတော့ဘူးမလား။ ငါ့အမြင်မှာတော့ စစ်ထူရီရှောင်က မျိုးနွယ်စုရဲ့ နံပါတ်(၁)သခင်လေး ဖြစ်နေပါပြီ”
ဝှစ်...ဝှစ်...
အနောက်ဘက် ရဲတိုက်ဝန်းအတွင်းမှနေ၍ လူတစ်စု ပျံထွက်လာ၏။ သူတို့အားလုံးက အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထား၏။ သူတို့သည် ဟွမ်ဖူမျိုးနွယ်မှလူများ ဖြစ်သည်။ လူများစွာက သူတို့ကို ကြည့်လိုက်သည်။ သို့သော် ထိုအုပ်စုထဲတွင် ဟွမ်ဖူထောင်ထျန်းကို မတွေ့သောအခါ သူတို့အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြလေသည်။ ရှန်းစီပွဲတော်သည် အရေးကြီးသော ပွဲတော်တစ်ခုဖြစ်သော်လည်း ဟွမ်ဖူထောင်ထျန်း ရောက်မလာခဲ့ပေ။ သူသည် အမှန်ပင် မျိုးနွယ်၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည့်ပုံပင်။
“ဟွမ်ဖူထောင်ထျန်းက ဘာအပြစ်ကျူးလွန်ခဲ့လို့လဲ။ မျိုးနွယ်က အဲ့လိုပါရမီရှင်တစ်ယောင်ကို တကယ်ပဲ နှင်ထုတ်ပစ်တာလား။ ဟွမ်ဖူမျိုးနွယ်က အဲ့လောက်တောင် ပြတ်သားတာလား”
ကျန်းရီသည် ထိုစကားများကို ကြားသောအခါ ချမ်ဝမ်ကွမ်းထံ အသံပို့လွှတ်၍ မေးလိုက်သည်။ ချမ်ဝမ်ကွမ်းက ခပ်ရွှင်ရွှင်ရယ်၍ ပြန်ပြောလိုက်သည်။
“ကျုပ် ကောလာဟလတချို့ ကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက မှန်လား၊ မှားလားတော့ မသိဘူး။ ကောလာဟလတွေက ပြောကြတာတော... ဟွမ်ဖူထောင်ထျန်းက မိန်းမတစ်ယောက်ကြောင့် သူ့အဖေနဲ့ အချေအတင်ဖြစ်ခဲ့တာတဲ့။ နောက်ဆုံးကျ သူက မျိုးနွယ်ရဲ့ နှိပ်စက်ခန်းကို ဖျက်ဆီးပစ်လိုက်ပြီး ဟွမ်ဖူမျိုးနွယ်ကို ဆန့်ကျင်မယ်လို့ ကြွေးကြော်သွားတယ်တဲ့။ သူက အဲ့နေ့မှာပဲ တိုက်ခိုက်ပြီး မြို့ပြင်ကို ထွက်သွားတယ်... မျိုးနွယ်က လူဒါဇင်ကျော်လောက် ဒဏ်ရာရသွားခဲ့တယ်။ ဟွမ်ဖူမျိုးနွယ်ရဲ့ ခေါင်းဆောင်က ဒေါသထွက်ပြီး နောက်နေ့မှာပဲ ဟွမ်ဖူထောင်ထျန်းကို မျိုးနွယ်က ထုတ်လိုက်ပြီဆိုပြီး ကြေညာခဲ့တယ်”
“အဲ့လောက်တောင် ပြင်းထန်တယ်လား”
ကျန်းရီ အံ့အားသင့်သွား၏။ မျိုးနွယ်က အင်အားကြီးလေလေ၊ မျိုးနွယ်စည်းမျဉ်းများက ပိုတင်းကျပ်လေလေပင်။ ဟွမ်ဖူထောင်ထျန်းသည် ထွက်သွားပြီဖြစ်၍ မျိုးနွယ်သို့ ပြန်ဝင်ရန် ခက်ခဲပေလိမ့်မည်။ သူ၏ပါရမီဖြင့်ဆိုလျှင် သူသာ မျိုးနွယ်တွင် ဆက်နေပါက သေချာပေါက် နောက်တက်မည့် မျိုးနွယ်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
“မိန်းမကိစ္စလား”
ကျန်းရီ နားမလည်နိုင်ပေ။ ဟွမ်ဖူထောင်ထျန်းသည် ပါရမီထူးသူတစ်ယောက်ဖြစ်သဖြင့် မည်သည့်မိန်းမမျိုးဖြင့် လက်ထပ်မည်နည်း။ အဘယ်ကြောင့် သူက မိန်းမတစ်ယောက်အတွက် သူ့အဖေနှင့် အချေအတင်ဖြစ်ခဲ့ခြင်းနည်း။
ချမ်ဝမ်ကွမ်း၏ သတင်းအချက်အလက်များမှာ ကောလာဟလများနှင့် အတင်းအဖျင်းများအပေါ် အခြေခံထားခြင်းဖြစ်သဖြင့် ကျန်းရီသည် ထိုကိစ္စကို များစွာ မတွေးတော့သလို၊ အမှန်ဟူ၍လည်း မယူဆလိုက်ပေ။ သူသည် ဟွမ်ဖူထောင်ထျန်းကို ရင်ထဲမှ အထင်ကြီး၏။ ထိုသို့ဖြစ်ခြင်းမှာ သူတို့၏ တူညီသောအတွေ့အကြုံများနှင့် အကျင့်စရိုက်တို့ကြောင့် ဖြစ်ပေမည်။ ကျန်းရီသည်လည်း ကျန်းရီမြို့ကို ဖောက်ဝင်ကာ ကျန်းမျိုးနွယ်ကို ဗြောင်းဆန်သွားစေခဲ့သည်။ သူတို့နှစ်ယောက်စလုံး၏ အရိုးများထဲတွင် ပုန်ကန်လိုသည့် အကျင့်စရိုက် စွဲနေပေသည်။
ဝှစ်...ဝှစ်...
တောင်ဘက်ရဲတိုက်ဝန်းမှနေ၍ လူတစ်ခု ပျံထွက်လာသည်။ ယင်းမှာ နန်ကုန်းမျိုးနွယ်ပင်။ ကျန်းရီသည် ထိုသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ကျဉ်းသွား၏။ သူသာမဟုတ် ဖုန်းလုန်၊ ကျန်းရှောင်နူ၊ ချင်းယွီ၊ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးသည်လည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူမှာ အစ်မကြီးဆည်းလည်းပင်။
“ငါ့နာမည်က တကယ်ချီလင်။ ဒါပေမဲ့ ငါ့မျိုးရိုးက ချီမဟုတ်ဘူး။ နန်ကုန်းပဲ။ မောင်လေး ဂရုစိုက် ငါ အသက်ရှင်နေရင် မင်းကို သေချာပေါက် ပြန်လာတွေ့မယ်”
ကျန်းရီသည် အစ်မကြီးဆည်းလည်း ထွက်မသွားခင်က ပြောခဲ့သော စကားများကို ပြန်တွေးလိုက်၏။ သူ့မျက်လုံးထဲတွင် သံသယများ ပြည့်နှက်သွားသည်။ အစ်မကြီးဆည်းလည်းသည် လူအုပ်နောက်တွင် ရပ်နေသော်လည်း မျိုးနွယ်ထဲတွင် သူမ၏အဆင့်အတန်းက သိပ်မမြင့်လောက်ပေ။ သူမ ဤနေ့တွင် ထွက်ပေါ်လာသည်ကိုထောက်လျှင် သူမသည် သေချာပေါက် နန်ကုန်းမျိုးနွယ်မှ သခင်မလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။
အစ်မကြီးဆည်းလည်းက နန်ကုန်းမျိုးနွယ်မှ သခင်မလေးတစ်ယောက်ဖြစ်လျှင် အဘယ်ကြောင့် ကောင်းကင်မိုးကြိုးမြို့တွင် လျှောက်သွားနေခဲ့သနည်း။ သူမသည် ကျားဖြူမျိုးမှ မျိုးနွယ်များနှင့်ပင် သွေးကြွေးရှိပုံပေါ်၏။ သို့သော် သူမက နန်ကုန်းမျိုးနွယ်မှ သခင်မလေးဖြစ်၏။ သာမန်မျိုးနွယ်များ မဆိုထားနှင့် လုမျိုးနွယ်ပင် သူမကို စော်ကားဝံ့မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းရီ၏ စိတ်အခြေအနေ ပိုကောင်းလာ၏။ ဘဝတွင် ပျော်စရာအဖြစ် လေးခုရှိ၏။ မိုးခေါင်ပြီးနောက်မိုးရွာခြင်း၊ ရပ်ဝေးတွင် မိတ်ဆွေဟောင်းဖြင့် တွေ့ဆုံခြင်း၊ မင်္ဂလာဦးညနှင့် နန်းတွင်းစာမေးပွဲတွင် အမှတ်ကောင်းများရခြင်းတို့ဖြစ်သည်။ ရှန်းစီမြို့တွင် မိတ်ဆွေဟောင်းတစ်ဦးဖြင့် တွေ့ရခြင်းမှာ အမှန်ပင် ကောင်းလှ၏။
အစ်မကြီးဆည်းလည်းသည် သူ၏ အစ်မရင်းတစ်ဦးကဲ့သို့၊ ရင်းနှီးသော မိန်းကလေးသူငယ်ချင်းကဲ့သို့၊ ချစ်သူတစ်ဦးကဲ့သို့ပင်။ ထိုအမျိုးသမီးသည် တစ်ခါက သူ့ကို ကိုယ်ကျိုးစွန့်၍ ကူညီခဲ့ဖူး၏။ အစ်မကြီးဆည်းလည်းကြောင့်သာ မဟုတ်လျှင် သူ ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ပေ။
“ငါ အစ်မကြီးဆည်းလည်းဆီ အသံပို့လွှတ်လိုက်သင့်လား”
ကျန်းရီက အစ်မကြီးဆည်းလည်းကို အကြွင်းမဲ့ယုံကြည်၏။ သို့သော် စင်မြင့်ပေါ်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များစွာ ရှိနေသည်ကို သူတွေ့လိုက်၏။ သူ မဆင်မခြင် မပြုမူဝံ့ပေ။ လူအုပ်ထဲတွင် အင်အားကြီးစွမ်းရည်များ သို့မဟုတ် လျှို့ဝှက်အတတ်များ ရှိသူများ ရှိနေနိုင်သည်။ ထို့ကြောင့် သူသည် သူမကို ဆက်သွယ်ရန် အခြားနည်းလမ်း စဉ်းစားရပေလိမ့်မည်။
“ဟားဟားဟား... အားလုံးက အစောကြီး ရောက်နေကြတာကိုး”
ကောင်းကင်မှနေ၍ ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ တောင်ဘက်မှနေ၍ လူတစ်ထောင်ကျော် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ကျန်းရီက တစ်ချက်ကြည့်လိုက်ပြီး ခပ်မြန်မြန် ခေါင်းငုံ့လိုက်ပြီး အခြားသူများလည်း အနောက်သို့ ဆုတ်သွားကြသည်။ သူတို့ ထိုလူစုထဲတွင် လုလင်းနှင့် လုချီတို့ကို တွေ့လိုက်ခြင်းပင်။ ကျန်သူများမှာ မျိုးနွယ်ကိုးခုမှ လူများဖြစ်နိုင်သေည်။
မျိုးနွယ်(၁၃)ခုလုံး ဤနေရာသို့ ရောက်လာပြီဖြစ်၍ မကြာခင် အခမ်းအနား စတော့ပေမည်။ ဒယ်စောက်အိုးကြီး ကိုးခုထဲမှ မီးတောက်များကလည်း တဟုန်းဟုန်း တောက်လောင်နေသည်။ လဲ့မျိုးနွယ်ခေါင်းဆောင်က ကောင်းကင်သို့ မော့ကြည့်၍ လက်မြှောက်ကာ ပြောလိုက်၏။
“စကြတာပေါ့”
ထိုနေရာရှိ လူအားလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ အပ်ကျသံပင် ကြားရလောက်သည်။
မျိုးနွယ်ကြီးလေးခုမှ အကြီးအကဲအနည်းငယ် ထွက်လာပြီး ရှန်းစီအခမ်းအနား၏ ရိုးရာလုပ်ထုံးတစ်ခုကို ပြုလုပ်လိုက်သည်။ ထိုအခိုက်တွင် အနောက်ဘက်ကောင်းကင်မှနေ၍ နက်ရှိုင်းသော ဟိန်းသံကြီးတစ်သံကို ကြားလိုက်ရ၏။ ထို့နောက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက တစ်မြို့လုံးကို ရုတ်ခြည်း လွှမ်းခြုံသွားလေသည်။ မရေမတွက်နိုင်သော မျက်လုံးများက လှမ်းကြည့်လိုက်ကြ၏။ သူတို့အားလုံး ရုတ်ခြည်း မျက်နှာထားပြောင်းသွားကြသည်။
အနောက်အရပ်မှနေ၍ ဧရာမ အနက်ရောင်မျောလွင့်နဂါးတစ်ကောင် ပျံသန်းလာလေသည်။ ထိုနဂါးက ရွှေရောင်မျောလွင့်နဂါးနှင့် အဆင့်ခြင်းမတူပေ။ ၎င်း၏ ခန္ဓာကိုယ်က မီတာနှစ်ရာကျော် ရှည်ပြီး ရွှေရောင်မျောလွင့်နဂါးထက် အဆပေါင်းများစွာ ပိုသန်မာကြောင်း ထင်ရှားပေသည်။
အနက်ရောင်မျောလွင့်နဂါးကို အေးစက်စက်အလင်း တောက်ပနေသော အနက်ရောင်ကြေးခွံများက ကာရံထား၏။ ၎င်းတို့သည် သံဖြင့်သွန်းလုပ်ထားသဲ့သို့ပင်။ နဂါး၏ ပန်းကန်လုံးလောက်ကြီးသော မျက်လုံးများထဲတွင် အေးစက်မှုဖြင့် ပြည့်နှက်နေ၏။ ယင်းမျက်လုံးများမှာ ကောင်းကင်ထဲရှိ တောက်ပသောလမင်းကဲ့သို့ပင်။ အနက်ရောင်မျောလွင့်နဂါး၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်တစ်ဝက်လောက်ကို ကာရံထား၏။ ၎င်း၏ စွမ်းအားကြီးအရှိန်အဝါကလည်း ကောင်းကင်ထဲတွင် မျောလွင့်နေသော တောင်ကြီးတစ်လုံးကဲ့သို့ ရှိနေသည်။ လူအားလုံး အသက်ရှည်ရှည်ပင် မရှူဝံ့ကြပေ။ သူတို့၏ စိတ်ဝိညာဉ်များလည်း တုန်ရင်နေကြလေသည်။
“ဒီအနက်ရောင်မျောလွင့်နဂါးက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ထက် သာလွန်နေလောက်ပြီ။ သူက နတ်ဘုရားအဆင့်နီးပါးလောက် ရောက်နေလောက်ပြီ”
ကျန်းရီက တစ်ချက်ကြည့်ကာ တွေးလိုက်သည်။ သို့သော် သူနှင့် အခြားသူအားလုံးသည် အနက်ရောင်မျောလွင့်နဂါးကို အာရုံမစိုက်နိုင်ဘဲ ၎င်း၏ခေါင်းထက်ကိုသာ အာရုံစိုက်နေကြသည်။
အနက်ရောင်မျောလွင့်နဂါး၏ ခေါင်းပေါ်တွင် တစ်စုံတစ်ယောက် ရပ်နေ၏။ ထိုသူသည် ကျန်းရှောင်နူနှင့်ပင် ယှဉ်နိုင်လောက်အောင် လှပသော ဆံပင်အစိမ်းရောင်ဖြင့် မိန်းမလှလေးတစ်ဦးပင်။
ထိုမိန်းမပျိုသည် အလွန်လှပ၏။ သူမ၏ အစိမ်းရောင်ဆံနွယ်များက သူမ၏နောက်ကျောပြင်ထက်တွင် ပိုသားအလား ပြန့်ကျနေသည်။ သူမသည် ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမ၏ တစ်ကိုယ်လုံးမှ အပြစ်ကင်းသော အရှိန်အဝါတစ်ခု ထွက်နေလေသည်။ ထို့ပြင် ယခုတွင် သူမသည် ကြောက်မက်ဖွယ် အနက်ရောင်မျောလွင့်နဂါးတစ်ကောင်၏ ခေါင်းပေါ်တွင် ရပ်နေပေရာ သူမ၏အလှက ကြက်သီးထလောက်စေပေသည်။
မိန်းမပျိုက ခပ်ရေးရေးပြုံးလိုက်ပြီး ချိုသာသောအသံလေးဖြင့် ပြောလိုက်၏။ ထိုအသံက မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။
“ချမ်ချမ်က အဆုံးမဲ့ပင်လယ်နက်ရဲ့ သန်းချီတဲ့ မိစ္ဆာမျိုးနွယ်တွေကို ကိုယ်စားပြုပြီး မဟာဧကရာဇ်နန်ကုန်းကို အရိုအသေပေးပါတယ်”
***