မိစ္ဆာမျိုးနွယ်၏ မင်းသမီး
Vol. 55 Ch. 766
“အဆုံးမဲ့ပင်လယ်နက်၊ သန်းချီတဲ့ မိစ္ဆာမျိုးနွယ်တွေ”
လူအုပ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွား၏။ ရှန်းစီမျိုးနွယ်စုက မဟာဧကရာဇ်နန်ကုန်းကို အရိုအသေပေးနေ၏။ မိစ္ဆာမျိုးနွယ်စုကလည်း ထိုသို့လုပ်ရန် ကိုယ်စားလှယ်တစ်ယောက် စေလွှတ်လိုက်ခြင်းလော။
“မိစ္ဆာမျိုးနွယ်လား”
ကျန်းရီက ကောလာဟလများမှာ အမှန်ပင်ဖြစ်သည်ဟု တွေးတောလိုက်၏။ အဆုံးမဲ့ပင်လယ်နက်နှင့် အပြစ်သားကျွန်းမှာ မဟာမိတ်များဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေမှ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အတူပူးပေါင်း ခုခံကြသည်။ ထို့ကြောင့် အပြစ်သားကျွန်းက ယနေ့အချိန်အထိ တည်ရှိနေနိုင်ခြင်းဖြစ်သည်။ သို့သော် ယခုအထိ တည်ရှိနေနိုင်ခြင်းမှာ နဂါးကိုးကောင်း နတ်ဘုရားသုတ်သင်အစီအရင်ကြောင့်လည်း ပါပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ခေါင်းဆောင်များ ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ လဲ့မျိုးနွယ်ခေါင်းဆောင် လဲ့ထင်ဝေက လက်ဆုပ်ကာ အတန်ငယ်ဦးညွှတ်၍ ပြောလိုက်၏။
“ကျုပ်က လဲ့ထင်ဝေပါ၊ သခင်မလေးချမ်ချမ်နဲ့ အနက်ရောင်နတ်ဘုရားတို့ ရောက်လာတာက ကျုပ်တို့ရဲ့ ရှန်းစီမြို့လေးကို ဂုဏ်တက်စေပါတယ်။ သခင်မလေးတို့ ဒီကို လာပေးတာကို ကျုပ်တို့ အရမ်းဂုဏ်ယူမိပါတယ်။ ကြိုဆိုပါတယ်...”
ရွှီး...
အနက်ရောင်မျောလွင့်နဂါး၏ ခန္ဓာကိုယ်သည် အနက်ရောင်အလင်း တောက်ပသွားပြီး မျက်နှာမည်းလူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။ သခင်မလေးချမ်ချမ်က ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး မျိုးနွယ်ခေါင်းဆောင်(၁၃)ယောက်နှင့်အတူ စင်မြင့်ဆီသို့ ပျံသွားလေသည်။
“အနက်ရောင်နတ်ဘုရားလား”
အခြားမျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များနှင့် မျိုးနွယ်(၁၃)ခု၏ မျိုးနွယ်ဝင်များအားလုံး အံ့အားသင့်သွားကြလေသည်။ သူတို့သည် ထိုအနက်ရောင်မျောလွင့်နဂါးကို မသိပေ။ သို့သော် ‘အနက်ရောင်နတ်ဘုရား’ဆိုသော အမည်ကို သူတို့ အကြိမ်ပေါင်းများစွာ ကြားဖူးပေသည်။ ထိုသူသည် အဆုံးမဲ့ပင်လယ်နက်၏ အလွန်စွမ်းအားကြီးသော မိစ္ဆာအရှင်တစ်ပါးဟု ဆိုကြ၏။ သူ၏အင်အားက ရှန်းစီမျိုးနွယ်စုမှ အကြီးအကဲများနှင့်ပင် ယှဉ်နိုင်လောက်သည်။
အနက်ရောင်နတ်ဘုရားသည် လက်အောက်ငယ်သားတစ်ယောက်ဖြစ်ပြီး ကိုယ်ရံတော်တစ်ယောက် ဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် ထိုသခင်မလေး၏ အဆင့်အတန်းက မည်မျှမြင့်ကြောင်း သိနိုင်ပေသည်။ သူမသည် သေချာပေါက် အဆုံးမဲ့ပင်လယ်နက်၏ တော်ဝင်နန်းတော်တစ်ခုမှ ဖြစ်ရပေမည်။
“ဟီးဟီး...”
မျိုးနွယ်(၁၃)ခုမှ သခင်လေးများသည် ဂုဏ်ရှိသည်ဟု ခံစားရသဖြင့် ပြုံးလိုက်ကြ၏။ အဆုံးမဲ့ပင်လယ်နက်၏ တော်ဝင်မျိုးနွယ်က ဤနေရာသို့လာ၍ မဟာဧကရာဇ်နန်ကုန်းကို အရိုအသေပေးခြင်းကို ကြည့်လျှင် သူတို့က ရှန်းစီမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ထားမှုကို အလေးအနက် တန်ဖိုးထားကြောင်း သိနိုင်၏။ ရှန်းစီမျိုးနွယ်စုက အမှန်ပင် လေးစားခံရပေသည်။
“အခမ်းအနား စကြတာပေါ့”
လဲ့ထင်ဝေက ထပ်မံ အော်ပြောလိုက်သည်။ အကြီးအကဲလေးဦး ပျံထွက်သွားပြီး လက်နှစ်ဘက်ဖြင့် ကောင်းကင်ထဲသို့ သက်တန့်ရောင်အတွင်း ပို့လွှတ်လိုက်ကြသည်။ ထိုသက်တန့်ရောင်အလင်းတန်း လေးခုက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အတူပေါင်းစည်းသွားလေသည်။
ညကောင်းကင်ထဲတွင် အလင်းပျောက်တစ်ခု လင်းလက်လာပြီး တဖြည်းဖြည်း ကြီးလာကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွား၍ အလင်းမျက်နှာပြင်တစ်ခု ဖြစ်သွားလေသည်။ ထို့နောက် ချက်ချင်းပင် ဧရာမအကာအရံကြီးတစ်ခု ထွက်ပေါ်လာပြီး ရှန်းစီကျွန်းတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်နန်ကုန်း၏ ရုပ်တု လင်းလက်လာပြီး သိမ်မွေ့သောအလင်းတစ်ခု ထုတ်လွှတ်နေပေသည်။ ထိုအလင်းက အားလုံးကို ဦးညွှတ်အရိုအသေပေးလိုစိတ် ပေါက်သွားစေ၏။
“ဒူးထောက်ကြ...”
အကြီးအကဲတစ်ယောက်က အလေးအနက် အော်လိုက်သည်။ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များအားလုံး ဒူတစ်ဘက် ထောက်လိုက်ကြပြီး မျက်လုံးများမှိတ်ကာ တိတ်တဆိတ်နေလိုက်ကြသည်။ ရင်ပြင်ထဲမှ လူပေါင်းများစွာက ဒူးတစ်ဘက်ထောက်ထားကြ၏။ သို့သော် မျိုးနွယ်(၁၃)ခုမှ မဟုတ်သူများသည် ရိုးရိုးရှင်းရှင်း ဦးညွှတ်၍သာ အရိုအသေပေးနေကြသည်။ သူ့တို့က ဒူးထောက်ရန် မလိုပေ။
လဲ့ထင်ဝေ၊ စစ်ထူအောင်းနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များကလည်း ဒူးထောက်လိုက်ကြ၏။ သခင်မလေးချမ်ချမ်ကလည်း တိတ်တဆိတ် ဦးညွှတ်လိုက်၏။ အနက်ရောင်နတ်ဘုရားကမူ ဝံ့ဝံ့ကြွားကြွားဖြင့် သံမျှော်စင်ကြီးတစ်ခုကဲ့သို့ မားမားမတ်မတ် ရပ်နေပေသည်။
တစ်နေရာလုံး လုံးဝတိတ်ဆိတ်နေ၏။ လူအများစုက တိတ်တဆိတ် ဦးညွှတ်ထားကြသည်။ ထိုအခိုက်တွင် မည်သူမှ အသံမထွက်ဝံ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မဆင်မခြင်ပြုလိုက်လျှင် ထိုသူ သေချာပေါက် သေရပေလိမ့်မည်။
“ထကြပါ...”
ဆယ့်ငါးမိနစ်ကြာပြီးနောက် မဟာဧကရာဇ်နန်ကုန်း၏ ရုပ်တုက တဖြည်းဖြည်း ပြန်မှိန်လာပြီး မူလအတိုင်း ပြန်ဖြစ်သွားလေသည်။ ထိုအခါ အကြီးအကဲက အော်ပြောလိုက်၏။ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များ ပြန်ထရပ်လိုက်ကြသည်။
ထိုအကြီးအကဲက လက်ဝှေ့ယမ်းလိုက်၏။ လူအုပ်ထဲမှနေ၍ သန်မာသောလူတစ်စု ပျံထွက်လာ၏။ သူတို့အားလုံးသည် ထူးဆန်းသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ရင်ဘတ်တစ်ဘက် ပေါ်နေပြီး သူတို့၏လက်များတွင် ငှက်မွေးများ ကပ်ထားကြ၏။ ထို့ပြင် ထူးဆန်းသော လည်ဆွဲကိုလည်း ဆွဲထားကြသည်။ သူတို့သည် ခြေဗလာဖြင့် ရုပ်တုပတ်ပတ်လည်တွင် ထူးဆန်းသော အကတစ်ခု စတင် ကလိုက်ကြပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရွတ်ဆိုနေလေသည်။ သူတို့သည် ကိုင်းရှိုင်းသူတစ်စုကဲ့သို့ပင်။
ဝှစ်...ဝှစ်...
ထိုအခိုက်တွင် တောင်ဘက်မှနေ၍ လေခွင်းသံတစ်သံကို ကြားလိုက်ရသည်။ သခင်မလေးချမ်ချမ်ကဲ့သို့ အစိမ်းရောင်ဆံပင်ရှိသည့် လူငယ်တစ်ယောက်က ခက်ထန်သောနဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာနေလေသည်။
လဲ့မျိုးနွယ်၏ နံပါတ်(၁)သခင်မလေး လဲ့စစ်ဟန်၊ စစ်ထူမျိုးနွယ်၏ လှပသော သခင်မလေး စစ်ထူရီနျန်၊ လုယွီနှင့် အခြားသခင်မလေးများ၏ မျက်လုံးများ တောက်ပသွားကြသည်။ ဟွမ်ဖူမျိုးနွယ်မှ လူများအားလုံးမှာမူ မျက်မှောင်ကြုတ်သွားပြီး မျက်နှာမည်းသွားကြသည်။
“ဟွန်း... ဟွမ်ဖူထောင်ထျန်း... မင်းက ပြန်လာရဲသေးတယ်ပေါ့လေ”
ဟွမ်ဖူမျိုးနွယ်၏ခေါင်းဆောင် ဟွမ်ဖူချီက ဒေါသသံဖြင့် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုသည့်အရှိန်အဝါ တဟုန်းဟုန်းထနေ၏။ သူသည် အချိန်မရွေး လှုပ်ရှား၍ ထိုအစိမ်းရောင်ဆံပင်နှင့်လူငယ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်တော့မလိုပင်။
“ဟွမ်ဖူထောင်ထျန်းက တကယ် ရောက်လာတာလား”
အဝေးရှိ ကျန်းရီတစ်ယောက် အတန်ငယ် အံ့အားသင့်နေသည်။ သည်ဟွမ်ဖူထောင်ထျန်းသည် ရှန်းစီပင်လယ်၌ လုယက်နေခြင်းမဟုတ်လော။ သူက ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ပြီလော။ သို့သော် သူသည် ဟွမ်ဖူမျိုးနွယ်ဝင်တစ်ယောက် မဟုတ်တော့ပေ။ အဘယ်ကြောင့် သူ ပြန်လာရခြင်းနည်း။
ဟွမ်ဖူထောင်ထျန်းက ကောင်းကင်မှနေ၍ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။ သူက ဟွမ်ဖူချီကို မကြည့်လိုက်သလို ဘာစကားမှလည်း မဆိုလိုက်ပေ။ သူသည် မဟာဧကရာဇ်နန်ကုန်း၏ ရုပ်တုကို ကြည့်၍သာ ဒူးထောက်လိုက်ပြီး သုံးကြိမ် ဦးချလိုက်သည်။ ထို့နောက်မှ သူက မျက်လုံးစောင်းကြည့်၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်က မဟာဧကရာဇ်ကို အရိုအသေပေးဖို့လာတာ။ အဲ့ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်က ဟွမ်ဖူမျိုးနွယ်က မဟုတ်တော့ဘူး။ ခင်ဗျားက သူများကိစ္စမှာ ဝင်ရှုပ်လွန်းနေတာ မဟုတ်ဘူးလား”
“မင်း...”
ဟွမ်ဖူချီက ဟွမ်ဖူထောင်ထျန်းကို လက်ညှိုးထိုးလိုက်ပြီး ဒေါသဖြင့် တုန်ရီနေလေသည်။ ဟွမ်ဖူထောင်ထျန်းက သူ့ကို တည့်တည့်ပင် မကြည့်လိုက်ဘဲ ကောင်းကင်သို့ ပျံတက်ကာ အရှေ့ဘက်သို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူသည် စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းအတွင်းသို့ ဆင်းသက်သွားလိုက်ပြီး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
“ဝိုး...”
လူအုပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ဟွမ်ဖူမျိုးနွယ်မှလူများမှာမူ အလွန်မျက်နှာပျက်နေကြသည်။ ကျန်းရီက လက်မထောင်လိုက်ပြီး ဟွမ်ဖူထောင်ထျန်း၏ အကျင့်စရိုက်နှင့် ရဲရင့်မှုကို ချီးကျူးလိုက်လေသည်။
စစ်ထူအောင်းက ရယ်မောလိုက်ပြီး တင်းမာနေသည့် အခြေအနေကို ဖြေလျှော့ရန် ပြောလိုက်သည်။
“ဟားဟားဟား... ဒီကောင်လေး ထောင်ထျန်းရဲ့ အကျင့်စရိုက်က တကယ့်ကို ခေါင်းမာတာပဲ။ ညီနောင်ဟွမ်ဖူ ဒေါသမထွက်ပါနဲ့။ ဒီကောင်လေးက စိတ်ကြီးဝင်နေရုံပါ။ လေလံပွဲလည်းစတော့မယ်... ဒီလေလံပွဲမှာ ထူးခြားတဲ့ ရတနာတွေ အများကြီး ပါမှာပါ။ သခင်မလေးချမ်ချမ်... သခင်မလေးရော ကြည့်ချင်ပါသလား။ တကယ်လို့ သခင်မလေး သဘောကျတဲ့ ရတနာရှိရင် ဒီအဘိုးကြီးကိုသာ ပြောလိုက်ပါ”
“လေလံပွဲလား... ချမ်ချမ် အဲ့အကြောင်းကို အရင်ကတည်းက ကြားထားပြီးပါပြီ။ စစ်ထူမျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးအများကြီးတင်ပါတယ်”
သခင်မလေးချမ်ချမ်က ခပ်သဲ့သဲ့ ပြုံး၍ အတန်ငယ် ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
စစ်ထူအောင်းက မိစ္ဆာမျိုးနွယ်၏ မင်းသမီးနှင့် အခြားလူများစွာ၏ အရှေ့တွင် အရှက်ရစရာ မဖြစ်စေနှင့်ဟု အရိပ်အမြွက်ပြနေကြောင်း ဟွမ်ဖူချီသိပေသည်။ ထို့ကြောင့် ဟွမ်ဖူချီတွင် ရွေးချယ်စရာမရှိတော့ဘဲ ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်ရလေသည်။
“ညီနောင်စစ်ထူ.. ကျုပ်ကိုတော့ မလိမ်ဘူးမလား။ တကယ်လို့ လေလံပွဲမှာ ရတနာကောင်းကောင်း မပါရင် ကျုပ် ခင်ဗျားအိမ်က လင်လုံကျားခုံကို ယူသွားမှာနော်”
“ကောင်းပြီ”
စစ်ထူအောင်းက ခေါင်းညိတ်ကာ သူရဲကောင်းအရှိန်အဝါအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် မျိုးနွယ်(၁၃)ခုမှ အခြားခေါင်းဆောင်များကိုကြည့်လိုက်ပြီး ပြောလိုက်၏။
“အားလုံးပဲ သွားကြတာပေါ့။ ခင်ဗျားတို့အားလုံး ကျေနပ်စေရမယ်လို့ ကျုပ်အာမခံပါတယ်”
ယခင်ကတည်းက ရှန်းစီအခမ်းအနားပြီးသွားလျှင် လေလံပွဲကျင်းပခဲ့သည်။ လေလံပွဲက ဤပွဲတော်၏ အဓိကပွဲတစ်ခုဖြစ်၏။
လေလံပွဲတိုင်းတွင် မျိုးနွယ်(၁၃)ခုက ပစ္စည်းများ လေလံပစ်၏။ ဤတစ်ကြိမ်တွင်လည်း ချွီမျိုးနွယ်က ကောင်းကင်ပန်းချီကား အချပ်ခြောက်ရာနှင့် ရတနာများစွာကို လေလံပစ်ခိုင်းထားသည်။ သူတို့၏ရတနာများ ဈေးမည်ရမည်ကို သူတို့ သိလိုနေကြသည်။ ထို့ပြင် သူတို့ကြိုက်သော ရတနာများတွေ့လျှင်လည်း သူတို့ လေလံဝင်ဆွဲမည်ဖြစ်သည်။
မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များ၊ သခင်မလေးချမ်ချမ်၊ အနက်ရောင်နတ်ဘုရားနှင့် အခြားသူများအားလုံးသည် ကောင်းကင်ထက်သို့ ပျံတက်ကာ စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်သို့ ဦးတည်သွားလိုက်ကြလေသည်။ သူတို့သည် အလယ်မှ ကျောက်စိမ်းဖြူလှေကားကို ဖြတ်၍ လေလံခန်းမအတွင်းသို့ တိုက်ရိုက်ဝင်လိုက်ကြသည်။
ဝှစ်...ဝှစ်...
မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက်သို့ ပျံတက်သွားကြကာ စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းသို့ ဦးတည်သွားလိုက်ကြသည်။ အခြားသူများစွာသည် လေလံခန်းမအတွင်းသို့ ဝင်နိုင်သူများကို အားကျနေကြ၏။ ဤလေလံပွဲသို့ ဝင်နိုင်ရန် ဝင်ကြေး ကောင်းကင်ကျောက်တုံး ငါးထောင် ပေးရပေသည်။ သူတို့အများစုသည် ထိုဝင်ကြေးကို မတတ်နိုင်ကြပေ။
“သွားကြစို့...”
ကျန်းရီက သူ့လူများကို လက်ဝှေ့ယမ်းပြလိုက်၏။ လုလင်းက လေလံခန်းမထဲသို့ ဝင်သွားလောက်ပြီဖြစ်၏။ သို့သော် အစ်မကြီးဆည်းလည်း,လည်း ခန်းမထဲသို့ ရောက်နေလောက်ပေပြီ။ ကျန်းရီသည် အခွင့်အရေးရလျှင် သူမကို ဆက်သွယ်လို၏။
ထို့ပြင် အခြားကိစ္စတစ်ခုလည်း ရှိသေး၏။ လေလံခန်းမထဲသို့ ပထမဆုံး ဝင်သွားသူမှာ ဟွမ်ဖူထောင်ထျန်းဖြစ်သည်။ သူက အဘယ်ကြောင့် လေလံခန်းမထဲသို့ ဝင်သွားခြင်းဖြစ်ကြောင်း ကျန်းရီ သိလို၏။ သူသည် လေလံခန်းမတွင် ရတနာများ လေလံဆွဲနိုင်ရန်အတွက် ရှန်းစီပင်လယ်၌ အထိန်းအကွပ်မရှိ ဓားပြတိုက် လုယက်နေခဲ့ခြင်းလော။
ကျန်းရီတို့အုပ်စုသည် စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းအတွင်းသို့ ဝင်သွားပြီးနောက်တွင် ဒုတိယခန်းမသို့ ဦးတည်သွားလိုက်၏။ ချမ်ဝမ်ကွမ်းက ကောင်းကင်ကျောက်တုံး သန်းတစ်ရာ ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏ ထိုင်ခုံများက အခန်းအသေးလေးတစ်ခုထဲတွင် ဖြစ်ပေသည်။
“အာ.. ဒီလေလံခန်းမက ဧရာမကြီးပဲ။ လေလံပွဲမှာ လူတစ်သိန်းလောက်က အပြိုင်အဆိုင် လေလံဆွဲကြမှာလား”
လေလံခန်းမထဲသို့ လျှောက်သွားပြီးနောက် ကျန်းရီက လှည့်ပတ်ကြည့်လိုက်၏။ သူ့ရင်ထဲတွင် အံ့အားသင့်မှုများ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားလေသည်။ လေလံပွဲက ဤမျှကြီးကျယ်လျှင် အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များသည် သေချာပေါက် လေလံပွဲအတွင်းသို့ ခိုးဝင်လာမည်ဖြစ်သည်။ ယနေ့ညတွင် ရီဖျောင်ဖျောင်၏ အမည်သည် ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်လုံး၌ ကျော်ကြားသွားနိုင်ပေ၏။
***