← Chapters

ငါး-ငါး-ငါး

Vol. 55 Ch. 767

ငါး-ငါး-ငါး

Vol. 55 Ch. 767

လေလံခန်းမသည် အမှန်ပင် ကြီးမားပြီး အချင်းဝက်သုံးကီလိုမီတာ ကျယ်ဝန်းပေသည်။ ခန်းမကို သုံးထပ် ပိုင်းခြားထား၏။ ပထမအထပ်မှာ ရိုးရိုးတန်းဖြစ်ပြီး ထိုင်ခုံ (၇၀,၀၀၀)မှ (၈၀,၀၀၀) ရှိသည်။ ဒုတိထပ်မှာ အခန်းငယ်လေးများ ပိုင်းထားသော အထပ်ဖြစ်သည်။ အခန်းငယ် ထောင်ကျော်ရှိပြီး အခန်းတစ်ခန်းလျှင် လူဆယ်ယောက် ထိုင်နိုင်ပေသည်။ အမြင့်ဆုံးအထပ်တွင်မူ အခန်းကျယ်ကြီးများ စီတန်းရှိ၏။ အခန်းကျယ်အရေအတွက်မှာ တစ်ရာသာ ရှိသည်။ ထိုအခန်းများသည် မျိုးနွယ်(၁၃)ခုနှင့် အခြား ဩဇာအာဏာရှိသူများအတွက် ဖြစ်ပုံပေါ်သည်။

ကျန်းရီတို့အုပ်စုသည် လျှောက်လမ်းရှည်ကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် ဒုတိယထပ်ရှိ အခန်းနံပါတ်(၅၅၅)သို့ ရောက်သွားသည်။ သူတို့ ဝင်သွားသည်နှင့် အခြွေအရံက ရှင်းပြ၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ဒီအခန်းရဲ့ အကာအရံက ပထမအဆင့်ပါ။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေတောင် ဧည့်သည်တော်တို့ကို စူးစမ်းနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မတို့ဘက်ကလည်း ဧည့်သည်တော်တို့ရဲ့ အချက်အလက်တွေကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားပါတယ်...”

“တကယ်လို့ ဧည့်သည်တော်တို့ လေလံဆွဲချင်တယ်ဆိုရင် ဖန်လုံးထဲကို အတွင်းအားသွင်းပြီး အော်လိုက်ပါ။ ဧည့်သည်တော်တို့ရဲ့ အသံကို အကာအရံက ပြောင်းပေးမှာပါ... ဧည့်သည်တော်တို့ရဲ့ မူလအသံကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဧည့်သည်တော်တို့က အသံမပြောင်းချင်ဘူးဆိုရင်လည်း အသံကို အတွင်းအားနဲ့ မြှင့်တင်ပြီးပဲ အော်လိုက်လို့ ရပါတယ်။ ဧည့်သည်‌တော်တို့ လေလံဆွဲလိုက်တဲ့ ပစ္စည်းတိုင်းကို သတ်မှတ်ထားတဲ့ လေလံဈေးအတိုင်း ကောင်းကင်ကျောက်တုံးတွေနဲ့ ပေးချေရပါမယ်။ တကယ်လို့ ဧည့်သည်တော်တို့က မပေးချေဘူးဆိုရင် လိမ်လည်လေလံဆွဲတယ်လို့ သတ်မှတ်ခံရပါမယ်။ အဲ့ဒါဆို ဧည့်သည်တော်တို့ လေလံဆွဲထားတဲ့ ပစ္စည်းကို ပြန်သိမ်းယူမှာဖြစ်သလို ကြိုသွင်းထားတဲ့ ကောင်းကင်ကျောက်တုံး သန်းတစ်ရာကိုလည်း ဆုံးရှုံးရပါလိမ့်မယ်။ အဲ့ဒါတွေက လေလံပွဲရဲ့ စည်းမျဉ်းတွေပါ... ဧည့်သည်‌တော်တို့ နားလည်ပေးဖို့ တောင်းဆိုပါတယ်”

ကျန်းရီ အခန်းထဲတွင် ဝင်ထိုင်လိုက်၏။ အခန်းက အလုံဖြစ်ကြောင်း သူ သတိပြုမိလိုက်၏။ နံရံ‌ထောင့်များတွင် ညလင်းပုလဲများ ရှိပြီး ၎င်းတို့က တောက်ပစွာ လင်းလက်နေကြသည်။ လေလံခန်းမတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည့် ဖန်လုံးတစ်လုံးလည်း ရှိ၏။ ထို့ကြောင့် အတော်လေး အဆင်ပြေပေသည်။ ချမ်ဝမ်ကွမ်းက ခေါင်းညိတ်လိုက်ပြီး လိုက်ပို့ပေးသည့် အခြွေအရံကို ပြန်လွှတ်လိုက်၏။ ထို့နောက် သူတို့သည် အခန်း၏ အကာအရံကို နှိုးလိုက်လေသည်။

“အကာအရံက တကယ်ကို စွမ်အားကြီးတာပဲ။ ငါ့ရဲ့ ကောင်းကင်စိတ်အာရုံကိုတောင် ဆန့်ထုတ်လို့မရဘူး”

ကျန်းရီက နေရာကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လိုက်၏။ သို့သော် အပြင်ကို မစူးစမ်းနိုင်သေးပေ။ သူ ပြုံးလိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သွားပေသည်။

ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေက ကောင်းကင်းစိတ်အာရုံကိုသုံး၍ အာရုံခံခြင်းမဟုတ်ပေ။ သူ ထိုအခြေအနေသို့ ဝင်လိုက်လျှင် ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် တစ်သားတည်းကျသွားပြီး ပတ်ဝန်းကျင်ကို အာရုံခံစူးစမ်းလာနိုင်ခြင်းဖြစ်သည်။ သို့သော် သူသည် မဆင်မခြင် လျှောက်အာရုံမခံဝံ့ပေ။ ယနေ့ လေလံပွဲတွင် ဩဇာအာဏာရှိသူများစွာ ရှိနေသည် မဟုတ်ပါလား။

အခန်းထဲရှိ ဖန်လုံးက အလွန်ဆန်းကြယ်၏။ ၎င်းသည် အပြင်မှ ပုံရိပ်အားလုံးကို အတွင်းသို့ ပို့ဆောင်ပေးနိုင်ပေသည်။ အပြင်မှ ဆူညံသံများကိုပင် ဖန်လုံးမှတစ်ဆင့် ကြားနေရသည်။ သူတို့အားလုံး ဖန်လုံးကို ကြည့်၍ အလွန်စိတ်လှုပ်ရှားနေကြပေသည်။

“အစ်မကြီးဆည်းလည်းက အပေါ်ထပ်က အခန်းကျယ်တစ်ခန်းခန်းမှာ ရှိလောက်တယ်။ သူ ဘယ်အခန်းမှာ ဖြစ်မလဲ”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ အပေါ်ထပ်မှ အခန်းကျယ်များသည်လည်း အခန်းလေးများကဲ့သို့ဖြစ်ပြီး အထဲသို့ စူးစမ်း၍မရနိုင်ပေ။ သူသည် အခန်းအပြင်ဘက်မှ နံပါတ်များကိုသာ မြင်နိုင်၏။ နန်ကုန်းမျိုးနွယ်က မည်သည့်အခန်းတွင်ရှိကြောင်း မည်သူမှ မသိပေ။ အကယ်၍ ကျန်းရီ သိခဲ့ပါလျှင်လည်း သူမကို မဆင်မခြင် မရှာဝံ့ပေ။

“ဟွမ်ဖူ‌ထောင်ထျန်းက တကယ်ပဲ အောက်ထပ်မှာလား”

ကျန်းရီက ဖန်လုံးကို ကြည့်ရင်း လေလံစင် အောက်ဘက်ရှိ ပထမအတန်းတွင် ထိုင်နေသူတစ်ယောက်ကို တွေ့လိုက်၏။ ဟွမ်ဖူထောင်ထျန်း၏ အစိမ်းရောင်ဆံပင်က အလွန်ထင်ရှားလွန်းပေသည်။ ကျန်းရီ နားမလည်နိုင် ဖြစ်သွား၏။ ဟွမ်ဖူထောင်ထျန်း၏ ထူးကဲသောအဆင့်အတန်းကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ့တွင် ကောင်းကင်ကျောက်တုံးများစွာ ရှိသဖြင့် အခန်းအသေးတစ်ခု ယူနိုင်သည် မဟုတ်ပါလား။

“ခေါင်းဆောင်...”

ချမ်ဝမ်ကွမ်းကလည်း ဟွမ်ဖူထောင်ထျန်းကို ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်၏။

“ဟွမ်ဖူချီနဲ့ ဟွမ်ဖူမျိုးနွယ်က တခြားလူတွေ အကုန်လုံးက အနက်ရောင်ဆံပင် ရှိကြတယ်မလား။ ဘာလို့ ဒီဟွမ်ဖူထောင်ထျန်းက အစိမ်းရောင်ဆံပင် ဖြစ်နေရတာလဲ”

“ငါက ဘယ်လိုလုပ် သိမှာလဲ”

ကျန်းရီက ခေါင်းခါ၍ ပြောလိုက်သည်။

“ဖြစ်နိုင်တာတော့ သူ့ရဲ့ အထူးကျင့်စဉ်တစ်ခုကြောင့် ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း သူ့အမေက ထူးခြားတဲ့ မျိုးနွယ်တစ်ခုဖြစ်လို နေမှာပေါ့”

ကျန်းရီတို့ ဆွေးနွေးနေချိန်တွင် လူပေါင်းများစွာ ခန်းမထဲသို့ ဝင်လာသည်။ ပထမထပ်မှ ထိုင်ခုံ(၈၀,၀၀၀)၏ တစ်ဝက်နီးပါး ပြည့်သွား၏။ အောက်ထပ်မှ လူအားလုံးသည် သူတို့ မည်သို့သော ရတနာမျိုးကို ဝယ်နိုင်မည်ကို ဆွေးနွေးနေကြသဖြင့် ဆူညံနေပေသည်။ စစ်ထူမျိုးနွယ်သည် ဤတစ်ခေါက် လေလံပွဲက ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အကြီးကျယ်ဆုံးလေလံပွဲ ဖြစ်လိမ့်မည်ဟု ကြေညာထားပြီးဖြစ်သည်။ မျိုးနွယ်အများစုက သိပ်မကြွယ်ဝကြပေ။ သို့သော် သူတို့အားလုံးသည် ပွဲကြည့်ရန် ကောင်းကင်ကျောက်တုံး ငါးထောင်ပေးခဲ့ကြ၏။

တစ်နာရီကြာပြီးနောက် အောက်ထပ်ရှိ ထိုင်ခုံးအားလုံး ပြည့်လုနီးပါး ဖြစ်သွား၏။ လေလံပွဲ တရားဝင် စတင်ပေပြီ။ အသံအိုတစ်သံ ပဲ့တင်ထပ်သွားသည်။

“အားလုံးပဲ တိတ်ပေးကြပါ။ လေလံပွဲ စတင်ပါတော့မယ်။ ဒီလေလံပွဲမှာ တာဝန်ယူ လေလံပစ်ပေးဖို့ ကျုပ်တို့မျိုးနွယ်ရဲ့ သခင်မလေးရီနျန်ကို စင်မြင့်ထက်ကို ဖိတ်ခေါ်ပါတယ်...”

“အာ...”

အားလုံး အံ့အားသင့်သွားကြသည်။ သခင်လေးများ၏ မျက်လုံးများလည်း အရောင်လက်သွားကြသည်။ သူတို့သည် စိတ်လှုပ်ရှားဟန်ဖြင့် လက်ဝါးများပွတ်နေကြ၏။ စစ်ထူရီနျန်သည် စစ်ထူမျိုးနွယ်၏ နံပါတ်(၁)သခင်မလေးဖြစ်သည်။ သူမက အမှန်ပင် ဤလေလံပွဲကို တာဝန်ယူ ကျင်းပပေးမည်လော။ သူတို့ မည်သည့်ရတနာမှ မဝယ်နိုင်လျှင်ပင် လေလံပွဲတစ်လျှောက်လုံး စစ်ထူမျိုးနွယ်၏ နံပါတ်(၁)သခင်မလေး၏ အလှတရားကို ကြည့်ရှုခံစားနိုင်သည်ဖြင့်ပင် တန်နေပြီဖြစ်သည်။

ရှူး...ရှူး...ရှူး...

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်သည် အနောက်ဘက်လျှောက်လမ်းမှနေ၍ စင်မြင့်ထက်သို့ တက်လာ၏။ ထိုမိန်းမပျိုလေးသည် (၁၆)နှစ်သာ ရှိသေးသော်လည်း သွယ်လျ၍ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက် ရှိနေပေပြီ။ သူမက အနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို လင်းယွင်ပုံစံ စည်းထားပြီး ရတနာများဖြင့် အလှဆင်ထားသည်။ (လင်းယွင်ပုံစံဆိုသည်မှာ ရှေးခေတ်တရုတ်ဆံပင်ပုံစံတစ်ခု ဖြစ်သည်။ ဆံပင်ကို တစ်ချက်စုစည်း၍ ထိုဆံပင်အစည်းကို ခေါင်းဆောင်းပတ်ပတ်လည်တွင် စက်ဝိုင်းပုံရစ်ပတ်သည့် ပုံစံဖြစ်သည်။) သူမ၏ သန့်စင်သော နားပေါက်လေးများမှနေ၍ တလက်လက် တောက်ပနေသော အနီရောင်ကျောက်မြတ်ကြီးနှစ်ခု တွဲလောင်းကျနေ၏။ သူမ၏လည်တိုင်တွင်မူ ပန်းရောင်ပုလဲလည်ဆွဲလေးကို ဆွဲထားပေသည်။ သူမသည် တလက်လက်တောက်ပနေပြီး ကျော့ရှင်းလှပနေလေသည်။

စစ်ထူရီနျန်၏ကိုယ်ပေါ်ရှိ အလှပဆုံးအပိုင်းမှာ သွယ်လျသော ခြေထောက်တစ်စုံနှင့် ဝိုင်းစက်သော တင်ပါးများဖြစ်သည်။ သူမ၏ အသက်အရွယ်အရ သူမသည် အပျိုစင်တစ်ယောက် ဖြစ်နေပေလိမ့်ဦးမည်။ ထို့ကြောင့် သူမ၏တင်ပါးများက အလွန်ဝိုင်းစက်နေခြင်းပင်။ ထို့ပြင် သူမ၏တင်ပါးပုံစံကလည်း အလွန်ကြည့်ကောင်း၏။ သူမ လမ်းလျှောက်လိုက်စဉ် တင်ပါးများ နိမ့်တုံမြင့်တုံ လှုပ်ယမ်းသွားသောအခါ ယောက်ျားများစွာ၏ မျက်လုံးများမှာ ကျွတ်ကျတော့မလိုပင် ဖြစ်သွားလေသည်။

စစ်ထူရီနျန်က ငယ်ရွယ်၏။ သို့သော် သူမထံတွင် ထူးကဲသော အရှိန်အဝါ ရှိပေသည်။ သူမသည် စင်မြင့်အလယ်သို့ ရောက်သောအခါ ဝမ်းဗိုက်ပေါ်တွင် လက်နှစ်ဘက်ယှက်တင်၍ လေးလေးစားစား ဦးညွှတ်လိုက်၏။ ထို့နောက် သူမသည် ခပ်ရေးရေးပြုံး၍ ပြောလိုက်သည်။

“ကျွန်မက စစ်ထူရီနျန်ပါ။ ဒီနေ့ လေလံပွဲမှာ တာဝန်ယူ လေလံပစ်ပေးရတာ ကျွန်မရဲ့ ကံကောင်းမှုပါပဲ။ ပြီးတော့ ဒီခန်းမထဲမှာ စီနီယာတွေ၊ ရှန်းစီမျိုးနွယ်စုရဲ့ သူရဲကောင်းတွေ စုဝေးနေတာဆိုတော့ ကျွန်မ ပိုပြီးဂုဏ်ယူမိပါတယ်။ လေလံပွဲကို တာဝန်ယူ ကျင်းပပေးရတာ ဒါ ကျွန်မရဲ့ ပထမဆုံးအကြိမ်ပါပဲ။ တကယ်လို့ ကျွန်မ အမှားလုပ်မိခဲ့ရင် ခွင့်လွတ်ပေးဖို့ ‌တောင်းဆိုချင်ပါတယ်”

စစ်ထူထောင်ထျန်း၏အသံလေးက အလွန်ချိုသာ၏။ ကျောက်စိမ်းပန်းကန်ထဲသို့ အရွယ်အစားစုံသည့် ပုလဲလုံးလေးများ ပြုတ်ကျနေသည့်အသံကဲ့သို့ပင်။ သူမ၏အသံလေးက သိမ်မွေ့သော်လည်း ပြတ်သား၏။ ထို့ပြင် နှေးလည်း မနှေးသလို၊ မြန်လည် မမြန်ပေ။ တေးသီငှက်ကလေးတစ်ကောင်က တေးဆိုနေသကဲ့သို့ပင်။ ထိုအသံလေးနှင့် သူမ၏ တောက်ပသောအပြုံးကို ပေါင်းလိုက်သောအခါ သခင်လေးများစွာကို ယစ်မူးသွားစေလေသည်။

“ကောင်းပါပြီ... အခု အဓိကအကြောင်းကို သွားကြတာပေါ့။ လေလံပွဲကို တရားဝင် စတင်လိုက်ပါပြီ”

စစ်ထူရီနျန်သည် (၁၆)နှစ်သာရှိသေးသော်လည်း စင်ကြောက်သည့် အရိပ်အယောင်တစ်ခုပင် ရှိမနေပေ။ သူမ လက်ဝှေ့ယမ်းလိုက်ရာ မလုံတလုံဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ယောက်က ဧရာမ လခြမ်းကွေးလှံပုဆိန်တစ်ခုကို ယူဆောင်လာ၏။ ၎င်း၏အရောင်မှာ ရွှေရောင်ရင့်ရင့်ဖြစ်ပြီး ၎င်းက ရိုးရှင်းကျယ်ပြောသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ၎င်းပေါ်တွင် ဆန်းကြယ်သောပုံသဏ္ဌာန်များရှိ၏။ အရူတစ်ယောက်ပင် ၎င်းက အဖိုးတန်ရတနာတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။

ရှူး...ရှူး...

ဗဟုသုတရှိသော လူများစွာသည် လေအေးတစ်ချက် ရှူသွင်းလိုက်ကြ၏။ အခန်းအတွင်းရှိ ကျန်းရီကလည်း မျက်လုံးများကျုံ့လိုက်သည်။ ဤလေလံပွဲက အမှန်ပင် ကြီးကျယ်ပေသည်။ ပထမဆုံးလေလံပစ္စည်းသည်ပင် အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင် ဖြစ်နေပေပြီ။

“ဒီက အရှင်တွေ ဒီလခြမ်းကွေးလှံပုဆိန်က ဘယ်လောက် ထူးကဲလည်းဆိုတာ မြင်နိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ဟုတ်ပါတယ်.. ဒါက အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင်ပါ”

စစ်ထူရီနျန်က ခပ်ဖွဖွ ပြုံး၍ တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်၏။

“ဒီလခြမ်းကွေးလှံပုဆိန်ကို ကမ္ဘာဖျက်လှံပုဆိန်လို့ခေါ်ပါတယ်။ အခု လေလံစပစ်ပါတော့မယ်။ ကြမ်းခင်းဈေးက ကောင်းကင်ကျောက်တုံး သန်းတစ်ရာပါ။ ဈေးတစ်ခါတိုးရင် အနည်းဆုံး ကောင်းကင်ကျောက်တုံး သန်းငါးဆယ် တိုးရပါမယ်”

ကမ္ဘာဖျက်လှံပုဆိန်...

အတုအယောင် နတ်ဘုရား အသုံးအဆောင်များက မြင်ရခဲ၏။ ထိုအသုံးအဆောင်တစ်ခု ရှိထားလျှင် သေချာပေါက် တိုက်ခိုက်စွမ်းအား တိုးတက်သွားမည်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်များစွာ၏ မျက်လုံးများ အရောင်လက်သွား၏။ ဈေးက လျင်မြန်စွာ မြင့်တက်လာလေသည်။ သို့သော် ထူးဆန်းစွာပင် ဒုတိယထပ်နှင့် တတိယထပ်ရှိ မည်သည့်အခန်းကမှ လေလံဝင်မဆွဲပေ။

“သန်းငါးရာ”

“သန်းခြောက်ရာ”

“...”

“သန်းတစ်ထောင့်ငါးရာ”

ပထမထပ်မှ အဘိုးအိုတစ်ဦးက အလွန်မြင့်သောဈေးဖြစ်သည့် သန်းတစ်ထောင့်ငါးရာဟု အော်လိုက်လေသည်။ ပထမထပ်မှ လူအားလုံး တိတ်ဆိတ်သွားကြ၏။ သာမန်ကောင်းကင်ဧကရာဇ်များအတွက် သန်းတစ်ထောင့်ငါးရာဆိုသော ပမာဏမှာ အလွန်မြင့်သောဈေး ဖြစ်သည်။ ဓားပြတပ်မဟာတစ်ခု၏ ခေါင်းဆောင်မဟုတ်လျှင် မည်သူမှ ထိုမျှများသည့် ကောင်းကင်ကျောက်တုံးပမာဏကို ထုတ်မသုံးနိုင်ပေ။

“သန်းသုံးထောင်”

တတိယထပ်ရှိ အခန်း(၁၇)မှနေ၍ ငယ်ရွယ်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကို အကာအရံက မပြောင်းပေးထားချေ။ ထို့ကြောင့် အားလုံးသည် အသံကို မှတ်မိသွားကြ၏။ အသံရှင်မှာ လုမျိုးနွယ်၏ သခင်လေးလုလင်းဖြစ်ကြောင်း ထင်ရှားပေသည်။

စစ်ထူရီနျန်က ချစ်စဖွယ်ပြုံးလိုက်ပြီး တတိယထပ်ရှိ အခန်းကို ကြည့်ကာ ခပ်ဖွဖွ ရယ်လိုက်သည်။

“သခင်လေးလင်းက တကယ်ကို ရက်ရောလွန်းပါတယ်။ ဆက်ပြီးလေလံဆွဲချင်တဲ့သူ ရှိပါသေးသလား။ တကယ်လို့ မရှိတော့ဘူးဆိုရင် ဒီကမ္ဘာဖျက်လှံပုဆိန်က သခင်လေးလင်းရဲ့အပိုင် ဖြစ်သွားတော့မှာပါ”

“သန်းသုံးထောင့်တစ်ရာ”

ထိုအခိုက်တွင် ဒုတိယထပ်ရှိ အခန်းတစ်ခုမှနေ၍ ပျင်းရိလေးတွဲ့သောအသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံကိုမူ အကာအရံက ပြောင်းပေးထားသည်။ မျက်လုံး‌ပေါင်းများစွာသည် အသံထွက်ပေါ်လာရာ အခန်းကို ကြည့်လိုက်ကြ၏။ အခန်းကအလုံပိတ်ထားသည်ဖြစ်ရာ သူတို့ အခန်းပေါ်ရှိ ဂဏန်းသုံးလုံးကိုသာ တွေ့လိုက်ရလေသည်။

ငါး-ငါး-ငါး...

All Chapters