နောက်ဆုံးပိတ် ကောင်းကင်ပန်းချီကားများ
Vol. 56 Ch. 768
“ခေါင်းဆောင်... ခေါင်းဆောင် ရူးသွားတာလား”
“သခင်လေး...”
အခန်းနံပါတ်(၅၅၅)ထဲတွင် ကျန်းရီက ရုတ်တရက် ဖန်လုံးထဲသို့ အတွင်းအားထည့်၍ ကောင်းကင်ကျောက်တုံး သန်းသုံးထောင့်တစ်ရာဟု မိုးလောက်မြင့်သော ဈေးကို အော်လိုက်သောအခါ ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့သည် တစ်ပြိုင်တည်း ပြောလိုက်ကြ၏။
ကျန်းရီသည် အစောက ဝင်ရောက်လေလံမဆွဲခဲ့ပေ။ သူ့တွင် မိုးကြိုးမီးရှိကြောင်း အားလုံးသိ၏။ သူ အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ရသွားလျှင်ပင် သူ၏တိုက်ခိုက်စွမ်းအားက များစွာ တိုးတက်လာတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤကမ္ဘာဖျက်လှံပုဆိန်အတွက် လေလံပြိုင်ဆွဲမည်မဟုတ်ဟု အားလုံးက ယူဆထားကြ၏။
ထို့ပြင် ပို၍အရေးကြီးသည်မှာ သူတို့တွင်ရှိသည့် ကောင်းကင်ကျောက်တုံးအားလုံး ပေါင်းလိုက်လျှင်ပင် သန်းသုံးရာကျော်သာ ရှိခြင်းပင်။ ဤအတုအယောင် နတ်ဘုရား အသုံးအဆောင်က ကောင်းကင်ကျောက်တုံး သန်းတစ်ရာသာ တန်လျှင်ပင် သူတို့ ၎င်းကို ဝယ်နိုင်ဦးမည် မဟုတ်ချေ။
ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်၏။ သူက ရှင်းပြမနေဘဲ အားလုံးကို စိတ်မပူရန် ပြောလိုက်သည်။
“သန်းလေးထောင်”
မျှော်လင့်ထားသလိုပင် အသံတစ်သံ ပဲ့တင်ထပ်သွား၏။ သခင်လေးလင်းက အသံအတွင်းသို့ အတွင်းအားထည့်၍ အော်လိုက်ခြင်းပင်။ မျိုးနွယ်(၁၃)ခုမှ သခင်လေးများတွင် ကောင်းကင်ကျောက်တုံး မရှားပေ။ သူတို့သည် လူရှေ့သူရှေ့တွင် သူများအောက်ကျ ခံမည်မဟုတ်။ ယခုတွင် ဤနေရာ၌ မျိုးနွယ်(၁၃)ခုစလုံး စုဝေးနေပြီး မိစ္ဆာမျိုးနွယ်မင်းသမီးလည်း ရှိနေသဖြင့် လုမျိုးနွယ်သည် မျက်နှာပျက် မခံနိုင်ပေ။
“ဝိုး...”
အောက်ထပ်တွင် အံ့ဩသံများ ထွက်ပေါ်လာသည်။ လေလံပွဲသည် အစကတည်းက ဤမျှ ပြင်းထန်နေပြီလော။ ထို့ပြင် တစ်စုံတစ်ယောက်က အမှန်ပင် မျိုးနွယ်(၁၃)ခုနှင့် ယှဉ်ပြိုင်ဝံ့ခြင်းလော။ ထိုသူသည် အမှန်ပင် ရဲတင်းလွန်း၏။ လေလံပွဲပြီးနောက်တွင် လုမျိုးနွယ်က သူ့ကို လက်စားချေမည်ကို သူ မကြောက်သလော။ စစ်ထူမျိုးနွယ်က သူ၏ သတင်းအချက်အလက်များကို လျှို့ဝှက်ထားနိုင်ပြီး လုမျိုးနွယ်က ရှန်းစီမြို့တွင် လွှမ်းမိုးမှု မရှိသော်လည်း သူတို့သည် မျိုးနွယ်(၁၃)ခုထဲမှ တစ်ခုဖြစ်နေသေးသည် မဟုတ်လော။
“သန်းလေးထောင့်တစ်ရာ”
အခန်းနံပါတ်(၅၅၅)မှနေ၍ အသံဖျော့ဖျော့တစ်သံ ထပ်မံ ပဲ့တင်ထပ်လာ၏။ ထို့ပြင် သူတိုးလိုက်သောဈေးမှာ သန်းတစ်ရာသာ ဖြစ်သည်။ ထို့ကြောင့် အောက်ထပ်မှ လူအားလုံး တိတ်ဆိတ်သွား၏။ အစောက လေလံယှဉ်ဆွဲခြင်းဖြစ်လျှင်ပင် ယခုတွင် အခန်းနံပါတ်(၅၅၅)သည် လုလင်းကို ပစ်မှားထား၍ ဈေးကို တမင်တိုးနေခြင်းဖြစ်ကြောင်း ထင်ရှားလာပေပြီ။
ဟုတ်၏။
ကျန်းရီသည် အမှန်ပင် လုလင်းကို ပစ်မှတ်ထားနေခြင်းဖြစ်၏။ သူ လုလင်း၏ အသံကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်။ ကျန်းရှောင်နူသည် သူ၏ အထိမခံသောနေရာဖြစ်၏။ လုလင်းက သူမကို အတင်းလက်ထပ်လိုခဲ့သည်လော။ အကယ်၍ ကျန်းရီတွင်သာ အစွမ်းရှိလျှင် သူသည် လုလင်းကို သေချာပေါက် သတ်ပစ်လိုက်မည်ဖြစ်သော်လည်း လက်ရှိတွင် သူ့ထံ၌ လုလင်းကို သတ်နိုင်သည့်စွမ်းရည် မရှိသေးပေ။ သို့သော် ယခု ကျန်းရီသည် လုလင်းကို လက်စားချေနိုင်မည့် အခွင့်အရေးတစ်ခု ရလာပြီဖြစ်၍ ညှာတော့မည် မဟုတ်ချေ။
ကျန်းရီသည် အရာအားလုံးကို စွန့်စားထားရခြင်းပင်။ ယနေ့တွင် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သည် မဟုတ်ပါလား။ အကယ်၍ စစ်ထူမျိုးနွယ်ကသာ မယုံကြည်ရလျှင် ကောင်ကင်ပန်းချီကားများကို လေလံပစ်ပြီးနောက်၌ မျိုးနွယ်(၁၃)ခုက သူတို့၏ သတင်းအချက်အလက်များကို သိရှိသွားမည်ဖြစ်သည်။ စစ်ထူမျိုးနွယ်ကသာ ယုံကြည်ရလျှင် ကျန်းရီက လုလင်းနှင့် လေလံပြိုင်ဆွဲလျှင်ပင် မျိုးနွယ်(၁၃)ခုက သူ၏သတင်းအချက်အလက်များကို သိရှိနိုင်မည်မဟုတ်ချေ။
“သန်းငါးထောင်”
လုလင်းက တုံ့ဆိုင်းမှုမရှိ ထပ်အော်လိုက်၏။ သူ့အသံတွင် စိန်ခေါ်မှုနှင့် ပြည့်နှက်နေ၏။ ပထမထပ်မှ လူများသည် အခန်းနံပါတ်(၅၅၅)သို့ ကြည့်လိုက်ပြီး ထိုသူ ထပ်၍ လေလံဆွဲဦးမည်လောဟု စောင့်စားနေကြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီ တိတ်တဆိတ်သာ နေလိုက်၏။ တူညီသော ကိစ္စတစ်ခုကို သုံးခါ မလုပ်သင့်ပေ။ အကယ်၍ ကျန်းရီ ဆက်၍ လေလံဆွဲလိုက်သော်လည်း လုလင်းကို လုမျိုးနွယ်၏ အကြီးအကဲတစ်ယောက်က ဆက်မလိုက်ရန် တားလိုက်လျှင် လုလင်း ထပ်၍လေလံဆွဲနိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီက ဤကမ္ဘာဖျက်လှံပုဆိန်ကို ဝယ်ရပေလိမ့်မည်။
စစ်ထူရီနျန်က ခေတ္တမျှ စောင့်ပြီးနောက် မည်သူမှ ဆက်၍ လေလံမဆွဲတော့သည်ကို တွေ့သောအခါ ပြုံးကာ ပြောလိုက်၏။
“ရတနာလှံပုဆိန်တစ်လက်က သူရဲကောင်းတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ ဘယ်သူမှ လေလံဆက်မဆွဲတော့ဘူးဆိုရင် ဒီကမ္ဘာဖျက်လှံပုဆိန်က သခင်လေးလင်းရဲ့အပိုင် ဖြစ်သွားတော့မှာပါ။ သုံး၊ နှစ်၊ တစ်... ကောင်းပါပြီ။ လေလံပွဲရဲ့ ပထမရတနာကို လေလံအောင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေးလင်းရှင့်”
ခန်းမအတွင်းမှ မျက်လုံးပေါင်းများစွာ အရောင်လက်လာ၏။ လေလံပွဲက စရုံသာ ရှိသေးသော်လည်း ဤမျှ ပြင်းထန်နေပေပြီ။ ယနေ့လေလံပွဲသည် အလွန်စိတ်လှုပ်ရှားရမည့်ပုံပင်။ သူတို့သည် သမိုင်းအတွင်း ဈေးအမြင့်ဆုံး ပစ္စည်းကို လေလံပစ်နိုင်လောက်၏။
ဒုတိယလေလံပစ္စည်းကို ထုတ်ယူလာပေပြီ။ ၎င်းမှာ လှပသော အတွင်းဝတ်ချပ်ဝတ်တစ်ခု ဖြစ်၏။ သို့သော် ၎င်းသည် အတုအယောင် နတ်ဘုရား အသုံးအဆောင် မဟုတ်ဘဲ သာလွန် သူတော်စင် အသုံးအဆောင်သာဖြစ်၏။ ၎င်းချပ်ဝတ်၏ တစ်ခုတည်းသော ထူးခြားမှုမှာ ပညာရှင်တစ်ဦးက ရေးဆွဲထားသော ချပ်ဝတ်ပေါ်ရှိ သင်္ကေတပုံစံများဖြစ်သည်။ ၎င်းသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် ခံနိုင်၏။ သို့သော် တစ်ခါသာ ခံနိုင်ပေသည်။ ချပ်ဝတ်သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုတစ်ခုကို ခံပြီးနောက်တွင် ပျက်စီးသွားမည်ဖြစ်သည်။
အတွင်းဝတ်ချပ်ဝတ်ကို ကြမ်းခင်းဈေး သန်းသုံးရာဖြင့် စတင် လေလံပစ်၏။ ဒုတိယထပ်နှင့် တတိယထပ်က မည်သူမှ လေလံမဆွဲခဲ့ကြပေ။
တတိယလေလံပစ္စည်းကို အလျင်အမြန်ပင် ထုတ်လာ၏။ ၎င်းသည် ခရမ်းရောင် ဆတ်ခလောက်အမွေးဖြင့် ချုပ်လုပ်ထားသော လှပသည့် ဝတ်ရုံတစ်ထည်ပင်။ လှပသော မိန်းမပျိုတစ်ဦးက ၎င်းကို ဝတ်ဆင်လာ၏။ ၎င်းသည် အလွန်လှပ၏။ ထိုခရမ်းရောင်သားမွေးဝတ်ရုံက လှပရုံသာမဟုတ်ဘဲ ခုခံစွမ်းရည်လည်း ရှိပေသည်။ ၎င်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်လေသည်။
ဖုန်းလန်၊ ချင်းယွီနှင့် ကျန်းရှောင်နူတို့၏ မျက်လုံးလေးများ လင်းလက်သွား၏။ သို့သော် သူမတို့သည် ကျန်းရီက ထပ်၍ လေလံဆွဲနေမည် ဆိုသဖြင့် လျှင်မြန်စွာ ဣန္ဒြေပြန်ဆည်လိုက်ကြ၏။
ထိုခရမ်းရောင်သားမွေးဝတ်ရုံကို အပြိုင်အဆိုင် လေလံဆွဲကြ၏။ ဒုတိယထပ်နှင့် တတိယထပ်မှ သခင်မလေးများစွာသည် ၎င်းအတွက် ဈေးအပြိုင်ပေးကြ၏။ လူအများစုက သူတို့၏အသံကို မပြောင်းဘဲ မူလအသံကိုသာ သုံးကြကြောင်း ကျန်းရီ သတိပြုမိလိုက်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ မည်သူမည်ဝါဖြစ်ကြောင်း တမင်ဖော်ပြနေသည်မှာ ထင်ရှား၏။ သခင်လေး၊ သခင်မလေးများသည် အချင်းချင်း ဆွဲဆောင်ရန် ကြိုးစားနေကြခြင်းပင်။
နောက်ဆုံးတွင် ထိုခရမ်းရောင်သားမွေးဝတ်ရုံကို လဲ့မျိုးနွယ်၏ သခင်မလေးလဲ့စစ်ဟန်က ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်ဖြင့် လေလံအောင်သွားပေသည်။ ကျန်းရီ ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်သည်။ အပြင်ပန်းသွင်ပြင်မှလွဲ၍ ဤဝတ်ရုံ၏ အသုံးဝင်မှုက လဲ့မျိုးနွယ်၏ သခင်မလေးအတွက် ဘာမှအသုံးမတည့်ပေ။ သူမက ၎င်းကို ထိုမျှမြင့်သော ဈေးဖြင့် ဝယ်ခဲ့ခြင်းမှာ လဲ့မျိုးနွယ်မှ သခင်မလေးက မည်မျှ ကြွယ်ဝကြောင်း ပြရန်သာဖြစ်သည်။
နောက်ပိုင်း လေလံပစ္စည်းများမှာ အထူးရတနာအချို့သာ ဖြစ်ပြီး အဖိုးများစွာ မတန်ပေ။ ကျန်းရီသည်လည်း အစ်မကြီးဆည်းလည်းကို မဆက်သွယ်နိုင်ဘဲ တိတ်တဆိတ်သာ နေနေရသည်။ အောက်ထပ်မှ ဟွမ်ဖူထောင်ထျန်းကလည်း အိပ်နေသည်ဟု ထင်ရအောင်ပင် တိတ်ဆိတ်နေ၏။ သူသည် ခေါင်းငုံ့ထားပြီး တစ်ခါပင် မျက်လုံးမဖွင့်ချေ။
စစ်ထူရီနျန်က အစီအစဉ်ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပြီး လုံးဝ မနှောင့်နှေးစေခဲ့ပေ။ တစ်နာရီအတွင်းမှာပင် ပစ္စည်းငါးဆယ်ကျော် လေလံပစ်ပြီးသွားပေပြီ။ ထိုပစ္စည်းများထဲတွင် မကောင်းသည့်ပစ္စည်း တစ်ခုပင် မပါပေ။ အားလုံးသည် ကောင်းကင်ကျောက်တုံး သန်းငါးဆယ်နှင့်အထက် တန်သည့် ပစ္စည်းများသာ။
“ဟုတ်ကဲ့... လေလံပွဲရဲ့ ပထမအပိုင်း ပြီးဆုံးပါတော့မယ်။ ပထမအပိုင်းရဲ့ နောက်ဆုံး ရတနာကို ထုတ်ယူခဲ့ပါ”
စစ်ထူရီနျန်၏စကားဆုံးသွားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ ခန်းမထဲတွင် မျှော်လင့်နေသော မျက်လုံးပေါင်းများစွာ ရှိနေသည်။ နောက်ဆုံးပစ္စည်းသည် ပစ္စည်းကောင်း ဖြစ်လေ့ရှိ၏။ ဤလေလံပွဲတစ်လျှောက်တွင် အရည်အသွေးကောင်းသော ပစ္စည်းများသာ လေလံပစ်ခဲ့ရာ ပထမပိုင်း၏ နောက်ဆုံးရတနာက မည်သည့်ပစ္စည်းဖြစ်မည်နည်း။
ရှပ်...ရှပ်...ရှပ်...
မိန်းမပျိုလေးဆယ်ယောက် စင်မြင့်ထက်သို့ တက်လာသည်။ သူမတို့ထဲမှ ငါးယောက်သည် ပန်းချီကားတစ်လိပ်စီ ကိုင်ထား၏။ သူမတို့သည် နှစ်ယောက်တစ်တွဲ တွဲ၍ ပန်းချီကားများကို ဖြည်းဖြည်းချင်း ဖြန့်ပြလိုက်၏။
“အာ...ခေါင်းဆောင်... အဲ့ဒါတွေက ခေါင်းဆောင်ရဲ့ ‘ပင်လယ်မှာ မီးတောင်ပေါက်’ ပန်းချီကားတွေပဲ”
ချမ်ဝမ်ကွမ်း တက်ကြွသွား၏။ စစ်ထူဟုန်က သူတို့ ကောင်းကင်ပန်းချီကား ရာကျော် ရရှိထားကြောင်း ပြောခဲ့၏။ ချမ်ဝမ်ကွမ်းက ထိုအကြောင်းကို များစွာ မတွေးခဲ့ပေ။ ယခုတွင်မူ ထိုကောင်းကင်ပန်းချီကား ရာကျော်မှာ ကျန်းရီရေးဆွဲထားသော ပန်းချီကားများဖြစ်ကြောင်း သူ သိသွားပေပြီ။
ခရမ်းရောင်နဂါးကုန်သည်အဖွဲ့အစည်းက ပန်းချီကားများကို ဝယ်ပြီးနောက်တွင် ပြန်မရောင်းဘဲ ဤလေလံပွဲသို့ ယူလာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ချမ်ဝမ်ကွမ်း ထိုအကြောင်းကို တွေးတောပြီးနောက် နားလည်သွား၏။ သူတို့သည် ယင်းပန်းချီကားများကို ခရမ်းရောင်နဂါးမြို့တွင် အဘယ်သို့ ရောင်းနိုင်မည်နည်း။ ဤလေလံပွဲတွင် ဩဇာအာဏာရှိသူများ များစွာ ရှိနေသည်ဖြစ်ရာ သေချာပေါက် ဈေးနှစ်ဆပိုရမည် မဟုတ်ပါလား။
အောက်ထပ်မှ လူများစွာသည် ပန်းချီကားများကို ကြည့်လိုက်ပြီးနောက် ကျွက်စီကျွက်စီ ဆွေးနွေးလိုက်ကြ၏။ သူတို့သည် ပန်းချီကားများမှ တာအိုအရှိန်အဝါကို မမြင်နိုင်ကြပေ။ ထို့ကြောင့် ပန်းချီကားများက သာမန်သာ ဖြစ်သည်ဟု သူတို့ တွေးလိုက်ကြသည်။ ထို့ပြင် ပန်းချီကားငါးချပ်စလုံးက တစ်ပုံစံတည်းဖြစ်သည်။ ထိုကဲ့သို့သော ပစ္စည်းမျိုးကို အဘယ်ကြောင့် နောက်ဆုံးပိတ်တွင် ထားရသနည်း။
စစ်ထူရီနျန်က ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး လက်မြှောက်ကာ အောက်မှ ဆူညံမှုများကို တိတ်စေလိုက်သည်။
“အားလုံးပဲ ဒီပန်းချီကားတွေက သာမန်ပန်းချီကားတွေ မဟုတ်ပါဘူး.. ကောင်းကင်ပန်းချီကားတွေပါ။ သူတို့ထဲမှာ မီးစွမ်းအား တာအိုအရှိန်အဝါ ပါပါတယ်။ အားလုံးလည်း ကောင်းကင်ပန်းချီကားတွေရဲ့ တန်ဖိုးကို သိကြမှာပါ။ အဲ့ပန်းချီကားတွေကို မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းပြီး မျိုးဆက်သစ်တွေကို မီးစွမ်းအား တာအိုပုံသဏ္ဌာန်ကို လေ့လာခိုင်းလို့ရပါတယ်။ ပြီးတော့... ဒီပန်းချီကားတွေကို လူတစ်ယောက်တည်းက ရေးဆွဲထားတာပါ။ ပန်းချီလက်ရာကတော့ သိပ်မကောင်းပေမယ့် နောက်ကျ သူ့ရဲ့ပန်းချီစွမ်းရည် ဆက်တိုးတက်လာရင် သူက သေချာပေါက် အနုပညာဧကရာဇ်တစ်ပါး ဖြစ်လာမှာပဲ။ အဲ့အခါကျ ဒီပန်းချီကားတွေရဲ့ တန်ဖိုးက ဆယ်ဆ၊ အဆတစ်ရာ တက်သွားမှာပါ”
စစ်ထူရီနျန်က ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြော၏။
“ကျွန်မတို့ဆီမှာ ပန်းချီကား အချပ်ခြောက်ရာရှိပါတယ်။ ပန်းချီကားအားလုံးကို အနုပညာရာဖြတ်က စစ်ဆေးပြီးပါပြီ... အားလုံးက ကောင်းကင်ပန်းချီကားတွေပါ။ ရောင်းတဲ့သူက ကောင်းကင်ပန်းချီကားခြောက်ရာကို တစ်ရာစီ ခြောက်ပုံ ပုံပေးဖို့ တောင်းဆိုထားပါတယ်။ အခု ‘ပင်လယ်မှာ မီးတောင်ပေါက်’ ပန်းချီကား အချပ်တစ်ရာအတွက် ကြမ်းခင်းဈေးက ကောင်းကင်ကျောက်တုံး သန်းငါးရာပါ။ ဈေးတစ်ခါတိုးရင် အနည်းဆုံး သန်းတစ်ရာ တိုးပေးရပါမယ်”
“ဝိုး...”
ခန်းမထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွား၏။ မျိုးနွယ်လေးများသည် ဝင်ရောင် ယှဉ်ပြိုင်လိုသော်လည်း ချက်ချင်း နောက်ဆုတ်လိုက်ရသည်။ သူတို့သည် ပန်းချီကားအချပ်တစ်ရာစီ တွဲရောင်းခိုင်းသော ရောင်းသူကို ကျိန်ဆဲလိုက်ကြ၏။ ထိုလုပ်ရပ်ကြောင့် မျိုးနွယ်အသေးလေးများက လေလံယှဉ်ဆွဲနိုင်မည့် အခွင့်အရေးဆုံးရှုံးသွားပေသည်။ မျိုးနွယ်ကြီးများသာ ယှဉ်ပြိုင်ဆွဲနိုင်ပေလိမ့်မည်။ သို့သော် သူတို့တွင် ရွေးချယ်စရာမရှိသဖြင့် အရှုံးကို အောင့်ခံရလေသည်။
“လွတ်တဲ့ငါးက ကြီးနေပြီ...”
ချမ်ဝမ်ကွမ်းက မျက်လုံးပင့်လိုက်၏။ သူတို့သည် ကောင်းကင်ပန်းချီကား အချပ်ခြောက်ရာကို သန်းရှစ်ရာဖြင့်သာ ရောင်းခဲ့ခြင်းပင်။ သို့သော် ချွီမျိုးနွယ်သည် ပန်းချီကားအချပ်တစ်ရာကို ကောင်းကင်ကျောက်တုံး သန်းရှစ်ရာမှ သန်းတစ်ထောင်လောက်အထိ ရနိုင်ပေလိမ့်မည်။
***