← Chapters

ဝမ်းနည်းမှု

Vol. 56 Ch. 769

ဝမ်းနည်းမှု

Vol. 56 Ch. 769

“သန်းငါးရာ”

မျှော်လင့်ထားသကဲ့သို့ပင် တစ်စုံတစ်ယောက်က လျင်မြန်စွာ လေလံဆွဲလိုက်သည်။ လေလံဆွဲလိုက်သူမှာ ဒုတိယထပ်ရှိ အခန်းတစ်ခုမှ ဧည့်သည်တစ်ဦးဖြစ်၏။ သို့သော် သူက အကာအရံကိုသုံး၍ အသံပြင်ထားသဖြင့် သူ မည်သူဖြစ်ကြောင်း မသိနိုင်ပေ။

“သန်းခြောက်ရာ”

ဒုတိယထပ်မှ အခြားအခန်းတစ်ခန်းကလည်း လေလံဆွဲလိုက်၏။ သို့သော် သူ၏အသံ မပျောက်သေးခင်မှာပင် တတိယထပ်ရှိ အခန်းကျယ်တစ်ခုမှ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

“သန်းတစ်ထောင်”

ဝှစ်...ဝှစ်...

လူများစွာသည် ထိုအခန်းကို ကြည့်လိုက်ကြ၏။ အသံထွက်ပေါ်လာရာ အခန်းက တတိယမြောက်အခန်းဖြစ်သည်။ ထိုအခန်းမှာ နန်ကုန်းမျိုးနွယ်၏ အခန်းပင်။ မျိုးနွယ်ကြီးလေးခုက စတင်လေလံဆွဲလာပြီဖြစ်၍ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

နန်ကုန်းမျိုးနွယ်က လေလံဆွဲလိုက်ပြီဖြစ်၍ မည်သူမှ ဈေးထပ်မမြှင့်ဝံ့ကြတော့ပေ။ နောက်ထပ် ကောင်းကင်ပန်းချီကား အချပ်ငါးရာ ရှိပေသေးသည်။ နန်ကုန်းမျိုးနွယ်ကို အပြစ်ပြုရန် မလိုပေ။

ဒုတိယအသုတ် ကောင်းကင်ပန်းချီကားတစ်ရာကို လဲ့မျိုးနွယ်က လေလံအောင်သွားပြီး တတိယအသုတ်ကို ဟွမ်ဖူမျိုးနွယ်က လေလံ‌အောင်သွား၏။ သူတို့သည် လေလံဈေး သန်းတစ်ထောင်ဖြင့် လေလံအောင်သွားကြခြင်းပင်။ ချမ်ဝမ်ကွမ်းတစ်ယောက် နှုတ်ခမ်းတွန့်ကာ ရင်နာနေ၏။

စတုတ္ထအသုတ်တွင် မျိုးနွယ်(၁၃)ခုထဲမှ ဂူမျိုးနွယ်က လေလံစစချင်းမှာပင် ကောင်းကင်ကျောက်တုံး သန်းတစ်‌ထောင် ပေးလိုက်သည်။ ထို့နောက်တွင် မည်သူမှ ဈေးကို မတိုးတော့ပေ။

နောက်ဆုံး ကောင်းကင်ပန်းချီကား အချပ်နှစ်ရာကို လေလံပစ်သောအခါ ထိုမျိုးနွယ်ကြီးများက လေလံဝင်မဆွဲကြတော့ချေ။ မျိုးနွယ်(၁၃)ခုမှ ကျန်မျိုးနွယ်များက လေလံဆွဲနေကြသေးဆဲဖြစ်သော်လည်း အခြားမျိုးနွယ်များက ဈေးပြိုင်ပေးကာ ဝင်ဆွဲကြလေသည်။ မဟုတ်လျှင် ကောင်းကင်ပန်းချီကားများကို မျိုးနွယ်(၁၃)ခုက အကုန်ယူသွားမည်ဖြစ်ပြီး သူတို့အတွက် ဘာမှ ကျန်ခဲ့မည်မဟုတ်ပေ။

စစ်ထူရီနျန် ပြောခဲ့သလိုပင် ထိုကောင်းကင်ပန်းချီကားများကို ရေးဆွဲသူက အနုပညာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပေသည်။ ထိုအနုပညာရှင်က ကောင်းကင်ပန်းချီကား အချပ်ခြောက်ရာပင် ရေးဆွဲနိုင်နေပြီဖြစ်၍ ပန်းချီကားအတွင်း တာအိုပုံသဏ္ဌာန်ထည့်သွင်းသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ထင်ရှားပေသည်။ ယင်းအနုပညာရှင်၏ ပန်းချီစွမ်းရည်သာ တိုးတက်လာပြီး အဆင့်မြင့် ကောင်းကင်ပန်းချီကားများ ရေးဆွဲနိုင်လာလျှင် သူသည် အနုပညာဧကရာဇ်တစ်ပါးဟု သတ်မှတ်ခံရမည်ဖြစ်သည်။

ဈေးနှုန်းများက လျင်မြန်စွာ မြင့်တက်‌နေ၏။ ပဉ္စမမြောက်အသုတ်တွင် မျိုးနွယ်(၁၃)ခုထဲမှ ချန်မျိုးနွယ်က သန်းသုံးထောင်ဖြင့် လေလံအောင်သွားလေသည်။ နောက်ဆုံး ပန်းချီကား အချပ်တစ်ရာအတွက်မူ ဈေးက သန်းငါးထောင်ထိ မြင့်သွားသည်။

“ကြီးလိုက်တဲ့ ဆုံးရှုံးမှုပဲ၊ ခေါင်းဆောင်... ကျုပ် ခေါင်းဆောင်ကို စိတ်ပျက်စေခဲ့ပါပြီ”

ချမ်ဝမ်ကွမ်းက ရှုံ့မဲ့သောမျက်နှာဖြင့် ကျန်းရီကို ပြောလိုက်၏။ ကျန်းရီက ချမ်ဝမ်ကွမ်းကို ခေါင်းခေါက်လိုက်ပြီး ရယ်ကာ ပြောလိုက်သည်။

“အရူး.. ဘာကို ကြီးလိုက်တဲ့ ဆုံးရှုံးမှုလဲ။ ဈေးတွေက အခုတောင် ဒီလောက်မြင့်နေရင် နောက်ပိုင်း ငါတို့ရဲ့ ပန်းချီကားသုံးချပ်ကို လေလံပစ်တဲ့အချိန်က သေချာပေါက် ဒီထက်ပိုမြင့်တဲ့ ဈေးတွေနဲ့ ရောင်းနိုင်မှာပေါ့”

“ဟုတ်သား...”

ချမ်ဝမ်ကွမ်းက ချက်ချင်း တက်ကြွသွားသည်။ ဖုန်းလန်နှင့် အခြားသူများလည်း မျက်လုံးများ တောက်ပသွား၏။ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားလာကြလေသည်။ အကယ်၍ သာမန်ကောင်းကင်ပန်းချီကားများပင် ဤမျှမြင့်သောဈေးရလျှင် သူတို့၏ ပန်းချီကားသုံးချပ်က ဈေးမည်မျှ ရမည်နည်း။ မည်သူမှ တွေးမကြည့်နိုင်ပေ။

ကောင်းကင်ပန်းချီကား နောက်ဆုံးအသုတ်ကို တတိယအထပ်ရှိ အခန်းတစ်ခန်းက ဝယ်သွား၏။ သို့သော် သူတို့သည် မျိုးနွယ်(၁၃)ခုထဲမှ ဖြစ်ပုံမပေါ်ပေ။ စစ်ထူရီနျန်က သူတို့၏ အမည်ကို မကြေညာခဲ့ချေ။ လေလံပွဲ၏ ပထမအပိုင်းပြီးသွားသောအခါ စစ်ထူရီနျန်က အနားယူရန် အောက်ဆင်သွားသည်။ နားချိန်အတွင်း၌ ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးများက စင်မြင့်ထက်သို့ တက်၍ ကပြဖျော်ဖြေကြလေသည်။

“ကောင်းကင်းပန်းချီကား အချပ်ခြောက်ရာအတွက် သန်းတစ်သောင်းနှစ်ထောင်တောင် ရခဲ့တာဆိုတော့ ပန်းချီကားတစ်ချပ်ကို ပျမ်းမျှ သန်းနှစ်ဆယ်ရတဲ့ သဘောပဲ။ ချွီမျိုးနွယ်ကတော့ အချီကြီးမိသွားပြီ”

ချမ်ဝမ်ကွမ်းသည် အမြတ်ကို တွက်ပြီးနောက် ထပ်မံ ရင်နာလာ၏။ ကျန်းရီကမူ လုံးဝ အရေးမစိုက်ပေ။ သူသည် ဖန်လုံးမှ ထွက်ပေါ်လာသော အသံများကိုသာ အာရုံစိုက်၍ နားထောင်နေ၏။ ရီဖျောင်ဖျောင်က မည်သူဖြစ်နိုင်သနည်းဆိုသော ဆွေးနွေးမှုများစွာကို ကြားလိုက်ရသောအခါ သူ ပြုံးလိုက်သည်။

ဤလေလံပွဲတွင် သေချာပေါက် အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်ကြီးများ ရှိနေသည်ဟု ကျန်းရီ ယုံကြည်၏။ ဤနေရာတွင် ရှန်းစီမျိုးနွယ်စုမှ ဩဇာအာဏာရှိသူအားလုံး ရှိနေသဖြင့် အမြတ်များစွာ ရနိုင်သည် မဟုတ်ပါလော။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရှန်းစီမျိုးနွယ်စု၌ မတွေ့နိုင်သော ရှားပါးရတနာများ များစွာ ရှိသည်။ နောက်ဆုံး ပန်းချီကားအသုတ်ကို အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်အဖွဲ့အစည်းကြီးတစ်ခုက ဝယ်ယူသွားခြင်းဖြစ်မည်ဟုပင် သူ ထင်မှတ်မိနေသည်။ မဟုတ်လျှင် ဈေးက ထိုမျှ မြင့်မည် မဟုတ်ချေ။

(၁၅)မိနစ် နားပြီးနောက်တွင် စစ်ထူရီနျန်က စင်ပေါ်သို့ ပြန်တက်လာသည်။ ဤတစ်ခေါက်တွင် သူမသည် ဝတ်စုံအသစ်လဲ၏။ အစိမ်းရောင်ဝတ်စုံရှည်က သူမကို အထူးလန်းဆန်းနေစေ၏။ ဤဝတ်စုံသည် သူမ၏အစောက ဝတ်စုံနှင့် လုံးဝကွာခြားပေသည်။

“ဟုတ်ကဲ့... လေလံပွဲရဲ့ ဒုတိယပိုင်း စပါတော့မယ်။ ပထမပစ္စည်းက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုပါ”

စစ်ထူရီနျန်၏ ကြေညာချက်က ခန်းမထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ အတိတ်တွင် လေလံပွဲများ၌ အများဆုံးမှ အတုအယောင် နတ်ဘုရား အသုံးအဆောင် နှစ်ခုမှ၊ သုံးခုသာ ပါခဲ့သည်။ ဤတစ်ခေါက်တွင် ဒုတိယပိုင်း၏ အစမှာပင် ဒုတိယမြောက် အတုအယောင် နတ်ဘုရား အသုံးအဆောင် ထွက်ပေါ်လာပေပြီ။ သို့ဆိုလျှင် တတိယပိုင်းတွင် မူလရတနာများ ပါလာမည်လော။

တွေးကြည့်၍ မရနိုင်ပေ။

အခုနှစ်ဆယ်မြောက် ပစ္စည်း ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ဤလေလံပွဲတွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များ ပါဝင်နေကြောင်း ကျန်းရီ ပိုသေချာသွားသည်။ ထိုပစ္စည်းမှာ ကောင်းကင်မွှေးဆေးပင်၏ ညှာတံသုံးခုဖြစ်သည်။ ယင်းမှာ နဂါးညှိုးရော်မြက်ပင်ထက်သာ နိမ့်ပြီး ရိုးတွင်းချဉ်ဆီနှင့် သွေးကြောများကို သန့်စင်‌ပေးနိုင်ပေသည်။

ထိုဆေးပင်ကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ အမြင့်ဆုံးတောင်ဖြစ်သော အရှေ့တော်ဝင်တောင်ပေါ်တွင်သာ တွေ့နိုင်သည်ဟု ဆိုကြ၏။ တစ်နှစ်လျှင် ညှာတံ(၁၀၀)သာရ၏။ ထို့ပြင် အရှေ့တော်ဝင်တောင်က ရှီးမျိုးနွယ်၏ နယ်မြေထဲတွင် ရှိသဖြင့် သာမန်လူများသည် ထိုကဲ့သို့ ရတနာတစ်ခုကို ရနိုင်မည် မဟုတ်ပေ။

ကောင်းကင်မွှေးဆေးပင်၏ ညှာတံသုံးခုကို တစ်ခုလျှင် သန်းရှစ်ထောင်၊ သန်းကိုးထောင်၊ သန်းရှစ်ထောင့်ငါးရာတို့ဖြင့် အသီးသီး ရောင်းနိုင်ခဲ့သည်။ ဝယ်သူသွားသူများမှာ လဲ့မျိုးနွယ်၊ ဟွမ်ဖူမျိုးနွယ်နှင့် နန်ကုန်းမျိုးနွယ်တို့ဖြစ်ကြသည်။ လေလံဆွဲနေစဉ်အတွင်း မျိုးနွယ်(၁၃)ခု၏ ကျန်မျိုးနွယ်များကလည်း ဝင်ရောင် ယှဉ်ပြိုင်ခဲ့သည်။ ထိုဆေးပင်သည် နဂါးညှိုးရော်မြက်ပင်ထက် နိမ့်သော်လည်း အလွန်ရှားပါး၏။ မျိုးနွယ်(၁၃)ခုက ကြွယ်ဝပေသည်။ သူတို့သည် ထိုဆေးပင်ညှာတံကို သူတို့၏ မျိုးဆက်သစ်များ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ဖို့ သုံးနိုင်ရန်အတွက် လေလံဆွဲလိုကြခြင်းပင်။

သန်းကိုးထောင်ဟူသော ‌ဈေးပင် ထွက်ပေါ်ပြီဖြစ်၍ သန်းတစ်သောင်းသို့ ရောက်ရန် သိပ်မလိုလောက်တော့ပေ။

လူအားလုံး မျှော်လင့်တကြီး ရှိနေကြသည်။ ကျန်းရီသည် ကောင်းကင်မွှေးဆေးပင်ညှာတံများကို စိတ်မဝင်စားပေ။ စိတ်ဝင်စားခဲ့လျှင်လည်း လေလံပြိုင်ဆွဲရန် ကောင်းကင်ကျောက်တုံး မရှိချေ။ သူသည် အစ်မကြီးဆည်းလည်းနှင့် ဟွမ်ဖူထောင်ထျန်းတို့ကို အာရုံစိုက်နေခဲ့ခြင်းပင်။ အစ်မကြီးဆည်းလည်းက လေလံပွဲစကတည်းက စကားမပြောသေးပေ။ ဟွမ်ဖူထောင်ထျန်းကလည်း ကောင်းကင်မွှေးဆေးပင်ကို ကြည့်သည်ဆိုရုံသာ ကြည့်လိုက်ပြီး မျက်လုံးများပြန်မှိတ်လိုက်သည်။ သူသည် ဤခန်းမထဲသို့ အနားယူရန် ရောက်လာသကဲ့သို့ပင်။

မိစ္ဆာမျိုးနွယ်မင်းသမီးကလည်း ဘာစကားမှ မပြောပေ။ သူမသည် လူသားရတနာများကို ကြည့်လိုရုံသာဖြစ်ပြီး ဝယ်ယူလိုစိတ်မရှိချေ။ သို့မဟုတ် သူမသည် အခွင့်ရေးယူသည်ဟု အထင်ခံရမည်စိုး၍ လေလံဝင်မဆွဲခြင်းလည်း ဖြစ်နိုင်၏။ သူမသာ လေလံဝင်ဆွဲလျှင် သူမအတွက် ကောင်းကင်ကျောက်တုံးများ ပေးပေးမည့် မျိုးနွယ်များစွာ ရှိနေသည် မဟုတ်ပါလား။ သို့ဆိုလျှင် သူမလည်း ကျေးဇူးကြွေးတင်သွားမည်ဖြစ်သည်။ သူမကဲ့သို့ အဆင့်အတန်းမြင့်သူတစ်ယောက်သည် မည်သူ့ထံတွင်မှ ကျေးဇူးကြွေးအတင်ခံမည် မဟုတ်ချေ။

ပစ္စည်းများ တစ်ခုပြီးတစ်ခု လေလံပစ်နေ၏။ ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် အခြားသူများ ပို၍စိတ်လှုပ်ရှားလာကြသည်။ လေလံပွဲ ဒုတိယပိုင်း ပြီးဆုံးတော့ပေမည်။ ပန်းချီကားသုံးချပ်ကို လေလံပွဲ ဒုတိပိုင်း၏ အဆုံးတွင် လေလံပစ်‌ပေးမည်ဟု စစ်ထူဟုန်က ပြောထား၏။

“ဟုတ်ကဲ့ပါ...”

ရှေးဟောင်းချိပ်စည်းတစ်ခုကို လေလံပစ်ပြီးနောက်တွင် စစ်ထူရီနျန်က ပြုံး၍ ပြောလိုက်၏။

“လေလံပွဲရဲ့ ဒုတိယပိုင်း ပြီးသွားပါပြီ အခု နောက်ဆုံး လေလံပစ္စည်းအတွက် အချိန်ကျပါပြီ”

လူအုပ်သည် လုံးဝတိတ်ဆိတ်သွား၏။ ပထမပိုင်းမှ ကောင်းကင်ပန်းချီကားများကို ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းနှစ်ထောင်ဖြင့် ရောင်းနိုင်ခဲ့သည်။ ဒုတိယပိုင်၏ နောက်ဆုံးပစ္စည်းကိုရော ဘယ်လောက်ဖြင့် ရောင်းနိုင်မည်နည်း။

မိန်းမပျိုသုံးယောက်က ဇင်သစ်သားသေတ္တာလေးသုံးခုကို ကိုင်၍ စင်မြင့်ထက်သို့ တက်လာ၏။ ချမ်ဝမ်ကွမ်းက သေတ္တာများကို မြင်လိုက်သောအခါ ချက်ချင်း ကျယ်လောင်စွာ ရယ်လိုက်သည်။

“ခေါင်းဆောင်... အဲ့ဒါ ပန်းချီကားသုံးချပ်ပဲ။ စစ်ထူမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက မဆိုးဘူး။ သူတို့က တကယ်ပဲ အဲ့ပန်းချီကားတွေကို နောက်ဆုံးပစ္စည်းအနေနဲ့ လေလံပစ်ပေးတာပဲ”

ကျန်းရီ၏မျက်လုံးများက ကြယ်များကဲ့သို့ လင်းလက်လာ၏။ ထိုပန်းချီကားသုံးချပ်သည် ကောင်းကင်ကျောက်တုံးအတွက်သာ မဟုတ်ပေ။ “ရီဖျောင်ဖျောင်”၏အမည်က ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွားရန်လည်း သူ မျှော်လင့်ပေသည်။ သို့ဆိုလျှင် သူ၏အမေက သူ သူမကို မည်မျှ လွမ်းနေကြောင်း သိသွားပေလိမ့်မည်။

စစ်ထူရီနျန်က လက်ဝှေ့ယမ်းလိုက်သောအခါ မိန်းမပျိုတစ်ယောက်က ပထမပန်းချီကားကို ရှေ့သို့ ယူလာပြီး ဇင်သစ်သားသေတ္တာကို ဖွင့်လိုက်လေသည်။ ထို့နောက် သူမသည် ပန်းချီကားတစ်ချပ်ကို ဂရုတစိုက်ထုတ်လိုက်၏။ ထိုပန်းချီကားကို ဘောင်ကွတ်ထားပြီး အဝတ်နီတစ်ထည်ဖြင့် ဖုံးအုပ်ထားသည်။ မိန်းမပျိုသည် အဝတ်နီကို နူးညံ့စွာ ဖယ်လိုက်ပြီး ပန်းချီကားကို ပြသလိုက်၏။

ထိုပန်းချီကားမှာ ကျန်းပိုင်လီတစ်ယောက် လက်မြှောက်၍ ကောင်းကင်ထဲရှိ ဧရာမလက်ဝါးရာကြီးထံ မတွန့်မဆုတ်သွားနေသော ‘ဝမ်းနည်းမှု’ ပန်းချီကားဖြစ်သည်။ ထိုပန်းချီကားက အလွန်အသက်ဝင်လှသဖြင့် ကျန်းပိုင်လီ၏မျက်လုံးများအတွင်းရှိ မယိမ်းယိုင်သည့်ဆုံးဖြတ်ချက်နှင့် သူ၏ ပြတ်သားသည့်မျက်နှာထားတို့က ပေါ်လွင်နေပေသည်။

“နောက်ထပ် ကောင်းကင်ပန်းချီကားလား”

“ရီဖျောင်ဖျောင်ပဲလား... လူပုံ ပန်းချီကားလား။ ဒီပန်းချီကားကို ဒုတိပိုင်းရဲ့ နောက်ဆုံးပစ္စည်းအဖြစ် ထားဖို့ သင့်တော်လို့လား။ ပန်းချီကားတစ်ကားက ကောင်းကင်ကျောက်တုံး ဘယ်လောက်တန်နိုင်မှာမလို့လဲ”

“တစ်ခုခုတော့ မှားနေပြီ... ဒီပန်းချီကားက အစောက ‘ပင်လယ်မှာ မီးတောင်ပေါက်’ ပန်းချီကားတွေလို မဟုတ်ဘူး။ ဒီပန်းချီကားက ရင်ထဲမှာ မွန်းကျပ်လာစေသလိုပဲ...”

“ဟုတ်တယ်၊ ငါ ဒီပန်းချီကားကို မြင်တာနဲ့ တကယ်ပဲ ငိုချင်စိတ်တွေ ပေါက်လာတယ်...”

“...”

ပထမထပ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ လူများစွာက မယုံနိုင်ဖြစ်နေသော်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ခန်းမအတွင်းမှ လူအားလုံးက ပန်းချီကားကို ကြည့်နေကြ၏။ သူတို့သည် ဖော်ပြ၍ မရနိုင်သော ဝမ်းနည်းမှုတစ်ခုကို ခံစားနေရလေသည်။

“ဟုတ်ပါတယ်... ဒါက ‘ဝမ်းနည်းမှု’ပါပဲ။ ဒါက ဆန်းကြယ်တဲ့ ပန်းချီကားတစ်ချပ်ပါ။ ပြီးတော့ ရေးဆွဲတဲ့ အနုပညာရှင်က ရီ‌ဖျောင်ဖျောင်ပါပဲ။ ဒီပန်းချီကားမှာ လူတွေကို အလိုလို ဝမ်းနည်းသွားစေနိုင်တဲ့ ဆန်းကြယ်တဲ့စွမ်းရည် ရှိပါတယ်။ ကျွန်မလည်း ဒီပန်းချီကားကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးပါပြီ။ ကြည့်တိုင်းလည်း မျက်ရည်ကြရပါတယ်။ ကျွန်မက ပန်းချီကားတွေကို နားမလည်ပါဘူး... ဒါပေမဲ့ ပန်းချီကားတစ်ချပ်က ကြည့်ရှုသူကို မျက်ရည်ကျစေရင် အဲ့ပန်းချီကားက ကောင်းကင်ပန်းချီကားပါပဲ။ အခု ကျွန်မတို့ ဒီပန်းချီကားကို စပြီး လေလံပစ်ပါမယ်။ ကြမ်းခင်းဈေးက သန်းတစ်ထောင်ပါ။ ဈေးတစ်ခါတိုးရင် အနည်းဆုံး သန်းတစ်ရာ တိုးရပါမယ်”

ဤတစ်ခေါက်တွင် စစ်ထူရီနျန်၏ အသံက တည်ငြိမ်မနေတော့ဘဲ အတန်ငယ် တုန်ရီနူးညံ့နေလေသည်။ သူမ၏ ရှိုက်သံလေးက ခန်းမတစ်ခုလုံးကို ပို၍ပင် တိတ်ဆိတ်သွားစေသည်။ အသက်ရှူချိန် ဆယ်ချိန်မျှ ကြာသည်အထိ မည်သူမှ အသံတစ်ချက်ပင် မထွက်ကြပေ။

“အာ... ဘယ်သူမှ လေလံမဆွဲဘူးလား။ သေစမ်း.. ဘာလို့ စစ်ထူမျိုးနွယ်က ကြမ်းခင်းဈေးကို အများကြီး ခေါ်ရတာလဲ။ တကယ်လို့ ဘယ်သူမှ မဝယ်ဘူးဆိုရင် ဒုက္ခပဲ”

ချမ်ဝမ်ကွမ်းက ပန်းချီကားကို အာရုံမစိုက်ဘဲ အချိန်အတော်ကြာသည်အထိ လေလံဆွဲသူ မရှိသေးခြင်းကိုသာ စိုးရိမ်နေပေသည်။ သူ ထရပ်လိုက်ပြီး စစ်ထူမျိုးနွယ်ကို ကြမ်းခင်းဈေး လျှော့ပေးဖို့ ညှိုနှိုင်းရန် ဟန်ပြင်လိုက်သည်။

သို့သော်...

ချမ်ဝမ်ကွမ်း ထရပ်လိုက်သည့်အခိုက်တွင် တတိယထပ်ရှိ နံပါတ်(၁)အခန်းမှနေ၍ ဩဇာကြီးသော အသံတစ်သံ ထွက်ပေါ်လာ၏။

“သန်းတစ်သောင်း...”

***

All Chapters