ဟွမ်ဖူထောင်ထျန်း လှုပ်ရှားပြီ
Vol. 56 Ch. 770
ဘုတ်...
ချမ်ဝမ်ကွမ်း၏ ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်နှင့် တင်ပါး မိတ်ဆက်သွားလေသည်။ သူ ချက်ချင်း ကျန်းရီကို လှည့်ကြည့်ကာ မေးလိုက်၏။
“ခေါင်းဆောင်... ကျုပ် နားကြားများ မှားတာလား။ တစ်ယောက်ယောက်က သန်းတစ်သောင်းလို့ အော်လိုက်တာကို ကြားလိုက်သလားလို့”
ကျန်းရီက တောက်ပစွာ ပြုံးလိုက်၏။ သူ့အတွက် ဤ‘ဝမ်းနည်းမှု’ ပန်းချီကားက ပန်းချီကားတစ်ချပ်သာမဟုတ်ပေ။ သူ့ရင်ထဲရှိ ကျန်းပိုင်လီ၏ အမှတ်တရတစ်ခုလည်းဖြစ်သည်။ ထိုတာဝန်မကျေသောဖခင်က သူ၏သေဆုံးမှုကိုသုံး၍ ကျန်းရီ၏ ရင်ထဲရှိ သူ့အတွက် အမုန်းတရားများကို ဖယ်ရှားခဲ့သည်။ ဤပန်းချီကား တန်ဖိုးပိုများလေလေ၊ လူများက ပန်းချီကား၏ အရေးပါမှုကို ပိုမြင်တွေ့လေလေဆိုသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် ကျန်းရီသည် ရင်ထဲတွင် ကျေးဇူးတင်မိနေပေသည်။
ချမ်ဝမ်ကွမ်းသာမဟုတ်၊ ဖုန်းလန်နှင့် ချင်းယွီတို့လည်း အံ့အားသင့်သွားကြသည်။ အောက်ထပ်မှ လူများစွာလည်း မယုံနိုင်သော မျက်ဝန်းများဖြင့် တုန်ရင်သွားကြ၏။
ထိုပန်းချီကားတွင် အဖျက်စွမ်းအား တာအိုပုံသဏ္ဌာန်ပါကြောင်း အားလုံး ခံစားနိုင်ကြသည်။ သို့သော် ၎င်းမှာ အဆင့်အနိမ့်ဆုံး တာအိုပုံသဏ္ဌာန်ဖြစ်သည်။ ပန်းချီလက်ရာက ‘ပင်လယ်မှာ မီးတောင်ပေါက်’ ပန်းချီကားထက် ပိုကောင်းကြောင်း ထင်ရှားသော်လည်း ပန်းချီကားက ပန်းချီကားသာ ဖြစ်ပေသည်။ ၎င်းသည် သန်းတစ်သောင်း မတန်နိုင်ပေ။
သာမန် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုသည်ပင် သန်းထောင်ဂဏန်းသာ တန်၏။ တိုက်ခိုက်အမျိုးအစားဖြစ်သည့် ထိုကမ္ဘာဖျက်လှံပုဆိန်ပင် သန်းငါးထောင်သာ ရခဲ့သည်။
“သန်းတစ်သောင်းလား”
ဟွမ်ဖူထောင်ထျန်းက မျက်လုံးများ ထပ်မံဖွင့်လိုက်ပြီး ခေါင်းညိတ်ကာ ရေရွတ်လိုက်သည်။
“လဲ့ထင်ဝေက တကယ်ကို ရက်ရောတာပဲ။ တကယ့်လို့ ငါ့မှာသာ ကောင်းကင်ကျောက်တုံးတွေ ပိုလျှံနေရင် ဒီပန်းချီကားကိုဝယ်ဖို့ သန်းတစ်သောင်းသုံးမှာပဲ”
စစ်ထူရီနျန်က လှပသောနွေပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်၏။ ထို့နောက် သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဦးလေးလဲ့က တကယ့်ကို အမြင်စူးရှတာပဲ။ ကျွန်မတို့မျိုးနွယ်ရဲ့ အဘိုးရန်ကလည်း သူသာ လေလံပွဲမှာ ဝင်ပါလို့ရရင် ဒီပန်းချီကားကို သန်းတစ်သောင်းနဲ့ လေလံဆွဲမယ်လို့ ပြောဖူးပါတယ်။ ဒီ‘ဝမ်းနည်းမှု’က လက်ရေးလှနဲ့ ပန်းချီကို နှစ်သက်တဲ့သူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါပဲ”
စစ်ထူရီနျန်သည် ခေတ္တမျှ စကားရပ်လိုက်ကာ ပတ်ဝန်းကျင်ကို လှပသော မျက်လုံးလေးများဖြင့် ဝေ့ဝဲကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
“သန်းတစ်သောင်း... ပိုပြီး ပေးချင်တဲ့သူ ရှိပါသေးလား။ သုံး၊ နှစ်၊ တစ်... ‘ဝမ်းနည်းမှု’ကို ရသွားတဲ့အတွက် ဦးလေးလဲ့ကို ဂုဏ်ပြုပါတယ်။ ဒီအခိုက်အတန့်က လက်ခုပ်တီးပေးဖို့ ထိုက်တန်တယ်လို့ ကျွန်မ ခံစားမိပါတယ်”
ဖြောင်း...ဖြောင်း...ဖြောင်း...
အောက်ထပ်မှနေ၍ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာလေသည်။ ပစ္စည်းတစ်ခုကို သန်းတစ်သောင်းဖြင့် ရောင်းနိုင်ခဲ့ခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သဖြင့် လဲ့ထင်ဝေ၏ ရက်ရောမှုကို ချီးကျူးနေကြသည်။ ချမ်ဝမ်ကွမ်းကလည်း လက်ခုပ်တဖြောင်းဖြောင်းတီးနေသည်။ သူ၏မျက်လုံးများသည် ကြယ်များအလား တောက်ပနေ၏။ ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းနှင့်ဆိုလျှင် နောင်တွင် သူတို့အားလုံး ရှန်းစီမြို့ထဲ၌ ကောင်းကင်ကျောက်တုံး အလုံအလောက်မရှိမည်ကို ပူစရာမလိုတော့ပေ။
“ဟုတ်ကဲ့ပါ...”
စစ်ထူရီနျန်က လက်မြှောက်လိုက်ပြီး လူအုပ်ကို လက်ခုပ်တီး ရပ်စေလိုက်၏။ ထို့နောက် သူမသည် ဒုတိယပန်းချီကားကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ဒုတိယပန်းချီကားကလည်း ရီဖျောင်ဖျောင်ရဲ့ ပန်းချီကားပါပဲ။ ပထမပန်းချီကားက မြစ်တစ်စင်းလို စီးဆင်းနေတဲ့ ဝမ်းနည်းမှုဆိုရင် ဒုတိယပန်းချီကားက ရေပန်းတစ်ခုလို ပန်းထွက်လာတဲ့ လွမ်းဆွတ်မှုပါပဲ။ ဒီပန်းချီကားရဲ့ ကြမ်းခင်းဈေးကလည်း ပထမပန်းချီကားလိုပါပဲ”
မိန်းမပျိုလေးတစ်ယောက်က ပန်းချီကားကို ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် စစ်ထူရီနျန်ကိုယ်တိုင် အဝတ်နီကို ဖယ်ကာ ပန်းချီကားကို ပြလိုက်၏။ ဒုတိယပန်းချီကားမှာ နောက်ခံမပါသော ရီဖျောင်ဖျောင်၏ ပုံတူပင်။ သူမသည် အလွန်လှပသော်လည်း မှင်တက်လောက်အောင် မဟုတ်ပေ။ သို့သော် ထိုပန်းချီကားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နွေးထွေးမှုကို ခံစားရလေသည်။ ၎င်းက စိတ်ဒဏ်ရာများကို ကုသနိုင်သကဲ့သို့ပင်။
ထူးဆန်းသည်မှာ ထိုပန်းချီကားသည် နောက်ဆုံးတွင် အားကောင်းသည့် လွမ်းဆွတ်မှုအငွေ့အသက်တစ်ခုကို ပေးခြင်းပင်။ လူအုပ်တစ်ခုလုံး ထပ်မံတိတ်ဆိတ်သွား၏။ အားလုံးက ပန်းချီကားကို စိုက်ကြည့်ကာ အတွေးနက်နေကြသည်။
“သန်းတစ်သောင်း...”
ပြတ်သားသည့်အသံတစ်သံက တိတ်ဆိတ်မှုကို ဖောက်ထွင်းသွား၏။ အားလုံးသည် အသံထွက်ပေါ်လာရာဘက်ကို ကြည့်လိုက်ကြပြီး ရင်ထဲစိမ့်သွားကြ၏။ နန်ကုန်းမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် ဈေးကို အော်လိုက်ခြင်းလော။ အစောက လေလံဝင်ဆွဲခဲ့သူမှာ နန်ကုန်းမျိုးနွယ်၏ သခင်လေးဖြစ်သည်။ ယခုတွင် ဤ အသည်းမာသော ရှေးရိုးစွဲလူက ထိုပန်းချီကားကြောင့် အမှန်တကယ် ခံစားခဲ့ရသည်လော။
“ငါကြားတာတော့ နန်ကုန်းယွင်ရီက အသက်ငယ်ငယ်အရွယ်မှာပဲ သူ့အမေကို ဆုံးရှုံးခဲ့ရတာတဲ့။ အဲ့ဒါက အမှန်ဖြစ်နေမလား”
“ဟုတ်တယ်... နန်ကုန်းယွင်ရီက ဒီပန်းချီကားကိုမြင်တော့ သူ့အမေကို သတိရသွားတာဖြစ်မယ်...”
“ဒီအနုပညာရှင်က တကယ် အံ့ဩလောက်တာပဲ၊ သူက တကယ်ပဲ လူတစ်ယောက်ရဲ့ နှလုံးသားထဲကို မဖော်ပြနိုင်တဲ့ ခံစားချက်တွေ ထည့်ပေးနိုင်တယ်။ ရီဖျောင်ဖျောင်... ငါ အဲ့နာမည်ကို အရင်တုန်းက တစ်ခါမှ မကြားဖူးဘူး...”
“အမှန်ပဲ... ဒါပေမဲ့ ဒီညပြီးရင်တော့ ဒီနာမည်က မျိုးနွယ်စုတစ်ခုလုံးမှာ ကျော်ကြားသွားတော့မှာပဲ။ အရှေ့ဘက် တော်ဝင်နယ်မြေအထိပါ ဆက်ကျော်ကြားသွားနိုင်တယ်။ အဲဒီလူ အနာဂတ်မှာ အနုပညာဧကရာဇ် ဖြစ်မလာနိုင်ရင်တောင် အဲ့အဆင့်နဲ့ သိပ်မကွာတဲ့ အဆင့်ထိ ရောက်နိုင်မှာပဲ”
ကောလာဟလအချို့ကို ကြားထားသူများက အသံများပို့လွှတ်၍ စကားပြောနေကြသည်။ သူတို့တော်တော်များများ၏ ရင်ထဲတွင် အားကျမှု၊ မနာလိုမှု၊ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဓားပြများ၏ မျက်လုံးများထဲတွင် မနာလိုမှုများဖြင့်သာ ပြည့်နှက်နေပေသည်။
ဓားပြများသည် ကောင်းကင်ကျောက်တုံး အနည်းငယ် ရနိုင်ရန် အသက်စွန့်၍ တိုက်ခိုက်ရ၏။ သို့သော် ထိုအနုပညာရှင်သည် စုတ်တံလေးကို လှုပ်၍ ပန်းချီကားအနည်းငယ် ဆွဲလိုက်ရုံဖြင့် ကောင်းကင်ကျောက်တုံး သန်းထောင်ချီ၊ သောင်းချီ ရနိုင်ပေသည်။ သူတို့အားလုံးသည် လူသားများဖြစ်သော်လည်း အဘယ်ကြောင့် သူတို့ကြားတွင် ထိုသို့ကွာခြားမှုကြီးတစ်ခု ရှိနေရသနည်း။
နန်ကုန်းမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်က လေလံဆွဲပြီးနောက်တွင် မည်သူမှ သူ့ကို အပြစ်မပြုဝံ့ကြပေ။ ထို့ကြောင့် ဒုတိယပန်းချီကားကလည်း ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းဖြင့် ရောင်းထွက်သွားလေသည်။
ချမ်ဝမ်ကွမ်းမှာ ဝမ်းသာလွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်ရီနေ၏။ သူ အလွန်စိတ်လှုပ်ရှားနေပေသည်။ ဖုန်းလန်နှင့်ချင်းယွီတို့၏ မျက်နှာများကလည်း နီမြန်းနေ၏။ သူမတို့သည် ကျန်းရီကို နှစ်လိုဖွယ်မျက်နှာထားများဖြင့် ကြည့်နေကြသည်။ ကျန်းရှောင်နူ၏ မျက်နှာတွင်မူ မျက်ရည်စများ ဖုံးလွှမ်းနေ၏။ သူမသည် အဆက်မပြတ် နူးညံ့စွာ ရေရွတ်နေ၏။
“သခင်မ၊ သခင်မ၊ သခင်မ...”
ကျန်းရှောင်နူသည် ယခုမှ ပန်းချီကားကို တွေ့ရခြင်းပင်။ သူမသည် ရီဖျောင်ဖျောင်က မည်သူဖြစ်ကြောင်း မသိသော်လည်း သူမကို မွေးစားခဲ့သည့် ကျန်းရီ၏အမေ သခင်မကိုမူ ချက်ချင်း မှတ်မိသွား၏။
ကျန်းရီက ပြုံးလည်းမပြုံးသလို၊ ငိုလည်းမငိုပေ။ သူ၏မျက်နှာက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။ သူ၏မျက်လုံးများကတော့ ဝေဝါးနေသည်။ သူသည် မှတ်ဉာဏ်များအတွင်း နက်ရှိုင်းစွာ နစ်မြုပ်နေပုံပင်။
“ဂုဏ်ပြုပါတယ် ဦးလေးနန်ကုန်း...”
စစ်ထူရီနျန်က တောက်ပစွာပြုံးလိုက်ပြီး တတိယပန်းချီကားကို ကြည့်လိုက်၏။ သူမသည် တတိယပန်းချီကားပေါ်မှ အဝတ်နီကို သွားမဖယ်လိုက်ဘဲ တောက်ပသော မျက်လုံးများဖြင့်သာ တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် သူမက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“တတိယပန်းချီကားက ကျွန်မ အကြိုက်ဆုံးပန်းချီကားပါပဲ။ ကျွန်မ ဒီပန်းချီကားကို ကိုယ်တိုင်ဝယ်ချင်တယ်လို့ ကျွန်မရဲ့ အဖေကို ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အဖေပြောတာက.. လေလံအိမ်မှာ စည်းမျဉ်းတွေရှိတယ်၊ တကယ်လို့ ကျွန်မတို့စာ စည်းမျဉ်းတွေကို မလိုက်နာရင် လေလံအိမ်က ဘယ်လိုလုပ် စီးပွားရေးဆက်လုပ်နိုင်မှာလဲတဲ့။ ဘယ်သူကရော စစ်ထူမျိုးနွယ်ကို ယုံကြည်ကြတော့မှာလဲတဲ့။ အဲ့ဒါကြောင့် ကျွန်မ ဒီပန်းချီကားကို ကိုယ်တိုင်ဝယ်ဖို့ လက်လျှော့ခဲ့ရပါတယ်။ ဒီပန်းချီကားကို ဝယ်မယ့်သူ့ကို ကျွန်မတစ်ခု တောင်းဆိုချင်ပါတယ်... ကျေးဇူးပြုပြီး ဒီပန်းချီကားကို တန်ဖိုးထားပေးပါ။ ကျေးဇူးတင်ပါတယ်”
လူများသည် ပန်းချီကားကို မမြင်ရသေးခင်မှာပင် စစ်ထူရီနျန်၏ စကားများကြောင့် ရင်ထဲတွင် များစွာ မျှော်လင့်နေပြီဖြစ်သည်။ စစ်ထူရီနျန်၏ စကားများက အမှန် ဟုတ်၊ မဟုတ် အရေးမပါပေ။ အနည်းဆုံးတော့ သူမ အောင်မြင်ခဲ့ပြီဖြစ်သည်။ ဤပန်းချီကား၏ လေလံဈေးသည် ရှေ့မှ ပန်းချီကားနှစ်ချပ်ထက် နည်းမည်မဟုတ်ပေ။
အဝတ်နီလေးကို ဖြည်းဖြည်းချင်း ဖယ်လိုက်ရာ အားလုံး၏ရှေ့တွင် ပန်းချီကား ထွက်ပေါ်လာလေတော့သည်။
ပန်းချီကားတွင် ဝိသေသလက္ခဏာများစွာ ပါ၏။ ၎င်းတို့တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ရေးဆွဲထားပေသည်။ မြေပြင်တွင် အလောင်းများထပ်နေသော ခမ်းနားကြီးကျယ်သည့် မြို့တစ်မြို့ပါ၏။ မြို့ရိုးပေါ်ရှိ စစ်သည်များက သွေးချင်းချင်းနီနေကြ၏။ သူတို့ထဲမှ အချို့က လက်များပြတ်နေကြပြီး အချို့က အမာရွတ်များဖြင့် ဖုံးလွှမ်းနေ၏။ မြေပြင်က ဖျက်ဆီးခံထားရပြီး မြို့ရိုးများက ပြိုပျက်နေ၏။ မီးခိုးများလည်း တလူလူ တက်နေသည်။ ထိုမြို့က စစ်မီးသင့်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
စစ်သည်တစ်စု၏ အလယ်တွင် ဝတ်ရုံဖြူဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက် ရပ်နေ၏။ သူမသည် အလွန်လှပ၏။ အထူးသဖြင့် သူမ၏ နူးညံ့သောအပြုံးက နှုတ်ခမ်းစွန်းမှ စီးကျနေသော သွေးစိမ်းရှင်ရှင်ဖြင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး အမြင်သက်ရောက်မှုတစ်ခု ဖန်တီးနေပေသည်။ မိန်းမပျို၏ အဖြူရောင်ဝတ်စုံနှင့် ပိတုန်းရောင်ကေသာက လေထဲတွင် ဝဲလွင့်နေ၏။ ထိုပန်းချီကားသည် အမှန်ပင် စိတ်လှုပ်ရှားစေပြီး မှော်ဆန်ပေသည်။
မိန်းမပျို၏ ချစ်မေတ္တာပြည့်နှက်နေသော အဖြူနှင့်အနက် ဆန့်ကျင်ဘက်မျက်လုံးများက ကြည့်ရှုသူအားလုံးကို နက်ရှိုင်းသော ခံစားချက်တစ်ခု ခံစားရစေ၏။ ပန်းချီကားသည် ထိုမိန်းမလှလေးထံမှ ချစ်မေတ္တာကို ပေါ်လွင်အောင် ရေးဆွဲထားပေသည်။ ထိုမိန်းမပျိုလေးရှေ့တွင် မည်သူမှ ရှိမနေသော်လည်း အားလုံး၏ စိတ်ထဲတွင် လူငယ်တစ်ဦး၏ပုံရိပ် ထွက်ပေါ်လာ၏။ ထိုလူငယ်မှာ ထိုမိန်းမပျို၏ ချစ်သူ၊ သူမ အချစ်ရဆုံးသူပင်။
“သန်းတစ်သောင်း...”
ပြတ်သားသော အသံဩဩတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက လူအားလုံးကို စိတ်လှုပ်ရှားသွားစေသည်။
လူအားလုံးသည် အသံထွက်ပေါ်လာရာဘက်သို့ ကြည့်ကာ အံ့အားသင့်သွားကြ၏။ တစ်ချိန်လုံး ရှေ့ဆုံးတန်းတွင် မျက်လုံးမှိတ်ကာ အနားယူနေသော ဆံပင်အစိမ်းရောင်နှင့်လူငယ်က ရုတ်တရက် ထရပ်လိုက်လေသည်။ သူသည် နာကျင်သောမျက်ဝန်းများဖြင့် ပန်းချီကားကို ငေးကြည့်နေ၏။ သူ့မျက်လုံးထောင့်စွန်းများမှနေ၍ မျက်ရည်များ စီးကျနေသည်။ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်က အတန်ငယ် တုန်ရင်နေ၏။ အကယ်၍ သူသာ အားလုံးကို ကျောပေးမထားလျှင် အားလုံး ပို၍ပင် အံ့အားသင့်သွားမည်ဖြစ်သည်။
ဟွမ်ဖူထောင်ထျန်းသည် တစ်ညလုံး တိတ်နေခဲ့ပြီးနောက်တွင် ယခုစတင် လေလံဆွဲပေပြီ။
“သန်းတစ်သောင်းတစ်ထောင်”
နူးညံ့သော အသံလေးတစ်သံ လျင်မြန်စွာ ပဲ့တင်ထပ်သွား၏။ လူများသည် အံ့အားသင့်ဟန်ဖြင့် နံပါတ်(၁)အခန်းကို ကြည့်လိုက်ကြသည်။ ထိုအသံက လဲ့မျိုးနွယ်မှ လဲ့စစ်ဟန်၏အသံပင်။ သူမသည် အစောကလည်း ခရမ်းရောင်သားမွေးဝတ်ရုံကို လေလံဆွဲခဲ့၏။ အားလုံးသည် သူမက ဟွမ်ဖူထောင်ထျန်းနှင့် ယှဉ်ကာ လေလံပြိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်နေကြသည်။
“သန်းတစ်သောင်းသုံးထောင်”
ဟွမ်ဖူထောင်ထျန်းက ခေတ္တမျှတွေးတာလိုက်ပြီးနောက် ပြတ်ပြတ်သားသား အော်ပြောလိုက်သည်။ သူ့မျက်လုံးများထဲတွင် မျက်ရည်စများ မရှိတော့သလို သူ၏ခန္ဓာကိုယ်ကလည်း တုန်ရင်မနေတော့ချေ။ သူ၏မျက်လုံးများက ပို၍ ပြတ်သားလာသည်။ သူသည် ဤ ‘ပြင်းပြမှု’ပန်းချီကားကို သေချာပေါက် ရအောင် လေလံဆွဲမည်ဟု ဆုံးဖြတ်ချက်ချထားပုံပင်။
“သန်းတစ်သောင်းလေးထောင်”
လီစစ်ဟန်က ဈေးထပ်တိုးလိုက်၏။ သို့သော် သူမ၏အသံက စိတ်ကောက်နေသည့် ကောင်မလေးတစ်ယောက်၏ အသံကဲ့သို့ အေးစက်နေ၏။ ဟွမ်ဖူထောင်ထျန်း၏ မျက်နှာထားလည်း အေးစက်သွား၏။ သူ အခန်းနံပါတ်(၁)ကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“လီစစ်ဟန်... မင်း ဒီလိုကစားနေတာက ဘာအဓိပ္ပာယ်လဲ။ ကောင်းပြီလေ... မင်းကစားချင်ရင် ငါမင်းနဲ့ ကစားပေးမယ်။ သန်းနှစ်သောင်း... ဒီနေ့ ငါ ဒီပန်းချီကားကို ရအောင်ယူမယ်”
“ဟွန်း...”
အခန်းနံပါတ်(၁)မှနေ၍ လီစစ်ဟန်၏ ထီမထင်သောအသံ ပဲ့တင်ထပ်လာ၏။
“ဟွမ်ဖူထောင်ထျန်း.. ဒီသခင်မလေးက အဲ့ပန်းချီကားကို ကြိုက်လို့ လေလံဆွဲနေတာ။ ရှင့်မှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက်ရှိရင် ပြိုင်ပြီးဆွဲလိုက်။ ဒါပေမဲ့ ရှင် ဒီပန်းချီကားကို ဝယ်ဖို့ စဉ်းစားနေစရာမလိုပါဘူး။ သန်းနှစ်သောင်းတစ်ထောင်...”
“အာ...”
လူအားလုံး အံ့အားသင့်သွား၏။ အဘယ်ကြောင့် ထိုစကားများက စုံတွဲတစ်တွဲ ရန်ဖြစ်နေသည့်လေသံ ပေါက်နေရသနည်း။ အထူးသဖြင့် လီစစ်ဟန်၏ လေသံသည် မကျေနပ်ချက်တစ်ခုရှိ၍ စိတ်ကောက်နေသော မိန်းမပျိုလေးတစ်ဦး၏ လေသံကဲ့သို့ ဖြစ်နေလေသည်။ အတိတ်တုန်းက သူတို့နှစ်ယောက်ကြားတွင် ကိစ္စတစ်ခုခု ဖြစ်ခဲ့ခြင်းလော။
***