← Chapters

ကြွယ်ဝ၏၊ တစ်ဇွတ်ထိုးနိုင်၏

Vol. 56 Ch. 771

ကြွယ်ဝ၏၊ တစ်ဇွတ်ထိုးနိုင်၏

Vol. 56 Ch. 771

ဟွမ်ဖူထောင်ထျန်းက ချက်ချင်း ဈေးမတိုးလိုက်ပေ။ သူသည် မျက်တောင်ပုတ်ခတ်၍ အရှေ့မှ ပန်းချီကားကို တစ်ချက်၊ နှစ်ချက် ကြည့်ပြီးမှ အံကြိတ်ကာ အော်ပြောလိုက်သည်။

“သန်းသုံးသောင်း... လီစစ်ဟန် မင်းဈေးထပ်တိုးဦးမယ်ဆိုရင် ငါ ဆက်လိုက်တော့မှာ မဟုတ်ဘူး”

“ဝိုး...”

လူအုပ်တစ်ခုလုံး အုတ်‌အော်သောင်းနင်း ဖြစ်သွား၏။ ပန်းချီကားတစ်ချပ်သည် အမှန်ပင် သန်းသုံးသောင်းဟူသော ဈေးကို ရခဲ့ပေသည်။ ထိုဈေးသည် ယခုနှစ် လေလံပွဲမှ အမြင့်ဆုံးဈေးထက် သာလွန်သွားပြီဖြစ်သည်။ သို့သော် ထိုဈေးကိုရသည့် ပစ္စည်းမှာ သာမန် လေစွမ်းအား တာအိုပုံသဏ္ဌာန်သာပါသည့် ပန်းချီကားတစ်ချပ်ဖြစ်နေသည်။

လူများစွာ၏ မျက်လုံးများထဲတွင် ထိုပန်းချီကားသုံးချပ်သည် အများဆုံးမှ သန်းတစ်ထောင်သာ တန်သည်ဟု မြင်ကြ၏။ ယခုတွင်မူ ပထမ ပန်းချီကားနှစ်ချပ်ကို သန်းတစ်သောင်းဖြင့် ရောင်းနိုင်ခဲ့ပြီး နောက်ဆုံးပန်းချီကားကမူ ထိုဈေး၏ သုံးဆ ရနေပြီဖြစ်သည်။ လူများစွာသည် သူတို့ လေလံပွဲသို့ လာခဲ့ရသည်မှာ တန်သွားပြီဟု ခံစားနေကြရ၏။ အနည်းဆုံးတော့ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများ သူတို့၏ ကြွယ်ဝမှုကို တုံ့ဆိုင်းမှုမရှိ အသုံးချသည်ကို သူတို့မြင်ခဲ့ရလေသည်။ အနာဂတ်တွင် သူတို့သည် ဤမြင်ကွင်းကို မြင်ခဲ့ဖူးသည်ဟု ကြွားဝါနိုင်သည် မဟုတ်ပါလား။

“ဟွမ်ဖူထောင်ထျန်းက အဲ့လောက်များတဲ့ ကောင်းကင်ကျောက်တုံးတွေကို ဘယ်ကရလာတာလဲ”

လူအချို့က အလွန်စိတ်ဝင်စားနေကြသည်။ သူတို့အားလုံးသည် ရှန်းစီရင်ပြင်တွင် ဖြစ်ပျက်သွားခဲ့သော အဖြစ်ကို မြင်ခဲ့ရသည်မဟုတ်ပါလား။ ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်နှင့် အဆင်မပြေပေ။ ဟွမ်ဖူမျိုးနွယ်၏ ထောက်ပံ့မှု မရှိပါဘဲ ဟွမ်ဖူထောင်ထျန်းက အဘယ်လို့ ထိုကောင်းကင်ကျောက်တုံးများကို ရခဲ့သနည်း။

ဟွမ်ဖူထောင်ထျန်းက လူများကို ဓားပြတိုက်နေသည်ဟူသော ကောလာဟလများ ရှိ၏။ ဓားပြတိုက်ခံထားရသူများက ဟွမ်ဖူထောင်ထျန်း ထိုကောင်းကင်ကျောက်တုံးများကို ဘယ်ကရလာကြောင်း သိ၏။ သို့သော် ဟွမ်ဖူထောင်ထျန်း ဓားပြတိုက်ခဲ့ခြင်းမှာ ထိုပန်းချီကားကို ဝယ်ရန်လော။

“သန်းသုံးသောင်းတစ်ထောင်”

အခန်းနံပါတ်(၁)ထဲမှ လဲ့မျိုးနွယ်၏ သခင်မလေး၏အသံ ပဲ့တင်ထပ်လာသည်။ ထိုအသံက အုတ်အော်သောင်းနင်းဖြစ်နေသော လူအုပ်ကို ချက်ချင်း တိတ်သွားစေ၏။ လူတော်တော်များများက ခေါင်းခါ၍ သက်ပြင်းချလိုက်ကြ၏။ ဤအဖြစ်က ပန်းချီကားနှင့် မဆိုင်တော့ပေ။ စုံတွဲငယ်တစ်တွဲ ရန်ဖြစ်နေခြင်းသာ ဖြစ်နေပေပြီ။ လဲ့ထင်ဝေက လဲ့စစ်ဟန်ကို ထိုသို့ မဆင်မခြင်လုပ်ခွင့် ပေးထားသလော။

ဟွမ်ဖူထောင်ထျန်း မျက်မှောင်ကြုတ်သွားသည်။ သူ အခန်းနံပါတ်(၁)ကို စိုက်ကြည့်လိုက်ပြီး တုံဏှိဘာဝေဖြစ်သွား၏။ ထို့နောက် သူ ပြန်ထိုင်လိုက်ကာ မျက်လုံးများ ထပ်မံ မှိတ်လိုက်လေသည်။ သူ ပန်းချီကားကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။

“ခစ်..ခစ်..”

စစ်ထူရီနျန်က ခပ်သဲ့သဲ့ ရယ်ကာ ပြောလိုက်၏။

“မမစစ်ဟန်က တကယ့်ကို ယောက်ျားတွေရဲ့ အောက်ကျမခံတဲ့ ထက်မြက်တဲ့မိန်းမတစ်ယောက်ပဲ။ သန်းသုံးသောင်းတစ်ထောင်ဆိုတဲ့ ဈေးက ဒီနှစ်လေလံပွဲမှာ ပစ္စည်းတစ်ခုအတွက် အများဆုံးဈေးပဲ။ ဈေးပိုပေးချင်တဲ့သူ ရှိပါသေးသလား။ မရှိတော့ဘူးဆိုရင် ဒီ ‘ပြင်းပြမှု’ ပန်းချီကားက မမစစ်ဟန်ရဲ့အပိုင် ဖြစ်သွားတော့မှာပါ”

ခန်းမတစ်ခုလုံး လုံးဝတိတ်ဆိတ်နေ၏။ အခြားမျိုးနွယ်(၁၂)ခုပင် တိတ်ဆိတ်နေသည်။ သူတို့အများစုက ထိုပန်းချီကားကို ကြိုက်နှစ်သက်၍ ဝယ်ယူစုဆောင်းလိုသော်လည်း ဈေးက အလွန်မြင့်နေပေသည်။ ထိုမျှဈေးပေးရန် မထိုက်တန်ပေ။

“သုံး၊နှစ်...”

စစ်ထူရီနျန် ရေတွက်နေစဉ် ဟွမ်ဖူထောင်ထျန်းက ထပ်မံခေါင်းမော့မလာတော့ပေ။ စစ်ထူရီနျန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချကာ ဆက်ရေတွက်လိုက်သည်။

“တစ်...ကောင်းပါပြီ...”

“နေပါဦး...”

ထိုအခိုက်တွင် အခန်းနံပါတ်(၅)မှနေ၍ ရှင်းလင်းသောအသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုသူကလည်း အသံကို မပြင်ထားပေ။ ထို့ကြောင့် ချိုသာသောအသံလေးက ခန်းမတစ်ခွင်တွင် ပဲ့တင်ထပ်သွား၏။

“ချမ်ချမ် ဒီပန်းချီကားကို အရမ်းကြိုက်တယ်။ သခင်မလေးလဲ့.. ချမ်ချမ် တောင်းပန်ပါတယ်၊ ချမ်ချမ် သန်းတစ်သိန်း ပေးပါမယ်”

ဘုတ်...

ဘုတ်...

အသံများ တိတ်ဆိတ်သွားပြီး လူတော်တော်များများ ထိုင်ခုံများမှ ချော်ကျသွားကြသည်။ ယခုမှ ထရပ်လာသော ချမ်ဝမ်ကွမ်းသည်လည်း ကြမ်းပြင်ပေါ် ဖင်ထိုက်ရက် ပြန်လဲကျသွားသည်။ စစ်ထူရီနျန်လည်း ပါးစပ်အဟောင်းသားဖြစ်နေပြီး ဟွမ်ဖူထောင်ထျန်းကလည်း ဆတ်ခနဲ ခေါင်းထောင်လာ၏။ လူများစွာသည် သူတို့ နားကြားမှားသည်ဟု ထင်မိ၍ အခန်းနံပါတ်(၅)ကို အံ့အားသင့်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

“သန်းတစ်သိန်းလား”

စစ်ထူရီနျန်၏ သွယ်လျသော ခန္ဓာကိုယ်လေး အတန်ငယ် တုန်ရင်သွားသည်။ သမိုင်းတစ်လျှောက်လုံးတွင် အများဆုံးရခဲ့သော လေလံဈေးမှာ သန်းရှစ်သောင်းငါးထောင်ဖြစ်သည်။ ထိုဈေးကို ရခဲ့သော ပစ္စည်းက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပင်။ ယင်းရတနာမှာ တိုက်ခိုက်အမျိုးအစား အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုဖြစ်သည်။ ထိုစံချိန်ကို ချိုးနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားပေ။ သို့သော် သူမ စီစဉ်တင်ဆက်သည့်‌ လေလံပွဲတွင် ထိုစံချိန် ကျိုးသွားပေသည်။

အကယ်၍ သခင်မလေးချမ်ချမ်က နောက်ပြောင်နေခြင်း မဟုတ်လျှင် ယနေ့လေလံပွဲသည် သေချာပေါက် သမိုင်းတွင် မှတ်တမ်းဝင်သွားမည်ဖြစ်၏။ စစ်ထူရီနျန်၏ အမည်သည်လည်း ဤလေလံပွဲကြောင့် တစ်လောကလုံးတွင် ကျော်ကြားပေတော့မည်။ သန်းတစ်သိန်းဟူသော ဈေးကို အရှေ့ဘက် တော်ဝင်နယ်မြေ၏ လေလံပွဲကြီးများတွင် ရခဲ့ဖူးလောက်၏။ သို့သော် ပန်းချီကားတစ်ချပ်ကတော့ ထိုဈေးရဖူးမည် မဟုတ်ပေ။ အကယ်၍ ဤအဖြစ်သာ ကောင်းကင်ကြယ်တာရာနယ်မြေအထိ ပျံ့နှံ့သွားလျှင် သေချာပေါက် အံ့အားသင့်ဖွယ်ဇာတ်လမ်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် စစ်ထူရီနျန်က တံတွေးမျိုချလိုက်ပြီး နီမြန်းသောမျက်နှာဖြင့် မေးလိုက်၏။

“သခင်မလေးချမ်ချမ်... ဒီ ‘ပြင်းပြမှု’ ပန်းချီကားကို ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းနဲ့ လေလံဆွဲမှာ သေချာပါသလား”

“သေချာပါတယ်”

သခင်မလေးချမ်ချမ်၏ ပြတ်သားသောအသံ ပဲ့တင်ထပ်သွားသည်။ သူမ၏အသံမှာ အလွန်ရှင်းလင်း၏။

“ချမ်ချမ်က မိစ္ဆာမျိုးနွယ်ဆိုပေမယ့် ငယ်ငယ်ကတည်းက လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုကို လေးစားခဲ့တာပါ။ ချမ်ချမ်က အမြဲပဲ လူသားမျိုးနွယ်ရဲ့ အံ့ဩစရာကောင်းတဲ့ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေကို ကြားချင်ခဲ့ပါတယ်။ ချမ်ချမ်ရဲ့ အမြင်မှာ ဒီပန်းချီကားက လူသားတစ်ယောက်ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ခုအကြောင်းလို့ မြင်တယ်။ ဘာဖြစ်ခဲ့လည်းဆိုတာတော့ ချမ်ချမ် သေချာမသိပေမယ့် မြို့တစ်ခုလုံးက စစ်မီးလောင်ကျွမ်းသွားပြီး ဒီမိန်းမပျိုက သူ့ရဲ့ မြို့သူ၊ မြို့သားတွေကို ဦးဆောင်ပြီး မဆုတ်မနစ် ခုခံနေတာလို့ ချမ်ချမ် တွေးကြည့်လို့ရပါတယ်...”

“အရေးအပါဆုံး အခိုက်အတန့်ကို ရောက်တဲ့အချိန်မှာ မိန်းမပျိုရဲ့ ချစ်သူက ကောင်းကင်ကနေ ဆင်းလာပြီး ရန်သူတွေကို သတ်လိုက်ပြီးတော့ သူနဲ့ သူ့ရဲ့မြို့သူ၊ မြို့သားတွေကို ကယ်တင်လိုက်တယ်။ မိန်းမပျိုရဲ့ နှုတ်ခမ်းစွန်းက နူးညံ့တဲ့အပြုံးနဲ့ သူ့ရဲ့မျက်လုံးထဲက ပြင်းပြတဲ့ အချစ်မေတ္တာက တကယ့်ကို အသက်ဝင်လွန်းတယ်။ ခံစားချက်ရှိတဲ့ ဘယ်မိန်းမပျိုမဆို ပန်းချီကားထဲက မိန်းမပျို ဖြစ်ချင်ကြမယ်လို့ ချမ်ချမ် ထင်တယ်... ဟုတ်တယ်မလား။ ချမ်ချမ်လည်း သူ့ကို အရမ်းအားကျမိတယ်။ ဒီပန်းချီကားက ချမ်ချမ်ကို လူသားတွေကြားက စစ်မှန်ပြီး အံ့အားသင့်စရာကောင်းတဲ့ အချစ်ကို ခံစားရစေတယ်။ ဒီပန်းချီကားက သန်းတစ်သိန်း ထိုက်တန်တယ်လို့ ချမ်ချမ် ယုံကြည်ပါတယ်”

ချမ်ချမ်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။ သူမသည် ပန်းချီကား၏ ရည်ရွယ်ချက်ကို ပြီးပြည့်စုံစွာ ဖော်နိုင်ခဲ့၏။ ထိုအခိုက်တွင် ကျန်းရီ ပြုံးလိုက်၏။ ထိုအပြုံးမှာ အလွန်ကျေးဇူးတင်သည့် အပြုံးပင်။ သူက ‘သန်းတစ်သိန်း’ဟူသော ဈေးကြောင့် ပြုံးခဲ့ခြင်းမဟုတ်ပေ။ ကောင်းကင်ကျောက်တုံးများက သူ့အတွက် များစွာတန်ဖိုးမရှိချေ။ သူပြုံးခဲ့ခြင်းမှာ ပန်းချီကားကို အမှန်ပင် ချစ်မြတ်နိုးသူ၊ ပန်းချီကားကို အမှန်ပင် နားလည်သူ တစ်ယောက်ကို တွေ့လိုက်ရ၍ဖြစ်သည်။ ဤမိစ္ဆာမျိုးနွယ်မင်းသမီးက သူ့ကို အထင်ကြီးသွားစေ၏။

“ကောင်းပါပြီ”

စစ်ထူရီနျန်က ချိုသာသောအသံလေးဖြင့် ပြောလိုက်၏။ သူမ၏ လှပသောမျက်လုံးလေးများက တောက်ပနေသည်။ ထို့နောက် သူမသည် အခန်းနံပါတ်(၅)ကိုကြည့်ကာ ပြောလိုက်၏။

“သခင်မလေးချမ်ချမ်က တကယ့်ကို စိတ်ခံစားချက် ပြင်းပြတဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ကျွန်မ လေးစားပါတယ်။ ဒီ ‘ပြင်းပြမှု’ ပန်းချီကားက သခင်မလေးချမ်ချမ် ဝယ်တာခံရလို့ ပိုဂုဏ်ရှိသွားမှာပါ။ တကယ်လို့ ဒီပန်းချီကားကို ရေးဆွဲတဲ့သူ ဒီမှာရှိနေရင်လည်း သေချာပေါက် ဂုဏ်ယူမှာပါ”

မည်သူမှ သန်းတစ်သိန်းထက် ပိုမတိုးဝံ့ကြပေ။ ပို၍ အရေးကြီးသည်မှာ သူမက မိစ္ဆာမျိုးနွယ်၏ မင်းသမီးဖြစ်နေခြင်းပင်။ အဆုံးမဲ့ပင်လယ်နက်တွင် ကောင်းကင်ရတနာကြောမည်မျှ ရှိသနည်း။ ကောင်းကင်ကျောက်တုံး မည်မျှ တူးဖော်နိုင်သနည်း။ မိစ္ဆာမျိုးနွယ်က ကျင့်ကြံရန်အတွက် ကောင်းကင်ကြောက်တုံးများကို အသုံးကြောင်း လူတိုင်းသိ၏။ ထို့ပြင် သူတို့၏ ငွေကြေးမှာလည်း ကောင်းကင်ကျောက်တုံး မဟုတ်ပေ။ ဤခန်းမထဲရှိ အကြွယ်ဝဆုံးသူကို ပြပါဆိုလျှင် ထိုမိစ္ဆာမျိုးနွယ်မင်းသမီးကို ပြရပေမည်။

စစ်ထူအောင်းက မိစ္ဆာမျိုးနွယ်မင်းသမီးကို ကြိုက်ရာဝယ်နိုင်ပြီး စိတ်ကြိုက် လေလံဆွဲနိုင်ကြောင်း ပြောခဲ့၏။ ယခုတွင် သူ လုံးဝဆွံ့အနေပေပြီ။ သူ ကောင်းကင်ကျောက်တန်း သန်းတစ်သိန်း မတတ်နိုင်ပေ။

ကြွယ်ဝလျှင် တစ်ဇွတ်ထိုး လုပ်နိုင်၏။

လူအုပ်တစ်ခုလုံးသည် သမိုင်းဝင် အခိုက်အတန့်တစ်ခုကို မြင်ခဲ့ရသဖြင့် အုတ်အော်သောင်းနင်းဖြစ်နေကြပြီး အလွန်ဂုဏ်ယူနေကြလေသည်။ ထင်ထားသလိုပင် လဲ့စစ်ဟန် ဆက်၍လေလံမဆွဲတော့ချေ။ သူမ လေလံဆက်ဆွဲလိုလျှင်လည်း လဲ့ထင်ဝေက သူမကို သေချာပေါက် တားမည်ဖြစ်သည်။ ဤ ‘ပြင်းပြမှု’ ပန်းချီကားကို မိစ္ဆာမျိုးနွယ်၏ မင်းသမီးချမ်ချမ်က လေလံဆွဲလိုက်ပြီ မဟုတ်ပါလား။

လေလံပွဲ ဒုတိယပိုင်း ပြီးဆုံးသွားပေပြီ။

စစ်ထူရီနျန် စင်မြင့်အောက်သို့ ဆင်းသွားသောအခါ ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်စု တက်လာပြီး ကပြဖျော်ဖြေကြ၏။ သို့သော် လူများစွာသည် အစောကအဖြစ်ကိုပင် အာရုံစိုက်နေကြဆဲဖြစ်ပြီး မှင်တက်နေသော မျက်နှာထားများ ရှိနေကြသည်။ အရေးအပါးဖြစ်သည့် လေလံပွဲတတိယပိုင်းမှ ရတနာများကို လူအနည်းငယ်ကသာ လေလံဆွဲနိုင်ပေလိမ့်မည်။

လေလံပွဲ၏ ‌နောက်ဆုံးပိုင်းသည် ပွဲ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အပိုင်းဖြစ်သည်။ တတိယပိုင်း၏ ပထမဆုံး လေလံပစ္စည်းမှာ နောက်ထပ် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုဖြစ်၏။ ယင်းက ပုလဲတစ်လုံးပင်။ သို့သော် ၎င်းကို သန်းနှစ်ထောင်ဖြင့်သာ ရောင်းနိုင်ခဲ့သည်။

အစောမှ စိတ်လှုပ်ရှားဖွယ်ကောင်းသော လေလံဆွဲမှုနှင့် ယှဉ်လိုက်လျှင် တတိယပိုင်း၏ အစပိုင်း ပစ္စည်းအနည်းငယ်က အတန်ငယ် ပျင်းစရာကောင်းနေပေသည်။ ဒုတိယရတနာသည်ပင် သန်းငါးထောင်သာ ရခဲ့သည်။ လူအားလုံးသည် အစောမှခံစားမှုကြောင့် ထုံနေကြသဖြင့် တုံ့ပြန်မှုကြီးကြီးမားမား မရှိကြတော့ပေ။

“ခေါင်းဆောင်... ကျုပ်တို့ ချမ်းသာပြီ၊ ချမ်းသာပြီ”

ဒုတိယပစ္စည်းကို လေလံပစ်ပြီးသွားသောအခါ ချမ်ဝမ်ကွမ်း အသိပြန်ကပ်လာပြီး ကျန်းရီကို ဖက်၍ တငိုငို၊ တရယ်ရယ် လုပ်လိုက်၏။ ဖုန်းလန်နှင့် ချင်းယွီတို့သည်လည်း တဆတ်ဆတ် တုန်ရင်နေကြပြီး ကျန်းရှောင်နူက ကြောင်လေးတစ်ကောင်ကဲ့သို့ ငိုကြွေးနေလေသည်။

ကျန်းရှောင်နူသည် စုလောရွှယ်နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိ၏။ စုလောရွှယ်က သူမကို ယောင်းမတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။ ယခုတွင် စုလောရွှယ် သေသ‌ော၊ ရှင်သလော မသိရသေးပေ။ သူမသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် တစ်ကိုယ်တည်း ဒုက္ခများကို ဖြတ်ကျော်နေရခြင်း ဖြစ်နိုင်၏။ အဘယ်သို့ ကျန်းရှောင်နူ စိတ်အေးနိုင်ပါမည်နည်း။

ကျန်းရီကမူ အလွန်တည်ငြိမ်ပုံ ပေါ်၏။ သူက ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် ချင်းယွီတို့ကို ပြုံး၍ ကြည့်လိုက်သည်။ သူသည် ကျန်းရှောင်နူကိုလည်း လက်ဖြင့် ခပ်ဖွဖွပုတ်ပေး၍ နှစ်သိမ့်လိုက်၏။ သို့သော် သူ၏အခြားလက်တစ်ဘက်က အင်္ကျီလက်တွင်းသို့ ရောက်နေကြောင်း မည်သူမှ သတိမပြုမိကြပေ။ သူသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏လက်သည်များက လက်ဝါးထဲကို စိုက်ဝင်သွားသဖြင့် သွေးများစီးကျလာပြီး အင်္ကျီလက်တစ်ခုလုံးကို နီရဲသွားစေလေသည်။

***

All Chapters