← Chapters

ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများ

Vol. 56 Ch. 772

ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများ

Vol. 56 Ch. 772

‌လေလံပွဲ တတိယပိုင်းမှ ရတနာများသည် ဒုတိယပိုင်းမှ ရတနာများထက် ပို၍ အရည်အသွေးကောင်း၏။ သို့သော် ဈေးကတော့ သိပ်မရပေ။ ဟွမ်ဖူထောင်ထျန်းကလည်း ထပ်လေလံမဆွဲတော့ဘဲ ခေါင်းငုံ့၍ မျက်လုံးမှိတ်ကာ အနားယူနေလေသည်။ တတိယထပ်ရှိ မျိုးနွယ်(၁၃)ခုနှင့် အခြားမျိုးနွယ်ကြီးများသည်လည်း ထပ်လေလံမဆွဲကြတော့ပေ။ သူတို့သည် နောက်ဆုံးပစ္စည်းများကို စောင့်နေပုံပင်။

“ခေါင်းဆောင်... ခေါင်းဆောင်တို့အကုန်လုံး အရင်ပြန်လိုက်ကြပါလား။ ပွဲပြီးမှ ပြန်ရင် လူတွေရှုပ်နေလိမ့်မယ်.. အဲ့ကျ အလွယ်တကူ အာရုံစိုက်ခံရလိမ့်မယ်။ ကောင်းကင်ကျောက်တုံးတွေ ယူဖို့ ကျုပ်ပဲ နေခဲ့ပါမယ်”

ချမ်ဝမ်ကွမ်းက ပြန်စိတ်ငြိမ်လာပြီး ပြောလိုက်၏။ ဖုန်းလန်နှင့် ချင်းယွီတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကြသည်။ ပန်းချီကားသုံးချပ်ကို အလွန်မြင့်သော ဈေးနှုန်းများဖြင့် ရောင်းနိုင်ခဲ့ပြီဖြစ်သည်။ ရီဖျောင်ဖျောင်၏အမည်ကလည်း သေချာပေါက် ရှန်းစီမျိုးနွယ်စုတွင် ကျော်ကြားသွားတော့မည်ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေအထိပါ ဆက်ပျံ့နှံ့သွားမည်ဖြစ်သည်။ သူတို့သည် မြင်လိုသမျှကို မြင်ခဲ့ပြီးပေပြီ။ ဆက်နေလျှင်လည်း ဘာအဓိပ္ပာယ်မှ မရှိ‌တော့ပေ။

ကျန်းရီတို့သည် မည်သည့်ရတနာကိုမှ ဝယ်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ လေလံပွဲပြီးသည်အထိ စောင့်နေပါက အခြားမျိုးနွယ်များ၏ ခြေရာခံမှုကို အလွယ်တကူ ခံရပေလိမ့်မည်။ အစောက ကျန်းရီသည် လုလင်း၏ ဈေးကို လိုက်မြှင့်ခဲ့သဖြင့် လုမျိုးနွယ်က သေချာပေါက် သူတို့ကို ခြေရာခံခိုင်းပေလိမ့်မည်။

“ဟင်းဟင်း...”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ငါတို့ အခု ထွက်သွားရင်တောင် ခြေရာခံလိုက်ခံရဦးမှာပဲ။ လောစရာမလိုပါဘူး... ငါ အစ်မကြီးဆည်းလည်းနဲ့ ဟွမ်ဖူထောင်ထျန်းတို့ကို ဆက်သွယ်နိုင်မလားဆိုတာ ကြည့်ချင်သေးတယ်”

ဟွမ်ဖူထောင်ထျန်းက ကျန်းရီ ပေးခဲ့သည့် ကောင်းကင်ကျောက်တုံးများထက် အဆတစ်ရာ ပြန်ပေးမည်ဟု ပြောခဲ့၏။ ပုံမှန်ဆိုလျှင် ကျန်းရီက ကောင်းကင်ကျောက်တုံးများကို တောင်းမည်မဟုတ်ပေ။ သို့သော် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်း၏ အကျင့်စရိုက်ကို ကြိုက်သဖြင့် သူ့ထံမှ အကူအညီအနည်းငယ် တောင်းလိုနေသည်။

ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်ကို သစ္စာဖောက်ခဲ့သော်လည်း သူ၏ပါရမီကြောင့် ဟွမ်ဖူမျိုးနွယ်က သူ့ကို အမှန်တကယ် စွန့်ပစ်နိုင်မည် မဟုတ်ပေ။ ဟွမ်ဖူထောင်ထျန်း၏ အကူအညီဖြင့်ဆိုလျှင် သူတို့သည် ရှန်းစီမြို့၌ အေးအေးချမ်းချမ်း ဆက်နေနိုင်ပေလိမ့်မည်။ လုလင်းကဲ့သို့ သခင်လေးများမှာ ဟွမ်ဖူထောင်ထျန်းအတွက် ပမွှားလေးများသာဖြစ်သည်။

ရှန်းစီကျွန်းပေါ်မှ မျိုးနွယ်ကြီးလေးခုက ကျန်မျိုးနွယ်ကိုးခုထက် များစွာပို၍ အင်အားကြီးပေသည်။ ဟွမ်ဖူထောင်ထျန်းက ပါရမီထူးပြီး ဤအသက်အရွယ်မှာပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ချင်းလုံကို အနိုင်ယူနိုင်နေပြီဖြစ်သည်။ သူ၏အနာဂတ်က အကန့်အသတ်မရှိပေ။ အကယ်၍ သူသာ ကျန်းရီကို ကူညီပေးလျှင် ဟွမ်ဖူမျိုးနွယ်မှလွဲ၍ အခြားမျိုးနွယ်(၁၂)ခုက သေချာပေါက် လေးစားမှုအနည်းငယ် ပြရပေလိမ့်မည်။

ကျန်းရီသည် အစောက သူ လုလင်းကို အပြစ်ပြုမိခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ လုမျိုးနွယ်က သေချာ‌ပေါက် တစ်ယောက်ယောက်ကို သူ၏အခန်းကို စောင့်ကြည့်ခိုင်းထားမည်ဖြစ်သည်။ သူတို့သည် သေချာပေါက် ကျန်းရီတို့အုပ်စုကို ခြေရာခံမည်ဖြစ်သည်။ ကျန်းရီသည် လုလင်းကဲ့သို့သော အပျော်အပါးမက်သော သခင်လေးများ၏အကြောင်းကို နောကျေနေပေပြီ။ လုလင်းက သေချာပေါက် လက်စားချေမည်ဖြစ်ကြောင်း သူသိသည်။

ကျန်းရီက ဆုံးဖြတ်ပြီးသွားပြီဖြစ်၍ အခြားသူများက မည်သို့မှ မပြောကြတော့ပေ။

အစောကကြည်လင်နေသော စိတ်ကလေး ပြန်ညစ်နွမ်းသွား၏။ ရှန်းစီမြို့ကို အပြင်လောကနှင့် ယှဉ်၍မရပေ။ ဤနေရာတွင် ပညာရှင်များစွာ ရှိသည်။ အကြီးအကဲအချို့က နတ်ဘုရားများနီးပါး သန်မာကြသည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်လာလျှင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုပင် သုံးနိုင်လိုက်မည် မဟုတ်ချေ။

“မပူပါနဲ့... အခြေအနေတွေက အဲ့လောက် မဆိုးသေးပါဘူး။ ပြီးတော့ ပညာရှင်တွေက တော်ရုံဆို လှုပ်ရှားမှာ မဟုတ်ပါဘူး။ သူတို့သာ နဂါးကိုးကောင်း နတ်ဘုရားသုတ်သင် အစီအရင်ကို မနှိုးသ၍ ငါတို့ ဒီနေကနေ အလွယ်လေး လွတ်နိုင်ပါတယ်”

ကျန်းရီက ပြုံး၍ အားလုံးကို နှစ်သိမ့်လိုက်သည်။ ထို့နောက် သူသည် ဖန်လုံးကို ကြည့်လိုက်၏။ သူသည် လေလံပွဲမှ ရတနာများကို ကြည့်ရှုနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွား၏။

“ဟုတ်သား... အခု ငါတို့မှာ ကောင်းကင်ကျောက်တုံး သန်းတစ်သိန်း ရှိနေပြီပဲ။ မင်းတို့ ကြိုက်တဲ့ပစ္စည်းတွေ့ရင် လေလံဆွဲလိုက်၊ အခု ငါတို့ ပိုက်ဆံပေါနေပြီ”

အားလုံးသည် ကျန်းရီ မည်မျှ အူမြူးနေကြောင်း တွေ့သောအခါ စိတ်သက်သာရာရလာကြ၏။ သူတို့သည် လေလံပွဲမှ ရတနာများကို စိတ်မဝင်စားကြပေ။ သူတို့ထဲမှ အင်အားအကြီးဆုံးသူမှာ ကျန်းရီမဟုတ်လော။ အခြားသူများထံတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင် ရှိနေလျှင်လည်း များစွာ အသုံးဝင်လိမ့်မည် မဟုတ်ချေ။

ရှားပါးရတနာများကို တစ်ခုပြီးတစ်ခု လေလံပစ်နေ၏။ ရတနာများမှာ လက်နက်များ၊ သံချပ်ကာများ စသည်ဖြင့် အမျိုးစုံလှသည်။ ထို့ပြင် အထူးစွမ်းရည်များပါသည့် ရတနာအမျိုးမျိုးကိုလည်း လေလံပစ်ပေသည်။ ယင်းက ကျန်းရီတို့အုပ်စုကို မှင်တက်သွားစေ၏။ လေလံဈေးက စတင် မြင့်လာသောအခါ အောက်ထပ်မှ လူအုပ်သည် တဖြည်းဖြည်း ပြန်တက်ကြွလာကြသည်။

“ဟုတ်ကဲ့ပါ...”

ရတနာအနည်းငယ်ကို လေလံပစ်ပြီးသောအခါ စစ်ထူရီနျန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“ဒီလေလံပွဲမှာ ပစ္စည်းပေါင်း တစ်ရာကျော် လေလံပစ်ခဲ့ပါတယ်... အခု လေလံပွဲ အဆုံးသတ်ဖို့ နီးလာပါပြီ။ ဒီတစ်ခါမှာတော့ နောက်ဆုံးပိုင်းအတွက် ပစ္စည်းတွေကို လေလံပစ်ပါတော့မယ်။ အဲ့ပစ္စည်းတွေအကုန်လုံးက အဖိုးတန်ရတနာတွေချည်းပါပဲ။ အားလုံးပဲ မျက်လုံးတွေ ရှင်းထားကြပါ”

လေလံပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်း ရောက်လာပြီဖြစ်၍ အားလုံး အသက်ရှူရန်ပင် မေ့သွားကြသည်။ ဤလေလံပွဲ၏ အရည်အသွေးက အတော်မြင့်၏။ နောက်ဆုံးပိတ်ရတနာများသည် ဈေးမည်မျှ ရမည်နည်း။

ချွမ်...ချွမ်...

စစ်ထူရီနျန်က လက်ဝှေ့ယမ်းလိုက်သောအခါ လှပသော မိန်းမပျိုတစ်ယောက်က ခရမ်းရောင်ဆည်းလည်းတွဲလေးတစ်ခုကို ဝတ်ဆင်ကာ စင်မြင့်ထက်သို့ လျှောက်လာ၏။ သူမ၏ခြေလှမ်းတိုင်းတွင် ကြည်လင်သော ဆည်းလည်းသံလေးများ ထွက်ပေါ်လာသည်။ ဆည်းလည်းလေးများ လှုပ်ယမ်းသွားတိုင်း လူအားလုံးသည် သူတို့၏စိတ်ဝိညာဉ်များ အတန်ငယ် တုန်ရင်သွားပြီး မျက်လုံးများ ကျိန်းသွားသည်ကို ခံစားလိုက်ရလေသည်။ အင်အားကြီး သိုင်းသမားအချို့၏ မျက်လုံးများ တောက်ပလာ၏။ ထိုဆည်းလည်းတွဲလေးက စိတ်ဝိညာဉ်တိုက်ခိုက်ရတနာတစ်ခုဖြစ်ပြီး အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်ပေသည်။

အတုအယောင် နတ်ဘုရား အသုံးအဆောင်များက အလွန် အဖိုးတန်၏။ စိတ်ဝိညာဉ်တိုက်ခိုက်ရတနာများက ပို၍ပင် အဖိုးတန်သည်။ သို့သော် ဤရတနာက စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို အသုံးပြုနိုင်သူများနှင့်သာ ကိုက်ညီပေသည်။ စိတ်ဝိညာဉ်ခုခံမှုတွင် တော်သည့်သူများ အများအပြားရှိ၏။ သို့သော် စိတ်ဝိညာဉ်တိုက်ခိုက်မှုတွင် ကျွမ်းကျင်သူ ရှားပေသည်။

“ဟုတ်ပါတယ်... တော်တော်များများလည်း မှန်းပြီးလောက်ပြီ ထင်ပါတယ်”

စစ်ထူရီနျန်က မိန်းမပျို၏လည်ပင်းမှ ဆည်းလည်းတွဲလေးကို ကိုယ်တိုင်ချွတ်လိုက်ပြီး မြှောက်ပြလိုက်၏။

“ဒါက အတုအယောင် နတ်ဘုရား အသုံးအဆောင်ပါ၊ နာမည်ကတော့ ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတဲ့။ ဒါက စိတ်ဝိညာဉ်တိုက်ခိုက် အတုအယောင် နတ်ဘုရား အသုံးအဆောင်ပါ။ ကြမ်းခင်းဈေးက သန်းတစ်ထောင်ပါ... ဈေးတစ်ခါတိုးရင် အနည်းဆုံး သန်းတစ်ရာ တိုးရပါမယ်”

“ဆည်းလည်းတွေလား”

ကျန်းရီ အံ့အားသင့်သွား၏။ အစ်မကြီးဆည်းလည်း၏ လည်ပင်းတွင်လည်း ဆည်းလည်းတွဲတစ်ခု မရှိသလော။ ထိုဆည်းလည်းများကြောင့်လည်း သူမကို အစ်မကြီးဆည်းလည်းဟု ခေါ်ခြင်းပင်။ သို့သော် သူမ၏ ဆည်းလည်းတွဲက အတုအယောင် နတ်ဘုရား အသုံးအဆောင် ဟုတ်၊ မဟုတ် သူ မသိပေ။

“သန်းနှစ်ထောင်”

တတိယထပ်ရှိ နန်ကုန်းမျိုးနွယ်၏ အခန်းမှနေ၍ မိန်းမသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီတို့ မျက်လုံးများ တောက်ပသွား၏။ သူတို့သည် ထိုအသံကို ကောင်းစွာရင်းနှီး၏။ ထိုအသံမှာ အစ်မကြီးဆည်းလည်း၏ အသံပင်။ သူမက ဆည်းလည်းများကို အလွန်ကြိုက်ပုံရ၏။ သို့သော် သူမ၏ ဆည်းလည်များက အတုအယောင် နတ်ဘုရား အသုံးအဆောင် ဟုတ်ပုံမပေါ်ပေ။

“သန်းနှစ်ထောင့်တစ်ရာ”

“သန်းနှစ်ထောင့်သုံးရာ”

“...”

အစ်မကြီးဆည်းလည်း လေလံဆွဲပြီးနောက်တွင် အခြားသူများကလည်း လေလံပြိုင်ဆွဲလိုက်ကြ၏။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မည်သို့အသုံးပြုရမည်ကို သိသူများ ရှိ၏။ ထိုပစ္စည်းက သူတို့၏ တိုက်ခိုက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေမည်ဖြစ်သည်။

“သန်းသုံးထောင်”

အစ်မကြီးဆည်းလည်းက ထပ်မံ အော်ပြောလိုက်၏။ သူမ၏အသံက အလွန်ပြတ်သားနေ၏။ ဈေးက ချက်ချင်းပင် မြင့်တက်သွားသည်။

သို့သော် ထိုရတနာက ရှားပါးသဖြင့် ဈေးက တရိပ်ရိပ် မြင့်တက်လာ၏။ ဖုန်းလန်နှင့် အခြားသူများသည် စိတ်လှုပ်ရှားလာကြ၏။ သူမတို့သည် အစ်မကြီးဆည်းလည်းနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိပေသည်။ အစ်မကြီးဆည်းလည်းက သူမတို့အတွက် အစ်မတစ်ယောက်ကဲ့သို့ပင်။ သူမတို့သည် ထို အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင်ကို အစ်ကြီးဆည်းလည်း အောင်အောင်မြင်မြင် ဝယ်နိုင်သွားစေလို၏။

“သန်းငါးထောင်”

ဈေးက သန်းလေးထောင်အထိ‌ ရောက်သွားသောအခါ အစ်မကြီးဆည်းလည်းက အံကြိတ်၍ အော်လိုက်၏။ ထိုဈေးက သူမ၏ အကန့်အသတ်ဖြစ်ကြောင်း ထင်ရှားပေသည်။

“သန်းငါးထောင့်တစ်ရာ”

တတိယထပ်ရှိ အခန်းတစ်ခန်းမှနေ၍ မိန်းမပျိုတစ်ယောက်၏ သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီတို့သည် ထိုအသံကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့သည် ထိုအသံကိုလည်း ကောင်းစွာ ရင်းနှီးပေသည်။ ထိုအသံရှင်မှာ လုမျိုးနွယ်၏ သခင်မလေးလုယွီဖြစ်သည်။ သူမကလည်း ဆည်းလည်းများကို ကြိုက်လိမ့်မည်ဟု သူတို့ မထင်ထားပေ။ သူမကလည်း စိတ်ဝိညာဉ်ကို ကျင့်ကြံပုံရပေသည်။

ပထမထပ်က လုံးဝ တိတ်ဆိတ်နေ၏။ သူတို့သည် ထိုကဲ့သို့သော ဈေးများကို မတတ်နိုင်တော့ပေ။ သူတို့သည် အပေါ်အထပ်များရှိ မျိုးနွယ်ကြီးများ ယှဉ်ပြိုင်နေသည်ကိုသာ ကြည့်နိုင်ပေသည်။

ဒုတိယထပ်ရှိ ခန်းမတစ်ခုမှ အိုမင်းသောအသံတစ်သံ ပဲ့တင်ထပ်သွား၏။

“သန်းငါးထောင့်ငါးရာ”

“သန်းခြောက်ထောင်”

နန်ကုန်းမျိုးနွယ်၏ အခန်းမှနေ၍ အစ်မကြီးဆည်းလည်း၏အသံ ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသာမက လူအားလုံးသည် သူမ၏အသံက တုန်ရင်နေသည်ကို ကြားလိုက်ရ၏။ ထိုဈေးက သူမတတ်နိုင်သည်ထက် ကျော်သွားပြီဖြစ်ကြောင်း သူတို့သိပေသည်။

ခေတ္တမျှကြာပြီးနောက် လုမျိုးနွယ်၏ အခန်းမှနေ၍ လုယွီ၏အသံ ထပ်မံ ထွက်ပေါ်လာသည်။ သူမ၏အသံက အလွန်အေးဆေးနေ၏။

“သန်းရှစ်ထောင်”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ နန်ကုန်းမျိုးနွယ်၏ အခန်းမှ အသံ ထပ်မထွက်လာတော့ပေ။ အခြားအခန်းများလည်း တိတ်ဆိတ်သွား၏။ ထိုသို့ တိတ်သွားခြင်းမှာ သူတို့ ထိုဈေးကို မတတ်နိုင်၍ မဟုတ်ပေ။ လုယွီ၏အသံအရ သူမက နောက်ထပ် သန်းထောင်ကျော် ထပ်တိုးပေးနိုင်သေးသည့်ပုံပေါ်နေ၍ဖြစ်သည်။ ကျန်လူများကလည်း လုမျိုးနွယ်ကို အပြစ်မပြုမိလို၍ လေလံပြိုင်မဆွဲဝံ့ကြပေ။

“သခင်မလေးယွီက နတ်မိမယ်လေးလို လှပတယ်ဆိုတော့ ဒီဆည်းလည်းတွဲလေးကိုသာ ဝတ်လိုက်ရင် သေချာပေါက် ပိုကျော့ရှင်းသွားမှာပဲ။ သန်းရှစ်ထောင်... ဘယ်သူ ဈေးပိုပေးချင်ပါသေးလဲ။ မရှိတော့ဘူးဆိုရင် ဒီခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေက သခင်မလေးယွီရဲ့အပိုင် ဖြစ်သွားတော့မှာပါ”

စစ်ထူရီနျန်က ခေတ္တမျှ စောင့်လိုက်၏။ မည်သူမှ ဈေးထပ်မတိုးတော့သည်ကို တွေ့သောအခါ သူမ ထပ်မေးလိုက်သည်။ သို့သော် တိတ်ဆိတ်မှုသာ ရှိနေသည်။ ထို့ကြောင့် သူမ ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောလိုက်၏။

“သုံး၊ နှစ်...”

“သန်းတစ်သောင်း”

အကာအရံက ပြောင်းပေးထားသော အသံတစ်သံ ထွက်ပေါ်လာ၏။ မျက်လုံးပေါင်းများစွာသည် အသံထွက်ပေါ်လာရာ အခန်းကို ကြည့်လိုက်ကြ၏။ အခန်းနံပါတ်(၅၅၅)သည် ပထမလေလံပစ္စည်းတုန်းကလည်း လုလင်းနှင့် ဈေးပြိုင်ပေးခဲ့၏။ ယခုတွင်လည်း ထိုအခန်းထဲမှ လူက ဈေးထပ် မြှင့်လိုက်ပေပြီ။ သူသည် လုမျိုးနွယ်ကို ပစ်မှတ်ထားနေပုံပေါ်၏။ သူနှင့်လုမျိုးနွယ်တွင် ရန်ငြိုးတစ်ခု ရှိနေခြင်းလော။

လုမျိုးနွယ်၏ အခန်းမှနေ၍ လုလင်း၏ ဒေါသပြည့်နှက်နေသောအသံ ထွက်ပေါ်လာသည်။

“သန်းတစ်သောင်းနှစ်ထောင်”

ခန်းမတစ်ခုလုံး အုတ်သော်သောင်းနင်းဖြစ်သွား၏။ နောက်ထပ် ပွဲတစ်ခု ဖြစ်လာတော့မည်လော။

အခန်းနံပါတ်(၅၅၅)က တစ်ခဏမျှ တိတ်ဆိတ်နေ၏။ ထို့နောက်တွင် သိမ်မွေ့သောအသံလေးတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအသံက ခန်းမတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။

“သန်းနှစ်သောင်း”

***

All Chapters