← Chapters

ကျွန်တော်... သူ့ကို အရမ်းလေးစားတယ်

Vol. 56 Ch. 773

ကျွန်တော်... သူ့ကို အရမ်းလေးစားတယ်

Vol. 56 Ch. 773

တစ်ကြိမ်တည်းနှင့် သန်းရှစ်‌ထောင်ကျော် တိုးလိုက်ခြင်းလော။

အခန်းနံပါတ်(၅၅၅)မှာ ဒုတိယထပ်မှ အခန်းဖြစ်သည်။ ထိုဈေးကို ပေးခဲ့သူမှာ မျိုးနွယ်(၁၃)ခု သို့မဟုတ် တတိယထပ်မှ ဩဇာအာဏာကြီးသော မျိုးနွယ်များ၊ ကုန်သည်ကြီးများ၊ အခြား မျိုးနွယ်ကြီးများမှဆိုလျှင် ထိုမျှ အံ့ဩစရာရှိမည်မဟုတ်ပေ။

ရန်ငြိုးတစ်ခုကြောင့် ကောင်းကင်ကျောက်တုံး သန်းနှစ်သောင်း သုံးလိုက်ခြင်းလော။ သို့သော် သူတို့၏ပစ်မှတ်က မျိုးနွယ်(၁၃)ခုထဲမှ နဂါးဖြူကျွန်းဆွယ်၏ အာဏာရှင် လုမျိုးနွယ်ဖြစ်နေပေသည်။

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး အလွန်ဆူညံနေ၏။ လူများစွာသည် ဤခန်းမထဲသို့ ပွဲကြည့်ရန် ဝင်လာကြခြင်းပင်။ သူတို့ကြည့်ချင်သည့် ပွဲမျိုးမှာလည်း ဤကဲ့သို့သောပွဲမျိုးဖြစ်ပေသည်။ ယင်းက စိတ်ဝင်စားဖွယ် မ‌ကောင်းလေသလော။ မျက်လုံးအားလုံးက လုမျိုးနွယ်၏အခန်းကို ကြည့်နေကြပြီး လုမျိုးနွယ် နောက်ဆုတ်သွားမည်၊ မသွားမည်ကို သိလိုနေကြသည်။

“ဟွန်း...”

လုလင်းက လေလံဆက်မဆွဲဘဲ နှာမှုတ်လိုက်၏။

“သခင်မလေးရီနျန်... လေလံပွဲမှာ လူတိုင်း စိတ်ထင်သလို လေလံဆွဲလို့ ရပါသလား။ နာမည်မရှိတဲ့လူတစ်ဘောက်က တကယ်ပဲ ကောင်းကင်ကျောက်တုံး သန်းနှစ်သောင်း ပေးနိုင်ပါ့မလား။ ဒီလေလံပွဲရဲ့ မျှတမှုကို ကျွန်တော် သံသယဖြစ်မိပါတယ်”

လုလင်း၏ စကားက ဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်လာစေ၏။ သူ ပြောသည်မှာ မမှားပေ။ မျိုးနွယ်ကြီးတစ်ခုမဟုတ်လျှင် မည်သူက သန်းနှစ်သောင်းတတ်နိုင်မည်နည်း။ အကယ်၍ ထိုသူကသာ ဩဇာအာဏာရှိသော မျိုးနွယ်ကြီးတစ်ခုမှဆိုလျှင် အဘယ်ကြောင့် ဒုတိယထပ်မှ အခန်းသေးလေးထဲတွင် ထိုင်နေရခြင်းနည်း။ အကယ်၍ ထိုသူသာ ဈေးကိုလျှောက်တိုးပြီး ထိုလေလံဈေးအတိုင်း မပေးနိုင်လျှင် စစ်ထူမျိုးနွယ်က သူ ကြိုသွင်းထာ‌းသော ကောင်းကင်ကျောက်တုံး သန်းတစ်ရာကို သိမ်းလိုက်မည်ဖြစ်သည်။ လုလင်းကလည်း ဆုံးရှုံးရပေလိမ့်မည်။

စစ်ထူရီနျန်ကလည်း အတန်ငယ် စိုးရိမ်နေ၍ စစ်ထူအောင်းထံမှ အကြံ‌တောင်းလိုဟန်ဖြင့် အခန်းနံပါတ်(၂)ကို ကြည့်လိုက်လေသည်။ စစ်ထူအောင်းက စစ်ဆေးရန် တစ်စုံတစ်ယောက် စေလွှတ်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။

“ဟားဟားဟား”

စစ်ထူအောင်းက ကျယ်လောင်စွာ ရယ်လိုက်မည်ဟု မည်သူထင်မည်နည်း။ ထို့နောက် သူက ကျယ်လောင် ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။

“တူလေးလု စိတ်မပူပါနဲ့။ ဒီလေလံပွဲက မျှတပါတယ်။ အဲ့နံပါတ်(၅၅၅)က သေချာပေါက် အဲ့ဈေးကို တတ်နိုင်တယ်လို့ ငါကိုယ်တိုင် အာမခံတယ်။ ပြီးတော့ ‌ဈေးက သန်းတစ်သိန်းအောက်ဆိုရင် ဘယ်ဈေးဖြစ်ဖြစ် ပြဿနာရှိမှာ မဟုတ်ပါဘူး”

ရှူး...ရှူး...

နေရာအနှံ့တွင် ပင့်သက်ရှိုက်သံများကို ကြားလိုက်ရသည်။

သန်းတစ်သိန်းလော။

နံပါတ်(၅၅၅)မှ လူက မည်သူနည်း။ မျိုးနွယ်ကြီးတစ်ခုမှ ခေါင်းဆောင်တစ်ယောက်လော။ သို့မဟုတ် အရှေ့ဘက် တော်ဝင်နယ်မြေမှ ကြွယ်ဝသည့် ကုန်သည်တစ်ဦးလော။ သူတို့သည် ထိုမျှကြွယ်ဝလျှင် အဘယ်ကြောင့် အခန်းသေးထဲတွင် ထိုင်နေရသနည်း။

“ကောင်းကင်ပန်းချီကားတွေကို ရေးဆွဲတဲ့ ရီဖျောင်ဖျောင် ဖြစ်နေမလား”

အချို့လူများက ဉာဏ်ကောင်း၍ ဖြစ်နိုင်ချေကို အလွန်လျင်မြန်စွာ တွေးနိုင်လိုက်ကြသည်။ သန်းတစ်သိန်းကြွယ်ဝသူသာ ဤလေလံပွဲသို့ လာလျှင် စစ်ထူမျိုးနွယ်က သေချာပေါက် ထိုသူကို တတိယထပ်တွင် နေရာပေးမည်ဖြစ်သည်။ သို့သော် ထိုအခန်းအတွင်းမှ လူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် သူတို့ထံတွင် မည်သည့်သတင်းအချက်အလက်မှ မရှိပေ။ အခန်းထဲမှ သူများက သူတို့၏ အသံအစစ်ကို ဖော်ပြမှသာ မည်သူမည်ဝါများဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။ စစ်ထူမျိုးနွယ်က လုံခြုံရေးအပိုင်းတွင် ကောင်းကောင်းလုပ်နိုင်ခဲ့ပေသည်။

လုလင်း ကြောက်ရွံ့သွား၏။ စစ်ထူအောင်း ဆိုလိုသည်မှာ ရှင်းပေသည်။ ‘မင်း အခန်းနံပါတ်(၅၅၅)နဲ့ ပြိုင်ချင်ရင် သူကလည်း သေချာပေါက် မင်းနဲ့ ပြိုင်မှာပဲ’

ထို့ပြင် ပထမဆုံးပစ္စည်းကို လေလံပစ်စဉ်က အခန်းနံပါတ်(၅၅၅)သည် ရုတ်တရက်ကြီး လေလံဆွဲမှုကို ရပ်လိုက်သည်။ သူက တမင် ဈေးကို တိုးနေခြင်းဆိုလျှင် မည်သို့လုပ်မည်နည်း။ အကယ်၍ သူက ဈေးကို သန်းငါးသောင်းအထိ တိုးပြီးမှ လေလံဆက်မဆွဲတော့လျှင် လုလင်း အဆုံးအရှုံးကြီးသွားပေလိမ့်မည်။

ထို့ကြောင့် လုမျိုးနွယ်၏ အကြီးအကဲက လုလင်းနှင့် လုယွီတို့ကို လေလံဆက်မဆွဲရန် တားလိုက်သည်။ ခန်းမတစ်ခုလုံး တတ်ဆိတ်သွား၏။ မည်သူမှ လေလံဆက်မဆွဲကြတော့ပေ။ ခေတ္တကြာပြီးနောက် စစ်ထူရီနျန်က ပြောလိုက်၏။

“ဘယ်သူမှ လေလံဆက်မဆွဲတော့ဘူးမလား... သုံး၊နှစ်၊တစ်.. ရောင်းလိုက်ပါပြီ။ ဒီခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို အခန်းနံပါတ်(၅၅၅)က ဧည်သည့်တော် ပိုင်သွားပါပြီ”

“နေပါဦး”

ရုတ်တရက် အခန်းနံပါတ်(၅၅၅)မှ ဧည့်သည်တော်က ထပ်မံ ပြောလိုက်၏။ သူ ခေတ္တမျှ တိတ်သွားပြီးမှ ဆက်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး အဲ့ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို အစောက လေလံဆွဲခဲ့တဲ့ နန်ကုန်းမျိုးနွယ်က သခင်မလေးချီလင်းကို မေးလိုက်ပါ။ ပြီးတော့ သူ့ကို ကျွန်တော့်ရဲ့ စကားတစ်ခွန်းလည်း ပါးပေးပါ။ ကျွန်‌တော်... သူ့ကို အရမ်းလေးစားပါတယ်”

“ဖူး...”

လူအုပ်တစ်ခုလုံး ခွက်ထိုးခွက်လန် ရယ်လိုက်ကြ၏။ လက်ဖက်ရည်သောက်နေသော ဧည့်သည်တော်အချို့သည် ပါးစပ်ထဲမှ လက်ဖက်ရည်များ ပန်းထွက်သွားကြပြီး ရေသီးကာ ချောင်းဆိုးသွားကြသည်။ ခန်းမထဲရှိ လူအားလုံး ထိုစကားကို ကြားလိုက်ရ၏။ နန်ကုန်းမျိုးနွယ်၏ အခန်းမှလည်း ထိုစကားကို ကြားနိုင်ပေသည်။ ထို့ကြောင့် စကားပါးနေရန် လိုပါသေးသလော။ ယင်းက လုံးဝ မလိုအပ်သည် မဟုတ်ပါလော။

ရယ်သံများ ဆဲသွားပြီးနောက်တွင် လူများစွာသည် လက်မများထောင်ပြလိုက်ကြ၏။ ထိုအခန်းနံပါတ်(၅၅၅)မှ ဧည့်သည်တော်က မိန်းမပိုးရန်အတွက် အမှန်ပင် ရက်ရက်ရောရောဖြင့် ရတနာတစ်ခုကို သန်းနှစ်သောင်းပေးကာ ဝယ်ခဲ့ပေသည်။ နန်ကုန်းမျိုးနွယ်မှ ထိုသခင်မလေးက ဆည်းလည်များကို သဘောကျကြောင်း ထင်ရှား၏။ အရင်စဆုံး လေလံစဆွဲခဲ့သူမှာ သူမဖြစ်သည်။ ထိုအကြောင်းကို အားလုံးသိ၏။ ယခုတွင် သူမသည် ရင်ထဲထိသွားသဖြင့် ငိုချင်ငိုနေလောက်ပေသည်။

“ဟီး...ဟီး...”

နန်ကုန်းမျိုးနွယ်၏ အခန်းထဲတွင် အစ်မကြီးဆည်းလည်းက အမှန်ပင် ချုံးပွဲချ ငိုကြွေးနေလေသည်။ သူမ ငိုကြွေးနေခြင်းမှာ သန်းနှစ်သောင်းတန် ရတနာကြောင့် မဟုတ်ပေ။ အခန်းနံပါတ်(၅၅၅)ထဲမှ ဧည့်သည်တော်က မည်သူဖြစ်ကြောင်း သူမသိ၍ပင်။

သာမန်လူများက ‘ချီလင်း’ဟူသော အမည်ကို မသိနိုင်ပေ။ အကယ်၍ သူမကို လက်ဆောင်ပေးရန် ခရမ်းရောင်ဝိညာဉ်ဆည်းလည်များကို သန်းနှစ်သောင်းပေး၍ ဝယ်မည့်သူတစ်ယောက်ရှိလျှင်၊ သူမကို လူကြားထဲတွင် စနောက်ဝံ့သူတစ်ယောက်ရှိလျှင် ထိုသူက ကျန်းရီသာ ဖြစ်ပေမည်။

အစ်မကြီးဆည်းလည်းက ကျန်းရီနှင့် လုလင်းတို့ကြားတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သိထား၏။ ကျန်းရီနှင့်အခြားသူများ ကောင်းကင်မိုးကြိုးကျွန်းမှ ထွက်ပြေးသွားသည်ကိုလည်း သူမသိ၏။ သို့သော် ကျန်းရီတို့ ရှန်းစီမြို့သို့ ရောက်နေပြီး ဤမျှ ကြွယ်ဝနေလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။

“အန်...”

နန်ကုန်းမျိုးနွယ်၏ ခေါင်းဆောင် နန်ကုန်းယွင်ရီက မျက်မှောင်ကြုတ်ကာ နောက်ရှိ အစ်မကြီးဆည်းလည်းကို ကြည့်၍ မေးလိုက်၏။

“ချီလင်း... မင်း အခန်းနံပါတ်(၅၅၅)ထဲကသူကို သိလား”

အစ်မကြီးဆည်းလည်းက မျက်ရည်များ သုတ်လိုက်ပြီး လျင်မြန်စွာ ထရပ်၍ ရိုသေစွာ ပြန်ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... ချီလင်း အဲ့လူကို မသိပါဘူး။ ချီလင်းက အဲ့ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို တကယ်လိုချင်နေတာမလို့ အရမ်းစိတ်လှုပ်ရှားသွားတာပါ”

“နောက်ကျ အဲ့ဒါတွေကို သူ့ကို ပြန်ပေးလိုက်”

နန်ကုန်းယွင်ရီက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ငါဆို့ နန်ကုန်းမျိုးနွယ်က သူများဆီက ပစ္စည်းတွေကို လက်မခံဘူး။ ချီလင်း... မင်းက မုဆိုးမတစ်ယောက်ပဲ၊ တခြားယောက်ျားတွေနဲ့ ရောရောနှောနှော မနေသင့်ဘူး။ မဟုတ်ရင် မင်းက နန်ကုန်းမျိုးနွယ်ကို ဂုဏ်သိက္ခာကျစေလိမ့်မယ်”

အစ်မကြီးဆည်းလည်း၏ မျက်နှာထား မည်းသွား၏။ သို့သော် သူမသည် လက်ဆုပ်ကာ ရိုရိုသေသေ ပြန်ပြောလိုက်လေသည်။

“ချီလင်း မျိုးနွယ်ခေါင်းဆောင်ရဲ့ ဆုံးမမှုကို စိတ်ထဲမှာ မှတ်သားထားပါမယ်။ နောက်ကျရင် သူ့ကို အဲ့ဆည်းလည်းတွေ ပြန်ပေးလိုက်ပါမယ်”

***

“ခေါင်းဆောင်... ခေါင်းဆောင်က အရမ်း တစ်ဇွတ်ထိုးနိုင်တာပဲ”

တစ်ချိန်တည်းမှာပင် အခန်းနံပါတ်(၅၅၅)ရှိ ချမ်ဝမ်ကွမ်းနှင့် အခြားသူများက အံ့အားသင့်နေကြသည်။ ကျန်းရီ ဈေးအပြိုင်ပေး၍ လေလံဆွဲနေစဉ်က မည်သူမှ အသံမထွက်ဝံ့ခဲ့ကြပေ။ ယခုတွင် လေလံအောင်သွားပြီဖြစ်၍ ချမ်ဝမ်ကွမ်းက ကျန်းရီကို ရင်နာနာဖြင့် ကြည့်လိုက်သည်။

ချမ်ဝမ်ကွမ်းက ကုန်သည်မျိုးနွယ်တစ်ခုတွင် မွေးဖွားလာသူဖြစ်ပြီး ရွှေနှင့် ကောင်းကင်ကျောက်တုံးတို့နှင့် ပတ်သတ်လျှင် အလွန်ထိရှလွယ်၏။ မျိုးနွယ်တစ်ခု၏ နောက်ခံမရှိလျှင် သူ အစိုးရိမ်လွန်ပေလိမ့်မည်။ ယခုတွင် သူသည် ကျန်းရီနောက်သို့ အိမ်တော်ထိန်းတစ်ဦးအနေဖြင့် လိုက်နေပြီဖြစ်၍ ကျန်းရီ၏ ငွေရေးကြေးရေးကိစ္စများကို ကောင်းစွာကိုင်တွယ်လိုပေသည်။

ကျန်းရီက ငွေကို ရေလိုသုံးလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ယခင်က သူသည် ဟွမ်ဖူထောင်ထျန်းကို ကောင်းကင်ကျောက်တုံးသန်းတစ်ရာ လက်ဆောင်ပေးခဲ့၏။ ယခုတွင် သူသည် ရတနာတစ်ခုဝယ်ရန် ကောင်းကင်ကျောက်တုံး သန်းနှစ်သောင်းသုံးခဲ့သည်။ ထို့ပြင် ထိုရတနာကို သူများကို လက်ဆောင်ပေးလိုက်သေးသည်။

ဖုန်းလန်နှင့် ချင်းယွီတို့သည်လည်း နှမြောနေ၏။ သို့သော် သူမတို့ နားလည်ပေးနိုင်ပေသည်။ အစ်မကြီးဆည်းလည်းက ကျန်းရီနှင့် သူမတို့ကို ကူညီပေးခဲ့သည်။ ကျန်းရီ၏ အကျင့်စရိုက်ဖြင့် ဆိုလျှင် သန်းနှစ်သောင်း မဆိုထားနှင့် လုလင်းက ဈေးကို ထပ်တိုးပါက ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းလုံးကိုပင် မတုံ့ဆိုင်းဘဲ သုံးပစ်လိုက်မည်ဖြစ်သည်။

ကျန်းရီက များစွာ အရေးမထားဘဲ ရယ်မောကာ ဖန်လုံးကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

“ကောင်းပြီ... ဆက်ပြောမနေနဲ့တော့။ နောက်ရတနာနှစ်ခုက ဘာတွေလည်းဆိုတာ ကြည့်ကြတာပေါ့”

“အခု... ကျွန်မတို့ နောက်ဆုံးရတနာနှစ်ခုကို လေလံပစ်ပါတော့မယ်”

စစ်ထူရီနျန်က လက်ဝှေ့ယမ်းလိုက်ရာ လူအချို့က ရတနာတစ်ခု ယူဆောင်လာ၏။ ၎င်းကို အဝတ်နီဖြင့် လွှမ်းခြုံထား၏။ ၎င်း၏အရွယ်အစားက အတော်လေးကြီးပေသည်။ ဗာဂျရာအဆင့် သိုင်းသမားလေးယောက်သည်ပင် ၎င်းကို မနည်းမလာရလေသည်။

ရတနာကို ချပြီးနောက် စစ်ထူရီနျန်က အဝတ်နီကို သိမ်မွေ့စွာဖယ်လိုက်၏။ ရှေးဟောင်း ကြေးရောင် နှစ်ဘီးတပ်စစ်ရထားလုံးတစ်စင်း ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် သူမသည် ၎င်းကို စတင် မိတ်ဆက်ပေးလိုက်၏။

“ဒါကတော့ နှစ်ဘီးတပ်စစ်ရထားလုံးတစ်စင်းပါ။ ဒါကို ‌ရှေးဟောင်းအပျက်အစီးတစ်ခုထဲက တွေ့ခဲ့တာပါ။ ကျွန်မတို့ရဲ့ ရတနာရာဖြတ်က ဒီစစ်ရထားလုံးကို စစ်ဆေးပြီးပါပြီ။ ဒါက ထိပ်တန်းအဆင့် ကောင်းကင်နတ်ဘုရားစစ်ရထားလုံးပါ။ အဲ့ဒါရဲ့ အမြန်နှုန်းက အထွတ်အထပ်အဆင့် ကောင်းကင်ဧကရာဇ်လောက် မြန်ပါတယ်။ ပြီးတော့ သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးရဲ့ အစွမ်းကုန်တိုက်ခိုက်မှုတွေကို ဆယ်ရက်၊ ဆယ်ည ခံနိုင်တဲ့ ခုခံအကာအရံတစ်ခုလည်း ပါပါတယ်...”

“ဒါပေမဲ့ အဲ့ဒါတွေက အဓိကအချက် မဟုတ်သေးပါဘူး။ ပိုပြီးအရေးကြီးတာက... ကျွန်မတို့မျိုးနွယ်ရဲ့ ရတနာရာဖြတ်က ပြောတာတော့ ဒီကောင်းကင်နတ်ဘုရားစစ်ရထားလုံးရဲ့ ပိုင်ရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသိန်းက သွေးဧကရာဇ်တဲ့။ ဟုတ်ပါတယ်... အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို ဗြောင်းဆန်စေခဲ့တဲ့ သွေးဧကရာဇ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသိန်းတုန်းက ဒီစစ်ရထားလုံးကို သွေးဧကရာဇ်စစ်ရထားလုံးလို့ ခေါ်ပါတယ်။ အခု ကျွန်မတို့ ဒီသွေးဧကရာဇ်စစ်ရထားလုံးကို လေလံစပစ်ပါမယ်။ ကြမ်းခင်းဈေးက သန်းတစ်သောင်းပါ၊ ဈေးတစ်ခါတိုးရင် အနည်းဆုံး သန်းတစ်ထောင် တိုးရပါမယ်”

“ဝိုး...”

လူအုပ်တစ်ခုလုံး ဆူညံသွား၏။ ယင်းမှာ မူလရတနာအစစ်တစ်ခုဖြစ်သည်။ သွေးဧကရာဇ်၏ ဂုဏ်သတင်းက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်လုံးတွင် ကျော်ကြား၏။ အတိတ်တွင် သူသည် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို ဗြောင်းဆန်းသွားစေခဲ့သည်။ သူသည် ဝူမျိုးနွယ်၏ အကြီးအကဲဖြင်ပင် တိုက်ခိုက်ခဲ့ပြီး ဝူမျိုးနွယ်ခေါင်းဆောင်ကို ဒဏ်ရာရကာ သွေးအန်သွားစေခဲ့သည်။ သူ၏ တိုက်ခိုက်စွမ်းအားက စာတင်လောက်သည်ဟု ဆိုနိုင်၏။ နောက်ပိုင်းတွင် သွေးဧကရာဇ်ကို အရှေ့ဘက် တော်ဝင်ဧကရာဇ်ကိုးပါးက တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် သူသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ရသည်။ ထို့နောက်တွင် သူ ထပ်မံ ထွက်‌ပေါ်မလာတော့ပေ။ ယခု နှစ်ပေါင်းငါးသိန်းကြာပြီးနောက်တွင် သူ၏ သွေးဧကရာဇ်စစ်ရထားလုံး ထွက်ပေါ်လာပေပြီ။

“ပစ္စည်းကောင်းပဲ”

ကျန်းရီ၏မျက်လုံးများ တောက်ပသွား၏။ ထိုစစ်ရထားလုံးက မြန်ရုံသာမက အားကောင်းသည့် ခုခံစွမ်းရည်လည်း ပိုင်ဆိုင်ပေသည်။ ပို၍အရေးကြီးသည်မှာ ၎င်းက ကျော်ကြားခြင်းပင်။ ထိုစစ်ရထားလုံးကို စီးနိုင်လျှင် အလွန်ဂုဏ်ရှိပေလိမ့်မည်။

သို့သော် ကျန်းရီတွင် ကောင်းကင်ကျောက်တုံး အသုံးအလောက်မရှိချေ။ သူ့တွင် အလုံအလောက် ရှိလျှင်ပင် သူ ၎င်းကို မဝယ်ဝံ့ပေ။ မဟုတ်လျှင် သူ ဘာမှန်းပင်မသိလိုက်ဘဲ သေသွားမည်ဖြစ်သည်။ သူ၏အင်အား၊ သူ၏အဆင့်အတန်းက ထိုသို့သော ထိပ်တန်းအဆင့် စစ်ရထားလုံးတစ်ခုကို စီးနိုင်ရန် အဆင့်မမီသေးချေ။ မရှိခိုးနှိုးဆိုသည့် စကားကဲ့သို့ သာမန်လူတစ်ယောက်က ထိုသို့သော ရတနာတစ်ခုကို ဝယ်လိုက်လျှင် သံသယဝင်ခံရပေလိမ့်မည်။

“သန်းသုံးသောင်း”

လဲ့ထင်ဝေက စ၍ လေလံဆွဲလိုက်၏။ သူသည် ထိုစစ်ရထားလုံး၏ တန်ဖိုးကို ကောင်းစွာသိသဖြင့် ၎င်းကို လေလံပြိုင်ဆွဲလိုနေပေသည်။

***

All Chapters