အသက်ပုလဲ
Vol. 56 Ch. 774
“သန်းသုံးသောင်းငါးထောင်”
ဒုတိယ လေလံဆွဲလိုက်သူမှာ ဟွမ်ဖူချီဖြစ်သည်။ သွေးဧကရာဇ်စစ်ရထားလုံးသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်များ၏သွေးများ စွန်းထင်းနေ၏။ ထိုစစ်ရထားလုံးကို စီးနိုင်လျှင် သေချာပေါက် ဂုဏ်တက်မည်ဖြစ်ပြီး အလွန်အထင်ကြီးလေးစားခံရမည်ဖြစ်သည်။
“သန်းလေးသောင်း”
ချွီမျိုးနွယ်ခေါင်းဆောင်ကလည်း လေလံဝင်ဆွဲလိုက်၏။ အောက်ထပ်မှလူများ နှုတ်ခမ်းတွန့်သွားသည်။ ဤမျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များသည် ဈေးတစ်ခါတိုးလျှင် သန်းငါးထောင်စီတိုး၍ လေလံအပြိုင်ဆွဲနေကြသည်။ သူတို့သည် ကောင်းကင်ကျောက်တုံးအရေအတွက်ကို နံပါတ်တစ်ခုကဲ့သို့သာ သဘောထားကြ၏။
မျိုးနွယ်(၁၃)ခုက နတ်ဘုရားမျိုးနွယ်စုတစ်ခုလုံးကို သိမ်းပိုက်ထားပြီး သူတို့ထိန်းချုပ်သည့် မြို့များအတွင်းသို့ ဝင်လိုလျှင် မြို့ဝင်ကြေးပင် ပေးရသည်ဖြစ်ရာ ထိုမျိုးနွယ်များက နေ့စဉ်နှင့်အမျှ ကြွယ်ဝလာနေကြောင်း အားလုံး သဘောပေါက်ပေသည်။
မျိုးနွယ်များ၏ သခင်လေး၊ သခင်မလေးများက ဈေးပေးရာတွင် အတန်ငယ် တုံ့ဆိုင်းနိုင်သော်လည်း မျိုးနွယ်ခေါင်းဆောင်များကတော့ ဘယ်တော့မှ တုံ့ဆိုင်းမည်မဟုတ်ပေ။ အကြီးအကဲအိုကြီးများက ထိုကိစ္စများကို အရေးမစိုက်ပေ။ ထို့ကြောင့် ထိုမျိုးနွယ်ခေါင်းဆောင်များသည် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိနေကြသည်။
“သန်းလေးသောင်းငါးထောင်”
နန်ကုန်းမျိုးနွယ်ခေါင်းဆောင်ကလည်း လေလံဆွဲလိုက်၏။ ရှေးရိုးဆွဲဆန်၍ ခက်ထန်သော နန်ကုန်းယွင်ရီပင် လေလံဝင်ဆွဲနေပြီဖြစ်၍ သူက ထိုသွေးဧကရာဇ်စစ်ရထားလုံးကို အရေးတယူ တန်ဖိုးထားကြောင်း ထင်ရှားပေသည်။
လဲ့ထင်ဝေကလည်း ထီမထင်သည့် လေသံဖြင့် လေလံဆွဲလိုက်သည်။ သို့သော် သူသည် ဈေးကိုတော့ အများကြီး မမြှင့်ခဲ့ပေ။
“သန်းငါးသောင်း”
“ကြည့်ရတာ ဈေးက သန်းတစ်သိန်းထိ ရောက်လောက်မယ့်ပုံပဲ...”
လူအုပ်တစ်ခုလုံးသည် အသက်ရှူအောင့်ထားကာ နောက်ထပ် သမိုင်းဝင်မည့် အခိုက်အတန့်တစ်ခုကိုကြည့်ရန် ပြင်ဆင်ထားကြသည်။ ကျန်းရီတို့သည်လည်း ပါးစပ်အဟောင်းသာ ဖြစ်နေ၏။ ထိုမျိုးနွယ်ခေါင်းဆောင်များက အလွန် ချမ်းသာကြွယ်ဝလွန်းပေသည်။ သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ လေလံဆွဲနိုင်ကြ၏။ တစ်ခဏအတွင်းမှာပင် ဈေးသည် သန်းရှစ်သောင်းအထိ ရောက်သွားလေသည်။
“ဒီရတနာက သန်းတစ်သိန်းကျော်တော့မယ်။ နောက်ဆုံးပစ္စည်းကျရင်ရော ဘယ်လိုနေမလဲ။ အဲ့ဒါလည်း သန်းတစ်သိန်းကျော်နိုင်လောက်လား”
လူများစွာက ထိုမေးခွန်းကို တွေးလိုက်ကြ၏။ ဤရတနာက နောက်ဆုံး၏အရှေ့မှ ပစ္စည်းသာဖြစ်ပြီး နောက်ဆုံးပစ္စည်းတစ်ခု ကျန်သေးပေသည်။ လက်ရှိအခြေအနေအရ ထိုနောက်ဆုံးပစ္စည်းသည်လည်း ဈေး သန်းတစ်သိန်းကျော်အထိ ရသွားနိုင်ပေသည်။ ဤလေလံပွဲက အမှန်ပင် သမိုင်းတွင်တော့မည်ဖြစ်သည်။
“သန်းတစ်သိန်း”
လဲ့ထင်ဝေက ဈေးကို သန်းနှစ်သောင်းပင် တန်းတိုးလိုက်၏။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ လေလံဆက်ဆွဲနေလျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။ သူတို့သည် သူတို့၏ကောင်းကင်ကျောက်တုံးများ ကုန်သွားသည်အထိ ဈေးထက်တိုးနေလျှင်လည်း ရောင်းသူကို အချီကြီးမြတ်သွားစေရုံသာ ရှိပေလိမ့်မည်။ မျိုးနွယ်(၁၃)ခုမှာ တစ်ဘက်တည်းဖြစ်သည်။ စစ်ရထားလုံးတစ်ခုအတွက် ပဋိပက္ခဖြစ်ရန် မလိုပေ။
“ဦးလေးလဲ့ကို ဂုဏ်ပြုပါတယ်”
စစ်ထူရီနျန် အော်ပြောလိုက်၏။ ဤရှားပါးမူလရတနာ၏ ပိုင်ရှင်က မည်သူဖြစ်ကြောင်း သေချာသွားပေပြီ။ ခန်းမအတွင်းမှာ လူအားလုံးသည် တောက်ပသောမျက်လုံးများဖြင့် နောက်ဆုံးရတနာ ထွက်ပေါ်လာမည့်အချိန်ကို မျှော်လင့်စောင့်စားနေကြ၏။
“ဒီနေ့ လေလံပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အခုဆို ကျွန်မရဲ့ ခြေထောက်တွေတောင် တုန်နေတယ်။ နောက်ဆုံးလေလံပစ္စည်းကို ထုတ်မပြခင်မှာ ကျေးဇူးပြုပြီး ကျွန်မကို ခဏလောက် အနားယူခွင့်ပြုပါရှင်...”
စစ်ထူရီနျန်က အချိန်ကိုက် ဟာသပြော၍ လေလံပွဲ၏ အခြေအနေကို ပြေလျော့သွားစေလိုက်သည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့က အတန်ငယ် ခေါင်းညိတ်လိုက်ကြ၏။ ဤသခင်မလေးစစ်ထူက အမှန်ပင် အရည်အချင်းရှိပေသည်။ သူမကဲ့သို့ အရှိန်အဝါရှိသော သခင်မလေးများ ရှားပါး၏။ မျိုးနွယ်ကြီးများမှ သခင်မလေးများက အမှန်ပင် ထူးကဲကြလေသည်။
“ဟုတ်ကဲ့... အခု နောက်ဆုံးရတနာကို စင်မြင့်ထက်ကို ယူဆောင်လာပါတော့မယ်”
စစ်ထူရီနျန်က ချိုသာစွာ အော်လိုက်၏။ လှပသော မိန်းမပျိုတစ်ယောက်က စင်မြင့်ပေါ်သို့ ကျောက်စိမ်းသေတ္တာလေးတစ်လုံး သယ်ဆောင်လာ၏။ ထိုကျောက်စိမ်းသေတ္တာမှာ အရည်အသွေးမြင့် အဝါရင့်ရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းပင်။ ယင်းကျောက်စိမ်းသေတ္တာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အထဲရှိ ရတနာက သေချာပေါက် ထူးခြားမည်ဖြစ်ကြောင်း သိနိုင်ပေသည်။
စစ်ထူရီနျန်၏ မျက်လုံးများကလည်း ရွှန်းလဲ့သွား၏။ သူမသည် ကျောက်စိမ်းသေတ္တာကို သူမ၏ချစ်သူတစ်ဦးကဲ့သို့ စိုက်ကြည့်နေ၏။ ထို့နောက် သူမ အသက်ပြင်းပြင်တစ်ချက် ရှူသွင်းကာ ပြောလိုက်သည်။
“ဒီကျောက်စိမ်းသေတ္တာထဲက ပစ္စည်းက အမျိုးသားတစ်ယောက်အတွက် အဖိုးမတန်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေအကုန်လုံးကတော့ ဒီရတနာကို အိပ်မက်ထဲမှာတောင် တောင့်တကြပါလိမ့်မယ်။ ကျွန်မလည်း ဒီရတနာကို ရောင်းတဲ့သူနဲ့ ညှိုနိုင်းခဲ့ပါသေးတယ်... ဒီရတနာကို လေလံမပစ်ဘဲ ကျွန်မကိုပဲ သန်းငါးသောင်းနဲ့ ရောင်းလိုက်ဖို့ပါ။ ဒါပေမဲ့ ကျွန်မရဲ့အဖေက စည်းမျဉ်းတွေကို ဖောက်လို့မရဘူးလို့ ပြောခဲ့ပါတယ်။ မျိုးနွယ်စည်းမျဉ်းတွေကို နာခံရပါမယ်။ စစ်ထူမျိုးနွယ်က အားလုံးရဲ့ ချီးမွမ်းမှု၊ ချစ်ခင်မှုကို ခံရတာ ကျွန်မတို့ရဲ့ စည်းမျဉ်းတွေကြောင့်ပါပဲ”
သခင်မလေးစစ်ထူ၏ စကားက အားလုံးကို စိတ်ဝင်သွားစေသည်။ လေလံခန်းမအတွင်းမှ အမျိုးသမီးများအားလုံးသည် တောက်ပသော မျက်လုံးများဖြင့် ကျောက်စိမ်းသေတ္တာကို ငေးကြည့်နေကြ၏။ သူမတို့သည် သန်းငါးသောင်းတန်သော ရတနာက မည်သို့သော ရတနာဆိုသည်ကို တွေ့လိုနေကြသည်။
“ဟင်းဟင်း...”
စစ်ထူရီနျန်က ဆက်၍အချိန်မဆွဲတော့ဘဲ သူမ၏သွယ်လျသော လက်ကလေးကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“ဟုတ်ပါတယ်... ဒီမူလရတာက.. အသက်ပုလဲပါပဲ။ ဒီပုလဲက အသက်သစ်ပင်ကနေပြီး နှစ်တစ်သောင်းမှ တစ်ကြိမ်ပဲ ထုတ်ယူနိုင်တဲ့ ပုလဲတစ်လုံးပါ။ ဒီပုလဲက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်မှာ ကျော်ကြားပြီး အမျိုးသမီးတိုင်း လိုချင်ကြတဲ့ မူလရတနာတစ်ခုပါ။ ဘာလို့ဆို ဒီပုလဲကို ဝတ်ဆင်လိုက်ရင် မအိုမင်းလာတော့ဘဲ ထာဝရနုပျိုနေမှာမလို့ပါ။ သေတဲ့အချိန်အထိ ကိုယ့်ရဲ့အလှဆုံးမျက်နှာကို ထိန်းထားနိုင်မှာပါ... ပြီးတော့လည်း ဒီပုလဲက ဝတ်ဆင်သူရဲ့အသက်ကို အနည်းဆုံး နှစ်နှစ်ရာ ပိုရှည်စေနိုင်ပါတယ်။ ဒီပုလဲမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုလည်းရှိပါသေးတယ်... အဲ့ဒါကတော့ အလောင်းတွေကို ဘယ်တော့မှ မပုပ်သိုးစေတာပါ။ အခု ကျွန်မတို့ ဒီအသက်ပုလဲကို လေလံစပစ်ပါတော့မယ်။ ကြမ်းခင်းဈေးက သန်းတစ်သောင်းပါ၊ ဈေးတစ်ခါတိုးတိုင်း အနည်းဆုံး သန်းတစ်ထောင် တိုးရပါမယ်”
“ဝိုး...”
လေလံပွဲသည် ရုတ်ခြည်းပင် ဆူညံသော ဈေးတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ပွက်လောရိုက်သွား၏။ သူတို့အားလုံးက ကျော်ကြားသော အသက်ပုလဲအကြောင်းကို ကြားဖူးကြ၏။ သို့သော် အသက်ပုလဲတစ်လုံးကို လေလံပစ်လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ ဤအသက်ပုလဲထွက်ပေါ်လာရာ နေရာတိုင်းရှိ မျိုးနွယ်ကြီးများမှ အမျိုးသမီးအားလုံးသည် ရူးသွပ်သွားကြ၏။
အမျိုးသမီးများက သူမတို့၏ ရုပ်ရည်ကို ဦးစားပေး၏။
ဤလောကထဲတွင် ကျင့်ကြံသူအမျိုးသမီးများ၊ စွမ်းအားကြီး၍ အဆင့်အတန်းမြင့်သော အမျိုးသမီးများ များစွာရှိသော်လည်း ဤလောကသည် အမျိုးသားများက လွှမ်းမိုးသော လောကဖြစ်၏။ စည်းမျဉ်းအများစုကို မျိုးနွယ်(၁၃)ခု၏ မျိုးနွယ်ခေါင်းဆောင်များက ပြုလုပ်ထားခြင်းပင်။ ထိုသူများအားလုံးက အမျိုးသားများဖြစ်သည်။ အမျိုးသမီးတစ်ယောက်က မည်မျှ စွမ်းအားကြီးစေကာမူ တစ်စုံတစ်ယောက်ကို လက်ထပ်ရမည်ဖြစ်သည်။
သမိုင်း၏ ပြုပြင်မှုကို ခံထားရသော ဖီးနစ်အော်သံနယ်မြေမှာ တစ်ခုတည်းသော ချွင်းချက်ဖြစ်သည်။ သို့သော် ဖီးနစ်အော်သံနယ်မြေမှ အမျိုးသမီးများကလည်း စွမ်းအားကြီးအမျိုးသားတစ်ယောက်၏ ယုယကြင်နာမှုကို မတောင့်တလေသလော။
အမျိုးသမီးအားလုံးက သူမတို့၏ ရုပ်ရည်ကို အရေးထားကြ၏။ လှပသောရုပ်ရည်သည် သူမတို့၏ ပိုင်ဆိုင်မှုဖြစ်သည်။
အမျိုးသားများက အမျိုးသမီးများကို ရရန် လောကကြီးကို သိမ်းပိုက်ကြ၏။ အမျိုးသမီးများကမူ လောကကြီးကို ရရန် အမျိုးသားများကို သိမ်းပိုက်ကြ၏။
အမျိုးသားတစ်ယောက်ကို သိမ်းပိုက်နိုင်ရန် အမျိုးသမီး၏ ရုပ်ရည်က ထိရောက်မှုရှိသော လက်နက်တစ်ခုဖြစ်သည်။ သို့သော် ငယ်ရွယ်မှုက တစ်ခဏသာခံသည်မှာ ဝမ်းနည်းစရာပင်။ လှပသူတစ်ယောက်သည် တဖြည်းဖြည်း အိုမင်းလာမည်ဖြစ်သည်။ အလှပဆုံး အမျိုးသမီးပင် အချိန်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ အမျိုးသမီးတစ်ယောက်က အိုမင်း၍ ပါးရေနားရေတွန့်လာသောအခါ သူမ၏ အမျိုးသားက သူမကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်သေးလျှင်ပင် စိတ်မလုံမခြုံဖြစ်လာပြီး စိုးရိမ်မှုများ ရှိလာတတ်သည် မဟုတ်လော။ သို့သော် ဤအသက်ပုလဲဖြင့်ဆိုလျှင် ငယ်ရွယ်မှုကို ထာဝရထိန်းထားနိုင်ပေလိမ့်မည်။ သေသည့်အချိန်တွင်ပင် အလှပဆုံးရုပ်သွင်ဖြင့် ရှိနေဦးမည်ဖြစ်သည်။ ယင်းမှာ အမျိုးသမီးအားလုံး၏ အားနည်းချက်ဖြစ်ကြောင်း ထင်ရှားပေသည်။
ဖုန်းလန်နှင့်ချင်းယွီတို့ အသက်ရှူမြန်လာ၏။ သူမတို့သည် အသက်ပုလဲ၏ အကြောင်းများကို ကြားခဲ့ဖူးသော်လည်း ယင်းက အမှန်ဖြစ်လိမ့်မည်ဟု မထင်ခဲ့ကြပေ။ သို့သော် သူမတို့၏မျက်လုံးများ လျင်မြန်စွာ မှေးမှိတ်သွား၏။ ဤလေလံခန်းမထဲတွင် အဆင့်အတန်းမြင့်သော သခင်မလေးများ များစွာရှိနေသဖြင့် ကျန်းရီက သူ၏ကောင်းကင်ကျောက်တုံးအားလုံးကို သုံး၍ လေလံဆွဲလျှင်ပင် လုံလောက်ဦးမည် မဟုတ်ပေ။
ကျန်းရှောင်နူကမူ အရေးမစိုက်ပေ။ သူမသည် ရိုးရှင်းသူဖြစ်ပြီး ထိုကိစ္စကို များစွာမတွေးချေ။ ကျန်းရီက ဖုန်းလန်နှင့် ချင်းယွီတို့ကို ကြည့်လိုက်ပြီး ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“ဖုန်းအာ၊ ချင်းယွီ... နောက်ကျ အခွင့်အရေးရရင် သေချာပေါက် ငါ မင်းတို့ကို အသက်ပုလဲ တစ်ယောက်တစ်လုံးစီ ဝယ်ပေးပါမယ်”
“ကျေးဇူးတင်ပါတယ် သခင်လေး”
ဖုန်းလန်က နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူမ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်တွင် လွန်စွာပြတ်သားသော အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် သူမ အလွန်အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
“သန်းတစ်သိန်း”
တစ်စုံတစ်ယောက် ချက်ချင်းပင် သန်းတစ်သိန်းပေး၍ လေလံဆွဲလိုက်၏။
သို့သော် အရေးကြီးသည့်အချက်မှာ လေလံဆွဲလိုက်သူက ဟွမ်ဖူထောင်ထျန်း ဖြစ်နေခြင်းပင်။
လူအုပ်တစ်ခုလုံး မှင်တက်သွား၏။ သူတို့သည် ထရပ်လာသော ဆံပင်အစိမ်းရောင်နှင့် လူငယ်ကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။ ဟွမ်ဖူထောင်ထျန်းက ဖြောင့်မတ်သူတစ်ဦးဖြစ်၏။ သို့သော် သူသည် အမှန်ပင် အသက်ပုလဲကို လေလံဆွဲနေခြင်းလော။ ထို့ပြင် သူ၏ လေလံဆွဲမှုက အလွန် မခက်ထန်လွန်းသလော။ သူ ရူးများနေသလော။
“ဒီတော့ ဒါကြောင့်ပေါ့...”
ကျန်းရီလည်း အတန်ငယ် အံ့အားသင့်နေ၏။ သို့သော် အဘယ်ကြောင့် ဟွမ်ဖူထောင်ထျန်းကဲ့သို့သော လူတစ်ယောက်က ဓားပြဖြစ်လာရကြောင်း သူ နားလည်သွားသည်။ ဟွမ်ဖူထောင်ထျန်း ကောင်းကင်ကျောက်တုံးများကို ဓားပြတိုက်ခဲ့ခြင်းမှာ အသက်ပုလဲကို လေလံဆွဲရန်ဖြစ်သည်။
ဟွမ်ဖူထောင်ထျန်း ရှန်းစီမြို့သို့ ပြန်လာခဲ့ခြင်းမှာ အသက်ပုလဲကို လေလံဆွဲရန်အတွက်သာလော။ သူ၏ အကျင့်စရိုက်အရဆိုလျှင် သူ့ထံတွင် အကြွင်းမဲ့အင်အား မရှိသေးသ၍ ရှန်းစီမြို့သို့ ပြန်လာမည်မဟုတ်ပေ။ သို့သော် ဟွမ်ဖူထောင်ထျန်းက အသက်ပုလဲကို မည်သူ့အတွက် လေလံဆွဲပေးနေခြင်းဖြစ်ကြောင်း ကျန်းရီ မသိသေးပေ။ သူ ချစ်ရသည့် အမျိုးသမီးအတွက်လော။
ခန်းမတစ်ခုလုံး လုံးဝတိတ်ဆိတ်သွား၏။ မိန်းမပျိုလေးများစွာသည် လေလံဆွဲချင်သော်လည်း နှုတ်ဆိတ်နေကြ၏။ သူမတို့သည် မျိုးနွယ်ခေါင်းဆောင်၏ ခွင့်ပြုချက်မရဘဲ ထိုမျှများသောဈေးဖြင့် လေလံမဆွဲဝံ့ကြချေ။ ထို့ပြင် သူမတို့ထံတွင် ကောင်းကင်ကျောက်တုံး အလုံအလောက်ရှိလျှင်ပင် ဟွမ်ဖူထောင်ထျန်းကဲ့သို့သော အရူးတစ်ယောက်ကို အပြစ်ပြုဝံ့မည်လော။
တစ်စုံတစ်ယောက်ကမူ လုပ်ဝံ့၏။
“သန်းတစ်သိန်းတစ်ထောင်”
လဲ့မျိုးနွယ်မှ သခင်မလေးလဲ့၏ အသံ ပဲ့တင်ထပ်သွားသည်။ ထိုအသံက တည်ငြိမ်နေသော ရေကန်ထဲသို့ ပြုတ်ကျသွားသည့် ဧရာမကျောက်တုံးကြီးတစ်တုံးကဲ့သို့ပင်။
ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများ ရုတ်ခြည်း အေးစက်သွား၏။ သူက ဆတ်ခနဲ ခေါင်းမော့ကာ လဲ့မျိုးနွယ်၏ အခန်းကို ဒေါသတကြီး အော်လိုက်သည်။
“လဲ့စစ်ဟန်... မင်းက ငါ့ကို အဆုံးထိ ဆန့်ကျင်မှာပေါ့လေ...ဟမ်၊ ဒီနေ့မှာ ငါ ဟွမ်ဖူထောင်ထျန်း ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်မယ်။ ငါ သေရင်တောင်... မင်းကို လက်ထပ်မှာ မဟုတ်ဘူး။ မင်း အဲ့အတွေးကို လက်လျှော့လိုက်တာ ကောင်းမယ်”
***