← Chapters

နံပါတ်(၅၅၅)ပင်...

Vol. 56 Ch. 775

နံပါတ်(၅၅၅)ပင်...

Vol. 56 Ch. 775

စကားတစ်ခွန်းက လှိုင်းပေါင်းတစ်ထောင် ထသွားစေ၏။

လူအားလုံးသည် လဲ့စစ်ဟန်၏ လေသံက တစ်ခုခု မမူမှန်ကြောင်း သတိထားမိခဲ့ကြသည်။ ‘ပြင်းပြမှု’ကို လေလံဆွဲခဲ့စဉ်ကလည်း သူမသည် ဟွမ်ဖူထောင်ထျန်းနှင့် ပြိုင်၍ ဈေးတိုးမြှင့်ခဲ့၏။ သူမ၏လေသံက မကျေနပ်မှုတစ်ခုရှိ၍ စိတ်ကောက်နေသော မိန်းမပျိုလေးတစ်ယောက်၏ လေသံကဲ့သို့ ဖြစ်ခဲ့သည်။ ယခုတွင် ဟွမ်ဖူထောင်ထျန်းပြောလိုက်သော စကားတစ်ခွန်းက အားလုံးကို ရှင်းပြလိုက်ပေပြီ။ သူတို့ကြားတွင် တစ်ဖက်သတ်အချစ်ဇာတ်လမ်းလေး ရှိနေခြင်းပင်။

“ဟွန်း...”

သခင်မလေးလဲ့ကလည်း လွယ်လွယ် အလျှော့မပေးပေ။ သူမက နှာမှုတ်ကာ ပြောလိုက်၏။

“ဟွမ်ဖူထောင်ထျန်း... ရှင်က ရှင့်ကိုယ်ရှင် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တာ တစ်လတောင်ကျော်သွားပြီ။ ဒီသခင်မလေးက ရှင့်ကို အရင်ကတည်းက ကြည့်မရတာ။ ကိုယ့်ရဲ့ဘိုးဘေးကို စွန့်ပစ်ခဲ့တဲ့ လူ၊ သစ္စာမရှိ၊ တာဝန်မကျေပွန်၊ မမျှတတဲ့ သားတစ်ယောက်... ရှင့်လိုလူက ဘယ်လိုလုပ် ဒီသခင်မလေးနဲ့ ထိုက်တန်မှာလဲ”

လဲ့စစ်ဟန်က စကားလုံးထက်ထက်များဖြင့် ပြန်ပြောလိုက်၏။ သို့သော် သူမ၏ လေသံထဲတွင် မကျေနပ်သည့်အရိပ်အယောင်အချို့ပါကြောင်း အားလုံး ကြားနိုင်ပေသည်။ အားလုံးသည် သူမတို့နှစ်ယောက်ကြားမှ မကျေနပ်ချက်များကို အကြမ်းဖျင်းသိသွားပြီဖြစ်၏။ သူမတို့သည် စေ့စပ်ခဲ့ပုံရ၏။ သို့သော် ဟွမ်ဖူထောင်ထျန်းက စေ့စပ်မှုကို မကျေနပ်ခဲ့သည့်ပုံပင်။ နောက်ပိုင်းတွင် ကိစ္စအချို့ဖြစ်ခဲ့ပြီး ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်ကို သစ္စာဖောက်သွားခဲ့ပြီး လဲ့စစ်ဟန်က စေ့စပ်မှုကို ဖျက်သိမ်းခဲ့ခြင်းလော။ ယခုတွင် သူမက တမင် လက်စားချေနေခြင်းလော။

ဟွမ်ဖူထောင်ထျန်းက ပြန်မပြောတော့ဘဲ အကြည့်လွှဲကာ အေးစက်စက် အော်လိုက်၏။

“သန်းတစ်သိန်းတစ်သောင်း၊ လဲ့စစ်ဟန်... မင်းဆီမှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက်ရှိရင် ဆက်ပြီး လေလံဆွဲလိုက်”

တစ်ချီတည်းနှင့် သန်းတစ်သောင်း တိုးခဲ့ခြင်း...

ဟွမ်ဖူထောင်ထျန်းသည် ရှန်းစီကျွန်းတွင် ကောင်းကင်ကျောက်တုံးများစွာ ရခဲ့ပြီး အဆုံးထိ စွန့်စားရန် ပြင်ဆင်ထားပုံပင်။

လီစစ်ဟန်ကလည်း မတုံ့ဆိုင်းဘဲ ထပ်မံ လေလံဆွဲလိုက်၏။

“သန်းတစ်သိန်းတစ်သောင်းတစ်ထောင်၊ တစ်ခုရှိသေးတယ်... ဦးလေးစစ်ထူ ဟွမ်ဖူထောင်ထျန်းဆီမှာ ကောင်းကင်ကျောက်တုံးတွေ တကယ်ရော ရှိပါ့မလားဆိုတာ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ကျေးဇူးပြုပြီး တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းပေးပါလား”

လီစစ်ဟန်၏ တောင်းဆိုမှုက အလွန်အကျိုးအကြောင်းညီ၏။ ဟွမ်ဖူထောင်ထျန်းကို ဟွမ်ဖူမျိုးနွယ်က နှင်ထုတ်လိုက်ပြီဖြစ်သည်။ သူသည် ဟွမ်ဖူချင်ကို လူကြားသူကြားထဲမှာပင် စော်ကားခဲ့သေး၏။ ဟွမ်ဖူမျိုးနွယ်က သူ့ကို ဘာ‌ထောက်ပံ့မှုမှ ပေးမည်မဟုတ်ပေ။ သူသည် ဓားတစ်ချောင်းနှင့် လူတစ်ယောက်သာ။ လေလွင့်သူတစ်ယောက်က ကောင်းကင်ကျောက်တုံးမည်မျှ ပိုင်ဆိုင်နိုင်မည်နည်း။

စစ်ထူမျိုးနွယ်၏ အခန်းက ခေတ္တမျှ တိတ်ဆိတ်နေ၏။ ထို့နောက်တွင် စစ်ထူအောင်းက တောင်းပန်သောလေသံဖြင့် ပြောလိုက်၏။

“ထောင်ထျန်း... မင်းက ငါ စစ်ထူအောင်းရဲ့ ရင်ထဲမှာ ကောင်းကင်ကျောက်တုံး သန်းတစ်သန်း တန်တယ်ဆိုပေမယ့် စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ။ မင်း နားလည်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ စစ်ထူဟုန် သွားပြီး စစ်ဆေးလိုက်”

စစ်ထူအောင်းကဲ့သို့ အဆင့်အတန်းမြင့်သူတစ်ယောက်ကပင် ထိုမျှ စကားပလ္လင်ခံနေသည်ကို ကြည့်လျှင် သူက ဟွမ်ဖူထောင်ထျန်းကို မည်မျှ အထင်ကြီးကြောင်း ထင်ရှားပေသည်။ ဟွမ်ဖူထောင်ထျန်းက မည်သို့မှ မပြောဘဲ စစ်ထူဟုန် လျှောက်လာမည်ကို စောင့်နေလေသည်။ ထို့နောက်တွင် သူသည် သူ့ရှေးဟောင်းနတ်ဘုရားလက်စွပ်ပေါ်ရှိ ဝိညာဉ်အမှတ်အသားကို ဖြတ်လိုက်ပြီး စစ်ထူဟုန်ကို လှမ်းပေးလိုက်၏။

စစ်ထူဟုန်က ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ လက်စွပ်ကို အကြိမ်အနည်းငယ် လေ့လာလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

“သခင်လေးဟွမ်ဖူရဲ့ လေလံဆွဲမှုက စည်းမျဉ်းတွေနဲ့ ကိုက်ညီပါတယ်။ သူ ဆက်ပြီး လေလံဆွဲနိုင်ပါတယ်”

ဟွမ်ဖူထောင်ထျန်းက ချက်ချင်း အော်ပြောလိုက်သည်။

“သန်းတစ်သိန်းနှစ်‌သောင်း၊ လဲ့စစ်ဟန် ဆက်ဆွဲပါ”

“ဝိုး...”

လူအုပ်တစ်ခုလုံး ထပ်မံ ဆူညံသွား၏။ ထိုကဲ့သို့သော အဖြစ်မျိုးသည် ရာစုနှစ်တစ်ခုလျှင် တစ်ခါပင် ဖြစ်ခဲ၏။ ယင်းက အမှန်ပင် ငွေကို ရေလို သုံးခြင်းဖြစ်သည်။ ၎င်းသည် တစ်ဇွတ်ထိုးဆန်မှု၏ အဓိပ္ပာယ်ပင်။ လူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်သွားကြပြီး အသက်ရှူရပ်သွားသကဲ့သို့ပင် ခံစားလိုက်ကြရသည်။

လီစစ်ဟန် တိတ်ဆိတ်သွား၏။ သူမ ဆက်လေလံမဆွဲဝံ့တော့ခြင်းလော သို့မဟုတ် အတားခံရလိုက်ရခြင်းလောကို မသိရပေ။ ခန်းမတစ်ခုလုံးသည် တဖြည်းဖြည်း ပြန်တိတ်ဆိတ်သွား၏။ လူအားလုံးသည် နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြလေသည်။

“ဒီလူတွေက သောက်ရမ်းချမ်းသာလွန်းတယ်။ ကျုပ်သာ ဒီဘဝမှာသာ ငွေကို အဲ့လိုဖြုန်းပစ်နိုင်ရင် သေပျော်ပါပြီ”

ချမ်ဝမ်ကွမ်းသည် တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်၏။ ခေတ္တကြာပြီးနောက် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားဟန်ဖြင့် မေးလိုက်၏။

“အာ... ခေါင်းဆောင်၊ ဘာလို့ မင်းသမီးချမ်ချမ်က လေလံဝင်မဆွဲတာလဲ။ သူသာ လေလံဆွဲရင် ဒီကလူအကုန်လုံးကို နိုင်မှာပဲ။ အဆုံးမဲ့ပင့်လယ်နက်မှာ မရေမတွက်နိုင်တဲ့ ကောင်းကင်ကျောက်တုံးတွေနဲ့ အဆုံးမဲ့ အရင်းအမြစ်ရှိတယ်”

“အရူးပဲ...”

ကျန်းရီက ချမ်ဝမ်ကွမ်း၏ နဖူးကို ရိုက်၍ ဆူလိုက်၏။

“ချမ်ချမ်က တော်ဝင်မိစ္ဆာမျိုးနွယ်ကပဲ... နှစ်တစ်ထောင်လောက်ကတော့ အသာလေး နေနိုင်တယ်။ သူက အသက်ပုလဲကို လိုမှာတဲ့လား။ ပြီးတော့ မိစ္ဆာမျိုးနွယ်ရဲ့ ပြောင်းထားတဲ့ပုံစံက မအိုတတ်ဘူး။ အသက်ထောင်နဲ့ချီ ရှိနေတဲ့ မိစ္ဆာဧကရီကို ကြည့်ပါလား.. သူက အခုထိ ပြိုင်ဘက်ကင်းအောင် လှပနေတုန်းပဲ မလား”

“အို့... ဟုတ်သားပဲ”

ချမ်ဝမ်ကွမ်းက နှာခေါင်းပွတ်လိုက်၏။ မိစ္ဆာမျိုးနွယ်သည် ပုံစံပြောင်းနိုင်သော်လည်း သူတို့၏မူလခန္ဓာကိုယ်မှာ မိစ္ဆာပုံစံပင်ဖြစ်သည်။ သူတို့သည် သူတို့၏ပုံစံကို စိတ်ကြိုက် အမျိုးမျိုးပြောင်းနိုင်၏။ ထို့ပြင် သူတို့၏ ပုံစံက မည်သည့်အခါမှ အိုမည် မဟုတ်ပေ။

“သန်းတစ်သိန်းနှစ်သောင်း... ‌ဈေးပိုပေးမယ့်သူ ရှိပါသေးသလား။ တကယ်လို့ မရှိတော့ဘူးဆိုရင်... ဒီအသက်ပုလဲကို အစ်ကိုကြီးထောင်ထျန်း ရသွားပါတော့မယ်”

စစ်ထူရီနျန်၏အသံ ပဲ့တင်ထပ်သွားသောအခါ ခန်းမတစ်ခုလုံး ပို၍ပင် တိတ်ဆိတ်သွား၏။ ဟွမ်ဖူထောင်ထျန်းကလည်း အတန်ငယ် စိတ်လှုပ်ရှားလာသဖြင့် အင်္ကျီလက်ထဲတွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ ထိုဈေးက သူ၏အကန့်အသတ်ဖြစ်ကြောင်း ထင်ရှားပေသည်။

“ဟဲဟဲ...”

လဲ့မျိုးနွယ်၏အခန်းမှနေ၍ လူငယ်တစ်ယောက်၏ ရယ်သံ ပဲ့တင်ထပ်လာ၏။ ထိုအသံက လဲ့စစ်ဟန်၏ အသံမဟုတ်ဘဲ လဲ့မျိုးနွယ်၏ နံပါတ်(၁)သခင်လေး လဲ့ချီရန်၏အသံ ဖြစ်၏။ သူက ရယ်ကာ ပြောလိုက်၏။

“အစ်ကိုထောင်ထျန်း... မကြာသေးခင်တုန်းက အစ်ကို ရှန်းစီပင်လယ်မှာ ကောင်းကင်ကျောက်တုံးတွေ အများကြီး ရခဲ့တယ်လို့ ကျွန်တော် ကြားတယ်။ ကျွန်တော်က အစ်ကို့လောက် မတော်ပါဘူး... ဒါပေမဲ့ ကျွန်တော်လည်း မကြာသေးခင်တုန်းက စီးပွားရေးအသေးလေးတစ်ခု စလုပ်ခဲ့လို့ ကောင်းကင်ကျောက်တုံးနည်းနည်း မြတ်ခဲ့ပါတယ်။ ပြောချင်တာက ဒီလိုပါ... ကျွန်‌တော့်ရဲ့ ညီမလေးက အဲ့အသက်ပုလဲကို တကယ်လိုချင်နေပါတယ်။ ဒီတစ်ကြိမ် ကျွန်တော် သူ့ကို ကူညီပြီး လေလံဆွဲပေးမလို့ပါ။ တကယ်လို့ အစ်ကိုထောင်ထျန်း ဈေးကို ထပ်တိုးနိုင်ဦးမယ်ဆိုရင် ကျွန်တော်တို့ လဲ့မျိုးနွယ်က အသက်ပုလဲကို လက်လျှော့လိုက်ပါမယ်။ သန်းနှစ်သိန်း”

သန်းနှစ်သိန်း...

သွေးဧကရာဇ်စစ်ရထားလုံးကို သန်းတစ်သိန်းဖြင့် ရောင်းနိုင်ခဲ့၏။ ထိုစစ်ရထားလုံးက အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခုခံစွမ်းရည် ရှိရုံသာမက အတိတ်မှ သွေးဧကရာဇ်၏ ရထားလုံးလည်း ဖြစ်ပေသည်။ ဤအသက်ပုလဲက ဆန်းကြယ်သော်လည်း ထာဝရနုပျိုစေရုံမှလွဲ၍ အခြား အသုံးဝင်မှု မရှိချေ။ ယခုတွင်မူ ထိုပုလဲလေးက စစ်ရထားလုံးနှစ်စီးပင် ဝယ်နိုင်ပေပြီ။

သို့သော် သွေးဧကရာဇ်စစ်ရထားလုံး၏ ဈေးက လေလံဆွဲသူများ အရာအားလုံးကိုရင်းကာ မစွန့်စားသည့် အခြေအနေအောက်မှ ဈေးဖြစ်သည်။ မဟုတ်လျှင် မျိုးနွယ်(၁၃)ခု၏ ကြွယ်ဝမှုအရ သူတို့သာ အလိုရှိလျှင် သန်းသိန်းနှင့်ချီ၍ အလွယ်တကူ ပေးနိုင်ပေသည်။

ယခုလေလံဆွဲမှုကမူ လေလံဆွဲမှု မဟုတ်တော့ပေ။ လဲ့မျိုးနွယ်နှင့် ဟွမ်ဖူထောင်ထျန်းတို့က သူတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်မှု ဖြစ်နေပေပြီ။

ဟွမ်ဖူထောင်ထျန်း၏ ခန္ဓာကိုယ်တုန်ခါသွားပြီး မျက်နှာထားလည်း ပျက်သွားပေသည်။ သူသည် လဲ့မျိုးနွယ်၏ အခန်းကို မကြည့်ဘဲ ခေါင်းငုံ့လိုက်၏။ ဓားတစ်ချောင်ကဲ့သို့ ဖြောင့်စင်းခဲ့သည့် သူ၏နောက်ကျောပြင်သည် ရုတ်တရက် ကိုင်းသွားလေ၏။ သူ စိတ်ဓာတ်ကျသွားကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်က ညှိုးငယ်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ထို့ကြောင့် မိန်းမပျိုလေးများစွာ အသည်းကွဲသွားရလေသည်။

စစ်ထူရီနျန်၏ မျက်လုံးများလည်း နက်မှောင်သွား၏။ အစောက စစ်ထူဟုန်သည် ဟွမ်ဖူ‌ထောင်ထျန်းထံတွင် ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းသုံးသောင်းသာ ရှိကြောင်း သူမထံ အသံပို့လွှတ်၍ ပြောပြခဲ့သည်။ သူ့တွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်နှင့် အခြားရတနာများရှိသော်လည်း စည်းမျဉ်းများအရ ၎င်းတို့ကို လေလံပွဲတွင် သုံး၍ မရပေ။ တစ်စုံတစ်ယောက်ကသာ သူ့ကို ကောင်းကင်ကျောက်တုံးများ မချေးပေးလျှင် သူ နောက်ထပ် လေလံဆွဲနိုင်တော့မည် မဟုတ်‌ချေ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေ၏။ လူအားလုံးသည် သက်ပြင်းချကာ ကုန်းနေသော နောက်ကျောပြင်ကို ကြည့်နေကြ၏။ အပေါ်ထပ်တွင် ဟွမ်ဖူချီ ရှိနေသဖြင့် မည်သူမှ သူ့ကို ကောင်းကင်ကျောက်တုံး ချေးမပေးဝံ့ကြပေ။ မည်သူက ကိုယ့်ပြဿနာကိုယ်ရှာရလောက်အောင် ရူးမိုက်မည်နည်း။

ထို့ပြင် ဟွမ်ဖူထောင်ထျန်းကို ကူညီသူက လဲ့မျိုးနွယ်ကို လုံးဝအပြစ်ပြုမိသလို ဖြစ်သွားမည်ဖြစ်သည်။

တိတိကျကျဆိုရလျှင် ရှန်းစီမြို့၏ မျိုးနွယ်ကြီးလေးခုက အခြေတူသော်လည်း အခန်းများ၏ အစီအစဉ်ကို ကြည့်ပါက လဲ့မျိုးနွယ်က ရှန်းစီမြို့၏ နံပါတ်(၁) မျိုးနွယ်ဖြ်စကြောင်း ထင်ရှားပေသည်။ သူတို့သည် အခန်းနံပါတ်(၁)တွင် ထိုင်နေကြသည် မဟုတ်ပါလား။ အခမ်းအနားကျင်းပစဉ်ကလည်း ရှေ့ထွက်ပြောခဲ့သူမှာ လဲ့ထင်ဝေဖြစ်သည်။ သခင်မလေးချမ်ချမ် ရောက်လာသောအခါတွင်လည်း လဲ့ထင်ဝေကပင် မျိုးနွယ်(၁၃)ခုကို ကိုယ်စားပြု၍ သူမကို ကြိုဆိုခဲ့သည်။

လဲ့မျိုးနွယ်၏ အကြီးအကဲအိုကြီးကလည်း ရှန်းစီမျိုးနွယ်စုတွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။ လဲ့မျိုးနွယ်၏ ထိုအကြီးအကဲအိုကြီး အသက်ရှင်နေသ၍ လဲ့မျိုးနွယ်က ရှန်းစီမျိုးနွယ်စု၏ နံပါတ်(၁)မျိုးနွယ် ဖြစ်နေဦးမည်ဖြစ်သည်။

အချိန်ကုန်လာသည်နှင့်အမျှ ဟွမ်ဖူထောင်ထျန်း၏ ကျောက ပိုကိုင်းလာ၏။ သူ၏အရှိန်အဝါကလည်း ပိုဆိုးဝါးလာသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မျက်လုံး တင်းတင်းမှိတ်ထား၏။

ဟွမ်ဖူချီက ဟွမ်ဖူ‌ထောင်ထျန်းကို သင်ခန်းစာပေးလို၍ မကူညီရန် ဆုံးဖြတ်ထားသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေ၏။ စစ်ထူရီနျန်က သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“သန်းနှစ်သိန်း... ဈေးပိုပေးမယ့်သူ ရှိပါသေးသလား။ မရှိတော့ဘူးဆိုရင် ဒီအသက်ပုလဲကို အစ်ကိုကြီးချီရန် ရသွားတော့မှာပါ”

“သုံး...”

“နှစ်...”

ဟွမ်ဖူထောင်ထျန်း၏ ခန္ဓာကိုယ် စတင် တုန်ရင်လာသည်။ သူသည် ခေါင်းမော့၍ အသက်ပုလဲကို အလေးအနက် ကြည့်လိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာ မျက်နှာသေဖြင့် အပြင်သို့ လျှောက်သွားလေသည်။ သူ၏မျက်နှာသေပေါ်တွင် တိတ်ဆိတ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်နေပေသည်။

“နေဦး”

ရုတ်တရက် အသံတစ်သံ ပဲ့တင်ထပ်လာ၏။

“တစ်ဆိတ်လောက်... ကျွန်တော် သခင်လေးဟွမ်ဖူကို သန်းရှစ်သောင်း ချေးပေးလို့ရမလားခင်ဗျာ”

ဝုန်း...

ကောင်းကင်သို့ ပျံတက်သွားသော ဓားတစ်ချောင်းကဲ့သို့ ဟွမ်ဖူထောင်ထျန်း၏ နောက်ကျောက ရုတ်တရက် ဖြောင့်တန်းသွားလေသည်။ သူ၏မျက်လုံးများက နေလုံးကဲ့သို့ အရောင်တလက်လက်တောက်လာပြီး အသံထွက်ပေါ်လာရာ အခန်းကို ကြည့်လိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော မျက်လုံးများက အသံထွက်ပေါ်လာရာအခန်းသို့ ကြည့်လိုက်ကြ၏။ လူအားလုံး ထပ်မံ အံ့အားသင့်သွားကြသည်။

ထိုအခန်းမှာ နံပါတ်(၅၅၅)ပင် ထပ်ဖြစ်နေပေသည်။

***

All Chapters