အရူး
Vol. 56 Ch. 776
“ခေါင်းဆောင်... ခေါင်းဆောင် ရူးသွားပြီလား”
ချမ်ဝမ်ကွမ်းတစ်ယောက် မျက်လုံးပြူးသွားပြီး စိုးရိမ်တကြီး အသံပို့လွှတ်လိုက်၏။ သူသည် ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်းကြောင့် ပြောနေခြင်းမဟုတ်ပေ။ ဤအခြေအနေက ပြင်းထန်လွန်းနေ၍ပင်။
မျိုးနွယ်ကြီးများအားလုံးတွင် ဟွမ်ဖူထောင်ထျန်းနှင့် ရင်းနှီးသော သခင်လေးများ၊ သခင်မလေးများ များစွာ ရှိပေသည်။ သို့သော် အဘယ်ကြောင့် သူတို့ကို သူ့ကို ကောင်းကင်ကျောက်တုံးများ မချေးငှားပေးသနည်း။
စစ်ထူအောင်း ပြောခဲ့သလိုပင်... ဟွမ်ဖူထောင်ထျန်းက ကောင်းကင်ကျောက်တုံး သန်းတစ်သန်းတန်၏။ သို့သော် အဘယ်ကြောင့် သူသည် ယခုကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မည်သူမှ သူ့ကို ကူညီနိုင်မည့် အခွင့်အရေးကို မယူလိုကြခြင်းလော။ သူတို့သာ ကူညီလိုက်လျှင် သူနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သွားမည် မဟုတ်လော။ အဘယ်ကြောင့် ထိုအခွင့်အရေးကို မယူကြသနည်း။
လဲ့ချီရန်က အမှန်ပင် သူ၏ညီမအတွက် သန်းနှစ်သိန်းသုံး၍ အသက်ပုလဲကို ဝယ်ယူလိုခြင်း ဟုတ်ပါသလော။ သူသည် အမှန်ပင် စီးပွားရေးအသေးလေးမှ သန်းနှစ်သိန်း အမြတ်ရခဲ့ခြင်း ဟုတ်ပါမည်လော။ ယင်းမှာ လဲ့မျိုးနွယ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် လဲ့ထင်ဝေက နောက်ကွယ်မှနေ၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် လဲ့မျိုးနွယ်၏ဂုဏ်သိက္ခာအတွက် ဟွမ်ဖူထောင်ထျန်းအပေါ် လက်စားချေလိုနေခြင်းပင်။
ဟွမ်ဖူထောင်ထျန်းကို ကောင်းကင်ကျောက်တုံး ချေးငှားပေးဝံ့သူက လဲ့မျိုးနွယ်၏မျက်နှာကို လူကြားထဲတွင် ရိုက်လိုက်သကဲ့သို့ဖြစ်၍ လဲ့မျိုးနွယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အကယ်၍ ဤနေ့ ဤနေရာတွင် လဲ့ထင်ဝေ ရှိမနေလျှင် ယခုကိစ္စကို လျစ်လျူရှုလိုက်နိုင်၏။ သို့သော် ဤနေရာတွင် လဲ့ထင်ဝေ ရှိနေပေသည်။ ကျန်းရီ၏ အပြုအမူက လဲ့မျိုးနွယ်ကို မလေးမစားလုပ်ကာ အရှက်ခွဲခြင်းပင်။ ရှန်းစီမျိုးနွယ်စု၏ နံပါတ်(၁)မျိုးနွယ်ကို စော်ကားသူက ဆက်၍ အသက်ရှင်နိုင်ပါဦးမည်လော။
ကျန်းရီက ထိုအရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သည်။ အစက သူ ဘာမှ မပြောခဲ့ခြင်းမှာ ထိုအရာများကို စိုးရိမ်၍ဖြစ်သည်။
သို့သော် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းတစ်ယောက် ထရပ်၍ လျှောက်ထွက်သွားစဉ်က မျက်နှာထားကို မြင်လိုက်သောအခါ သူ၏ ခါးသက်သက်အတွေ့အကြုံကို ပြန်အမှတ်ရသွားခဲ့၏။ ယခင်က သူ ရှန်ဝူနိုင်ငံတော်ကို သစ္စာဖောက်ခဲ့ပြီး အင်အားကြီး ဂိုဏ်းခြောက်ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ရစဉ်က သူသည်လည်း ကူကယ်ရာမဲ့ကာ တစ်ကိုယ်တည်းဖြစ်ခဲ့သည်။ ကျန်းပိုင်လီက ယခု ဟွမ်ဖူချီကဲ့သို့ ဘေးမှနေ၍သာ ကြည့်နေခဲ့သည်။ ထိုအတွေ့အကြုံများကြောင့် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းကို ကိုယ်ချင်းစာ၏။
ဟွမ်ဖူထောင်ထျန်းက အဘယ်ကြောင့် အသက်ပုလဲကို လိုအပ်ကြောင်း ကျန်းရီ မသိပေ။ သို့သော် ဟွမ်ဖူထောင်ထျန်း၏ အကျင့်စရိုက်ကို သူ ကြိုက်၏။ ဟွမ်ဖူထောင်ထျန်း၏ ခေါင်းမာသော အကျင့်စရိုက်က သူနှင့် တူသည်။ အကျင့်စရိုက်တူသူများသည် တစ်ယောက်ကိုတစ်ယောက် ကိုယ်ချင်းစာနိုင်ပေသည်။
ယနေ့တွင် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းကို ကူညီလိုက်သဖြင့် လဲ့မျိုးနွယ်ကို အပြစ်ပြုမိခဲ့နိုင်၏။ အနာဂတ်တွင် လဲ့မျိုးနွယ်က သူ့ကို သတ်ဖို့ ကြံမည်၊ မကြံမည်ကို သူမသိပေ။ သို့သော် သူ ယနေ့ မကူညီလိုက်လျှင် ဘဝတစ်လျှောက်လုံး နောင်တရနေမည်ကိုတော့ သူသိပေသည်။
လူငယ်တစ်ယောက်က စွန့်စားမှုမပြုလျှင် သင်္ချိုင်းကုန်း ခြေတစ်ဘက်လှမ်းနေသည့် အဘိုးအိုတစ်ယောက်နှင့် မည်သို့ကွာတော့မည်နည်း။
ကျန်းယွီဟိုင်က ကိစ္စတိုင်းတွင် မိမိ၏နှလုံးသားနောက်သို့ လိုက်ရန် ပြောခဲ့သည်။ လူတစ်ယောက်သည် ဘဝတွင် အမှားများ လုပ်မိနိုင်၏။ သို့သော် ထိုသို့ အမှားများလုပ်နိုင်ရန်လည်း သတ္တိရှိရပေမည်။ ထို့ကြောင်... သူ ပြောလိုက်ခြင်းပင်။
လူအုပ်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။ အပ်ကျသံကိုပင် ကြားနိုင်လောက်ပေသည်။
ခေတ္တမျှကြာပြီးနောက် စစ်ထူရီနျန်က စစ်ထူအောင်းရှိနေသည့် အခန်းကို ကြည့်လိုက်၏။ သူမသည် အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိလိုက်ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်၏။
“ချေးပေးလို့ ရပါတယ်။ လေလံပွဲရဲ့ စည်းမျဉ်းတွေအရ ဧည်သည့်တော်ဆီမှာ ကောင်းကင်ကျောက်တုံး လုံလုံလောက်လောက်ရှိသ၍ လေလံဆွဲနိုင်ပါတယ်။ အခန်းနံပါတ်(၅၅၅)က ဧည့်သည်တော်ကို ကျွန်မ တစ်ခုမေးချင်ပါတယ်... ဧည့်သည်တော် သခင်လေးဟွမ်ဖူကို ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်း ချေးပေးချင်တာ သေချာပါသလား”
“သေချာပါတယ်”
ကျန်းရီက ဖန်လုံးကို ပုတ်၍ ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ခေတ္တမျှနေပြီးနောက် သူ ထပ်ပြောလိုက်၏။
“အစောတုန်းက ကျွန်တော့်ရဲ့ ပန်းချီကား သုံးချပ်က သန်းတစ်သိန်းနှစ်သောင်းနဲ့ ရောင်းထွက်သွားပါတယ်။ လေလံပစ်ပေးခကို နှုတ်လိုက်ရင် ကျွန်တော့်မှာ သန်းတစ်သိန်းရှစ်ထောင် ကျန်ပါသေးတယ်။ ကျွန်တော် အစောက ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေအတွက် သန်းနှစ်သောင်း သုံးလိုက်ပါတယ်၊ အဲ့တော့ ကျွန်တော့်မှာ သန်းရှစ်သောင်းရှစ်ထောင် ကျန်သေးတယ်မလား။ အဲ့ထဲကနေ သန်းရှစ်သောင်းနှုတ်ပြီး သခင်လေးဟွမ်ဖူဆီကို တိုက်ရိုက်လွှဲပေးလိုက်ပါ။ ပြီးတော့.. သခင်လေးဟွမ်ဖူ... အရင်က ကျွန်တော် သခင်လေးအပေါ် တင်နေတဲ့ ကျေးဇူးကြွေးကို ကျေပြီလို့ သတ်မှတ်လိုက်တာပေါ့။ နောက်ကျရင် ကျွန်တော့်ကို ကောင်းကင်ကျောက်တုံးတွေ ပြန်ဆပ်ဖို့ မမေ့ပါနဲ့”
“ဝိုး...”
ကျန်းရီက ခန်းမတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေမည့် စကားကို ပြောခဲ့၏။ အခန်းနံပါတ်(၅၅၅)က ယနေ့တွင် ပစ္စည်းနှစ်ခုကို လေလံပြိုင်ဆွဲခဲ့သဖြင့် အားလုံးသည် ထိုအခန်းကို အာရုံစိုက်နေခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် ထိုအခန်းမှသူက နန်ကုန်းမျိုးနွယ်မှ သခင်မလေးကို လက်ဆောင်ပေးရန်အတွက် ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများကို သန်းနှစ်သောင်းဖြင့် ဝယ်ယူခဲ့သည့်အဖြစ်က အားလုံး၏ စိတ်ထဲတွင် စွဲထင်နေပေသည်။
သူတို့သည် ထိုဧည့်သည်တော်က ကောင်းကင်ပန်းချီကားများကို ရေးဆွဲသူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။ ထို့ပြင် သူသည် ဟွမ်ဖူထောင်ထျန်းကိုပင် သန်းရှစ်သောင်း ချေးပေးဝံ့လေသည်။ သန်းရှစ်သောင်း ချေးပေးခြင်းမဆိုထားနှင့် လဲ့မျိုးနွယ်ကို ဆန့်ကျင်ဝံ့ခြင်းကပင် မည်သူမှ မလုပ်နိုင်သောအရာ ဖြစ်နေပေပြီ။ အနည်းဆုံးတော့ အခြားမျိုးနွယ်များမှ သခင်လေးများက ကောင်းကင်ကျောက်တုံးများ မချေးပေးဝံ့ကြပေ။
“သခင်လေး... လုပ်တာကောင်းတယ်”
ဖုန်းလန်က တောက်ပသောမျက်လုံးများဖြင့် လက်မထောင်လိုက်၏။ သူမက အရင်ဆုံး တုံ့ပြန်လိုက်သူဖြစ်ပြီး ကျန်းရီ၏ အပြုအမူများနောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပေသည်။
ကျန်းရီက အခွင့်အရေးကိုအသုံးချ၍ သူမည်သူဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းပင်။ ထို့ကြောင့် နောက်ဆိုလျှင် လုမျိုးနွယ်ပင် မဆင်မခြင် လုပ်ဝံ့တော့မည် မဟုတ်ချေ။ အနုပညာဧကရာဇ်တစ်ပါးမှာ မျိုးနွယ်အားလုံးက အပြိုင်အဆိုင် သိမ်းသွင်းလိုနေသူတစ်ယောက် မဟုတ်ပါလော။ ထိုဂုဏ်အဆင့်အတန်းဖြင့်ဆိုလျှင် ဤမြို့ရှိ မည်သူက သူ့အပေါ် မဆင်မခြင် ပြုမူဝံ့ပါမည်နည်း။ ရှန်းစီမြို့တွင် စည်းမျဉ်းများ မရှိသလော။
ကျန်းရီ၏ နောက်ဆုံးစကားကလည်း လဲ့မျိုးနွယ်ကို ဤအရှက်ရစရာအဖြစ်မှ ဂယ်ပေါက်တစ်ခု ပေးလိုက်ပေသည်။ သူ၏စကားအရ သူက လဲ့မျိုးနွယ်ကို အရှက်ခွဲလိုခြင်းမဟုတ်ဘဲ ဟွမ်ဖူထောင်ထျန်းပေါ်တွင် ကျေးဇူးကြွေးတင်နေ၍ဖြစ်ကြောင်း သိနိုင်ပေသည်။
ကျန်းရီက ဟွမ်ဖူထောင်ထျန်းအပေါ် မည်သည့်ကျေးဇူးကြွေးတင်နေခြင်းနည်း။ ယင်းက အရေးမပါပေ။ လဲ့မျိုးနွယ်က သူတို့ မျက်နှာမပျက်ရသ၍ ကျန်းရီကဲ့သို့ အနုပညာဧကရာဇ်ဖြစ်လာနိုင်သူတစ်ဦးနှင့် ပဋိပက္ခအဖြစ်ခံမည် မဟုတ်ပေ။
‘ဝမ်းနည်းမှု’၊ ‘လွမ်းဆွတ်မှု’နှင့် ‘ပြင်းပြမှု’ဟူသော ပန်းချီကားသုံးချပ်က အနုပညာဧကရာဇ်၏ လက်ရာများ မဟုတ်သော်လည်း သန်းတစ်သိန်းကျော်ဖြင့် လေလံပစ်နိုင်ခဲ့သည်။ ကျန်းရီက သူ့ကိုယ်သူ သက်သေပြခဲ့ပြီးဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ အနုပညာဧကရာဇ်များ၏ ပန်းချီကားများပင် ထိုလောက်သာ အဖိုးတန်နိုင်ပေသည်။
“ကောင်းပြီ”
ဟွမ်ဖူထောင်ထျန်းက အော်ပြောလိုက်ပြီး လက်ဆုပ်၍ အခန်းနံပါတ်(၅၅၅)ကို အလေးအနက် ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် ချက်ချင်း နောက်ပြန်လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော် သန်းနှစ်သိန်းတစ်ထောင်ပေးမယ်”
ခန်းမတစ်ခုလုံး ထပ်မံတိတ်ဆိတ်သွား၏။ သူတို့သည် လဲ့မျိုးနွယ်၏ အခန်းကို ကြည့်၍ လဲ့ချီရန်တစ်ယောက် ဆက်၍ လေလံဆွဲဦးမည်လောဟု တွေးနေကြလေသည်။
လဲ့ချီရန်က အားလုံးကို စိတ်မပျက်စေခဲ့ပေ။ မျိုးနွယ်ကြီးများ၏ မျိုးဆက်များထံမှ စကားများက လေးနက်၏။ သူသည် ပြောပြီးသားစကားကို ပြန်ပြင်မည် မဟုတ်ပေ။ သူ ရယ်ကာ ပြောလိုက်၏။
“အစ်ကိုထောင်ထျန်းကို ကျေဇူးကြွေးတင်နေတဲ့သူ တစ်ယောက်က ကူညီပေးနေမှတော့ ကျွန်တော်လည်း ရိုင်းပြလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီအသက်ပုလဲကို အစ်ကိုထောင်ထျန်း ပိုင်သွားပါပြီ”
စစ်ထူရီနျန်က ပွင့်ခါစပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်၏။ ထိုအပြုံးက အလွန်လှပပေသည်။ သူမသည် လဲ့မျိုးနွယ်၏ အခန်းကို အလေးအနက် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
“အစ်ကိုကြီးချီရန်က စကားတည်ပြီး ပင်လယ်ကြီးလို စိတ်သဘောထားကြီးပါတယ်။ ကျွန်မ လေးစားမိပါတယ်။ လေလံဆွဲချင်တဲ့သူ ရှိပါသေးသလား။ သုံး၊နှစ်၊တစ်... ကောင်းပါပြီ။ ဒီအသက်ပုလဲကို အစ်ကိုကြီးထောင်ထျန်းပိုင်သွားပါပြီ။ ဒီလေလံပွဲလည်း ဒီမှာပဲ အောင်အောင်မြင်မြင် အဆုံးသတ်သွားပါပြီ”
ဝှစ်...
စစ်ထူရီနျန်၏စကား မဆုံးသေးခင်မှာပင် ဟွမ်ဖူထောင်ထျန်းက စင်မြင့်ပေါ်သို့ လျင်မြန်စွာ တက်သွားလိုက်၏။ သူသည် စစ်ထူရီနျန်ကို ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်း ပစ်ပေးလိုက်ပြီး အခြွေအရံမိန်းမပျိုထံမှ ကျောက်စိမ်းသေတ္တာကို ယူကာ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူသည် အစိမ်းနုရောင်အလင်း တောက်ပနေသော ပုလဲလုံးကို တွေ့လိုက်သောအခါ မျက်ရည်များ စီးကျလာလေသည်။
ရွှီ...
ဟွမ်ဖူထောင်ထျန်း၏ အခြားလက်တစ်ဘက်မှ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာပြီး ထွင်းဖောက်မြင်နိုင်သည့် ကြီးမားသော အဖိုးတန်ကျောက်အခေါင်းတစ်ခု စင်မြင့်ထက်တွင် ထွက်ပေါ်လာသည်။ ထိုအခေါင်းက အလွန်ဆန်းကြယ်ပြီး သလင်းကျောက်များနှင့် ပြုလုပ်ထားသကဲ့သို့ လုံးဝထွင်းဖောက်မြင်နိုင်ပေသည်။ ၎င်းသည် သင်္ကေတပုံသဏ္ဌာန်များ ခပ်ရေးရေး တောက်ပနေ၏။ ထိုအခေါင်းက ရှားပါးရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။
သလင်းကျောက်အခေါင်းကို ပိတ်ထား၏။ အခေါင်းထဲတွင် အမျိုးသမီးအလောင်းတစ်ခု လဲလျောင်းနေပေသည်။ ထိုအလောင်းသည် ကျော့ရှင်းလှပကာ ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးပင်။ သူမ၏ရုပ်ရည်က အလွန်လှပသည်ဟု မဆိုနိုင်သော်လည်း သူမထံတွင် မိသားစုအသေးလေးတစ်ခုမှ လှပသောသမီးပျိုတစ်ယောက်၏ အရှိန်အဝါ ရှိနေပေသည်။ အဘယ်ကြောင့် သူမသည် အလောင်းဖြစ်နေရသနည်း။ သူမ၏ အသားအရည်က ဖြူဖျော့နေပြီး သွေးရောင်တစ်စက်ပင် မရှိချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမ သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။
“...”
စစ်ထူရီနျန်အပါအဝင် ခန်းမတစ်ခုလုံး မှင်တက်နေကြ၏။ သူမသည် သလင်းကျောက်အခေါင်းထဲမှ မိန်းမပျိုအလောင်းကို မြင်သောအခါ မကြည့်နိုင်တော့ဘဲ မျက်နှာလွှဲလိုက်လေသည်။
“ဟွမ်ဖူထောင်ထျန်းက သိန်းနှစ်သိန်းသုံးပြီး အသက်ပုလဲဝယ်ခဲ့တာ မိန်းမအလောင်းတစ်ခုအတွက် သုံးဖို့လား။ အဲ့အလောင်း မပုပ်သိုးသွားအောင်လို့လား”
ကျန်းရီနှင့် ဖုန်းလန်တို့ ကြက်သီးထသွားပြီး မှင်တက်သွားကြသည်။
ယခင်က ချမ်ဝမ်ကွမ်းသည် ဟွမ်ဖူထောင်ထျန်းက မိန်းမတစ်ယောက်အတွက် သူ့အဖေနှင့် ပဋိပက္ခဖြစ်ခဲ့ခြင်းဖြစ်သည်ဟူသော ကောလာဟလများကို ကြားခဲ့၏။ နောက်ဆုံးတွင် ဟွမ်ဖူထောင်ထျန်းသည် ဟွမ်ဖူမျိုးနွယ်မှ လူတစ်ဒါဇင်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပြီး ရှန်းစီမြို့အပြင်သို့ ထွက်သွားခဲ့သည်။ ထို့နောက် သူသည် ရှန်းစီပင်လယ်တွင် တစ်ကိုယ်တော်ဓားပြတစ်ယောက် ဖြစ်လာခဲ့ပြီး ကုန်သည်အဖွဲ့အစည်းကြီးများ၏ ကောင်းကင်ကံကြမ္မာသင်္ဘောများကို တားကာ ဓားပြတိုက်ခဲ့သည်။ သူ စုဆောင်းခဲ့သော ကောင်းကင်ကျောက်တုံးများမှာ ထိုအမျိုးသမီးအလောင်း မပုပ်သိုးသွားစေဖို့ အသက်ပုလဲဝယ်ရန်အတွက်လော။
အရူး...
လူအားလုံး၏ စိတ်ထဲတွင် တူညီသော စကားလုံးတစ်လုံး ထွက်ပေါ်လာ၏။ စင်မြင့်ထက်ရှိ ဟွမ်ဖူထောင်ထျန်းက အကြည့်အားလုံးကို လျစ်လျူရှု၍ သလင်းကျောက်အခေါင်းထဲရှိ မိန်းမပျိုကို ချစ်ခင်ကြင်နာစွာကြည့်၍ သိမ်မွေ့စွာ ပြုံးလိုက်သည်။
ဟွမ်ဖူထောင်ထျန်းသည် လက်တစ်ဘက်တွင် အတွင်းအားစုစည်း၍ သလင်းကျောက်အခေါင်းကို ပုတ်လိုက်၏။ အခေါင်းဖုံးက ဘေးသို့ ရွေ့သွားလေသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဘက် ထောက်လိုက်ပြီး လက်တစ်ဘက်က အခေါင်းကိုကိုင်၍ ကျန်လက်တစ်ဘက်ဖြင့် မိန်းမပျိုအလောင်း၏ ပါးစပ်အတွင်းသို့ အသက်ပုလဲထည့်ပေးလိုက်လေသည်။
ဟွမ်ဖူထောင်ထျန်းသည် မျက်ရည်ကျမနေတော့ဘဲ ရွှင်ပြစွာ ပြုံးနေပြီဖြစ်သည်။ ရုတ်တရက် သူက အခေါင်းအတွင်းသို့ ကိုင်းလိုက်ပြီး မိန်းမပျိုအလောင်း၏ နဖူးကို နမ်းလိုက်လေသည်။ ထို့နောက် သူသည် မိန်းမပျိုအလောင်း၏မျက်နှာကို လက်တစ်ဘက်ဖြင့် သိမ်မွေ့စွာ ပွတ်သပ်လိုက်ပြီး ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်၏။
“လင်အာ... ကိုယ် အသက်ပုလဲ ဝယ်ခဲ့ပြီ။ လင်အာရဲ့ခန္ဓာကိုယ်က ဘယ်တော့မှ ပုပ်သိုးမှာ မဟုတ်တော့ပါဘူး။ ကိုယ် ဘဝတစ်လျှောက်လုံး ကြိုးစားကျင့်ကြံမယ်... ကိုယ် ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်ပြီး အဆင့်တက်သွားရင် လင်အာကို မသေမျိုးလောကဆီခေါ်သွားပြီး အသက်ပြန်သွင်းနိုင်တဲ့ဆေးကို သွားရှာမယ်။ ကိုယ့်ကို စောင့်နေပါ.. လင်အာ။ တကယ်လို့ ဒီဘဝမှာ ကိုယ် လင်အာကို အသက်ပြန်မသွင်းနိုင်ရင် ကိုယ် ဟွမ်ဖူထောင်ထျန်း လင်အာကိုရှာဖို့ တမလွန်လောကကို လာခဲ့မယ်”
ကျယ်လောင်ပြတ်သားသော စကားသံက ခန်းမတစ်ခွင်လုံးတွင် အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။
***