← Chapters

ကံကြွေးကို ဖျက်စီးခြင်း

Vol. 54 Ch. 750

ကံကြွေးကို ဖျက်စီးခြင်း

Vol. 54 Ch. 750

လူမဟုတ်သော မိစ္ဆာခန္ဓာကိုယ်များဖြင့် ပုံရိပ်ရာပေါင်းများစွာ ပြေးတက်လာကြသည်။ သူတို့၏အမြန်နှုန်းမှာ ကြောက်စရာကောင်းလောက်အောင်မြန်ပြီး ကျင့်ကြံခြင်းအခြေခံများကား အဆင့်တစ်ဆင့်လုံး တက်သွားခဲ့လေပြီ။

သူတို့အကြားတွင် မယုံနိုင်လောက်အောင် အစွမ်းထက်‌လာခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးဦး ရှိသည်။ သူတို့သည် ယခုတွင် စိတ်ဝိညာဥ်ခွဲထွက်ခြင်းနှင့် ဆင်တူ‌သော ကျင့်ကြံခြင်းအခြေခံများဖြင့် မီတာသုံးဆယ်အရပ်အမောင်းရှိကြလေ၏။

အသွင်ပြောင်းမှုပြီးနောက် အင်အားအနည်းဆုံးကျင့်ကြံသူများမှာ အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ကြကာ အင်အားအများဆုံးမှာတော့ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်ကြသည်။

ထိုကဲ့သို့ပြောင်းလဲမှုမျိုး လုပ်ပေးနိုင်သော စွမ်းအားမှာ မည်သည့်ဂိုဏ်းအတွက်မဆို၊ မည်သည့်မျိုးနွယ်စုအတွက်မဆို ထိပ်တန်းအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းသည် တိုက်ပွဲတစ်ပွဲအတွင်း မည်သူမှ အထင်မသေးရဲသည့် အရာမျိုးပင်။ အမှန်အတိုင်းဆိုရလျှင် ထိုကဲ့သို့စွမ်းအင်မျိုးမှာ တိုက်ပွဲ၏ အင်အားညီမျှမှုကို အလွယ်တကူ ပြောင်းလဲပေးနိုင်၏။

အထူးသဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးဦးပင်။ လောလောဆယ်တွင် တောင်ပိုင်းဒေသ၌ ကျန်ရစ်ခဲ့သော တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူများမှာ လူပုံအလယ် ထွက်မလာလိုကြ၍ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ခြေဆောင့်နင်းလိုက်လျှင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားရမည်ဖြစ်သည်။

မန်ဟို၏မျက်လုံးများ အရောင်လဲ့သွားပြီး သူ့အနောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားသောင်းပေါင်းများစွာ၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ လှိုင်းလုံးကြီးသဖွယ် မြင့်တက်နေ၏။ သူတို့သည် ကလဲ့စား‌ချေဖို့အတွက် ဤနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့ကို ဝိုင်းအုံ တိုက်ခိုက်‌ခဲ့ကြသော လူများအနေဖြင့် အသေခံမလား၊ အညံ့မခံမလားသာ စဉ်းစားစရာရှိသည်။

မန်ဟို၏ မျက်နှာအမူအရာသည် ပြေးတက်လာသော လူရာပေါင်းများကို ကြည့်နေစဉ် ရေပြင်ပမာ တည်ငြိမ်လျက်ရှိ၏။ သူက သူတို့ကို ကိုယ်တိုင်တိုက်ခိုက်မည်မဟုတ်ပေ။ ထိုအစား အင်္ကျီလက်စကို ခါ၍ အေးတိအေးစက် ပြောသည်။ “သုတ်သင်ပစ်ကြ”

ချက်ချင်းပင် သူ့အနောက်မှ ကြွေးကြော်သံများက လေတွင် ပြည့်နှက်သွားတော့သည်။

“သေကြစမ်း” သွေးမိစ္ဆာဂိုဏ်းသားများက ကြုံးဝါးလိုက်ကြသည်။ ချက်ချင်းပင် သူတို့သည် နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ ထုတ်လွှတ်လိုက်ကြ၏။ မျက်စိတစ်မှိတ်အတွင်း ရောင်စုံလှိုင်းဂယက်များ ဖြာထွက်သွားသည်။ သူတို့၏မှော်သိုင်းများက ရေလှိုင်းများသဖွယ် လေကိုခွင်းကာ စီးဖြာသွားလေသည်။

မြူထုသည် တဝုန်းဝုန်း မြည်၍ ပြိုကွဲလာပြီး အထဲရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူလေးဦးမှအပ ကျင့်ကြံသူရာပေါင်းများစွာမှာ ချက်ချင်း သွေးသားအတုံးအတစ်များအဖြစ် စုတ်ပြတ်သပ်သွားတော့သည်။

ယင်းကား သောင်းပေါင်းများစွာသော ကျင့်ကြံသူများထံမှ စုပေါင်းစွမ်းအား၏ ရလဒ်ပင်။ ချင်း‌လော်ဂိုဏ်း၏ ထူးဆန်းသော သန္ဓေပြောင်းကျင့်ကြံသူများမှာ မည်သည့်ဂိုဏ်းမဆိုအတွက် ကျောရိုးနှင့် ညီမျှလောက်အောင် အင်အားကြီးမားသည့်တိုင် သူတို့၏တိုက်ကွက်တစ်ကွက်ကိုပင် တောင်ခံနိုင်စွမ်းမရှိပေ။

ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီး ယခုလေးတင် အနုသုခုမရုပ်ခန္ဓာအဆင့်မှ အဆင့်မြှင့်တက်ခံလိုက်ရသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ရန်သူကျင့်ကြံသူလေးဦး၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူတို့က သေရမည်ကို မကြောက်ကြသလို ၊ ရှောင်လည်း မရှောင်ကြပေ။ ထိုအစား ကမူးရှူးထိုး ရှေ့တက်လာပြီးနောက် ... ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်ကြ၏။

မီးတောက်များက သူတို့၏အရေပြားအပေါ်တွင် တောက်လောင်လာပြီး သူတို့ထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာသည်။ သူတို့ မိမိကိုယ်ကို ဖောက်ခွဲရန် ပြင်ဆင်နေကြသဖြင့် မရေမတွက်နိုင်သော အလင်းတန်းများ ဖြာထွက်လာသည်။

ဤစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူလေးဦး ဖောက်ခွဲလိုက်ကြစဉ် မန်ဟို၏မျက်နှာအမူအရာမှာ စိုးစဉ်းမျှ ပြောင်းလဲမှုမရှိပေ။ ဤအခိုက်အတန့်တွင် သူ၏ဒုတိယကိုယ်အစစ် ပေါ်လာခဲ့၏။ သူက ညာလက်ကို မြှောက်၍ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်ကာ ရှေ့သို့ တွန်းလိုက်သည်။

‌ဝုန်းခနဲ မိစ္ဆာလေးကောင် ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုအားက မြူများကို တဖွေးဖွေး လှုပ်၍ လေထုကို ပွင့်ထွက်သွားစေသော တိုက်ကွက်တစ်ကွက် အသွင်ပြောင်းသွား၏။ အထဲ၌ မယုံကြည်နိုင်ဖွယ် အဖျက်အစီးစွမ်းအားနှင့်အတူ သွေးသားအတုံးအတစ်များပါရှိသော ရောင်စုံမှိုတိမ်တိုက်ကြီးတစ်ခုကား ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ သို့ပင်ငြား မှိုတိမ်တိုက်၏စွမ်းအားမှာ မန်ဟို့ဒုတိယအစစ်အမှန်ကိုယ်၏ တိုက်ကွက်နှင့် ဆုံတွေ့သွားရ၏။

ဒုတိယအစစ်အမှန်ကိုယ်သည် ပြန့်ကားလာနေသော မှိုပွင့်သဖွယ် တိမ်တိုက်ကြီးကို မျက်နှာချင်းဆိုင်ကာ ဖြေးဖြေးချင်း လက်သီးဆုပ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခါ မှိုတိမ်တိုက်ကြီးက ပြန့်ကားနေခြင်းရပ်၍ ပြန်ကျုံ့သွားလေသည်။

ဒုတိယအစစ်အမှန်ကိုယ် လက်ကို လက်သီးအဖြစ် ဆုပ်ပြီးသည့်အချိန်တွင် ခန္ဓာဖောက်ခွဲမှု၏ အဖျက်အစီးစွမ်းအားဖြစ်သော မှိုတိမ်တိုက်ကြီးမှာ လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရလေပြီ။

ဒုတိယကိုယ်အစစ်က လက်သီးကို အားပါပါ ဆုပ်လိုက်ရာ ‌ဖောင်းခနဲ ပေါက်ကွဲသံ ကြားလိုက်ရသည်။ အဖျက်အစီးမှိုတိမ်တိုက်ကား .... ဘာဆိုဘာမှမရှိတော့သည်အထိ ‌လွင့်ပျယ်ပျောက်ကွယ်သွာလေသည်။

ဤဖြစ်ရပ်က သွေးမိစ္ဆာဂိုဏ်းသားများကို ချက်ချင်း စိတ်ဓာတ်တက်ကြွသွားစေသည်။  ဟိုးအနောက်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများမှာတော့ သူတို့၏မျက်နှာများတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေပြီး ပါးစပ်ပင် မစေ့နိုင်တော့ပေ။

“သွေးမင်းသားရဲ့ ဒီကိုယ်ပွားက .... အင်မတန် ... ကြောက်စရာကောင်းလိုက်တာ”

“‌‌စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးဦးရဲ့ ခန္ဓာဖောက်ခွဲစွမ်းအားက လက်သီးလေးတစ်ချက်တည်းနဲ့ ချေမှုန်းခံလိုက်ရတယ်တဲ့လား”

“အင်အားစုလေးစုရဲ့ ပူးပေါင်းတိုက်ခိုက်မှုက သွေးမိစ္ဆာဂိုဏ်းကို အနိုင်မယူနိုင်တာ အံ့ဩစရာမရှိဘူး။ အနိုင်မယူနိုင်ခဲ့အပြင် အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူအောင်းနေကြရတယ်။ သွေးမိစ္ဆာဂိုဏ်းက .... သိပ်အင်အားကြီးလွန်းတယ်”

ကျင့်ကြံသူရာပေါင်းများစွာ သေဆုံးသွားသည့်အခိုက်အတန့်တွင် မြူများသည် ဆူဝေပြီး ‌မြောက်တက်လာ၏။ လေလယ်တွင် ၎င်းကား ခြေထောက်နှစ်ချောင်းဖြင့် ရပ်နေသော ဧရာမသားရဲကြီးတစ်ကောင်အသွင်ပြောင်းသွား‌လေသည်။ ထိုသားရဲသည် ဝက်ဝံနက်ကြီးတစ်ကောင်ပုံစံရှိ၏။

ဝက်ဝံနက်ကြီး၏ပုံပန်းသွင်ပြင်မှာ လုံးဝကြောက်စရာကောင်းလေသည်။ ၎င်းတွင် ချိုမရှိသော်လည်း ၎င်း၏‌ဧရာမအစွယ်ကြီးများမှာ ‌ကြောက်ဒူးတုန်ဖွယ်ပင်။ မြူများက ၎င်းကို ရစ်သိုင်းလှည့်ပတ်နေပြီး ၎င်းကား မျက်လုံးနီကြီးများဖြင့် ဟိန်းဟောက်ပြီး သွေးမိစ္ဆာဂိုဏ်းဆီသို့ ပြေးဝင်လာ၏။

မြူများ စုစည်းသွားပြီး သားရဲကြီးဖြစ်လာစဉ် ‌ချင်းလော်ဂိုဏ်း၏ တောင် (၉၉) လုံး ပေါ်လာပြီး ၎င်းတို့၏အလယ်တွင် အနက်ရောင်မြူငွေ့များ တထောင်းထောင်း ထွက်နေသော ‌မြေအက်ကြောင်းကြီးတစ်ကြောင်းအား မြင်ရနိုင်သည်။

အဆိုပါအက်ကြောင်းကြီး၏ ဟိုးအနက်ပိုင်းထဲတွင်တော့ မန်ဟို စောစောက မြင်ခဲ့သော ပုံရိပ်ရှိသည်။

“ဘယ်လက်ရုံး ဓမ္မစောင့်ရှောက်သူ၊ ဒီမြူသားရဲကို သတ်လိုက်” မန်ဟိုက အေးတိအေးစက် ပြောသည်။ သူ၏ဘယ်ဘက်တွင်ရှိသူမှာ တစ်ချိန်က ကျင်းဟန်ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသူပင်။ သူကား သွေးချင်းနီနေသော မျက်လုံးများဖြင့် မြူသားရဲကြီးဆီသို့ မတုံ့ဆိုင်းခြင်းမရှိ လျှောက်လှမ်း၍ လက်တစ်ဖက်မြှောက်လိုက်သည်။ ‌ကျင်းဟန်ဂိုဏ်း၏ အမွေအနှစ်အဖိုးထိုက်ရတနာဖြစ်သော တောင်အသေးလေးတစ်လုံး ‌ပေါ်လာ၏။

နှစ်ယောက် ထိပ်တိုက် တိုက်လိုက်ကြသဖြင့် ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရသည်။

“ညာလက်ရုံး ဓမ္မစောင့်ရှောက်သူ၊ အဲဒီမြေအက်ကြောင်းထဲက ကောင်ကို သွားသတ်ချည်” လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှ ဖြစ်ပေါ်လာခဲ့သော သွေးကိုယ်ပွားက သွေးဆာနေသော မျက်ဝန်းများဖြင့် ရှေ့တက်သွားသည်။ သူ မြေအက်ကြောင်းထံသို့ ဦးတည်သွားစဉ် လီမျိုးနွယ်စု၏ အဖိုးထိုက်ရတနာ ဖုန်းရွှေသံလိုက်အိမ်မြှောင်က သူ့ကို လှည့်ပတ်နေသည်။

တအုန်းအုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဥ် မန်ဟိုသည် တိုက်ပွဲတွင် မဝင်ပါဘဲ လေလယ်တွင် ပျံဝဲနေ၏။ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ဓမ္မစောင့်ရှောက်သူနှစ်ယောက်နှင့်တင် တောင်ပိုင်းဒေသတစ်ခွင် သောင်းကျန်းသတ်ဖြတ်ရန် လုံလောက်လေပြီ။

သွေးမိစ္ဆာဂိုဏ်းအတွက် တောင်ပိုင်းဒေသကို တစ်‌စည်းတစ်လုံးတည်း စုပေါင်းရန်မှာ အလွန်တရာ လွယ်ကူသော အလုပ်ဖြစ်ပြီး ယင်းက မန်ဟို လုပ်ဖို့ ကြံစည်နေသောအရာပင်။ တောင်ပိုင်းဒေသ၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများကို ဖိအားပေးလိုက်လျှင် ဒေသတစ်ခုလုံးအား တစ်စည်းတစ်လုံးတည်း ပေါင်းစည်းနိုင်ပေမည်။

အုန်း

မြူသားရဲကြီးမှာ ကျင်းဟန်ဂိုဏ်းချုပ်၏ နတ်ဘုရားစွမ်းရည်များကို တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် အသက်ခုနစ်ရှိုက်၊ ဆယ်ရှိုက်တည်းနှင့် အနိုင်ယူခံလိုက်ရသည်။ နောက်ဆုံးတွင် ၎င်းသည် ပေါက်ကွဲသွားပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသော မြူစီးကြောင်းများဖြစ်သွားတော့၏။

မြေအောက်တွင် ဒေါသတကြီး ဟိန်းဟောက်သံများနှင့်အတူ တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေသည်။ တော်ဝင်အဝတ်အစားများ ဝတ်ထားသော အလောင်းက လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးကို တိုက်ခိုက်နေလေသည်။ လောလောဆယ်တွင် ‌အလောင်းထံမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်လှိုင်းများ ဖြာထွက်နေ၏။

သူတို့နှစ်ယောက် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေသဖြင့် မြေကြီးသည် တသိမ့်သိမ့် တုန်နေပြီး အက်ကြောင်းကြီးမှာ ပို၍ပင် ကြီးမားလာသည်။ အလောင်း၏ ‌ဒေါသတကြီး ကြုံးဝါးသံများ ပိုမိုကျယ်လောင်လာသည့်အခါ မန်ဟိုက ကျင်းဟန်ဂိုဏ်းချုပ်ကို အက်ကြောင်းထဲဝင်၍ ကူတိုက်စေလိုက်သည်။ ယခုတွင် နှစ်ယောက် တစ်ယောက် ဖြစ်သွားလေပြီ။

အနိုင်အရှုံးကား အသိသာကြီးပင်။ အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသော် အလောင်းမှာ တစ်ချက်ပြီးတစ်ချက် ထိုးနှက်ခံနေရသည်။ ၎င်းက ခံပြင်းဒေါသတို့ဖြင့် ဟိန်းဟောက်ရင်း အော်လိုက်သည်။ “မန်ဟို .... ထွက်သွားလိုက်ပါတော့။ မင်း မိစ္ဆာချုပ်နှောင်သူဖြစ်နေလဲ ငါ ဂရုမစိုက်တော့ပါဘူး။ ဒီတိုင်း တစ်ယောက်ကိုတစ်ယောက် အလွှတ်ပေးကြရအောင်လေ

“ဒီတိုင်း ဆက်တိုက်နေရင် မင်း နိုင်ကောင်းနိုင်မယ်။ ဒါပေမဲ့ မင်းရဲ့ လူတစ်ယောက် ဒဏ်ရာဆိုးဆိုးရွားရွား ရလိမ့်မယ်။ သေတောင် သေနိုင်တယ်နော်။ ဒီတိုင်း ရပ်လိုက်ကြရအောင် ဘယ်လိုလဲ”

“မင်းက ငါ မိစ္ဆာချုပ်နှောင်သူဆိုတာ ဂရုမစိုက်ဘူးပေါ့” မန်ဟိုက အေးစက်စက် ပြောသည်။ “အေး ငါတော့ ဂရုစိုက်တယ်” သူ၏ ဒုတိယအစစ်အမှန်ကိုယ်က မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ရှေ့တစ်လှမ်းတက်ပြီးနောက် အက်ကွဲကြောင်းထဲသို့ နေရာရွှေ့ပြောင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မိုးခြိမ်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံများအား အထဲမှ ကြားလိုက်ရလေပြီ။

‌ပိန်ရှုံ့နေသော အလောင်းက အထိတ်တလန့် အော်လိုက်သည်။ မြေကြီးသည် တသိမ့်သိမ့် တုန်ရီသွားပြီး အက်ကြောင်းများက မြေပြင်တစ်လျှောက် မြွေလိမ်မြွေကောက် ပျံ့နှံ့သွား၏။ တောင်တချို့ပင် ကြေမွလာသည်။

ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ တောင်တန်းများ ပြိုကျနေပြီး မြေကြီးများ ပက်ကြားအက်နေ၏။ လောလောလတ်လတ်ကမှ ပြန်ဆောက်ထားသည့် ခမ်းနားသော နန်းဆောက်ဦများမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလေပြီ။

ထို့နောက် အလွန်ကြီးမားသော ချောက်နက်ကြီးပေါ်လာပြီး တောင် (၉၉) လုံးကို စတင်ဝါးမြိုတော့သည်။ အလင်းတန်းလေးတန်းက ၎င်းအထဲမှ ထွက်လာသည်။ တစ်တန်းက အရှေ့တွင်ဖြစ်ပြီး သုံးတန်းက နောက်မှလိုက်နေခြင်းဖြစ်၏။ အလောင်းမှာ တစ်ကိုယ်လုံးစုတ်ပြတ်သပ်‌ပြီး ပါးစပ်မှ သွေးများစီးကျနေလျက် ရှေ့မှ ပြေးနေသည်။  ပြေးနေစဉ် ထိတ်လန့်နေသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းနေသည်။ သူ့အနောက်တော့ မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်နှင့် ဓမ္မစောင့်ရှောက်သူနှစ်ယောက်က ထပ်ကြပ်မကွာလိုက်နေ၏။

သူတို့သုံးယောက်က ပူးပေါင်းတိုက်ခိုက်နေရာ အလောင်းအတွက် ထွက်ပြေးမရ ဖြစ်သွားစေသည်။ သူ လွင့်ထွက်သွားစဉ် ဒုတိယကိုယ်အစစ်က တလက်လက် တောက်ပနေသော သစ်သားဓားကို ကိုင်စွဲလျက် သူ့ဘေးတွင် ပြန်ပေါ်လာသည်။ အလောင်းမှာ ကြောက်စိတ်တို့ မွှန်ထူသွားလေ၏။

သုံးယောက်အနားကပ်လာသည့်အခါ အလောင်း၏မျက်လုံးများတွင် ရုတ်တရက် မိုက်ရူးရဲဆန်မှုတို့ ပြည့်နှက်သွားသည်။ သူသည် ညာလက်ကို မြှောက်ပြီးနောက် ရင်ဘတ်ကို ဆွဲဖြဲလိုက်ရာ သူ၏အတွင်းကလီစာများ‌ ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် နှလုံးရှိနေသည့် နေရာမှာပင် သေးငယ်သော အနက်ရောင်မှင်စာတစ်ကောင်ရှိနေ၏။

မည်းနက်နေသော မှင်စာတွင် မျက်လုံးသုံးလုံးနှင့် ပါးစပ်ပြဲပြဲကြီးရှိပြီး နှာခေါင်းကတော့ ကင်းမဲ့နေသည်။ ၎င်းမှာ နှလုံးသားနှင့်အတူ အရွယ်ရောက်လာခဲ့ပုံပင်။ ၎င်း၏မျက်လုံးသုံးလုံးက ပွင့်လာပြီး ထူးဆန်းသောအလင်းရောင်ကို ဖော်ပြလိုက်သည်။ ၎င်း လေပေါ်ပျံတက်သွားသည့် နောက်တွင် အလောင်းမှာ တုန်ရီသွားပြီး အသက်စွမ်းအားအလုံးစုံ စုပ်ယူခံလိုက်သည့်အလား သေဆုံးသွားလေ၏။

အလောင်းသေဆုံးသွားစဉ် မှင်စာက ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းသည် တင်းမာခက်ထန်မှု၊ မုန်းတီးစက်ဆုပ်မှုအပြည့်ဖြင့် မန်ဟို့ကို ငုံ့ကြည့်ရင်း ပျံဝဲနေ၏။ ၎င်းကား မန်ဟို၏ပုံရိပ်ကို သေသည်အထိ မှတ်မိအောင် မှတ်သားနေသယောင်ပင်။

ဤဖြစ်ရပ်က မန်ဟို့ကို အံ့ဩတုန်လှုပ်သွားစေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများလည်း အံ့အားသင့်သွားကြသည်။ ပိန်ရှုံ့နေသော အလောင်း၏ခန္ဓာကိုယ်ထဲတွင် ဤ ထူးဆန်းသော‌ မှင်စာတစ်ကောင် ရှိနေလိမ့်မည်ဟု မည်သူထင်မည်နည်း။

“မိစ္ဆာချုပ်နှောင်သူ...” မှင်စာက ခပ်စူးစူးအသံဖြင့် ပြောလာသည်။ “ဧကရာဇ်တစ်ပါးအနေနဲ့ ငါ ဒီကိစ္စကို ဘယ်တော့မှ မမေ့ဘူ။ အနှေးနဲ့ အမြန် မင်း ပြန်ပေးဆပ်ရအောင် ငါလုပ်မယ်။ အခုတော့ ... ငါ ထွက်သွားမယ်။ မင်းတို့တစ်ကောင်မှ ငါ့ကို တားလို့မရဘူး” ထိုသို့ပြောရင်း ၎င်းက ခေါင်းမော့ရင်း ကြယ်တာရာကောင်းကင်သို့ ပျံတက်ရန် ပြင်လိုက်သည်။

ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဓမ္မစောင့်ရှောက်သူများ ၎င်းလမ်းကို ပိတ်ရန် နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ကြသည်။ သို့သော် မည်းနက်နေသော မှင်စာက လှောင်ပြုံးပြုံးပြီး နတ်ဘုရားစွမ်းရည်များကို မရှောင်ပေ။ ထိုအစား တန်းတန်းမတ်မတ် ပြေးဝင်လိုက်သော်လည်း မည်သို့မျှ မထိခိုက်လိုက်ပေ။

မန်ဟို့ဒုတိယကိုယ်အစစ်က အေးစက်စက် နှာတစ်ချက်မှုတ်၍ တိုက်ခိုက်သည်။ မှော်သင်္ကေတများက စူးရှတောက်ပနေသော ထီးနက်ပုံသဏ္ဌာန်စုစည်းသွား၏။ မှင်စာ၏ သူငယ်အိမ်များ ကျုံ့သွားပြီး ၎င်းက စူးစူးဝါးဝါး အော်လိုက်သည်။  ရုတ်တရက် များပြားလှသော အနက်ရောင်မြူခိုးများ ၎င်းထံမှ စီးထွက်လာပြီး ၎င်းကား ထီးနက်ဆီသို့ ပြေးဝင်သွားလေပြီ။

ဘန်းးးးး

‌မှော်သင်္ကေတထီးနက်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ မှင်စာ၏မြူများလည်း အရည်ပျော်ကျသွားကာ ၎င်းအား သိသိသာသာ အားနည်းသွားစေ၏။ သို့သော် ယခုတွင် ၎င်းသည် ကောင်းကင်အမြင့်သို့ ရောက်နေပြီဖြစ်လေသည်။ ၎င်းက မန်ဟို့ကို ပြန်ကြည့်ပြီနောက် ပျံထွက်သွား၏။

မန်ဟိုသည် အန္တရာယ်ကို အာရုံရလိုက်သဖြင့် မျက်လုံးများ တလက်လက် တောက်ပသွား၏။ ဤမှင်စာ မည်သည့်နေရာက လာသလဲ သူ မသိသော်လည်း ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက သေစေနိုင်သောအန္တရာယ်အာရုံကို ပေးစွမ်းနေသည်။

“အလွှတ်ပေးလို့ မဖြစ်ဘူး” သူက တွေးသည်။ သူ၏ညာလက်က လေပေါ် မြောက်တက်သွားပြီး လက်ချောင်းတစ်ချောင်းအား မှင်စာ‌ဆီသို့ ဝှေ့ယမ်းလိုက်လေသည်။

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

ဝုန်း

မှင်စာမှာ ရုတ်တရက် ရပ်သွားရ၏။ သို့သော် ၎င်းအတွက် ရုန်းထွက်ရန် တခဏသာ ကြာလိုက်လေသည်။ ၎င်း၏ခပ်စူးစူးအသံက ထွက်လာပြန်သည်။ “မင်းက ငါ့ကို ချုပ်နှောင်ချင်တယ်ပေါ့။ မင်း ကျင့်ကြံခြင်းအခြေခံက အားကောင်းသင့်သလောက် အားမကောင်းသေးဘူး”

သူ၏ပြိုင်ဘက် ပျောက်ကွယ်တော့မည်ကို မြင်သောအခါ မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။ သူသည် ညာလက်ကို ကောင်းကင်ထက်သို့ ဆန့်ထုတ်၍ ခုတ်ပိုင်းချလိုက်သည့် လှုပ်ရှားမှု လုပ်လိုက်၏။

ယခုတွင် သူ့စိတ်အာရုံ၌ ကံကြွေးမှတစ်ပါး အခြားမရှိတော့လေပြီ။

သတ္တမမိစ္ဆာချုပ်နှောင်မန္တန်

ကံကြွေးမန္တန်

***

All Chapters