← Chapters

ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး

Vol. 56 Ch. 777

ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး

Vol. 56 Ch. 777

ဖြောက်...ဖြောက်...

ဖုန်းလန်၊ ချင်းယွီနှင့် ကျန်းရှောင်နူတို့၏ ပါးပြင်များထက်တွင် မျက်ရည်စများ လိမ့်ဆင်းသွားပြီး အနီရောင်သစ်သားကုလားထိုင်များပေါ်သို့ တပေါက်ပေါက် ကျနေကာ ရှင်းလင်းသော အသံပြတ်ပြတ်လေးတစ်သံ ဖြစ်ပေါ်လာစေလေသည်။ အောက်ဘက်မှ မိန်းမပျိုများစွာကလည်း ငိုကြွေးနေကြ၏။ စစ်ထူရီနျန်၏ ချောမွေ့သောပုခုံးလေးများသည်လည်း တုန်ရင်နေ၏။ သူမ တီးတိုး ငိုရှိုက်နေခြင်းပင်။

ဟွမ်ဖူထောင်ထျန်းသည် စကားပြောပြီးသောအခါ အခေါင်းကို သိမ်မွေ့စွာ ပြန်ပိတ်လိုက်ပြီး အခေါင်းအတွင်းသို့ အတွင်းအား တွင်းလိုက်လေသည်။ ထိုအခါ အခေါင်းပေါ်မှ သင်္ကေတပုံသဏ္ဌာန်များ ထပ်မံ တောက်ပလာ၏။ ဟွမ်ဖူထောင်ထျန်းက သလင်းကျောက်အခေါင်းကို ပိတ်ပြီးနောက် ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ ပြန်သွင်းကာ ထရပ်လိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းကျဲများဖြင့် ဝံ့ဝံ့ကြွားကြွား ထွက်သွားလေသည်။

ဟွမ်ဖူထောင်ထျန်း၏ လေးထောင့်ကျကျ မျက်နှာကလည်း ပြန်တည်ငြိမ်လာပေပြီ။ သူ၏မျက်လုံးများက တည်ငြိမ်ကာ ယုံကြည်မှုအပြည့် ရှိနေပြီး အစိမ်းရောင်ဆံပင်များကလည်း ခပ်ဖွဖွ လှုပ်ယမ်းနေလေသည်။ မိန်းမပျိုများစွာသည် သူ့ကို ရွှန်းလဲ့သောမျက်လုံးများဖြင့်ကြည့်လိုက်ကြ၏။ ယောက်ျားပျိုများမှာမူ သက်ပြင်းချကာ အောက်ကျမှုကို ခံစားနေကြရပေသည်။

ဟွမ်ဖူထောင်ထျန်းသည် အခန်းနံပါတ်(၅၅၅)ကို တစ်ချက်ထပ်မံကြည့်လိုက်၏။ သို့သော် သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ထို့နောက် သူသည် လေလံခန်းမအတွင်းမှ ထွက်သွားကာ အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။

“ခေါင်းဆောင်...”

ချမ်ဝမ်ကွမ်းသည် ဟွမ်ဖူထောင်ထျန်းက စကားတစ်ခွန်းမှ ပြောမသွားသဖြင့် အတန်ငယ် စိတ်လှုပ်ရှားသွား၏။ ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်းကို ဆုံးရှုံးရတော့မည်လော။ အကယ်၍ ဟွမ်ဖူထောင်ထျန်းသာ ရှန်းစီပင်လယ်သို့ ပြန်သွားလျှင် သူတို့သည် ကောင်းကင်ကျောက်တုံးများကို မည်သည့်နေရာတွင် ပြန်ယူရမည်နည်း။ ယင်းက မသင့်တော်သည် မဟုတ်ပါလား။ အနည်းဆုံးတော့ ဟွမ်ဖူထောင်ထျန်းက ကျေးဇူးတင်စကား သို့မဟုတ် ကျန်းရီကို ကောင်းကင်ကျောက်တုံးများ ပြန်ဆပ်မည်ဆိုသောစကားကို ပြောသွားသင့်သည် မဟုတ်လော။

“ဟဲဟဲ...”

ကျန်းရီက ချမ်ဝမ်ကွမ်းကို ဆက်မပြောရန် လက်ဝှေ့ယမ်းပြလိုက်သည်။ ဟွမ်ဖူထောင်ထျန်း၏ အကျင့်စရိုက်က သူနှင့် တူလှပေသည်။ သူတို့သည် ကျေးဇူးတင်မှုကို စကားမျှဖြင့် ဖော်ပြကြမည် မဟုတ်ပေ။ အရေးကြီးသည့်အခိုက်တွင် ချေးငှားပေးခဲ့သော ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်းအတွက် စကားဖြင့်သာ ကျေးဇူးတင်ရန်မှာ မသင့်တော်ပေ။ အနာဂတ်တွင် ဟွမ်ဖူထောင်ထျန်းသည် သေချာပေါက် ကျန်းရီကို ကောင်းကင်ကျောက်တုံးများ ပြန်ပေးနိုင်ရန် နည်းလမ်းရှာမည်ဖြစ်သည်။

သို့သော် ဟွမ်ဖူထောင်ထျန်း ပြန်မပေးလျှင်ပင် ကျန်းရီက စိတ်ဆိုးမည် မဟုတ်ချေ။ သူ့တွင် ကောင်းကင်ကျောက်တုံး သန်းရှစ်ထောင် ရှိနေပေသေးသည်။ ယင်းပမာဏဆိုလျှင် သူတို့ အချိန်အတော်ကြာ သုံးနိုင်ပေသည်။ ကျန်းရီသည် အမြဲ ထိုသို့သာ ပြုမူခဲ့ပြီး လုပ်လိုသည့်အရာကို လုပ်တတ်သူဖြစ်သည်။ သူသည် ရလဒ်ကို အရေးမစိုက်ပေ။ မိုးပြိုမည်ဆိုလျှင်ပင် သူသည် လွတ်လမ်းတစ်ခုကို ရအောင် စဉ်းစားမည့်သူမျိုးဖြစ်သည်။

“ဟုတ်ကဲ့ပါ... ဒီလေလံပွဲက အောင်အောင်မြင်မြင် ပြီးဆုံးသွားပါပြီ။ ဒီညက ကျွန်မအတွက် မမေ့နိုင်တဲ့ ညတစ်ညပါပဲ။ ဧည့်သည်တော်အားလုံးနဲ့အတူ သမိုင်းဝင်အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရတာ ကျွန်မ တကယ်ဂုဏ်ယူမိပါတယ်။ နောက်ကျရင်လည်း လေလံပွဲတွေကို စီစဉ်တင်ဆက်ပေးရမယ့် အခွင့်အရေးတွေ ရပါစေလို့ ကျွန်မ မျှော်လင့်မိပါတယ်။ ကျွန်မ အားလုံးကို ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်”

စစ်ထူရီနျန်၏အသံက အတန်ငယ် တုန်ရင်နေ၏။ သူမသည် ဝမ်းဗိုက်ရှေ့တွင် လက်နှစ်ဘက်ယှက်၍ အလေးအနက် ဦးညွှတ်ကာ ယနေ့လေလံပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ စစ်ထူမျိုးနွယ်မှ လေလံပွဲကြီးကြပ်သူများသည် ဧည့်သော်တော်များနှင့် ငွေရေးကြေးရေးများ ရှင်းလင်းလိုက်ပြီး ရောင်းသူများကို ကောင်းကင်ကျောက်တုံးများ ပေးလိုက်ကြသည်။

ကျန်းရီရှိနေသော အခန်း၏ အကာအရံက တောက်ပစွာ လင်းလက်လာ၏။ ချမ်ဝမ်ကွမ်းက အကာအရံကို ပိတ်လိုက်ပြီးနောက် အပြင်မှနေ၍ ယဉ်ကျေးသော အသံတစ်သံ ဝင်လာ၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က စစ်ထူရီရှောင်ပါ။ ကျွန်တော့်အဖေ စစ်ထူအောင်းရဲ့ အမိန့်အရ ကျွန်တော်က အားလုံးနဲ့ လေလံငွေကို လိုက်ရှင်းပေးနေတာပါ”

“စစ်ထူရီရှောင်”

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စစ်ထူမျိုးနွယ်က အလွန်လေးစားသမှုပြနေသည်ဟု တွေးလိုက်ကြလေသည်။ သူတို့သည် လေလံငွေ ရှင်းရန် သူတို့၏ နံပါတ်(၁)သခင်လေးကိုပင် လွှတ်လိုက်၏။ ချမ်ဝမ်ကွမ်းက ကျန်းရီကို ကြည့်လိုက်သည်။ ကျန်းရီသည် ဖုန်းလန်တို့ကို ဧကရာဇ်နန်း‌တော်အတွင်းသို့ ထည့်လိုက်၏။ ထို့နောက် သူက ချမ်ဝမ်ကွမ်းကို ခေါင်းညိတ်ပြလိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“ဝမ်ကွမ်း... မင်းက ရီဖျောင်ဖျောင်အဖြစ် ဟန်ဆောင်ရမယ်။ ငါနဲ့ ရွှေရောင်မျောလွင့်နဂါးက မင်းရဲ့ ကိုယ်ရံတော်တွေအဖြစ် ဟန်ဆောင်မယ်”

“ခေါင်းဆောင်... ဒါက...”

ချမ်ဝမ်ကွမ်း မျက်နှာစူပုပ်သွား၏။ ကျန်းရီက အလွန်ရက်စက်လွန်းပြီး သူ့ကို ရှေ့တန်းတင်နေပေသည်။ သူ့ကဲ့သို့ မခံ့ညားသော သူတစ်ယောက်က အဘယ်သို့ အံ့အားသင့်ဖွယ် ကောင်းကင်ပန်းချီကားများ ဆွဲခဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်နိုင်မည်နည်း။ သူက အတုဖြစ်ကြောင်း သိသာလွန်းပေသည်။

“မပြောနဲ့တော့။ ဒီလိုစီစဉ်တာ ငါ့မှာ အကြံရှိလို့ပဲ။ နောက်မှ ငါ မင်းကို ရှင်းပြမယ်”

ကျန်းရီက ချမ်ဝမ်ကွမ်းကို စိုက်ကြည့်၍ အသံပို့လွှတ်လိုက်၏။ ချမ်ဝမ်ကွမ်းသည် ရွေးချယ်စရာ မရှိတော့သဖြင့် စူပုပ်နေသော မျက်နှာထားကို ပြင်ကာ ပြောလိုက်ရလေသည်။

“သခင်လေးရီရှောင် ဝင်ခဲ့ပါ”

တံခါးများပွင့်သွားသောအခါ စစ်ထူဟုန်က ခံ့ညားသော သခင်လေးတစ်ယောက်ကို ခေါ်လာ၏။ ထိုသခင်လေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖြီးသင်ထားပေသည်။ သူ့တစ်ကိုယ်လုံးက သန့်ရှင်း၍ လတ်ဆတ်သော အငွေ့အသက်ကို ပေးနေ၏။ သူ့မျက်နှာပေါ်မှ အပြုံးကလည်း သူ့ကိုပို၍ ခံ့ညားစေနေသည်။

“ကျုပ်က လေလံအိမ်ရဲ့ ကြီးကြပ်သူ စစ်ထူဟုန်ပါ။ သူကတော့ ကျုပ်တို့မျိုးနွယ်ရဲ့ နံပါတ်(၁)သခင်လေး စစ်ထူရီရှောင်ပါ။ သူက ကျုပ် လေလံငွေ ရှင်းပေးဖို့ လာမယ်ဆိုတာ ကြားတော့ သူပါလိုက်လာပြီး အရှင်တို့နဲ့ မိတ်ဆွေဖွဲ့ချင်တယ်ဆိုတာနဲ့ ခေါ်လာခဲ့တာပါ”

စစ်ထူဟုန်က ဝေ့ဝဲကြည့်ကာ စူးစမ်းလိုက်ပြီး ထိုင်နေသူမှာ အဝလွန်နေသော ချမ်ဝမ်ကွမ်းသာ ရှိကြောင်း သတိပြုမိလိုက်လေသည်။ သူ့ဘေးတွင် လူနှစ်ယော်က ရပ်နေ၏။ ချမ်ဝမ်ကွမ်းသည် ပုံရိပ်ယောင်ကျောက်တုံးနှင့် ရုပ်ပြောင်းဆေးလုံးတို့ကိုသုံး၍ ရုပ်သွင်ကို ပြောင်းထားသော်လည်း သူ့၏ အဝလွန်နေသော ခန္ဓာကိုယ်ကိုမူ မပြောင်းလဲနိုင်ပေ။ စစ်ထူဟုန်က ချမ်ဝမ်ကွမ်းမှာ လေလံအတွက် ပန်းချီကားများ ယူဆောင်လာခဲ့သူဖြစ်ကြောင်း ချက်ချင်း မှိတ်မိသွားသည်။ သို့သော် ချမ်ဝမ်ကွမ်းက ဆရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

စစ်ထူဟုန်သည် ချမ်ဝမ်ကွမ်းတို့သုံးယောက်ကို လက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး ပြုံးပြလိုက်၏။ ထို့နောက် သူသည် ဘေးသို့လှည့်ကာ စစ်ထူရီရှောင်ကို မိတ်ဆက်ပေးလိုက်သည်။ စစ်ထူရီရှောင်ကလည်း ခပ်သဲ့သဲ့ ပြုံး၍ စစ်ထူဟောင်အား အခန်း၏ အကာအရံကိုဖွင့်လိုက်ရန် ပြောလိုက်သည်။ ထို့နောက် စစ်ထူရီရှောင်သည် လက်ဆုပ်ကာ ပြောလိုက်၏။

“ရီရှောင် ဧည့်သည်တော်သုံးယောက်ကို နှုတ်ခွန်းဆက်ပါတယ်။ ကြိုတင် အကြောင်းမကြားဘဲ လာခဲ့တဲ့အတွက် ကျွန်တော့်ကို ခွင့်လွတ်ပေးပါ။ ကျွန်တော်က တကယ်ပဲ ဆရာရီဖျောင်ဖျောင်နဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ။ မီးတောင်ပေါက်ပန်းချီကား အချပ်ခြောက်ရာနဲ့ ဆန်းကြယ်တဲ့ ပန်းချီကားသုံးချပ်ကာ ကျွန်တော့်ကို ပါရမီရှင်ဆိုတာ ဘယ်လိုလည်းဆိုတာ သိသွားစေပါတယ်။ ကျွန်တော် ဆရာနဲ့ အခုလိုတွေ့ရတဲ့အတွက် နောင်တမရှိဘဲ သေနိုင်ပါပြီ”

ကျန်းရီက ဘာမှ မပြောလိုက်ပေ။ ရွှေရောင်မျောလွင့်နဂါးကလည်း ဘာမှ မပြောဝံ့ချေ။ ချမ်ဝမ်ကွမ်းကလည်း ဖင်တကြွကြွ ဖြစ်နေသည်။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိသဖြင့် အံကြိတ်ကာ ပြန်ပြောလိုက်ရလေသည်။

“သခင်လေးရီရှောင်က ယဉ်ကျေးလွန်းနေပါပြီ။ စစ်ထူမျိုးနွယ်ရဲ့ နံပါတ်(၁)သခင်လေးနဲ့ တွေ့ခွင့်ရတာ ကျွန်တော်က ပိုပြီး ဂုဏ်ယူရမှာပါ”

စစ်ထူရီရှောင်နှင့် စစ်ထူဟုန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုဖက်တီးက အမှန်ပင် ရီဖျောင်ဖျောင် ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

အစောက စကားပြောခဲ့သူသည် အကာအရံကို သုံး၍ အသံပြောင်းခဲ့၏။ ထို့ကြောင့် သူတို့သည် ထိုသုံးယောက်ထဲတွင် မည်သူက ဆရာအစစ်ဖြစ်ကြောင်း မသိနိုင်ပေ။ သို့သော် ထိုဖက်တီးက သူ့ကိုယ်သူ ဆရာဖြစ်ကြောင်း ဝန်ခံလိုက်ပြီဖြစ်၍ စစ်ထူရီရှောင် အသိအမှတ် ပြုရပေမည်။ သူက ထပ်မံ လက်ဆုပ်လိုက်ပြီး ပြောလိုက်၏။

“ဆရာက နှိမ့်ချလွန်းနေတာပါ။ ဆရာ့လို လူတစ်ယောက်နဲ့ သိကျွမ်းခွင့်ရတာ ကျွန်တော်က ဂုဏ်ယူရမှာပါ။ ကျွန်‌တော့်အဖေရဲ့ အမိန့်နဲ့ ကျွန်တော်က တံဆိပ်ပြားတစ်ခု လာပေးတာပါ။ ဒီတံဆိပ်ပြားနဲ့ဆိုရင် ဆရာ မြို့ထဲမှာ အခွန်ဆောင်စရာ မလိုတော့ပါဘူး။ မျိုးနွယ်ကြီးလေးခုရဲ့ ကုန်သည်အဖွဲ့အစည်းတွေက ပစ္စည်းတွေကိုလည်း တစ်ဝက်လျှော့ဈေးနဲ့ ဝယ်နိုင်ပါတယ်...”

“ပြီးတော့ မြို့ထဲမှာ ညဘက်ထွက်ခွင့်လည်း ရပါလိမ့်မယ်။ ဒီတံဆိပ်နဲ့ဆို မြို့ပြင်ကိုတောင် ထွက်လို့ရပါတယ်။ ဒါက မျိုးနွယ်ကြီးလေးခုရဲ့ ဂုဏ်ပြုတံဆိပ်ပြားပါ။ အထူးအဆင့်အတန်းရှိတဲ့ ပါရမီရှင်တွေပဲ ဒီတံဆိပ်ပြားကို ရတာပါ။ ကျွန်တော့်ရဲ့ အဖေကလည်း ဦးလေးလဲ့၊ ဦးလေးနန်ကုန်းနဲ့ ဦးလေးဟွမ်ဖူတို့နဲ့ ဆွေးနွေးပြီးမှ ဒီတံဆိပ်ပြားကို ပေးခွင့်ရှိတာပါ။ ကျွန်တော်တို့ မျိုးနွယ်ကြီးလေးခုရဲ့ စေတနာကို ဆရာ လက်ခံပေးနိုင်မလားခင်ဗျာ။ ကျွန်တော်တို့က ဆရာ့လိုလူတစ်ယောက်နဲ့ အရမ်းမိတ်ဆွေဖွဲ့ချင်ပါတယ်။ ပြီးတော့... ဒီတံဆိပ်ကို လက်ခံလိုက်လို့ ဆရာ့ဘက်က ဘာတာဝန်မှ ပြန်ယူပေးစရာ မလိုပါဘူး”

“အာ...”

ချမ်ဝမ်ကွမ်းက အံ့အားသင့်သွားသဖြင့် ကျန်းရီကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူ ချက်ချင်းပင် အကြည့်ပြန်ရုတ်လိုက်ပြီး ရွှေရောင်မျောလွင့်နဂါးကိုလည်း ကြည့်လိုက်လေသည်။ ကျန်းရီက မျက်နှာသေဖြင့် ရှိနေသော်လည်း မသိမသာ မျက်တောင်ခတ်ပြလိုက်သည်။ ချမ်ဝမ်ကွမ်းက ချက်ချင်း သဘောပေါက်သွားပြီး ထရပ်ကာ တံဆိပ်ပြားကို လက်ခံ၍ ပြောလိုက်လေသည်။

“မျိုးနွယ်ခေါင်းဆောင်စစ်ထူက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော် တစ်ရက်လောက် မျိုးနွယ်ခေါင်းဆောင်စစ်ထူဆီလာပြီး ကျေးဇူးတင်ကြောင်း လာပြောပါဦးမယ်”

“ဟုတ်ကဲ့ပါ... ဆရာသာ စစ်ထူမျိုးနွယ်ကို လာမယ်ဆိုရင် ကျွန်တော်နဲ့ အဖေက ဂုဏ်ယူမိမှာပါ”

စစ်ထူရီရှောင်က အတန်ငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ ချမ်ဝမ်ကွမ်းတို့က သူတို့ပေးသည့် တံဆိပ်ပြားကို လက်ခံလိုက်ပြီဖြစ်၍ သူ၏လာရင်းကိစ္စ အောင်မြင်သွားပြီဖြစ်သည်။ သိမ်းသွင်းခြင်းသည် လော၍မရသော ကိစ္စတစ်ခုဖြစ်၏။ သူသာ သူတို့ကို စစ်ထူမျိုးနွယ်နှင့် ပူးပေါင်းရန် ရုတ်တရက်ကြီး ဖိတ်ခေါ်လိုက်ပါက ရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်။ စစ်ထူရီရှောင်တစ်ယောက် စစ်ထူမျိုးနွယ်၏ နံပါတ်(၁)သခင်လေးဖြစ်လာရခြင်းမှာ သူ့အဖေကြောင့်သာ မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်လည်း ဖြစ်သည်။

စစ်ထူဟုန်ကမူ ချမ်ဝမ်ကွမ်းနှင့် ငွေရေးကြေးရေး ရှင်းလင်းရန် ကျန်နေခဲ့သည်။ စစ်ထူမျိုးနွယ်က ချမ်ဝမ်ကွမ်းကို ကောင်းကင်ကျောက်တုံးများ ပိုပေးရန် ရည်ရွယ်ချက်မရှိပေ။ ထိုတံဆိပ်ပြားက ကောင်းကင်ကျောက်တုံးများစွာ တန်နေပြီ မဟုတ်ပါလား။ ယင်းမှာ အဆင့်အတန်း၏ ပြယုဂ်ဖြစ်သည်။ ထို့ပြင် ထိုတံဆိပ်ပြားနှင့်ဆိုလျှင် ရှန်းစီမြို့ထဲ၌ ကျန်းရီတို့၏အဆင့်အတန်းက လုံးဝကွဲပြားသွားပေလိမ့်မည်။ စစ်ထူမျိုးနွယ်ကလည်း သူတို့ကို ကာကွယ်ပေးနိုင်သည်ဟု သွယ်ဝိုက်ဆိုလိုက်ခြင်းပင်။ ဤတံဆိပ်ပြားသာရှိလျှင် လဲ့မျိုးနွယ်သည် သူတို့ကို အချိန်တစ်ခုအထိ မည်သို့မှ လုပ်ဝံ့မည် မဟုတ်ပေ။ လုမျိုးနွယ်ကလည်း သူတို့၏ မကျေနပ်ချက်များကို ထုတ်ပြနိုင်မည် မဟုတ်ချေ။

ကောင်းကင်ကျောက်တုံး သန်းရှစ်ထောင်နှင့် တံဆိပ်ပြားတစ်ခုတို့ကို ရယူပြီးနောက်တွင် ကျန်းရီတို့အုပ်စုသည် နတ်ဘုရားငိုကြွေးသံဆေးလုံးများကို အချိန်ကြာမြင့်စွာ ဝယ်နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် ကျေကျေနပ်နပ်ဖြင့် ပြန်ရန် ပြင်ဆင်လိုက်ကြ၏။ သူတို့သုံးယောက်သည် လူအားလုံး ထွက်သွားသည်အထိ စောင့်ပြီးနောက် ထရပ်ကာ ထွက်သွားလိုက်ကြလေသည်။

‌လေလံခန်းမအတွင်းမှ ထွက်သောအခါ ကျန်းရီနှင့် ရွှေရောင်မျောလွင့်နဂါးတို့က ချမ်ဝမ်ကွမ်းအနောက်မှ လျှောက်ကြ၏။ ပထမထပ်တွင် မည်သူမှ သူတို့ကို အာရုံမစိုက်ကြောင်း သိလိုက်ရသောအခါ သူတို့သုံးယောက် အတန်ငယ် စိတ်အေးသွား၏။ သို့သော် သူတို့သုံးယောက် တံခါးအပြင်သို့ လျှောက်ထွက်လိုက်သောအခါ ရင်းနှီးသည့်လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ဟွမ်ဖူထောင်ထျန်းက တံခါးအပြင်တွင် မားမားမတ်မတ်ရပ်နေ၏။ သူသည် မျက်နှာသေဖြင့် ရှေ့တည့်တည့်သို့သာ ကြည့်နေသည်။ ကျန်းရီနှင့် အခြားနှစ်ယောက် တံခါးအပြင်သို့ ထွက်လာသောအခါ သူက ရုတ်တရက် ဒူးတစ်ဘက်ထောက်လိုက်ပြီး အော်ပြောလိုက်လေသည်။

“ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး။ ကျွန်တော်ကလည်း ကျေးဇူးတင်စကားပြောဖို့ မပြင်ဆင်ထားပါဘူး။ ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ပြသဖို့ ဆယ်နှစ် ကျွန်ခံလိုပါတယ်”

***

All Chapters