← Chapters

ပြဿနာအနည်းငယ် ရှာခြင်းက ကောင်း၏

Vol. 56 Ch. 778

ပြဿနာအနည်းငယ် ရှာခြင်းက ကောင်း၏

Vol. 56 Ch. 778

စစ်ထူကုန်သည်အဖွဲ့အစည်း၏ အပြင်ဘက်တွင် ရှန်းစီရင်ပြင်ရှိ၏။ ရင်ပြင်မှ လူများစွာသည် ဟွမ်ဖူထောင်ထျန်းကို ရပ်ကြည့်နေကြ၏။ အဘယ်ကြောင့် ဟွမ်ဖူထောင်ထျန်းက ထိုနေရာတွင် ရပ်နေခြင်းဖြစ်ကြောင်း သူတို့ သိလိုနေကြသည်။ ထို့ကြောင့် ဟွမ်ဖူထောင်ထျန်းတစ်ယောက် ဒူးထောက်၍ အော်ပြောလိုက်သောအခါ ပတ်ဝန်းကျင်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ လူများစွာသည် ချမ်ဝမ်ကွမ်းတို့ သုံးယောက်ကို ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့၏မျက်လုံးများ ချက်ချင်း လင်းလက်လာကြပေသည်။

အနီးတွင် လေလံပွဲမှ ဧည်သည့်တော်အချို့ ရှိနေပေးသေးသည်။ သူတို့သည် ဟွမ်ဖူထောင်ထျန်း၏ အဖြစ်ကို ရှင်းရှင်းလင်းလင်း သိခဲ့ကြ၏။ ထို့ကြောင့် သူတို့အရှေ့မှ ထိုဖက်တီးက ကောင်းကင်ပန်းချီကားများကို ရေးဆွဲသူဖြစ်ပြီး ဟွမ်ဖူထောင်ထျန်းကို ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်း ချေးငှားပေးခဲ့သူဖြစ်ကြောင်း သူတို့ သိသွားကြလေသည်။

ကျန်းရီတို့လည်း အံ့အားသင့်သွားကြ၏။ သူတို့သုံးယောက်သည် ရုပ်ပြောင်းဆေးလုံးနှင့် ပုံရိပ်ယောင်ကျောက်တုံးတို့ကို သုံး၍ ရုပ်ဖျက်ထားကြ၏။ ထို့ပြင် သူတို့သည် အကာအရံကိုသုံး၍လည်း အသံဖျက်ခဲ့ကြသည်။ အဘယ်သို့ ဟွမ်ဖူထောင်ထျန်းက သူတို့ကို ချက်ချင်း မှတ်မိသွားခြင်းနည်း။

ကျန်းရီက ဟွမ်ဖူထောင်ထျန်းကို တစ်ချက်ကြည့်လိုက်၏။ ဟွမ်ဖူထောင်ထျန်းက အရာအားလုံးကို ဖောက်မြင်နေရသကဲ့သို့ စူးရှသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေကြောင်း သူတွေ့လိုက်လေသည်။ သူ ခေတ္တတွေးတောလိုက်ပြီး ချမ်ဝမ်ကွမ်းထံ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ထို့နောက်တွင် ချမ်ဝမ်ကွမ်းက ပုံမှန်အတိုင်း ပြောလိုက်လေသည်။

“ဟွမ်ဖူထောင်ထျန်း... ထပါ။ ကျုပ်တို့နဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ”

ဤနေရာတွင် မျက်လုံးများစွာ ရှိနေသဖြင့် စကားပြောရန် မသင့်တော်ပေ။ သူတို့သည် ရွေးချယ်စရာ မရှိတော့သဖြင့် ဟွမ်ဖူထောင်ထျန်းကို ခြံဝန်းသို့ ပြန်ခေါ်သွားရပေလိမ့်မည်။ ဟွမ်ဖူထောင်ထျန်းက ဘာမှမပြောဘဲ ထရပ်ကာ လက်ဆုပ်အရိုအသေပေးလိုက်ပြီး သူတို့နောက်မှ တိတ်တဆိတ် လိုက်လာလေလေသည်။

ချမ်ဝမ်ကွမ်းက အရေးမစိုက်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထို့နောက် သူတို့လေးယောက်သည် အဝေးသို့ လျှောက်သွားလိုက်လေသည်။ သူတို့သည် နေရာအနှံ့မှ စောင့်ကြည့်ခြင်းကို ခံနေရသည်ဖြစ်၍ ရုပ်ထပ်ပြောင်းခြင်းနှင့် လမ်းကြောင်းပြောင်းခြင်းတို့ကို မလုပ်လိုက်တော့ပေ။ ယနေ့ပြီးနောက်တွင် သူတို့၏သတင်းအချက်အလက်များက မျိုးနွယ်ကြီးများ၏ လက်ထဲသို့ ရောက်သွားမည်ဖြစ်သည်။ သူတို့ ဆက်ပုန်းကွယ်နေရန် မလိုတော့ပေ။

***

ကျန်းရီတို့ မြို့တောင်ဘက်သို့ ထွက်သွားပြီးနောက်တွင် ရှန်းစီရင်ပြင်တစ်ခွင်လုံး၌ အုတ်အော်သောင်းနင်းဖြစ်၍ ကျန်ခဲ့၏။ ဟွမ်ဖူထောင်ထျန်းက အမှန်ပင် ဆရာရီဖျောင်ဖျောင်ထံတွင် ဆယ်နှစ်ကျွန်ခံမည်ဟု ပြောခဲ့ခြင်းလော။

ရင်ပြင်တစ်ခွင်လုံး၌ လေလံပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးပြောဆိုနေကြ၏။ ရီဖျောင်ဖျောင်၏အမည်က ရှန်းစီမြို့တစ်ခွင်လုံးတွင် ပျံ့နှံ့သွားပေသည်။ ဟွမ်ဖူထောင်ထျန်းက သေဆုံးနေသော မိန်းမပျိုတစ်ယောက်အတွက် သန်းနှစ်သိန်းသုံး၍ အသက်ပုလဲဝယ်ခဲ့သည့်ကိစ္စအပြင် သွေးဧကရာဇ်စစ်ရထားလုံးအကြောင်းကိုလည်း ဆွေးနွေးပြောဆိုနေကြ၏။ ယနေ့တွင် ရှန်းစီမြို့၌ ညမထွက်ရအမိန့် မရှိပေ။ ထို့ကြောင့် လူများစွာသည် တစ်ညလုံး ဆွေးနွေးပြောဆိုနေလောက်ပေသည်။

“ဘာ... အဲ့ သားမိုက်က သူများရဲ့ ကျွန် ဖြစ်ချင်နေတယ်ဟုတ်လား”

ဟွမ်ဖူချီသည် သူ၏စာကြည့်ခန်းသို့ ရောက်ရောက်ချင်းပင် ထိုသတင်းကို ကြားလိုက်ရသဖြင့် အလွန်ဒေါသထွက်သွား၏။ သူသည် စာကြည့်စားပွဲပေါ်မှ ဈေးကြီးသော ကြွေအိုးတစ်ခုကို ဒေါသတကြီး ပေါက်ခွဲလိုက်၏။ ယနေ့ညတွင် ဟွမ်ဖူထောင်ထျန်းက ရေပန်းစားခဲ့၏။ သို့သော် သူတို့၏ ဟွမ်ဖူမျိုးနွယ်ကမူ လုံးဝအရှက်ရခဲ့ပေသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် ဟွမ်ဖူမျိုးနွယ်သည် လူရယ်စရာမျိုးနွယ်တစ်ခု ဖြစ်လာနိုင်ပေသည်။

ဟွမ်ဖူထောင်ထျန်းကို ဟွမ်ဖူမျိုးနွယ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းကို အင်အားကြီးမျိုးနွယ်အချို့ကသာ သိထား၏။ အခမ်းအနားတွင် ဟွမ်ဖူထောင်ထျန်းက သူနှင့် ဟွမ်ဖူမျိုးနွယ်က ဘာမှမသက်ဆိုင်တော့ကြောင့် လူသန်းပေါင်းများစွာကို ကြေညာခဲ့သည်။ ထို့ကြောင့် သူတို့သည် ထိုကိစ္စကို ဆက်၍ မဖုံးကွယ်ထားနိုင်တော့ပေ။ လေလံပွဲ၏ နောက်ဆုံးပိုင်းတွင်လည်း ဟွမ်ဖူချီက ဒေါသထွက်နေ၍ ဟွမ်ဖူထောင်ထျန်းကို မကူညီခဲ့ချေ။ သူသည် သူ၏သားမိုက်ကို သင်ခန်းစာရစေလိုခဲ့၏။ သူ ဟွမ်ဖူမျိုးနွယ်က ထွက်သွားလျှင် ဘာအဆင့်အတန်းမှ မရှိသည့်သူ ဖြစ်သွားမည်ဖြစ်ကြောင်း သိစေလိုခဲ့၏။

သို့သော် ကောင်းကင်ပန်းချီကားများ၏ ပန်းချီပညာရှင်က ဟွမ်ဖူထောင်ထျန်းကို ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်း ချေးပေးလိမ့်မည်ဟု ဟွမ်ဖူချီ မထင်ထားခဲ့ပေ။ ယခုတွင် သူ၏ သားမိုက် ဟွမ်ဖူထောင်ထျန်းက ကျေးဇူးပြန်ဆပ်ရန် ဆယ်နှစ် ကျွန်ခံနေပြီလော။ သူသည် ထိုအကြောင်းကို လူရှေ့သူရှေ့တွင်ပင် ထုတ်ပြောခဲ့၏။ ထို့ကြောင့် ဟွမ်ဖူချီ မည်သို့ ဒေါသမထွက်ဘဲနေမည်နည်း။

ခွမ်း...ခွမ်း...ခွမ်း...

ဟွမ်ဖူချီသည် တွေးလေလေ၊ ဒေါသထွက်လေလေ ဖြစ်လာပြီး စာကြည့်ခန်းထဲရှိ ဈေးကြီးသော ကြွေအိုးများစွာကို ပေါက်ခွဲပစ်လိုက်သည်။ (၁၅)မိနစ်ကြာမှ သူ ပြန်တည်ငြိမ်လာသည်။

ဟွမ်ဖူချီသည် ခြင်္သေ့ကုလားထိုင်ပေါ်တွင် ‌မောမောဖြင့် ထိုင်ချလိုက်၏။ သူ၏မျက်လုံးထဲတွင် နာကျင်မှုများ ရှိနေပေသည်။ ခေတ္တကြာပြီးနောက် သူသည် လက်ဝှေ့ယမ်း၍ အမိန့်တစ်ခု ပေးလိုက်၏။

“အရိပ်... သူတို့ကို သွားပြီး စောင့်ကြည့်ထား။ အဲ့ရီဖျောင်ဖျောင်က လုမျိုးနွယ်နဲ့ လဲ့မျိုးနွယ်ကို အပြစ်ပြုမိထားတယ်။ အဲ့မျိုးနွယ်နှစ်ခုကိုလည်း တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းထားလိုက်။ တကယ်လို့ ငါ့သား အသတ်ခံရမယ်ဆိုရင်လည်း သတ်တဲ့သူက ငါပဲ ဖြစ်ရမယ်...”

“နားလည်ပါပြီ”

စာကြည့်ခန်း၏ ထောင့်တစ်ခုမှနေ၍ အသံအိုတစ်သံ ပဲ့တင်ထပ်လာ၏။ ထို့နောက်တွင် စာကြည့်ခန်းကို လေအေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားလေသည်။

ဟွမ်ဖူချီက မျက်လုံးမှိတ်၍ ခေတ္တမျှ အနားယူလိုက်၏။ သူသည် အတန်ငယ် အားပြန်ပြည့်လာပြီးနောက် ထပ်မံ အော်ပြောလိုက်၏။

“သခင်မလေးချမ်ချမ်က အခု ဘယ်မှာလဲ”

ဝှစ်...

အဘိုးအိုတစ်ယောက်က အခန်းထဲသို့ ဖျတ်ခနဲ ဝင်လာပြီး လက်ဆုပ်ကာ ဖြေလိုက်၏။

“မျိုးနွယ်ခေါင်းဆောင်... အခု သခင်မလေးချမ်ချမ်က သခင်မလေးစစ်ထူနဲ့အတူ ရှိနေပါတယ်။ သခင်မလေးရီနျန်က သခင်မလေးချမ်ချမ်ကို စစ်ထူစံအိမ်ငယ်မှာ ခဏလောက်နေဖို့ ဖိတ်ခဲ့တယ်လို့ ကျုပ်ကြားပါတယ်။ သခင်မလေးချမ်ချမ်ကလည်း သဘောတူခဲ့ပါတယ်တဲ့”

ဟွမ်ဖူချီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ယွင်အာကို သခင်မလေးချမ်ချမ်နဲ့ မိတ်ဆွေဖွဲ့ခိုင်းလိုက်ပါ။ အဲ့ကောင်မလေးက စစ်မှန်တဲ့ တော်ဝင်သွေးသားပဲ၊ အဲ့အဘိုးကြီးက သူ့ကို အချစ်ဆုံးလို့ ကျုပ်ကြားထားတယ်”

“သတင်းတွေအရတော့... မျိုးဆက်ငယ်တွေထဲမှာ သူက သခင်မလေးချမ်ချမ်ကို အချစ်ဆုံးဆိုတာ သေချာပါတယ်”

ဝတ်ရုံနက်နှင့် အဘိုးအိုက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ခင်ဗျားသွားနိုင်ပြီ။ ကျုပ် ပင်ပန်းနေပြီ”

ဟွမ်ဖူချီက လက်ခါလိုက်၏။ အဘိုးအို ထွက်သွားပြီးနောက်တွင် သူသည် မျက်လုံးများမှိတ်၍ ဒေါသတကြီး ရေရွတ်လိုက်၏။

“သားမိုက်... မိန်းမတစ်ယောက်အတွက်နဲ့ မင်းက တကယ်ပဲ အဖေနဲ့ မျိုးနွယ်ကို စွန့်ပစ်ခဲ့တယ်ပေါ့လေ။ ဒီအဘိုးကြီးက ဒေါသထွက်လို့ သေမှာပဲ...”

***

မြို့မြောက်ဘက်ပိုင်းရှိ လုမျိုးနွယ်အတွက်ပြင်ဆင်ပေးထားသော ခြံဝန်းထဲတွင် လုမျိုးနွယ်၏ အကြီးအကဲတစ်ဦးက လုမျိုးနွယ်ခေါင်းဆောင်၏ စာကြည့်ခန်းသို့ ခပ်သွက်သွက် သွားလိုက်၏။ သူသည် သူရောက်ကြောင်း ပြောလိုက်ပြီး အခန်းအတွင်းသို့ လျင်မြန်စွာဝင်ကာ တင်ပြလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... သခင်လေးလင်းနဲ့ သခင်မလေးယွီတို့နှစ်ယောက်စလုံး အပြင်ထွက်သွားကြပါတယ်”

လုလီက လက်ဖက်ရည်သောက်ရင်း စာအုပ်ဖတ်နေခြင်းပင်။ သူသည် အကြီးအကဲ၏ တင်ပြမှုကို ကြားသောအခါ မေးလိုက်၏။

“သူတို့ အပြင်ထွက်သွားတော့ရော ဘာဖြစ်လို့တုန်း... အဘိုးရုံက ဘာလို့ အဲ့ဒါလောက်နဲ့ သုတ်သီးသုတ်ပြာ ဖြစ်နေရတာလဲ”

အဘိုးရုံက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... အဲ့နှစ်ယောက်က ပြဿနာအိုးတွေဆိုတာ ခေါင်းဆောင်လည်း သိမှာပါ။ ရီဖျောင်ဖျောင်က သခင်လေးလင်းကို ဒေါသထွက်စေခဲ့တယ်ဆိုတော့ သူ သေချာပေါက် လက်စားချေဖို့ နည်းလမ်းရှာမှာပဲ”

“ဟားဟား...”

လုလီက အရေးမစိုက်ဟန်ဖြင့် လက်ဖက်ရည်တစ်ငုံ့ သောက်လိုက်ပြီး ပြောလိုက်၏။

“ပါးရိုက်ခံရရင် နားပြန်ကိုက်တာက ပုံမှန်ပါပဲ။ ဘာလဲ ကျုပ်တို့ လုမျိုးနွယ်ရဲ့ မျက်နှာကို လူတိုင်း ရိုက်လို့ ရနေပြီလား”

“ဟူး...”

အဘိုးရုံက စိတ်လှုပ်တရှား ပြန်ပြောလိုက်၏။

“မျိုးနွယ်ခေါင်းဆောင်... စစ်ထူမျိုးနွယ်က ရီဖျောင်ဖျောင်ကို ဂုဏ်ပြုတံဆိပ်ပြား ပေးလိုက်ပြီးဆိုတာကို ခေါင်းဆောင်မသိဘူးလား။ ပြီးတော့ ဟွမ်ဖူထောင်ထျန်းကလည်း အခု သူတို့နဲ့အတူ ရှိနေတယ်။ ဟွမ်ဖူမျိုးနွယ်က သားမိုက်ရဲ့ အကျင့်စရိုက်နဲ့ အင်အားကို ခေါင်းဆောင်လည်း သိလောက်မှာပါ...”

“အဘိုးရုံ...”

လုလီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လေးနက်သောလေသံဖြင့် မေးလိုက်၏။

“လင်းအာနဲ့ ယွီအာတို့က သူတို့ရဲ့ တံခါးကို သွားခေါက်ရလောက်အောင် ရူးမိုက်လိမ့်မယ်လို့ အဘိုးရုံ ထင်လို့လား။ သူတို့က တကယ်ပဲ အဲ့လောက် ရူးမိုက်တယ်ဆိုရင်လည်း လုမျိုးနွယ်ရဲ့ မျိုးဆက်တွေဖြစ်ဖို့ မသင့်တော်တော့ဘူးပေါ့။ သူတို့ သေသွားပြီး ပြန်မွေးဖွားလာသင့်တယ်”

“သူတို့က အဲ့လိုတော့ လုပ်မှာ မဟုတ်ပါဘူး”

အဘိုးရုံသည် အလွန်စိတ်လှုပ်ရှား‌နေသဖြင့် ခေါင်းမီးတောက်နေသည်။ ထို့နောက် သူ ခေတ္တမျှ တွေးလိုက်ပြီး ပြောလိုက်၏။

“သခင်လေးလင်းနဲ့ သခင်မလေးယွီတို့က လဲ့မျိုးနွယ်ရဲ့ ခြံဝန်ဆီ ဦးတည်သွားတာပဲ။ သူတိုက သခင်လေးချီရန်နဲ့ သခင်မလေးစစ်ဟန်တို့ကို သွားရှာပြီး ဒေါသဖြေနိုင်ဖို့ တစ်ခုခု ကြံစည်မယ့်ပုံပဲ။ အဲ့ဒါကြောင့်လည်း ကျုပ် စိတ်ပူနေရတာပါ။ သူတို့က ပြဿနာတစ်ခု ရှာမိနိုင်တယ်”

“မှားတယ်... အဘိုရုံ.. ခင်ဗျား မှားတယ်”

လုလီက ခေါင်းခါလိုက်ပြီး ခပ်သဲ့သဲ့ ရယ်လိုက်၏။

“အဲ့ဒါကြောင့် ကျုပ်က မစိုးရိမ်တာပဲ။ အခု လဲ့မျိုးနွယ်ပါ ပါလာပြီဆိုတော့ တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် လဲ့မျိုးနွယ်က တာဝန်ခံရမှာပဲ။ ကျုပ်တို့က ဘာကို စိတ်ပူနေရမှာလဲ။ လူငယ်တွေက အမှားလုပ်မိမှာကို မကြောက်သင့်ဘူး။ သူတို့က အမှားလုပ်ဖို့ သတ္တိမရှိမှာကိုပဲ ကျုပ်တို့ စိုးရိမ်ရမှာ။ သူတို့က ဒုက္ခမခံဘူးရင် ဘယ်လိုလုပ် ရင့်ကျက်လာနိုင်မှာလဲ။ တကယ်လို့ သူတို့ ဒီကိစ္စမှာ အနိုင်ရသွားရင် ကျုပ်တို့ လုမျိုးနွယ်လည်း ပိုပြီး ဂုဏ်တက်သွားမယ်မလား။ တကယ်လို့ သူတို့ ရှုံးသွားရင်လည်း သူတို့ အမှားတွေက သင်ခန်းစာယူပြီး ရင့်ကျက်လာနိုင်မှာပဲ။ အဘိုးရုံ... ကျုပ်တို့ ငယ်ငယ်တုန်းကလည်း အဲ့လိုပဲ လုပ်ခဲ့ကြတာပဲ မဟုတ်လား”

“အာ...”

အဘိုးရုံသည် လုလီ၏စကားကြောင့် ဆွံ့အသွား၏။ သူသည် ခေတ္တမျှတွေးပြီးနောက် ခါးသက်သက်ပြုံး၍ လက်ဆုပ်ကာ ပြောလိုက်လေသည်။

“ခေါင်းဆောင်ရဲ့ အတွေးက မှန်ပါတယ်။ ပြဿနာအားလုံးကို လဲ့မျိုးနွယ်က တာဝန်ခံရမယ်ဆိုတာ အမှန်ပါပဲ။ သူတို့က သခင်လေးချီရန်နဲ့ သခင်မလေးစစ်ဟန်တို့ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျုပ်က အစိုးရိမ်လွန်ပြီး အတွေးချော်သွားတာပါ...”

“မပူပါနဲ့... သူတို့ မြို့ထဲမှာ တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး။ လဲ့မျိုးနွယ်ကလည်း သူတို့ကို မဆင်မခြင်လုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး။ စည်းမျဉ်းတွေကို လိုက်နာရဦးမယ်မလား”

လုလီက လက်ယမ်းကာ ပြောလိုက်၏။

“သူတို့ကို မြို့ထဲမှာ ကစားခွင့်ပေးလိုက်ပါ။ တကယ်လို့ သူတို့ မြို့ပြင်ထွက်သွားရင်တော့ တစ်ယောက်ယောက်ကို သူတို့နောက် နောက်ယောင်ခံလိုက်ခိုင်းလိုက်ပါ။ သူတို့ရဲ့ အသက်အန္တရာယ် မစိုးရိမ်ရသေးသ၍ ဘာကိုမှ ဝင်မရှုပ်ပါနဲ့”

အဘိုးရုံသည် စိတ်လက်ပေါ့ပါးစွာ ပြန်ထွက်သွား၏။ လုလီက ပြုံး၍ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ရုတ်တရက် အေးစက်သွား၏။ သူသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်လေသည်။

“ပြဿနာနည်းနည်းရှာတာ ကောင်းတယ်။ သူတို့ ဟွမ်ဖူမျိုးနွယ်နဲ့ လဲ့မျိုးနွယ်ကို ဆွဲချနိုင်ရင် ပိုကောင်းမယ်။ လဲ့မျိုးနွယ်က ကျားကြီးနဲ့ ဟွမ်ဖူမျိုးနွယ်က သရဲအိုကြီးတို့သာ အချင်းချင်းပြန်ချကုန်ရင် စိတ်ဝင်စားစရာ ကောင်းမှာပဲ။ ရီဖျောင်ဖျောင်... ဟွန်း.. မင်းရဲ့နာမည်က အစစ်လား၊ အတုလားဆိုတာကို ငါ အရေးစိုက်ဘူး။ ဒါပေမဲ့ မင်း လုမျိုးနွယ်ကို စော်ကားဝံ့ရင် သေရမယ်”

***

All Chapters