← Chapters

ငယ်ပေါင်းကြီးဖော်များကဲ့သို့

Vol. 56 Ch. 779

ငယ်ပေါင်းကြီးဖော်များကဲ့သို့

Vol. 56 Ch. 779

ရှန်းစီမြို့ တောင်ဘက်အပိုင်းရှိ ခြံဝန်းနံပါတ်(၁၁၁၂)တွင်...

ချမ်ဝမ်ကွမ်းက သူတို့အုပ်စုကို ဦးဆောင်၍ ခြံဝန်းထဲသို့ ဝင်သွားပြီး အကာအရံကို ချက်ချင်း နှိုးလိုက်လေသည်။ ထို့နောက် အပြင်ဘက် လမ်းကြားများမှနေ၍ နောက်ယောင်ခံလိုက်သူအချို့ ထွက်ပေါ်လာ၏။ သူတို့သည် ခြံဝန်းကို ကြည့်ရှုလိုက်ပြီး အနီးရှိ ခြံဝန်းများမှ လူများကို ဆက်သွယ်လိုက်ကြကာ ထိုခြံဝန်းများကို ဝယ်ယူရန် ပြင်ဆင်လိုက်ကြ၏။ ထိုမှ သူတို့သည် ချမ်ဝမ်ကွမ်းတို့ကို အနီးကပ်စောင့်ကြည့်နိုင်မည်ဖြစ်သည်။

ကျန်းရီသည် ခြံဝန်းအတွင်းသို့ ရောက်သောအခါ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်လေသည်။ မည်သူမှ သူတို့၏ခြံဝန်းအတွင်းသို့ ကောင်းကင်စိတ်အာရုံများဖြင့် မစူးစမ်းနေကြချေ။ သူ ခါးသက်သက်ပြုံးလိုက်ပြီး မျက်လုံးများဖွင့်ကာ ဟွမ်ဖူထောင်ထျန်းကိုကြည့်၍ မေးလိုက်၏။

“သခင်လေးဟွမ်ဖူ... ကျွန်တော်က သခင်လေးကို ကူညီတဲ့သူဆိုတာ သခင်လေး ဘယ်လိုလုပ် သိတာပါလဲ”

“သခင်...”

ဟွမ်ဖူထောင်ထျန်းက ချမ်ဝမ်ကွမ်းကို မကြည့်ဘဲ လက်ဆုပ်၍ ကျန်းရီကို ပြန်ဖြေလိုက်၏။

“ငှက်စိမ်းကုန်သည်အဖွဲ့အစည်းရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှာကတည်းက ကျွန်တော် သခင်ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို မှတ်သားထားပြီးပါပြီ။ သခင် ကျွန်တော့်ကို ပေးခဲ့တဲ့ ကောင်းကင်ကျောက်တုံးတွေကို အဆတစ်ရာပြန်ပေးနိုင်တဲ့အချိန်ကျ သခင့်ကို လွယ်လွယ်ကူကူရှာနိုင်အောင် အဲ့လို မှတ်သားခဲ့တာပါ။ အဲ့ဒါကြောင့် သခင် ထွက်လာချင်းချင်း ကျွန်တော် တန်းသိခဲ့တာပါ”

“စိတ်ဝိညာဉ်အရှိန်အဝါလား...”

ကျန်းရီက ထပ်မံ၍ ခါးသက်သက် ရယ်လိုက်ပြီး ပြောလိုက်၏။

“သခင်လေးက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို မှတ်သားထားတယ်ဆိုရင်တောင် ဘယ်လိုလုပ် သခင်လေးကို သန်းရှစ်သောင်း ချေးပေးလိုက်တဲ့သူက ကျွန်တော်ဆိုတာ ဘယ်လိုလုပ်သိလဲ”

“အဟင်း...”

ဟွမ်ဖူထောင်ထျန်းက ရယ်ကာ ပြောလိုက်သည်။

“အဲ့အခြေအနေမှာ ကျွန်တော့်ကို ကောင်းကင်ကျောက်တုံး ချေးပေးဝံ့တဲ့သူ ဘယ်သူရှိမယ်လို့ သခင် ထင်ပါသလဲ။ ဘယ်သူက လဲ့မျိုးနွယ်ကို အပြစ်ပြုဝံ့မှာလဲ။ ကျွန်တော် သခင့်ကို ရှန်းစီမြို့မှာ တစ်ခါတွေ့ခဲ့ပါတယ်... အဲ့ဒါကြောင့် ကျွန်တော့်ကို ကောင်းကင်ကျောက်တုံး ချေးပေးတဲ့သူက သခင်ပဲဖြစ်ရမယ်လို့ ကျွန်တော် ယူဆခဲ့တာပါ”

“ဟမ်...”

ကျန်းရီ ဆွံ့အသွား၏။ ဟွမ်ဖူထောင်ထျန်းက ခန့်မှန်းခဲ့ခြင်းသာဖြစ်သည်။ သို့သော် ထိုခန့်မှန်းချက်က မှန်ခဲ့ပေသည်။

အခြေအနေများက ဤသို့ဖြစ်လာပြီဖြစ်၍ ကျန်းရီ ဘာမှ ဆက်မပြောလိုတော့ပေ။ ထို့နောက် သူ ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။

“သခင်လေးဟွမ်ဖူ... ကျွန်တော် သခင်လေးကို သန်းရှစ်သောင်း ချေးပေးတာက ကျွန်တော်တို့က အကျင့်စရိုက်တူတဲ့သူတွေ မလို့ပဲ။ ကျွန်တော် သခင်လေးရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓာတ်ကို လေးစားတယ်။ စစ်ထူအောင်း ပြောခဲ့သလိုပဲ သခင်လေးက သန်းတစ်သန်းတန်ပြီး အကန့်အသတ်မဲ့တဲ့ အနာဂတ်ရှိပါတယ်။ အနာဂတ်မှာ သခင်လေးက သန်းရှစ်သောင်းပြန်ဆပ်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် သခင်လေး ကိုယ့်ကိုယ်ကို နှိမ့်ချစရာမလိုပါဘူး။ ဆယ်နှစ်ကျွန်ခံမယ်ဆိုတဲ့အကြောင်းကို ထပ်မပြောပါနဲ့တော့။ ကျွန်တော်က သခင်လေးဟွမ်ဖူလို ပါရမီရှင်တစ်ယောက်ရဲ့ သခင်ဖြစ်ဖို့ အရည်အချင်းမမီပါဘူး”

ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီက သူ့ကို ချီးကျူးနေသော်လည်း မာနထောင်လွှားမသွားပေ။ ထိုအစား သူက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

“သခင်.. သခင့်မှာ သခင့်ရဲ့ စည်းမျဉ်းတွေရှိသလို ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိပါတယ်။ ကျွန်တော် သေချာပေါက် ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်းကို ပြန်ဆပ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ကျွန်အဖြစ် ဆယ်နှစ်ထမ်းဆောင်မှာက အကြွေးပြန်ဆပ်ဖို့ မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ပြသဖို့ပါ။ သခင့်အတွက် သန်းရှစ်သောင်း ချီးပေးတာက အသေးအဖွဲဆိုပေမယ့် ကျွန်တော့်အတွက်က အသက်ကယ်ပေးလိုက်သလိုကို ကြီးမားတဲ့ကိစ္စတစ်ခုပါ။ ကျွန်‌‌တော် ဟွမ်ဖူထောင်ထျန်းမှာ ပြတ်သားတဲ့ စိတ်ဓာတ်ရှိပါတယ်။ ကလဲ့စားကို ကလဲ့စားနဲ့ တုံ့ပြန်သလို ကြင်နာမှုကိုလည်း ကြင်နာမှုနဲ့ ပြန်တုံ့ပြန်ပါတယ်။ တကယ်လို့ သခင်က လက်မခံသေးဘူးဆိုရင် ကျွန်တော် သခင့်ရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ ဒီနေရာမှာပဲ ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါမယ်”

“ဒါက...”

ကျန်းရီ၊ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့က ဟွမ်ဖူထောင်ထျန်း၏ ပြတ်သားသော မျက်နှာထားနှင့် မျက်လုံးများကို ကြည့်လိုက်ကြ၏။ သူသည် အမှန်ပင် ပြတ်သားသူ တစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် သူသည် မြည်းတစ်ကောင်ကဲ့သို့ ခေါင်းမာနေမည် မဟုတ်ပေ။

“ကောင်းပြီ”

ကျန်းရီက အချိန်အတော်ကြာ တွေးတောပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်၏။

“အဲ့ဒါဆို အစ်ကိုဟွမ်ဖူ ကျွန်တော့်နောက်ကို ဆယ်နှစ်လိုက်ပါ။ ဒါပေမဲ့ ကျွန်ဆိုတဲ့ စကားကိုတော့ ထပ်မသုံးရဘူး။ အစ်ကိုနဲ့ ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုလိုပဲ သုံးနှုန်းကျမယ်။ ကျွန်တော် တကယ်ပဲ အစ်ကိုဟွမ်ဖူရဲ့ အကူအညီကို လိုအပ်နေလို့ ဆက်ပြီး မငြင်းခုန်တော့ပါဘူး”

ကျန်းရီက စကားပြောရင်း အတွင်းအားလှည့်ပတ်ကာ ရုပ်ပြောင်းဆေးလုံး၏ အာနိသင်များကို ဖယ်ရှားလိုက်လေသည်။ ထို့နောက် ပုံရိပ်ယောင် လကျောက်တုံးကိုလည်း ဖယ်လိုက်ပြီး သူ၏ ရုပ်အစစ်အမှန်ကို ပြသလိုက်သည်။ ထို့နောက် သူ လက်ဆုပ်ကာ ပြောလိုက်၏။

“ကျွန်တော်က ရန်သူတွေ လိုက်ဖမ်းတာကို ခံနေရလို့ ရွေးစရာမရှိဘဲ ရုပ်အစစ်ကို ဖုံးကွယ်ထားရတာပါ။ အစ်ကိုဟွမ်ဖူ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“အာ...”

ဤတစ်ကြိမ်တွင် အံ့အားသင့်သွားသူမှာ ဟွမ်ဖူ‌ထောင်ထျန်းဖြစ်သည်။ သူသည် ကျန်းရီက သူ့ထက် ငယ်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် ကျန်းရီက သူ့ထက် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ငယ်ပေသည်။ ကျန်းရီ၏ အသံက အလွန်ငယ်ပုံ ပေါက်သော်လည်း ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီက အနည်းဆုံး အသက်သုံးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့၏။ သူသည် ကောင်းကင်ပန်းချီကား သုံးချပ်ကို မြင်ခဲ့၏။ ထိုကဲ့သို့သော ပန်းချီကားများကို အတွေ့အကြုံ မရင့်ကျက်သေးသူတစ်ယောက်က ရေးဆွဲနိုင်မည် မဟုတ်ပေ။

ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့ကလည်း သူတို့၏ ရုပ်အစစ်အမှန်ကို ဖော်ပြလိုက်ကြသည်။ ကျန်းရီက ဟွမ်ဖူထောင်ထျန်းကို ယုံကြည်ရန် ရွေးချယ်ပြီး သူတို့ကို ကျန်းရီကို ယုံကြည်ရန် ရွေးချယ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့ ရုပ်အမှန်ကို ဆက်၍ဖုံးကွယ်ထားရန် မလိုတော့ချေ။

“ကျွန်တော့်ရဲ့ နာမည်အမှန်က ကျန်းရီပါ။ ဒါကတော့ ကျွန်‌တော့်ရဲ့ ညီနောင်တွေပါ.. ချမ်ဝမ်ကွမ်းနဲ့ ရွှေ‌ရောင်မျောလွင့်နဂါးလို့ ခေါ်ပါတယ်”

ကျန်းရီသည် ရုပ်အမှန်ကို ဖော်ပြလိုက်ရုံသာမက နာမည်အမှန်ကိုလည်း ပြောလိုက်ပေသည်။ ဟွမ်ဖူထောင်ထျန်း ထပ်မံ အံ့အားသင့်သွား၏။ ထို့နောက် သူသည် တောက်ပသော မျက်လုံများဖြင့် မေးလိုက်၏။

“ကျန်းရီ... ညီလေးက ရှီးမျိုးနွယ်နဲ့ ကျန်းမျိုးနွယ်က သခင်လေးတွေကို အရှုံးနဲ့ ပြန်သွားစေခဲ့တဲ့ တစ်ယောက်လား။ မျိုးနွယ်ကြီးလေးခုရဲ့ လိုက်ဖမ်းတာကို ခံခဲ့ရပြီး အရှေ့ဘက် တော်ဝင်နယ်မြေမှာ ကျော်ကြားခဲ့တဲ့ ကျန်းရီလား”

“အာ...”

ချမ်ဝမ်ကွမ်း အံ့ဩသွား၏။

“ကျုပ်ရဲ့ခေါင်းဆောင်က တော်တော် နာမည်ကြီးတာလား”

“ဟားဟားဟား...”

ဟွမ်ဖူထောင်ထျန်းက ခေါင်းမော့ကာ ရယ်လိုက်ပြီး ပြောလိုက်၏။

“သူရဲကောင်းမှန်ရင် လူငယ်ဘဝကတည်းက ကျော်ကြားတာပဲ။ ပတ္တမြားမှန်ရင် နွံ့မနစ်ဘူး။ ဟွမ်ဖူထောင်ထျန်း အားလုံးနဲ့ သိကျွမ်းရတာ အရမ်းဂုဏ်ယူမိပါတယ်”

“ဟားဟားဟား...”

ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ လှိုက်လှိုက်လှဲလှဲ ထပ်မံ ရယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် သူတို့က အကျင့်စရိုက်တူသူများဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် နားလည်ရန် စကားများစွာ ပြောနေရန် မလိုပေ။ သူတို့သည် ငယ်ပေါင်းကြီးဖော်များကဲ့သို့ ခံစားနေရပေသည်။

“အို့...ဟုတ်သား”

ဟွမ်ဖူထောင်ထျန်းက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“သခင်..အဲ... ညီလေးကျန်းရီ၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ညီလေးက ကောင်းကင်မိုးကြိုးမြို့မှာ နေခဲ့တာလား။ အဲ့အချိန်တုန်းက လုလင်းက အဖွဲ့မှူးကျန်းလို့ ခေါ်တဲ့သူတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေလို့ အစ်ကို ကြားမိတယ်။ အဲ့အဖွဲ့မှူးကျန်းရဲ့ နောက်နာမည်တစ်ခုက တစ်ကိုယ်တော်ဝံပုလွေတဲ့။ အဲ့လူက ညီလေးကျန်းလား”

ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လုလင်းက ကျွန်တော့်ရဲ့ ညီမလေးကို အတင်းလက်ထပ်ချင်ခဲ့တာ။ ကျွန်တော့်ရဲ့ အစွမ်းက မလုံလောက်သေးလို့ပေါ့... မဟုတ်ရင် ကျွန်တော် သူ့ကို သတ်ခဲ့တယ်”

“ဟားဟားဟား...”

ဟွမ်ဖူထောင်ထျန်းက ဟက်ဟက်ပက်ပက် ထပ်ရယ်လိုက်ပြီး ပြောလိုက်၏။

“လုလင်းက ဘာမလို့လဲ။ အခွင့်အရေးရရင် ညီလေးအတွက် အစ်ကို သူ့ကို ကိုယ်တိုင်သတ်ပေးမယ်။ သူမပြောနဲ့... တကယ်လို့ လဲ့ချီရန် ပြဿနာလာရှာရဲရင်တောင် အစ်ကို သေချာပေါက် သူ့ခြေထောက်တွေကို ချိုးပစ်မယ်။ ညီလေးကျန်းရီ ရှန်းစီမြို့ထဲမှာ စိတ်အေးလက်အေး နေနိုင်ပါတယ်။ အစ်ကိုရှိနေသ၍ ဘယ်သူမှ ပြဿနာ လာရှာရဲမှာ မဟုတ်ပါဘူး။ မျိုးနွယ်ကြီးလေးခုက နောက်ကွယ်မှာ ဓားပြတွေ၊ ပြည့်တန်ဆာတွေ ဖြစ်နေပေမယ့် အပေါ်ယံမှာတော့ ဂုဏ်သိက္ခာတွေ၊ စည်းမျဉ်းတွေကို တန်ဖိုးထားပါသေးတယ်”

“ဓားပြတွေ၊ ပြည့်တန်ဆာတွေလား...”

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့က အိုးတိုးအန်းတန်း မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်တွင် မွေးဖွားလာသော်လည်း မျိုးနွယ်ကြီးလေးခုကို ထိုသို့ ပြောနေ၏။ သို့သော် ဟွမ်ဖူထောင်ထျန်း၏စကားကြောင့် ကျန်းရီတို့သုံးယောက် ပိုစိတ်အေးသွားသည်။

“တကယ်တော့...”

ဟွမ်ဖူထောင်ထျန်းက ခေတ္တမျှ စကားရပ်လိုက်ပြမှ ဆက်ပြော၏။

“ညီလေးကျန်းရီက ရှန်းစီမြို့နွယ်စုမှာပဲ ကျော်ကြားတာမဟုတ်ဘူး၊ ရီဖျောင်ဖျောင်ရဲ့နာမည်ကလည်း ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်လုံးမှာ ကျော်ကြားလာလိမ့်မယ်လို့ အစ်ကိုထင်တယ်။ ညီလေးသာ ညီလေးရဲ့ကျော်ကြားမှုကို အသုံးမချရင် နှမြောစရာကောင်းလိမ့်မယ်။ ညီလေးအနေနဲ့ မျိုးနွယ်ကြီးလေးခုဆီသွားပြီး မိတ်ဆွေဖွဲ့ချင်ကြောင်း ပြသသင့်တယ်။ အဲ့ဒါဆို မျိုးနွယ်ကြီးလေးခုက ညီလေးကို ပြဿနာရှာမှာ မဟုတ်ဘူး။ တကယ်လို့ ညီလေးကျန်းရီက မျိုးနွယ်တစ်ခုထဲ ဝင်ဖို့ အကြံရှိထားရင်လည်း ဝင်ဖို့ဖြစ်နိုင်ပါတယ်။ မျိုးနွယ်ကြီးလေးခုမှာ အရင်းအမြစ်‌တွေ အများကြီးရှိတယ် မဟုတ်လား”

“ဟင်းဟင်း...”

ကျန်းရီက ခပ်ရေးရေး ရယ်လိုက်ပြီး ဟွမ်ဖူထောင်ထျန်းကို ကြည့်လိုက်၏။

“အစ်ကိုဟွမ်ဖူက ကျွန်တော့်ကို မျိုးနွယ်တစ်ခုထဲဝင်ပြီး သူများခိုင်းဖက်အဖြစ် နေချင်တဲ့သူလို့ ထင်လို့လား”

ဟွမ်ဖူထောင်ထျန်းက ကျန်းရီကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

“အစ်ကို စကားမှားသွားတယ်။ အားလုံး ဒီမှာ စိတ်အေးလက်အေးနဲ့ နေနိုင်ပါတယ်။ လဲ့ထင်ဝေနဲ့ လုလီတို့က ပြဿနာလာရှာမှာ မဟုတ်ပါဘူး။ လုလင်းနဲ့ လဲ့ချီရန်တို့ကိုတော့ အစ်ကိုရှင်းလိုက်ပါမယ်။ ညီလေး မြို့ထဲက ထွက်မသွားသ၍ ဘယ်သူမှ ညီလေးရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

“ကောင်းပါပြီ”

ကျန်းရီ လုံးဝ စိတ်အေးသွား၏။ ယခု သူကြားဖို့ လိုနေသည်မှာလည်း ထိုသို့သောစကားပင်ဖြစ်သည်။ သူ ရှန်းစီမြို့ထဲတွင် အေးအေးဆေးဆေး နေနိုင်ပြီး မည်သူမှ သူ့ကို ပြဿနာလာမရှာလျှင် အဘယ်ကြောင့် သူက မြို့ပြင်ကို ထွက်မည်နည်း။ သူ၏အင်အားက အဆင့်တစ်ခုကို ရောက်သွားသည့်အချိန်ကျလျှင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ အ‌ရှေ့ဘက် တော်ဝင်နယ်မြေသို့ ထွက်ပြေးနိုင်‌ပေသည်။

ကျန်းရီ၏လက်ထဲတွင် ဧကရာဇ်နန်းတော် ထွက်ပေါ်လာ၏။ သူက ဖုန်းလန်တို့ကို အပြင်သို့ ခေါ်ထုတ်လိုက်လေသည်။ ထို့နောက် သူ ကျယ်လောင်စွာ ရယ်၍ ပြောလိုက်၏။

“ဖုန်းအာ၊ ချင်းယွီ... သေရည်ကောင်းနှင့် ဟင်းပွဲတွေ မြန်မြန် သွားပြင်ဆင်လိုက်ပါ။ ငါ အစ်ကိုဟွမ်ဖူနဲ့ သေရည်အဝသောက်မယ်”

“သေရည်သောက်မယ့်ကိစ္စကို မေ့လိုက်ကြတာပေါ့”

ဟွမ်ဖူထောင်ထျန်းက ခေါင်းခါ၍ အားနာသည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

“လင်အာသေသွားကတည်းက အစ်ကို သေရည်ဖြတ်လိုက်တာပဲ။ လင်အာ ပြန်မရှင်လာမချင်း သေရည်တစ်စက်တောင် မထိပါဘူးလို့ အစ်ကို သစ္စာဆိုထားတယ်”

“လင်အာ...”

ကျန်းရီတစ်ယောက် မျက်နှာထား တည်ငြိမ်သွားပြီး ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ချင်းယွီတို့ကို ကြည့်လိုက်၏။ ထို့နောက် သူ ခေတ္တမျှ တွေးကာ မေးလိုက်လေသည်။

“အစ်ကိုဟွမ်ဖူ... တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို မိန်းကလေးလင်အာရဲ့ အကြောင်းကို ပြောပြနိုင်မလား။ ကျွန်‌တော်တို့ အတူတူ နည်းလမ်းတစ်ခု စဉ်းစားနိုင်မလားဆိုတာ ကြည့်ကြတာပေါ့”

***

All Chapters