မည်သူက အဆင့်အတန်းကို အရေးစိုက်သနည်း
Vol. 56 Ch. 780
“လင်အာ...”
ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများထဲတွင် သောကအရိပ်အရောင်များ ထွက်ပေါ်လာ၏။ သူသည် ခေတ္တခန့် တိတ်တဆိတ် ရပ်နေပြီးမှ မပွင့်တပွင့် ပြောလိုက်လေသည်။
“လင်အာရဲ့ နာမည်အပြည့်အစုံက ချီလင်အာတဲ့။ သူက အဆင့်အတန်းနိမ့်နိမ့်ကျကျနဲ့ မွေးဖွားလာတာ၊ အစ်ကိုတို့ မျိုးနွယ်က အစေခံတစ်ယောက်ရဲ့ သမီးပဲ။ အဲ့အစေခံက ကြမ်းပြင်တွေကို တံမြက်စည်းလှဲရတဲ့ နားမကြားသူတစ်ယောက်ပဲ...”
“အစ်ကို့ရဲ့ အမေက အစ်ကိုသုံးနှစ်သားအရွယ်မှာ ဆုံးသွားခဲ့တယ်။ သူ သူ့ကိုယ်သူ သတ်သေသွားတာကို အစ်ကို ကြည့်ခဲ့ရတာ။ သူ သတ်သေအောင် အဘိုးကြီးက ဖိအားပေးခဲ့တာ။ အဲ့ဒါကြောင့် ငယ်ငယ်ကတည်းက အစ်ကို ဟွမ်ဖူမျိုးနွယ်ကို မုန်းခဲ့တယ်။ အစ်ကို ငယ်ငယ်တုန်းက အားနည်းပြီး အမြဲနေမကောင်းဖြစ်နေခဲ့တာ။ အစ်ကို့အမေ ဆုံးသွားတာရယ်၊ အဘိုးကြီးက အစ်ကို့ကို မကြိုက်တာရယ်ကြောင့် အစ်ကို မကြာခဏ အနိုင်ကျင့်ခံခဲ့ရတယ်။ အရိုက်အနှက်ခံရလို့ အစ်ကို့ခန္ဓာကိုယ်မှာ အမြဲ ဒဏ်ရာတွေ၊ အမာရွတ်တွေနဲ့ ပြည့်နေတာပဲ။ အဲ့ဒဏ်ရာတွေကို ကိုယ့်ဘာသာပဲ ကြိတ်ကုခဲ့ရတယ်...”
“ကိုးနှစ်သားအရွယ်ရောက်တော့... မျိုးနွယ်စည်းမျဉ်းတွေအရ အစ်ကို ကိုယ်ပိုင်အစေခံကောင်မလေးတစ်ယောက်ရတယ်။ သူက လင်အာပဲ။ အဲ့အချိန်တုန်းက သူက ငါးနှစ်သမီးပဲ ရှိသေးတာ။ လင်အာရဲ့ အမေကလည်း ဆုံးပါးသွားပြီ၊ အဖေကလည်း တံမြက်စည်းလှဲရတဲ့ နားမကြားသူတစ်ယောက်ဆိုတော့ အစ်ကိုနဲ့လင်အာ အချင်ချင်းပဲ အားကိုးအားထားပြုခဲ့ရတယ်။ အစ်ကို အရိုက်အနှက်ခံရတိုင်း လင်အာက အစ်ကို့ကို ပြုစုပေးခဲ့တယ်။ အစ်ကို့ကို ပြုစုပေးလို့ သူလည်း အကြိမ်အများကြီး အရိုက်အနှက်ခံရတယ်။ အဲ့အချိန်တုန်းက လင်အာကို ကာကွယ်ပေးနိုင်ဖို့ ပိုပြီးသန်မာလာစေရမယ်လို့ အစ်ကို သစ္စာဆိုခဲ့တယ်”
ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ထိုစကားများကို နားထောင်နေရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသက်သက် ပြုံးလိုက်ကြသည်။ ဟွမ်ဖူထောင်ထျန်းသည်လည်း ကျန်းရီခံစားခဲ့ရသလို တွေ့ကြုံခံစားခဲ့ရ၏။ ကျန်းရီသည်လည်း မကြာခဏရိုက်နှက်ခံခဲ့ရပြီး ထိုကိစ္စထဲတွင် ကျန်းရှောင်နူလည်း ပါခဲ့ရသည်။ သို့သော် ကွာခြားမှုတစ်ခုမှာ ကျန်းရီ၏ ဒန်တျန်က ချိပ်ပိတ်ခံထားခဲ့ရပြီး ဟွမ်ဖူထောင်ထျန်းက ပါရမီရှင်တစ်ယောက် ဖြစ်နေခြင်းပင်။
ထင်ထားသကဲ့သို့ပင်။
ဟွမ်ဖူထောင်ထျန်းက ဆက်ပြော၏။
“အစ်ကို့မှာ ပါရမီကောင်းရှိခဲ့တယ်၊ အစ်ကို့ရဲ့ ကျင့်ကြံနှုန်းက အရမ်းမြန်တယ်။ အသက်(၁၅)နှစ်အရွယ်မှာ အစ်ကိုက ဗာဂျရာအဆင့်ကို ရောက်နေပြီ.. အစ်ကို့ကို အနိုင်ကျင့်တဲ့သူတွေကို ပြန်ရိုက်နှက်နိုင်လာပြီ။ အသက်(၁၈)နှစ်အရွယ်ရောက်တော့ အစ်ကို ဗာဂျရာအထွတ်အထိပ်အဆင့်ကို ရောက်ခဲ့တယ်။ အသက်(၂၀)အရွယ်မှာ အစ်ကို ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ အသက်(၂၅)နှစ်အရွယ်မှာ ကြယ်ငါးပွင့် အဆင့်မြင့်တာအိုပုံသဏ္ဌာန်ဖြစ်တဲ့ မိုးကြိုးအလင်းလျှပ်စစ်အရိပ်ကို ပေါင်းစည်းနိုင်ခဲ့တယ်။ အဲ့အဖြစ်က ရှန်းစီမျိုးနွယ်စုတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တယ်။ အစ်ကိုက မျိုးနွယ်(၁၃)ခုစလုံးက မျိုးဆက်သစ်တွေအကုန်လုံးထက် သာလွန်ခဲ့တယ်...”
“အစ်ကို လူငယ်မျိုးဆက်တွေကြားမှာ အသန်မာဆုံးဖြစ်လာရင် လင်အာကို ခမ်းခမ်းနားနား လက်ထပ်ယူမယ်လို့ ကတိပေးခဲ့ဖူးတယ်။ အဘိုးကြီးက အစ်ကို အခန်းအောင်းကျင့်ကြံနေတဲ့ နှစ်နှစ်အတွင်းမှာ အစ်ကို့ကို စေ့စပ်ပေးထားလိမ့်မယ်လို့ အစ်ကို မထင်မိခဲ့ဘူး။ ညီလေးတို့အားလုံးလည်း အဲ့အကြောင်းကို သိပြီးလောက်မှာပါ... အဲဒီသူက လဲ့ထင်ဝေရဲ့သမီး လဲ့စစ်ဟန်ပဲ။ အစ်ကိုနဲ့လင်အာတို့ ချစ်နေကြတာ ငါးနှစ်ရှိနေပြီဆိုတော့ အစ်ကို အဲ့ကိစ္စကို လက်မခံခဲ့ဘူး။ အစ်ကို ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာ ဟွမ်ဖူမျိုးနွယ်မှာ အာဏာနည်းနည်းရှိလာပြီး လင်အာကို လက်ထပ်ယူနိုင်အောင်အတွက်ပဲ...”
“အစ်ကို အဘိုးကြီးနဲ့ ပြဿနာအကြီးအကျယ်တက်ခဲ့တယ်... အစ်ကိုက လဲ့မျိုးနွယ်နဲ့ စေ့စပ်မှုကို လုံးဝ သဘောမတူခဲ့ဘူး။ လင်အာက အစ်ကိုရဲ့ ငယ်ချစ်ဦးပဲ... အစ်ကို သူ့ကို အသည်းထဲက နက်နက်ရှိုင်းရှိုင်းချစ်တယ်။ အစ်ကို ဘယ်လိုလုပ် သူ့ကို သစ္စာဖောက်နိုင်မှာလဲ။ အဘိုးကြီးကတော့ ဒေါသူပုန်ထတာပေါ့။ သူက တစ်ယောက်ယောက်ကို လင်အာနဲ့သူ့အဖေကို ဖမ်းချုပ်ခိုင်းပြီး လျှို့ဝှက်နေရာတစ်ခုမှာ ဖွက်ထားခိုင်းခဲ့တယ်။ သူက အစ်ကို့ကိုကျ လင်အာက အစ်ကို့ရဲ့ တက်လမ်းကို မပိတ်ချင်လို့ အဝေးတစ်နေရာကို ထွက်သွားပြီဆိုပြီး ပြောခဲ့တယ်...”
“အစ်ကို လင်အာကို အရူးတစ်ယောက်လို လိုက်ရှာခဲ့တယ်။ ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံးမှာ ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ အစ်ကို နှစ်နှစ်ကြာအောင် ရှာခဲ့တယ်... နောက်ဆုံးကျ အစ်ကို သူ့ကို လဲ့မျိုးနွယ်ရဲ့ ခြံဝန်းတစ်ခုထဲမှာ သွားတွေ့တယ်။ ဒါပေမဲ့ သူက သေပြီးနေပြီ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အဘိုးကြီးက အစ်ကိုက လဲ့စစ်ဟန်နဲ့ လက်ထပ်သွားပြီဆိုပြီး သူ့ကို လိမ်ခဲ့တာပဲ။ သူက သက်သေအတုတွေကိုတောင် လုပ်ထားသေးတယ်။ အဲ့ဒါကြောင့် လင်အာက နှစ်နှစ်လုံးလုံး စိတ်ဓာတ်ကျနေခဲ့ရတယ်... နောက်တော့ သူ အကြီးအကျယ်နေမကောင်းဖြစ်ပြီး အိပ်ရာထဲမှာ လဲနေခဲ့ရတယ်။ အစ်ကို သူ့ကို ရှာတွေ့တဲ့အချိန်မှာ သူက ကွဲအက်ပြီးတဲ့ ကျောက်စိမ်းတစ်ခု ဖြစ်နေပြီ...”
ဟွမ်ဖူထောင်ထျန်းသည် ပြောနေရင်းဖြင့် မျက်ရည်များ စီးကျလာ၏။ ကျန်းရီတို့သည်လည်း သက်ပြင်းချကာ ခေါင်းငုံ့ထားကြသည်။ ဖုန်းလန်တို့ မိန်းမပျိုလေးများမှာ တရှုံ့ရှုံ့ငိုနေကြသည်။ ကျန်းရှောင်နူသည် ကျန်းရီကို တိတ်တဆိတ်မှီကာ သူ၏လက်ကို တင်းနေအောင် ဆုပ်ထား၏။ သူမ၏ခန္ဓာကိုယ်လေးက တုန်ရင်နေပေသည်။
ထိုဇာတ်လမ်းက ဝမ်းနည်းဖွယ်ဇာတ်လမ်းတစ်ခုပင်။
သို့သော် ထိုဇာတ်လမ်းမျိုးက အတွေ့ရများ၏။ မျိုးနွယ်ကြီးများစွာတွင် ထိုကဲ့သို့ ချစ်သူနှစ်ဦး ကွဲကွာရသော ဇာတ်လမ်းများ အမြဲရှိနေမည်သာ။ ထိုမျိုးနွယ်ကြီးများသည် သူတို့၏ ဂုဏ်သိက္ခာကို အလွန်အရေးထားပြီး မျိုးနွယ်မှ လူများကို လက်ထပ်ပေးရာတွင်လည်း အဆင့်အတန်းတူသူများနှင့်သာ သဘောတူကြ၏။ အကယ်၍ ဟွမ်ဖူထောင်ထျန်းသာ သာမန်သခင်လေးတစ်ယောက်ဖြစ်နေပါက ဟွမ်ဖူမျိုးနွယ်သည် ထိုမျှ ဒုက္ခခံကြံစည်နေမည် မဟုတ်ပေ။ သူက ပါရမီထူးသူတစ်ယောက် ဖြစ်နေ၍သာ မျိုးနွယ်က သူ့ကို များစွာအလေးထားခဲ့ခြင်းပင်။ နောက်ဆုံးတွင်မူ သူက အလွန်ခေါင်းမာသူတစ်ယောက် ဖြစ်နေခဲ့ခြင်းသာဖြစ်သည်။ အကယ်၍ သူသာ လဲ့စစ်ဟန်ကို ဟန်ပြလက်ထပ်ခဲ့ပြီး ချီလင်အာကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူခဲ့ပါက ထိုဝမ်းနည်းဖွယ်ဇာတ်လမ်း ဖြစ်လာမည် မဟုတ်ပေ။
ကျန်ကိစ္စများကို ဟွမ်ဖူထောင်ထျန်း ဆက်ပြောပြစရာ မလိုတော့ပေ။ ထိုအကြောင်းများက ထင်ရှားနေပြီးဖြစ်သည်။ သူသည် ဒေါသတကြီးဖြင့် ဟွမ်ဖူချီကို မေးမြန်းရန် ပြန်လာခဲ့ပြီး ဟွမ်ဖူမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဟွမ်ဖူမျိုးနွယ်ကို သစ္စာဖောက်ကာ အသက်ပုလဲဝယ်ယူရန်အတွက် ရှန်းစီပင်လယ်သို့သွား၍ ကောင်းကင်ကျောက်တုံးများ လုယက်ခဲ့လေသည်။
“ငါသာ ဟွမ်ဖူထောင်ထျန်းဆိုရင် လဲ့စစ်ဟန်ကို လက်ထပ်မှာလား”
ကျန်းရီက သူ့ကိုယ်သူ ရိုးသားစွာ မေးလိုက်၏။ သို့သော် သူသည်လည်း ဟွမ်ဖူထောင်ထျန်းသို့ပင် ရွေးချယ်မည်ဖြစ်ကြောင်း သဘောပေါက်သွားပေသည်။
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ကျန်းရှောင်နူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူက ဟွမ်ဖူထောင်ထျန်းကို ကြည့်၍ ပြောလိုက်၏။
“အစ်ကိုဟွမ်ဖူ... မသေမျိုးလောက,က တကယ်တည်ရှိလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဆန်းကြယ်ဧကရာဇ်က ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်ခဲ့တယ်ဆိုတော့ အစ်ကိုလည်း အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်နိုင်ပြီး အသက်ပြန်သွင်းနိုင်တဲ့ ဆေးလုံးကို တွေ့ခဲ့ရင် သေချာပေါက် အစ်ကိုအတွက် တစ်လုံးရအောင် ယူပေးပြီး မိန်းကလေးလင်အာကို အသက်ပြန်သွင်းပေးပါမယ်”
ဟွမ်ဖူထောင်ထျန်းက မျက်နှာလွှဲ၍ ခေတ္တမျှ ကျောခိုင်းလိုက်၏။ မကြာခင်တွင် သူ၏မျက်နှာ ပြန်တည်ငြိမ်လာပြီး သူ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ဘယ်သူက အဆင့်အတန်းတွေကို ဂရုစိုက်လို့လဲ။ ဆန်းကြယ်ဧကရာဇ်က ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်မှတော့ ငါ ဟွမ်ဖူထောင်ထျန်းလည်း ဘာလို့ အဲ့လို မလုပ်နိုင်ရမှာလဲ”
“ဟုတ်တယ်...”
ထိုစဉ် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်း ပြောခဲ့သော စကားတစ်ခွန်းကို အမှတ်ရသွားသဖြင့် နားမလည်ဟန်ဖြင့် မေးလိုက်၏။
“အစ်ကိုဟွမ်ဖူ... အစောက အစ်ကို ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်အကြောင်း ပြောသွားတယ်နော်။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ တာအိုပုံသဏ္ဌာန်တွေကို ကြယ်တွေနဲ့ အဆင့်ခွဲထားတာလား”
“ဟုတ်တယ်လေ...”
ဟွမ်ဖူထောင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်မှာ ကွာခြားမှုတွေ မရှိဘူး။ ဒါပေမဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တွေမှာ အဆင့်တွေ ခွဲထားတယ်။ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တွေကို တိုက်ရိုက် ကျင့်ကြံပေါင်းစည်းလို့ရတယ်။ အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ကိုးခုကို ပေါင်းစည်းထားတဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တွေက စွမ်အားကွဲပြားကြတယ်။ အသုံးမဝင်တဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တချို့လည်းရှိတယ်။ အဲ့ဒါကြောင့် ပညာရှင်တွေက အဆင့်မြင့် တာအိုပုံသဏ္ဌာန်တွေကို ကြယ်တစ်ပွင့်ကနေ ကြယ်ကိုးပွင့်အထိ ခွဲခြားထားတယ်။ ကြယ်တစ်ပွင့် တာအိုပုံသဏ္ဌာန်တွေက စွမ်းအားအနည်းဆုံး၊ ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်တွေက စွမ်းအားအကြီးဆုံး... လဲ့မျိုးနွယ်က အကြီးအကဲအိုကြီးက ကြယ်ခုနစ်ပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်ခဲ့လို့ သူ့ရဲ့ တိုက်ခိုက်စွမ်းအားကို ရှန်းစီမျိုးနွယ်စုမှာ နံပါတ်(၁)လို့ သတ်မှတ်ကြတာပဲ”
“ဪ...အဲ့လိုကိုး”
ကျန်းရီက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထိုအကြောင်းမှာ နားလည်ရ လွယ်ပေသည်။ ရန်တုံနှင့် အဖွဲ့မှူးလန်တို့ နှစ်ယောက်စလုံးသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြသော်လည်း တိုက်ခိုက်စွမ်းအား ကွာခြားကြသည်။ ထိုသို့ကွာခြားခြင်းမှာ သူတို့ ကျင့်ကြံသော တာအိုပုံသဏ္ဌာန် မတူညီ၍ပင်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ ချင်းလုံက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သော်လည်း သူကျင့်ကြံသည့် တာအိုပုံသဏ္ဌာန်က စွမ်းအားမကြီးပေ။ သူသည် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကိုပင် မပေါင်းစည်းထားလောက်ဘဲ အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်များစွာကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်။
ယင်းမှာ အရည်အတွက်နှင့် အရည်အသွေးကြားက ကွာခြားမှုပင်။
သိုင်းသမား တစ်ယောက်သည် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်သုံးခုကို သိမြင်နားလည်သွားပြီး လုံလောက်သော အတွင်းအားရှိလျှင် ဗာဂျရာအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။ အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားလျှင်လည်း ဗာဂျရာအဆင့် ပညာရှင်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် ဒုတိယသိုင်းသမား၏ တိုက်ခိုက်စွမ်းအားက သေချာပေါက် ပို၍စွမ်းအားကြီးမည်ဖြစ်သည်။
ကျန်းရီသည် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ဆယ်ခုကျော်ကို သိမြင်နားလည်းထားပြီဖြစ်၍ သူ့တွင်သာ အတွင်းအား အလုံအလောက် ရှိလာလျှင် ကောင်းကင်ဧကရာဇ်ဖြစ်သွားမည်ဖြစ်သည်။ သို့သော် သူ မိုးကြိုးမီးကို မသုံးလျှင် သူ၏တိုက်ခိုက်စွမ်းအားက အတော်လေး အားနည်းနေပေသေးသည်။
ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ တိုးမြှင့်၍ ရ၏။ သို့သော် တိုက်ခိုက်စွမ်းအား များစွာတိုးတက်လာရန်အတွက်မူ အဆင့်မြင့် တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရမည်ဖြစ်သည်။ တာအိုပုံသဏ္ဌန်က အဆင့်မြင့်လေလေ၊ တိုက်ခိုက်စွမ်းအား ပိုကြီးလေလေပင်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ကောင်းကင်အဆင့် သိုင်းပညာတစ်ခုကို ကျင့်ကြံခြင်းက လူသားအဆင့် သိုင်းပညာ(၁၀,၀၀၀)ကို ကျင့်ကြံခြင်းထက် ပိုကောင်းပေသည်။ တာအိုပုံသဏ္ဌာန်မှာလည်း ထို့အတူဖြစ်သည်။
“ကျွန်တော့်ရဲ့ အဆင့်မြင့်တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းပြီးသွားရင် ဘယ်ကြယ်အဆင့် ရှိလောက်မလဲ”
ကျန်းရီက အဆင့်မြင့်တာအိုပုံသဏ္ဌာန်အတွက် အဆင့်နိမ့်တာအိုပုံသဏ္ဌာန် ခြောက်ခုကို ပေါင်းစည်းထားခဲ့ပြီးဖြစ်သည်။ ကျန်တာအိုပုံသဏ္ဌာန်သုံးခုကို ပေါင်းစည်းပြီးသွားလျှင် ထိုအဆင့်မြင့်တာအိုပုံသဏ္ဌာန်က မည်မျှစွမ်းအားကြီးကြောင်း သိနိုင်ပေလိမ့်မည်။
ကျန်းရီက စိတ်ဝင်တစား မေးလိုက်၏။
“အစ်ကိုဟွမ်ဖူ... တာအိုပုံသဏ္ဌာန်ရဲ့ ကြယ်အဆင့်ကို ဘယ်လိုခွဲလဲ။ သာမန် အဆင့်မြင့်တာအိုပုံသဏ္ဌာန်ရဲ့ ကြယ်အဆင့်က ဘယ်လောက်လဲ”
“အဲ့ဒါက ရှင်းပါတယ်”
ဟွမ်ဖူထောင်ထျန်းက ပြန်ပြောလိုက်၏။
“နန်ကုန်းမျိုးနွယ်မှာ သိုင်းပညာပြခန်းကြီးတစ်ခု ရှိတယ်။ တကယ်လို့ ညီလေး အဆင့်မြင်တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းပြီးသွားရင် အဲ့ကိုသွားပြီး စမ်းသပ်ကြည့်လို့ရတယ်။ ဒါပေမဲ့ သာမန် သိုင်းသမားတွေက ကြယ်သုံးဆင့်နဲ့အောက် အဆင့်မြင့်တာအိုပုံသဏ္ဌာန်တွေကိုပဲ ပေါင်းစည်းနိုင်ကြတယ်။ နန်ကုန်းမျိုးနွယ်က လူထုအတွက် ဆန်းကြယ်နယ်မြေတစ်ခု ဖွင့်ပေးထားတယ်.... ဒါပေမဲ့ အထဲကို တစ်ခါဝင်ဖို့ ကောင်းကင်ကျောက်တုံး သန်းတစ်ထောင် ပေးရတယ်၊ ပြီးတော့ တစ်ခါဝင်ရင် နှစ်နာရီပဲ ဝင်ခွင့်ရှိတယ်။ အဲ့အချိန်အတွင်း တစ်ခုခုကို သိမြင်နားလည်နိုင်မလားဆိုတာတော့ ကိုယ့်ရဲ့ ကံတရားအပေါ် မူတည်တယ်။ တကယ်လို့ ညီလေးကျန်း သွားကြည့်ချင်တယ်ဆိုရင် အစ်ကို ခေါ်သွားပေးနိုင်ပါတယ်”
“ဆန်းကြယ်နယ်မြေ...”
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ မိုးကြိုးတောင်တန်းသည် သူ ဤအဆင့်မြင့်တာအိုပုံသဏ္ဌာန်ကို အာရုံခံနိုင်ခဲ့သော ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ ဆန်းကြယ်နယ်မြေအတွင်း ဝင်၍ ဤအဆင့်မြင့်တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်ရန် ဉာဏ်အလင်းပွင့်ခဲ့လျှင် အလွန်ကောင်းပေလိမ့်မည်။
***