← Chapters

နန်ကုန်းချီလင်း

Vol. 56 Ch. 781

နန်ကုန်းချီလင်း

Vol. 56 Ch. 781

နန်ကုန်းမျိုးနွယ်အကြောင်း ပြောသောအခါ ကျန်းရီသည် အစ်မကြီးဆည်းလည်းကို သတိရသွား၏။ သူမသည် သူ့ကို လေလံပွဲအစမှအဆုံးအထိ မဆက်သွယ်ခဲ့ပေ။ လေလံခန်းမအတွင်းမှ ထွက်ပြီးလျှင် အစ်မကြီးဆည်းလည်းက သူ့ထံ အသံပို့လွှတ်လိမ့်မည် သို့မဟုတ် တစ်နည်းနည်းဖြင့် ဆက်သွယ်လိမ့်မည်ဟု သူထင်ခဲ့၏။ သို့သော် သူသည် မည်သည့် ဆက်သွယ်မှုကိုမှ မခံခဲ့ရပေ။ သူသည် ဟွမ်ဖူထောင်ထျန်းကိစ္စကြောင့် ရင်ပြင်တွင် ဆက်မနေခဲ့ချေ။ ယခု နန်ကုန်းမျိုးနွယ်အကြောင်း ပြောခါမှ သူ မေးချင်လာလေသည်။

“အစ်ကိုဟွမ်ဖူ.. အစ်ကို နန်ကုန်းချီလင်းကို သိလား”

“ငါ သူ့အကြောင်းကို ကြားဖူးတယ်”

ဟွမ်ဖူထောင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သူက နန်ကုန်းမျိုးနွယ်က သခင်မလေးတစ်ယောက်ဆိုပေမယ့် မကျော်ကြားသလို မျက်နှာသာလည်း အပေးမခံရဘူး။ အဲ့သခင်မလေးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်းက လက်ထပ်ခဲ့တာထင်တယ်။ ဘာလို့ ညီလေးကျန်းက သူ့အကြောင်းကို မေးရတာလဲ။ ဟုတ်သား... ညီလေး သူ့အတွက် ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို လက်ဆောင်ပေးခဲ့တာ အစ်ကို မှတ်မိပြီ”

“ဟုတ်ပါတယ်...”

ကျန်းရီ ‌ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်တွင် ခြံဝန်း၏အကာအရံက ရုတ်တရက် တုန်ခါသွား၏။ အားလုံး စိတ်လှုပ်ရှားသွားသော်လည်း ဟွမ်ဖူထောင်ထျန်းကမူ လုံးဝ အရေးမစိုက်ပေ။ သူသည် အကာအရံကို ပိတ်လိုက်ပြီး အပြင်သို့ လျှောက်သွားလိုက်၏။ သူ အပြင်ဘက်တွင် လူတစ်ယောက်ကို မြင်လိုက်သောအခါ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“ဘာကိစ္စလဲ”

“သခင်လေးဟွမ်ဖူ”

ရောက်ရှိလာသူမှာ သာမန်ရုပ်ရည်ရှိသော အသက်လတ်ပိုင်း ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်။ သူက လက်ဆုပ်၍သာ အရိုအသေပေးလိုက်ပြီး ဘာစကားမှ မပြောပေ။ ဟွမ်ဖူထောင်ထျန်း၏ မျက်နှာထားအေးစက်သွား၏။ ထို့နောက် သူ ဘေးဘယ်ညာကို ကြည့်လိုက်ပြီး အားကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် အော်ပြောလိုက်သည်။

“အနားမှာ ပုန်းနေတဲ့ ‌ထောက်လှမ်းရေးတွေအကုန်လုံး နားထောင်ကြ။ မင်းတို့ စောင့်ကြည့်ချင်ရင် စောင့်ကြည့်နေနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ သခင်ကိုတော့ မင်းတို့ရဲ့ ကောင်းကင်စိတ်အာရုံတွေနဲ့ မထောက်လှမ်းနဲ့။ မဟုတ်ရင်တော့ ငါ့ကို မင်းတို့ မျိုးနွယ်ခေါင်းဆောင်ရဲ့ မျက်နှာကို မထောက်ဘူးလို့ အပြစ်မတင်နဲ့”

ဝုန်း...

ဟွမ်ဖူထောင်ထျန်းက စကားပြောပြီးနောက် သူတို့ခြံဝန်းဘေးရှိ ခြံဝန်း၏နံရံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထိုခြံဝန်းသည် ရုတ်ခြည်း ပွင့်ထွက်သွား၏။ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်သည် အပြိုအပျက်များကြမှ ပျံထွက်လာပြီး သွေးအန်လိုက်၏။

ရွှီး...ရွှီး...

ကျန်းရီက အားလုံးကို ဧကရာဇ်နန်းတော်အတွင်းသို့ သွင်းလိုက်လေသည်။ ထို့နောက် သူက ပုံရိပ်ယောင် လကျောက်တုံးကို နှိုးလိုက်ပြီး ကောင်းကင်စိတ်အာရုံကို အပြင်သို့ ပို့လွှတ်လိုက်သည်။ သူ အပြင်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်လိုက်မိ၏။ ဟွမ်ဖူထောင်ထျန်းသည် အမှန်ပင် ရူးနေ၍ မြို့ထဲတွင် အကြမ်းဖက်ဝံ့သည်လောဟုပင် သူ တွေးလိုက်မိသည်။ ဟွမ်ဖူထောင်ထျန်းက မည်သူ့ကိုမှ မသတ်ခဲ့သော်လည်း ဤကိစ္စက မြို့စောင့်များကို သေချာပေါက် အာရုံစိုက်သွားစေမည်မဟုတ်လော။

မှန်လှ၏။

မြို့စောင့်တစ်စုသည် အဝေးမှနေ၍ လျင်မြန်စွာ အော်ဟစ်ပျံသန်းလာ၏။

“ဘယ်သူက မြို့ထဲမှာ အကြမ်းဖက်ရဲတာလဲ။ သေချင်နေပြီထင်တယ်...အာ... သခင်လေးဟွမ်ဖူကို နှုတ်ခွန်းဆက်ပါတယ်”

မြို့စောင့်တပ်၏ တပ်မှူးမှာ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်။ သူသည် ဟွမ်ဖူထောင်ထျန်းကို မြင်သောအခါ ချက်ချင်း ခါးသက်သက် ပြုံးလိုက်လေသည်။ ထို့နောက် သူ ရယ်လိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်၏။

“သခင်လေး... သခင်လေး မြို့စည်းမျဉ်းတွေကို သိလောက်မှာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ အခက်ကြုံရအောင် မလုပ်ပါနဲ့”

“ငါက ကိစ္စတွေကို ခက်အောင် လုပ်နေတာမဟုတ်ဘူး”

ဟွမ်ဖူထောင်ထျန်းက ထိုလူကို အေးစက်သောမျက်လုံးများဖြင့် ကြည့်၍ တင်းမာစွာ ပြောလိုက်သည်။

“ဒီကောင်က သူ့ရဲ့ ကောင်းကင်စိတ်အာရုံကိုသုံးပြီး ခြံဝန်းထဲက ငါ့သခင်ကို မဆင်မခြင် အာရုံခံနေလို့ ပညာပေးလိုက်တာပဲ။ သူ့ကို မသတ်တာကိုက ငါ မင်းတို့ကို မျက်နှာသာပေးထားတာပဲ။ မြို့စည်းမျဉ်းအရဆို တခြားခြံဝန်းတွေကို မဆင်မခြင် ထောက်လှမ်းလို့ မရဘူးမလား။ ဒီကောင်ကို ပြန်ခေါ်သွားလိုက်။ တကယ်လို့ ငါ့လုပ်ရပ်က မှားတယ်လို့ထင်ရင် မင်းတို့ ငါ့ကို ဖမ်းလို့ရတယ်”

“မဟုတ်ပါဘူး... မမှားပါဘူး”

တပ်မှူးက နှုတ်ခမ်းတွန့်သွားပြီး ဟန်လုပ်ပြုံး၍ ပြောလိုက်၏။ မည်သူက ဤအရူးကို ဖမ်းဝံ့မည်နည်း။ ယခင်က မြို့စောင့်တပ် ဗဟိုဌာနသည် ဟွမ်ဖူထောင်ထျန်းကြောင့် တစ်စစီဖြစ်လုနီးပါး ဖြစ်ခဲ့၏။ ထို့ပြင် မြို့စောင့်တပ်၏ လက်ရှိ တပ်မှူးချုပ်သည် ဟွမ်ဖူမျိုးနွယ်မှ လူတစ်ယောက်ဖြစ်သည်။

မြို့စောင့်တပ်သားအချို့သည် ခြံဝန်းထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်ပြီး သတိလစ်နေသော ‌ထောက်လှမ်းသူကို သယ်ထုတ်သွားလိုက်ကြ၏။ သူတို့သည် ထိုလူထံတွင် လုမျိုးနွယ်၏ လျှို့ဝှက်အမှတ်အသားရှိနေသည်ကို တွေ့လိုက်ရသောအခါ အတန်ငယ် စိတ်အေးသွား၏။ ဟွမ်ဖူထောင်ထျန်းသည် သူ့ကိုယ်သူထိန်း၍ လဲ့မျိုးနွယ်မှ ထောက်လှမ်းရေးများနှင့် အခြားမျိုးနွယ်ကြီးသုံးခုမှ ထောက်လှမ်းရေးများကို ထိခိုက်သွားအောင် မလုပ်ခဲ့ပေ။ မဟုတ်လျှင် ဤပြဿနာက အတော်ကြီးသွားပေလိမ့်မည်။

“တခြားကိစ္စမရှိတော့ဘူးဆိုရင် မင်းတို့အကုန်လုံး သွားကြတော့”

ဟွမ်ဖူထောင်ထျန်းက တင်းမာသောလေသံဖြင့် ပြောကာ လက်ဝှေ့ယမ်းလိုက်၏။ ထို့ကြောင့် ထိုမြို့စောင့်တပ်မှူးသည် ရွေးချယ်စရာမရှိတော့ဘဲ သူ့လူများကို ခေါ်၍ ပြန်ဆုတ်သွားရလေတော့သည်။ ထို့နောက် ဟွမ်ဖူထောင်ထျန်းက အစောမှ အသက်လတ်ပိုင်း ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ပြီး မေးလိုက်၏။

“ခင်ဗျားက‌ရော ဘာကိစ္စလဲ”

ထိုလူသည် တုန်တုန်ရင်ရင်ဖြင့် ဟွမ်ဖူထောင်ထျန်းကို ကြည့်လိုက်၏။ သူသည် ဝေ့ဝိုက်မနေဝံ့ဘဲ သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှနေ၍ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်လိုက်ပြီး ရိုရိုသေသေ လှမ်းပေးလိုက်လေသည်။

“ကျွန်တော်က နန်ကုန်းမျိုးနွယ်ရဲ့ ပြင်ပကိစ္စတွေကို ကြီးကြပ်ရတဲ့ ကြီးကြပ်သူ နန်ကုန်းလုပါ။ သခင်မလေးချီလင်းက ဒီခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို ပြန်ပေးခိုင်းလိုက်လို့ပါ။ ဒီရတနာက တန်းဖိုးကြီးလွန်းလို့ သူ လက်မခံဝံ့ဘူးလို့ သခင်မလေးက ပြောလိုက်ပါတယ်။ နန်ကုန်းမျိုးနွယ်က မျိုးဆက်က သူများတွေရဲ့ လက်ဆောင်ကို အလွယ်တကူ လက်ခံမှာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ သခင်မလေးက ဆရာ့ရဲ့ စေတနာကြောင့် မျက်ရည်ကျတဲ့အထိ ရင်ထဲထိခဲ့ပါတယ်။ နန်ကုန်းမျိုးနွယ်ကလည်း ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်ပါတယ်။ ပြီးတော့... ဆရာ အားတဲ့အချိန်ကျရင် နန်ကုန်းမျိုးနွယ်ကို လာလည်ဖို့လည်း ဖိတ်လိုက်ပါတယ်။ နန်ကုန်းမျိုးနွယ်က ဆရာ့ကို အချိန်မရွေး ကြိုဆိုနေမှာပါ”

ပြင်ပရေးရာ ကြီးကြပ်သူက လက်ဆုပ်ကာ ဦးညွှတ်၍ ချက်ချင်း ပြန်ထွက်သွား၏။ ဟွမ်ဖူထောင်ထျန်းက ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်ပြီး အနီးမှ ခြံဝန်းများကို တစ်ချက်၊နှစ်ချက် အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက် သူသည် နှာမှုတ်ကာ ကျန်းရီ၏ ခြံဝန်းအတွင်းသို့ ပြန်ဝင်သါားပြီး အကာအရံကို နှိုးလိုက်လေသည်။

ကျန်းရီက အပြင်ထွက်လာပြီး ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်ပြီး မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့ အစ်မကြီးဆည်းလည်းက ကျွန်တော့်ရဲ့လက်ဆောင်ကို ငြင်းရတာလဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟုတ်လား”

ဟွမ်ဖူထောင်ထျန်းက အံ့အားသင့်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“နန်ကုန်းယွင်ရီက ရှေးရိုးစွဲပြီး အကျင့်စရိုက်က ခက်ထန်တယ်။ နန်ကုန်းမျိုးနွယ်က အရမ်း စည်းကမ်းတင်းကြပ်တယ်။ နန်းကုန်းချီလင်းက ညီလေးရဲ့လက်‌ဆောင်ကို လက်မခံတာ သာမန်ပါပဲ။ ဒီခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကလည်း သန်းဆယ်ဂဏန်းလောက်ပဲတန်တဲ့ ပစ္စည်းတွေမှ မဟုတ်တာ။ မျိုးနွယ်က အင်အားကြီးလေလေ သူများဆီမှာ ကျေးဇူးကြွေးတင်ခံရမှာစိုးလို့ လက်ဆောင်တွေ၊ အကူအညီတွေကို လက်မခံလေလေပဲ”

“မဟုတ်သေးဘူး... အဲ့လို မဟုတ်ဘူး”

ကျန်းရီက ခေါင်းခါလိုက်၏။ ဟွမ်ဖူထောင်ထျန်းက သူနှင့် အစ်မကြီးဆည်းလည်းကြားက ဆက်ဆံရေးကို နားမလည်ပေ။ လက်ဆောင်ပေးလိုက်သူမှာ သူဖြစ်ကြောင်းကို အစ်မကြီးဆည်းလည်း သေချာပေါက် သိပေလိမ့်မည်။ သူမသည် မျက်ရည်ပင် ကျခဲ့သည်ဟု ဆို၏။ ပုံမှန်ဆိုလျှင် သူမသည် ဆည်းလည်းများကို ဘယ်တော့မှ ပြန်ပို့မည် မဟုတ်ပေ။ နန်ကုန်းမျိုးနွယ်၏ မျိုးဆက်များက အခြားသူများထံမှ လက်ဆောင်များကို အလွယ်တကူ လက်မခံသည်လော။ ယင်းက အလွန်ကိန်းကြီးခန်းကြီး နိုင်လွန်း၏။ အစ်မကြီးဆည်းလည်းက ထိုသို့သောစကားမျိုးကို ပြောမည် မဟုတ်ပေ။ သူမ အခက်ကြုံနေရ၍လော။

“ကြည့်ရတာတော့ ငါ နန်ကုန်းမျိုးနွယ်ကို သွားလည်ဖို့ အခွင့်အရေးရှာပြီး အစ်မကြီးဆည်းလည်းနဲ့ တွေ့ရမယ့်ပုံပဲ”

ကျန်းရီက အစ်မကြီးဆည်းလည်းနှင့် သွားတွေ့ရန် စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ သူမ ခရမ်းရောင်ဝိညာဉ်ခေါင်းလောင်းများကို ပြန်ပေးခြင်းက အလွန်ထူးဆန်းနေ၏။ ထို့ပြင် သူမက ကိုယ်တိုင်လာမပေးဘဲ အခြားတစ်ယောက်ကို ပေးခိုင်းလိုက်၏။ သူမ အမှန်ပင် အခက်အခဲအချို့ တွေ့ကြုံနေရခြင်းလော။

“အစ်ကိုဟွမ်ဖူ...”

ကျန်းရီက ခေတ္တမျှတွေးတောပြီးနောက် ဟွမ်ဖူထောင်ထျန်းကို မေးလိုက်၏။

“အစ်ကို့ဆီမှာ သတင်းအချက်အလက်ရနိုင်မယ့် လမ်းကြောင်းတွေ ရှိလား။ အစ်ကို မြို့ထဲက အခြေအနေကို စစ်ဆေးပေးလို့ရမလား။ အခု ကျွန်‌တော့်ရဲ့ မျက်လုံးက အပိတ်ခံထားရသလိုပဲ... ခံစားချက်က မကောင်းဘူး။ ပြီး‌တော့.. ဖြစ်နိုင်ရင် ကျွန်တော့်ကို နန်ကုန်းချီလင်းနဲ့ ပတ်သတ်တဲ့ သတင်လေးတွေ ကူညီစုံစမ်းပေးပါလား”

“အင်း.. အစ်ကို့တာဝန်ထားလိုက်ပါ”

ဟွမ်ဖူထောင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အစ်ကိုက ရှန်းစီမြို့မှာ နှစ်နှစ်ဆယ်ကျော် နေခဲ့တာဆိုတော့ သတင်းလမ်းကြောင်းတွေကို ပိုသိတယ်။ မျိုးနွယ်တွေ ဘာခြေလှမ်းတွေလှမ်းနေလည်းဆိုတာ အစ်ကို စုံစမ်းနိုင်မှာပါ”

ဟွမ်ဖူထောင်ထျန်းက သူ့ကိုယ်သူ ကျန်းရီ၏ လက်အောက်ငယ်သားအဖြစ် ခံယူထားပြီးဖြစ်သည်။ သူသည် စကားတည်သူတစ်ယောက်ဖြစ်သည်။ ကျန်းရီက သူ့အပေါ် အလွန်ယဉ်ယဉ်ကျေးကျေး ဆက်ဆံသော်လည်း သူက သူ့စကားအတိုင်း ကျန်းရီ၏ ကျွန်အဖြစ် ဆယ်နှစ်ထမ်းဆောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကျန်းရီက သူ့အား ဟွမ်ဖူမျိုးနွယ်ကို သတ်ဖြတ်ခိုင်းလျှင်ပင် သူ တစ်ချက်မတုံ့ဆိုင်းဘဲ သတ်ဖြတ်မည်ဖြစ်သည်။

ဟွမ်ဖူထောင်ထျန်း ထွက်သွားပြီးနောက်တွင် ကျန်းရီက ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို အပြင်ပြန်ထုတ်လိုက်၏။ သူတို့အားလုံးသည် ပိုကြီးသော ခြံဝန်းတစ်ခု ဝယ်ရန် ဆွေးနွေး၊ ဆုံးဖြတ်လိုက်ကြ၏။ ရီဖျောင်ဖျောင်က မည်သူဖြစ်ကြောင်း မည်သူမှ မသိသဖြင့် အနာဂတ်တွင် ချမ်ဝမ်ကွမ်းသည် ရီဖျောင်ဖျောင်အဖြစ် ဟန်ဆောင်၍ မျိုးနွယ်ကြီးလေးခုနှင့် ဆက်ဆံရမည်ဖြစ်သည်။ သူတို့သည် ချမ်ဝမ်ကွမ်းကို နေရာတွင်ပင် ပန်းချီရေးဆွဲခိုင်း၍ မရပေ။

ကျန်းရီတို့သည် ချမ်ဝမ်ကွမ်း၏ ဟန်ဆောင်အမည်ကို လူတိုင်းသိသွားအောင် လုပ်ကာ ဟွမ်ဖူထောင်ထျန်းကို တပည့်အချို့ ရှာခိုင်းမည်ဖြစ်သည်။ ထိုဟန်ဆောင်မှုကို ကောင်းကောင်း အသုံးချရမည် မဟုတ်လော။

ထိုမှ လဲ့ချီရန်နှင့် လုလင်းတို့က သူတို့ကို အလွယ်တကူ ပြဿနာမရှာရဲမည် ဖြစ်သည်။ ရှန်းစီမြို့ထဲတွင် အကြမ်းဖက်၍ မရပေ။ ယင်းမှာ စည်းမျဉ်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီကြာသည်အထိ ထိုစည်းမျဉ်းက မပျက်သေးပေ။ အနည်းဆုံးတော့ မည်သူမှ ထိုစည်းမျဉ်းကို လူမြင်ကွင်းတွင် မချိုးဖောက်ကြပေ။ အကယ်၍ ကျန်းရီတို့သာ ချမ်ဝမ်ကွမ်း၏ ဟန်ဆောင်အမည်ကို လူတိုင်းသိအောင် လုပ်လိုက်လျှင် ရန်သူများက မဆင်မခြင် ပြုမူဝံ့တော့မည် မဟုတ်ပေ။

ထို့ပြင် ဟွမ်ဖူ‌ထောင်ထျန်းလည်းရှိနေသဖြင့် သာမန်လူများသည် သူတို့ကို လုပ်ကြံနိုင်တော့မည် မဟုတ်ချေ။ ဟွမ်ဖူမျိုးနွယ်က နှလုံးသားကင်းမဲ့ပုံ ပေါ်သော်လည်း ဟွမ်ဖူချီက သူ့သားကို လုံးဝအရေးမစိုက်ဘဲ နေနိုင်မည် မဟုတ်ပေ။ ဟွမ်ဖူထောင်ထျန်းသည် ထူးကဲသော ပါရမီရှင်တစ်ယောက် ဖြစ်သဖြင့် နတ်ဘုရားများနီးပါး စွမ်းအားကြီးလာနိုင်သည်။ ဟွမ်ဖူမျိုးနွယ်က ဘယ်တော့မှ သူ့ကို အမှန်တကယ် စွန့်ပစ်မည် မဟုတ်ပေ။

ကျန်းရီက နောက်ကွယ်တွင် ပုန်းအောင်းနေ၍ ကြိုးစား ကျင့်ကြံနေရုံပင်။ သူသည် အားလုံး၏ ထောက်တိုင်ဖြစ်၍ သူ ပိုသန်မာလာမှသာ အားလုံးက ပို၍လုံခြုံသည်ဟု ခံစားရမည်ဖြစ်သည်။ သူ ပိုသန်မာလာလျှင် သူတို့ အ‌ရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်နိုင်ရန် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။

ချမ်ဝမ်ကွမ်းက ရီဖျောင်ဖျောင်အဖြစ် ဟန်မဆောင်လိုသော်လည်း ဖုန်းလန်နှင့် ကျန်းရီတို့က ဆုံးဖြတ်ပြီးသွားပြီဖြစ်၍ ရွေးချယ်စရာမရှိတော့ဘဲ လက်ခံလိုက်ရလေသည်။ တော်သေးသည်မှာ ရီဖျောင်ဖျောင်အဖြစ် ဟန်ဆောင်ရန် လွယ်ကူခြင်းပင်။ သူသည် အင်အားကြီးမျိုးနွယ်တစ်ခုတွင် မွေးဖွားလာသူဖြစ်သဖြင့် လူမှုဆက်ဆံရေးများဖြင့် အကျွမ်းတဝင်ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ပို၍ လွယ်လွယ်ကူကူ ဟန်ဆောင်နိုင်ပြီး အခြားသူများနှင့်လည်း လိုက်လျောညီထွေ ပြောဆိုဆက်ဆံနိုင်ပေသည်။ ကျန်းရီ ကိုယ်တိုင် ဟန်မဆောင်ခြင်းမှာ အခြားသူများနှင့် ပြောဆိုဆက်ဆံမှုများစွာ မလုပ်လို၍လည်းဖြစ်သလို ဟန်ဆောင်ရာတွင် မတော်၍လည်းဖြစ်သည်။ သို့ဖြစ်၍ သူသည် ချမ်ဝမ်ကွမ်းကို ဟန်ဆောင်ခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ထိုမှသာ သူက ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်မည်ဖြစ်သည်။

“ခေါင်းဆောင်... ကျုပ် ခေါင်းဆောင်ရဲ့ အတွေးကို နားလည်ပါပြီ”

ကျန်းရီက ထပ်ခါတလဲလဲ ရှင်းပြပြီးနောက်မှ ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“မျိုးနွယ်ကြီးလေးခုထဲ ဝင်မယ့်ကိစ္စကလွဲရင် တခြားကိစ္စတွေအကုန်လုံးက ညှိုနှိုင်းလို့ရတယ်မလား။ တကယ်လို့ မျိုးနွယ်ကြီလေးခုက မိန်းကလေးတွေက ကျုပ်ကို သဘောကျပြီး အသားယူချင်နေရင်ရော ဘယ်လိုလုပ်မလဲ။ ကျုပ် ငြင်းရမှာလား၊ မငြင်းရဘူးလား။ တကယ်လို့ ကျုပ်က သူတို့ကို ငြင်းနိုင်လောက်အောင် အစွမ်းမရှိဘူးဆိုရင်ရော။ ကျုပ် ဘာလုပ်သင့်လဲ”

All Chapters