← Chapters

တာအိုရှာဖွေခြင်းအဆင့် အပြင်အားကိုယ်

Vol. 54 Ch. 752

တာအိုရှာဖွေခြင်းအဆင့် အပြင်အားကိုယ်

Vol. 54 Ch. 752

မန်ဟိုသည် ပထမဆုံးအကြိမ် ဤနေရာသို့ ရောက်လာခဲ့တုန်းက မေးခွန်း တိုက်ရိုက်မေးဖို့ အသာထား၊ ပါးစပ်ပင် မဟရဲခဲ့ပေ။  ထိုစဉ်တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလွန်နိမ့်ကျခဲ့ပြီး ကြက်ကန်းဆန်အိုးတိုး၍သာ ဤနေရာသို့ လာရောက်နိုင်ခဲ့ခြင်းဖြစ်ပေသည်။

သို့သော် ယခုတွင် သူသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဒုတိယအစစ်အမှန်ကိုယ်နှင့်အတူ ဒုတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်နေလေပြီ။

အင်မော်တယ်များ ရှားပါးသော တောင်ကောင်းကင်ဂြိုဟ်၏ လက်ရှိခေတ်တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်အား အမြင့်ဆုံးအဖြစ် ခေါ်ဆိုနိုင်သည်။ မန်ဟိုမှာ တောင်ကောင်းကင်ဂြိုဟ်၏ အစွမ်းထက်ဆုံးပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်၏။

ထို့အပြင် တောင်ပိုင်းဒေသတွင်သာမဟုတ်၊ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ဖြစ်သည်။

မန်ဟိုသည် သူနှင့်‌ ကြေးဒယ်အိုးအကြားရှိ အဆုံးမရှိသော လျှပ်စီးမိုးကြိုးများကို တည်ငြိမ်စွာ ကြည့်ပြီးနောက် ရှေ့တက်လိုက်သည်။ သူ မိုးကြိုးနယ်ထဲ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်ဖွယ် ထစ်ချုန်းသံများ၏ ဝန်းရံခြင်းခံလိုက်ရလေသည်။ မရေမတွက်နိုင်သော မိုးကြိုးများ သူ့ဆီသို့ ပြေးဝင်လာကြ၏။

မိုးကြိုးတန်းများ သူ့ကို ဝင်တိုက်လိုက်သည့်အခါ ဖြန်းခနဲ ဖြန်းခနဲ မြည်သံများ ထွက်လာသည်။ ၎င်းတို့သည် လူးလွန့်နေသော မြွေဖြူများသဖွယ် ဖြစ်ပြီး အဝေးမှကြည့်လျှင် လေဆင်နှာမောင်းကြီးတစ်လုံး မန်ဟို့ကို ဝန်းရံနေသည့်အလားပင်။

သူသည် ဖြေးညှင်းစွာ လျှောက်လှမ်းလာသော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီသည် မြဲမြံတည်ငြိမ်၏။ မကြာမီ ခြေလှမ်းဆယ်လှမ်း လှမ်းခဲ့ပြီးလေပြီ။ တစ်လှမ်းစီကား သုံးမီတာခန့် ရှိသည်။

မိုးထစ်ချုန်းသံများသည် ပိုမိုပြင်းထန်လာပြီး မိုးကြိုးတန်းများ ပိုမိုများပြားလာသည်။ ဖိအားကြီးမှာ အလွန်ပြင်းထန်ပြီး မန်ဟိုပင်လျှင် ခြေလှမ်းနှစ်ဆယ်လှမ်းပြီးနောက် မျက်မှောင်မကြုတ်မိဘဲ မနေပေ။ သူ၏ခန္ဓာကိုယ် တဖျဉ်းဖျဉ်း ထုံကျင်နေသည်ကို ခံစားနေရပြီး ရှေ့ဆက်သွားနိုင်သေးကြောင်း သူ သိသည်။ သို့သော် သူ၏တွက်ချက်မှုအရ ခြေလှမ်းသုံးရာပြီးလျှင် ဆက်သွားနိုင်တော့မည်မဟုတ်ပေ။

ရှေးဆန်သော အသံကြီးက အေးစက်မှုအပြည့်ဖြင့် နောက်တစ်ဖန် ဟိန်းထွက်လာသည်။ “မင်း အခု ဒယ်အိုးကနေ ခြေလှမ်းတစ်ထောင် ဝေးသေးတယ်။ မင်းရဲ့ခွန်အားအဆင့်ကို ထည့်တွက်ရင် မင်းအလွန်ဆုံးသွားနိုင် ... ‌ခြေလှမ်းသုံးရာပဲ။ အခုအချိန်မှာ အသင့်တော်ဆုံးက လက်လျှော့လိုက်တာ ဖြစ်လိမ့်မယ်။ မင်း ရူးကြောင်ကြောင် လုပ်ရင် သေရင်သေ၊ မသေရင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်”

“တကယ်တော့” မန်ဟိုက အေးတိအေးသက်ပြောသည်။ “ကျုပ် တကယ် ဒီမိုးကြိုးလမ်းကို ဖြတ်သွားချင်ရင် .... အဲ့ဒါက ခက်ခဲတဲ့အရာ မဟုတ်ဘူး” သူက အင်္ကျီလက်စကို ခါလိုက်ပြီး သူ့အနောက်ရှိ လေထုမှာ လှိုင်းထသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ဒုတိယကိုယ်အစစ်သည် မန်ဟို့ဘေးတွင် ရပ်လိုက်၏။ မိုးကြိုးများက ပစ်ချလိုက်သော်လည်း ဒုတိယကိုယ်အစစ်မှာ နည်းနည်းလေးမှ မထိခိုက်ပေ။ အမှန်တွင် ၎င်း၏‌ဆံစလေးပင် မပျက်စီးသွားသည့်အပြင် ဝတ်ရုံအစများပင် လှုပ်ခတ်မသွားခြင်းဖြစ်သည်။

“ဟ” ဧရာမဒယ်အိုးကြီးအတွင်းရှိ ရှေးဆန်သောအသံကြီးမှာ ရုတ်တရက် ဆွံ့အသွားသယောင်ပင်။ “အင်မော်တယ်ရဲ့ ဝိညာဉ်” ၎င်းက ကောက်ချက်ချလိုက်၏။ ထိုစကားလုံးများနှင့်အတူ ပတ်ဝန်းကျင်ရှိ မိုးကြိုးများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ ရုတ်တရက် မိုးကြိုးများသည် လေလယ်တွင် ပျံဝဲနေသော လူတစ်ယောက်ပုံစံအဖြစ် စုစည်းသွား၏။

သူသည် မပီသသော မျက်နှာသွင်ပြင်များဖြင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူ၏ကောက်ကြောင်းကိုသာ မြင်ရသော်လည်း သူ၏ပုံပန်းသွင်ပြင်အရ ဤနေရာရှိ မိုးကြိုးများ၏ သခင်ဖြစ်သယောင်ပင်။ သူကား အံဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး အံ့မခန်းစွမ်းအားကို ကိုင်စွဲနိုင်ပုံရသည်။

“မဟုတ်ဘူး။ အင်မော်တယ်ရဲ့ ဝိညာဉ်မဟုတ်ဘူး” အဘိုးကြီးက ရေရွတ်လိုက်သည်။ “ကိုယ်ပွား .... ဒါပေမဲ့ ကိုယ်ပွားလည်း မဟုတ်ပြန်ဘူး။ ဒါက လျှို့ဝှက်ပညာရပ်တစ်ခုခုနဲ့ ဖန်တီးထားတဲ့ အပြင်အားကိုယ်တစ်ခုပဲ။ စွမ်းအားအမြင့်ဆုံးရောက်အောင် မြှင့်တင်ပြီးတော့မှ ... အင်မော်တယ်ရဲ့ ဝိညာဉ်ကို ထည့်လိုက်တာ” မန်ဟိုသည် အဘိုးကြီး သူ့ဘာသာသူ ကောက်ချက်ချနေသောအသံကို ကြားသောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သိသာစွာပင် အဘိုးကြီးကား အမှန်အတိုင်း သိရအောင် သဲလွန်စအမျိုးမျိုးကို ဆက်စပ်ကြည့်နိုင်လေသည်။

“အတုအယောင်အင်မော်တယ်တွေက ရှားပေမယ့် အစစ်အမှန်အင်မော်တယ်တွေက ပိုလို့တောင် ရှားသေးတယ်။ ဒီအင်မော်တယ်ကိုယ်ပွားနဲ့ဆိုရင် ဒယ်အိုးကို ယူသွားဖို့ မင်းမှာ အရည်အချင်းရှိတယ်။ ဒါပေမဲ့ .... ဒယ်အိုးမှာ ‌ဝိညာဉ်မရှိဘူး။ သူ့ကို ပထမဆုံး ထိတွေ့လိုက်တဲ့ ဘယ်အရာမဆို ဒယ်အိုးစိတ်ဝိညာဉ်ရဲ့ အဆီအနှစ်ဖြစ်လာဖို့ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ထုတ်ယူခံရလိမ့်မယ်။ မင်း မင်းရဲ့ အင်မော်တယ်ကိုယ်ပွားကို ... ဒယ်အိုးကို ထိစေချင်တာ သေချာလား” အဘိုးကြီးက မန်ဟိုကို တည်ကြည်လေးနက်စွာ ကြည့်သည်။

မန်ဟို မ‌ဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး တစ်ယောက်တည်း ရေရွတ်နေ၏။ အဘိုးကြီးပြောသည့်အတိုင်းဆိုလျှင် ဒုတိယကိုယ်အစစ် ဒယ်အိုးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ဝိညာဉ်တစ်စိတ်တစ်ပိုင်း ခွဲထုတ်ခံရလိမ့်မည်။ ထိုအဓိပ္ပာယ်က ဒယ်အိုးသည် မန်ဟို့အပိုင်မဟုတ်ဘဲ အစစ်အမှန်အင်‌မော်တယ်ဝိညာဉ်၏အပိုင် ဖြစ်သွားမည်ဟု ဆိုလိုသည်။

ထိုမျှသာမက သူ့အနေဖြင့် ဒယ်အိုးကို အသုံးပြုနိုင်လောက်သော်လည်း ၎င်းက သူနှင့် လုံးဝသက်ဆိုင်တော့မည်မဟုတ်ပေ။

“ဒီအဘိုးကြီးက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ” မန်ဟိုက တွေးလိုက်သည်။ “သူ ဘာပြောပြော ... ငါ အပြည့်အဝယုံကြည်လို့ မဖြစ်ဘူး” သူက အတန်ကြာ တွေးပြီးနောက် ညာလက်မောင်းကို ငုံ့ကြည့်လိုက်ရာ လျှပ်စီးများ လူးလာပြေးလွှားနေသည်ကို မြင်လိုက်ရ၏။ ရံဖန်ရံခါ လျှပ်စီးမိုးကြိုးများသည် သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရရာ ယားကျိယားကျိ ခံစားလိုက်ရတတ်သည်။ ကြည့်ရသရွေ့ ညာ‌လက်မောင်းမှာ မိုးကြိုးကို စုပ်ယူနိုင်သည်အထိ သန်မာပုံပင်။

ရုတ်တရက် မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပလာသည်။

“ငါ့ရဲ့ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်က မှော်ပစ္စည်းတွေကို စုပ်ယူဖို့ လိုအပ်တယ် ... ဒီနေရာရဲ့ မိုးကြိုးတွေကို ငါ တကယ်များ စုပ်ယူနိုင်လေမလား” သူက ရင်တဒိန်းဒိန်းခုန်လျက် အသက်ပြင်းပြင်း ရှူသွင်းပြီး မျက်လုံးများ ခဏ မှိတ်လိုက်သည်။ ၎င်းတို့ ပွင့်လာသောအခါ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်မှာ အပြည့်အဝ လည်ပတ်နေလေပြီ။

ထိုပညာရပ်ကို ထုတ်ဖော်လိုက်လျှင်ချင်း မန်ဟို့ခန္ဓာကိုယ်မှာ တွင်းနက်ကြီးအလား သူ၏ပတ်ပတ်လည်ရှိ မိုးကြိုးများမှာ ရုတ်တရက် တဖွဲဖွဲ ရွာကျလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း မိုးကြိုးအားလုံးကား ... မန်ဟို့အပေါ် တည့်တည့်သို့ ကျရောက်လာခဲ့လေပြီ။

မန်ဟိုသည် ၎င်းတို့အားလုံးကို ဝါးမြိုနိုင်ပုံရ၏။

နာကျင်မှုက သူ၏ခန္ဓာကိုယ်အနှံ့အပြားအား ထိုးကျင့်နှိပ်စက်နေသည့်အတွက် သူ့မှာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်သည် မိုးကြိုးများအား အမှန်တကယ် စုပ်ယူနေရာ မိုးကြိုးများသည် သူ၏ခန္ဓာကိုယ်ကို ဖြတ်စီး၍ တစ်သားတည်း ဖြစ်လာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသွားပြီး သူ့မှာ တစ်ချိန်လုံး တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။

ထို့နောက် သူ၏မျက်လုံးများက စူးရှတောက်ပစပြုလာသည်။

“ငါ နည်းနည်း သန်မာလာပြီ” သူက တွေးသည်။ “စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာဒါဇင်နည်းနည်းပါးပါး စုပ်ယူတာနဲ့ အတူတူလောက်ပဲ” ဤနေရာသည် ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်ကို ကျင့်ကြံသူမှလွဲ၍ အခြားမည်သူမဆိုအတွက် အလွန်တရာ အန္တရာယ်များကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟိုမှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့အတွက်တော့ ဤနေရာသည် ရေငတ်တုန်း ရေတွင်းထဲကျသွားသကဲ့သို့ပင်။

မန်ဟိုသည် သူ၏ဒုတိယကိုယ်အစစ်ကို နဂိုနေရာသို့ ချက်ချင်း ပြန်လွှတ်လိုက်ပြီးနောက် မိုးကြိုးမှ ဖြစ်လာသော အဘိုးကြီးကို မော့ကြည့်လိုက်လေသည်။

“စီနီယာ ကျုပ်တစ်ယောက်တည်း ကြိုးစားကြည့်မယ်” သူက ပြောသည်။ သူသည် ထိုသို့ပြောရင်း မိုးထစ်ချုန်းသံများအတွင်း ချီတက်သွား၏။ မိုးကြိးများ ရွာကျလာပြီး မန်ဟို၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်က နောက်တစ်ဖန် လည်သွားပြီး မိုးကြိုးများကို စုပ်ယူလိုက်၏။

မိုးကြိုးများ သူ၏အသားများတစ်လျှောက် ကခုန်နေစဉ် သူ ခံစားနေရသော နာကျင်မှုက သူ့အား ဓာတ်လိုက်သလို တုန်ရီသွားစေသည်။ သို့သော် သူ၏မျက်လုံးများက မဆုတ်နစ်သောဇွဲလုံ့လတို့ဖြင့် တောက်ပနေ၏။ သူသည် နာကျင်မှုကို သည်းခံရင်း ‌တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ရှေ့တက်သွားရာ ခြေလှမ်းတစ်ရာ အထိ ရောက်သွားလေပြီ။

ခြေလှမ်းတစ်ရာကား မီတာသုံးရာနှင့် ညီမျှ၏။

ယခုတွင် မိုးကြိုးများက အလွှာလိုက်၊ ပြင်လိုက် ကျရောက်နေလေပြီ။ မန်ဟိုမှာ ၎င်းတို့အတွင်း၌ စုန်းစုန်းမြုပ်နေပြီး အဝေးမှကြည့်လျှင် သူ့အား မြင်ပင်မမြင်ရပေ။

မိုးကြိုးများအတွင်းတွင် ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်၏စွမ်းအားက သူ့ကို ဖြတ်၍ စီးဆင်းနေ၏။ လျှပ်စီးမိုးကြိုးများ ကခုန်နေသည်နှင့်အမျှ သူ၏အပြင်အားကိုယ်မှာလည်း လူးလိမ့်အောင် ခံနေရသည်။ မိုးကြိုးများက သူ့ကို ထပ်ခါတလဲလဲ ပစ်ချနေပြီး သူ၏အပြင်အားကိုယ်မှာလည်း ပို၍ သန်မာလာ၏။

ယခင်က သူ၏အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ အထွပ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီးသား ဖြစ်သည်။ ခြေတစ်လှမ်းလေး တက်လိုက်ရုံနှင့် တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။

“ငါ ဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးချရမယ်” သူသည် မျက်လုံးများ လင်းလက်နေလျက် ရှေ့ဆက်တက်ရင်း တွေးလိုက်သည်။

ကောင်းကင်ထက်၌ စောင့်ကြည့်နေသော မိုးကြိုးအဘိုးကြီး၏အမူအရာမှာ လေးနက်သထက် လေးနက်လာသည်။ တောက်ပသောအလင်းရောင်က သူ၏မျက်လုံးများတွင် နေရာယူထား၏။ ပတ်ဝန်းကျင်တွင် မိုးကြိုးများ နည်းပါးသွားခဲ့သည်ကို သူ သတိထားမိ‌ပြီးလေပြီ။

လျော့နည်းမှုက မပြောပလောက်သော်လည်း သူ ဤနေရာတွင် ရှိခဲ့သည့် နှစ်ပေါင်းအသင်္ချေအတွင်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသောအရာဖြစ်သည်။

“ဒီတော့ သူက မိုးကြိုးကို စုပ်ယူနိုင်တယ်လား” အဘိုးကြီးမှာ တအံ့တဩ တွေးလိုက်မိ၏။ “ပြီးတော့ သာမန်မိုးကြိုးတောင် မဟုတ်ဘူး။ ပြစ်ဒဏ်မိုးကြိုးတွေ ….  စုပ်ယူပြီး အပြင်အားကိုယ် သန်မာစေဖို့ အသုံးချနေတာပဲ

“ဘယ်လိုကျင့်စဉ်မျိုး ကျင့်ကြံထားလို့ ဒီလိုမျိုး လုပ်နိုင်တာပါလိမ့်။ မဟုတ်မှ ... ဒဏ္ဍာရီလာ အံ့မခန်းအပြင်အားကိုယ် တာအိုမှော်ကျင့်စဉ်တစ်ခုခုများလား” ဤအခိုက်အတန့်တွင် မန်ဟိုကား မီတာ (၉၀၀) အမှတ်သို့ ခရီးနှင်လာခဲ့ပြီးလေပြီ။

မိုးကြိုးများက သူ့ကို တစ်ချိန်လုံး ပစ်ချနေပြီး တဂျိန်းဂျိန်း ထစ်ချုန်းသံများလည်း ဝန်းရံလျက်ရှိသည်။ မရေမတွက်နိုင်သော မြွေဆူးချွန်များက သူ့ကို ထိုးစိုက်နေသည့်အလားပင်။

‘နှလုံးသားကို ထိုးစိုက်ဝင်သော မြှားအစင်းတစ်သောင်း’ ဆိုသော ဖော်ပြချက်ပင်လျှင် ချဲ့ကားရာ မရောက်ပေ။

နာကျင်မှုက ပြင်းထန်လွန်း၍ မန်ဟို၏ အမြင်အာရုံတို့ပင် မှောင်မိုက်လာသည်။ တဖျပ်ဖျပ် လက်နေသော မိုးကြိုးများဖြင့် အဘက်ဘက်မှ ဝန်းရံခံထားရသည့်တိုင် သူ မြင်မြင်သမျှမှာ အမှောင်ထုသာ ဖြစ်၏။ သူသည် လျှာထိပ်ကို လျင်မြန်စွာ ကိုက်ကာ စိတ်နှင့်ကိုယ်ပြန်ကပ်စေလိုက်သည်။ သူက သွေးတချို့ထွေးထုတ်ရင်း ရှေ့ဆက်တက်လာ၏။

ဂျိန်း

မီတာ ‌၁၅၀၀

မန်ဟိုက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ၏ညာလက်မှာ ယခုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ တာအိုရှာဖွေခြင်းအဆင့်သို့ တက်သွားခဲ့လေပြီ။ သူ၏ကျန်ခန္ဓာကိုယ်မှာမူ ယခုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

ပတ်ဝန်းကျင် မိုးကြိုးများသည် ယခင်က မီတာ (၃၀၀၀) အကျယ်အဝန်းအထိ ပြန့်ကားနေခဲ့၏။ သို့သော် မန်ဟိုက များစွာ စုပ်ယူခဲ့သည့်အတွက် မီတာ (၂၅၀၀)အကျယ်သာ ရှိတော့သည်။

လျော့နည်းမှုမှာ သူ၏ညာလက်မောင်း တာအိုရှာဖွေခြင်းအဆင့် ရောက်ပြီးနောက်ပိုင်း ပိုမြန်လာခဲ့သည်။ မီတာ (၂၅၀၀)မှာ မီတာ (၂၀၀၀) အထိ တမုဟုတ်ချင်း ကျုံ့သွားခဲ့လေပြီ။

မန်ဟိုက စိတ်လှုပ်ရှားစွာဖြင့် အံတင်းတင်းကြိတ်ပြီး ရှေ့တက်လိုက်သည်။

သူကား မကြာခင် မီတာ (၁၈၀၀) အမှတ်သို့ ရောက်ရှိသွား၏။

မီတာ ၂၀၀၀

ကြောက်ခမန်းလိလိ ထစ်ချုန်းသံကြီးနှင့်အတူ သူ၏ဘယ်လက်မောင်းကား တာအိုရှာ‌ဖွေခြင်းအဆင့်သို့ တက်သွားလေပြီ။

မီတာ ၂၅၀၀

ခြေထောက်နှစ်ချောင်းလုံးမှာ ဆန်းပြားသော နည်းလမ်းတစ်ခုခုဖြင့် ကောင်းကင်နှင့်မြေကြီးနှင့် ဆက်စပ်နေသည့်အလား သဘာဝနိယာမအရှိန်အဝါကို ထုတ်လွှတ်နေသည်။

မီတာ ၂၇၅၀

မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရ၏။ သူ့ပတ်ပတ်လည်ရှိ မိုးကြိုးများမှာ မီတာ (၁၀၀၀) အထိ ကျုံ့သွားခဲ့လေပြီ။

ဤအခိုက်အတန့်တွင် အနက်ရောင်မိုးကြိုးတန်းများက ကြောက်မက်ဖွယ် အဖျက်အစီးစွမ်းအားဖြင့် သူ့ကို ပစ်ချလိုက်သည်။ သူက မျက်ထောင့်နီကြီးများဖြင့် မော့ကြည့်ပြီး အနက်ရောင်မိုးကြိုးများအား သူ့ကို ထိမှန်ခွင့်ပြုလိုက်၏။

အနက်ရောင်မိုးကြိုးများ သူ့ကိုယ်ထဲ ဝင်ရောက်စီးဆင်းလျှင်ချင်း အက်သံများ ကြားလိုက်ရသည်။ သူ၏အရေပြားတစ်လျှောက်လုံး အစင်းကြောင်းများ ကွဲထွက်လာ၏။ သူ့မှာ မိုးကြိုးကို မတောင့်ခံနိုင်တော့ဘဲ တစစီပေါက်ကွဲသွားတော့မည့်အတိုင်းပင်။

ထို့နောက် သူ၏ထာဝရအလွှာက အလုပ်လိုက်၍ ဒဏ်ရာများ ပြန်ကျက်သွားသည်။  ပြင်းထန်သော နာကျင်မှုက သူ တစ်ခါမှ မခံစားခဲ့ရဖူးသော ပုံစံမျိုးဖြင့် သူ့ကို လွှမ်းမိုးနေ၏။ သူ့မှာ မချိတင်ကဲ မအော်ဘဲ မနေနိုင်တော့ပေ။

မန်ဟို အော်လိုက်သည့်အချိန်မှာပင် ထစ်ချုန်းသံကြီးက သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသောအသံမဟုတ်။ မယုံလောက်အောင် အင်အားကြီးမားသော တာအိုရှာဖွေခြင်းအဆင့်အပြင်အားကိုယ်၏ မြည်ဟည်းသံပင်။

သူ၏နံရိုးများနှင့် ခန္ဓာကိုယ်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ တာအိုရှာ‌ဖွေခြင်းအဆင့်သို့ တက်သွားလေပြီ။ သူ၏ခေါင်းပိုင်းသာလျှင် အားနည်းချက်အဖြစ်၊ သန်မာအောင် လုပ်ရခက်သော နေရာအဖြစ် ကျန်ခဲ့၏။ မန်ဟိုက အသက်ပြင်းပြင်းရှူပြီး ဆက်တွန်းပို့လိုက်သည်။ မီတာ ၂၈၀၀၊ မီတာ ၂၈၅၀ .... မီတာ ၂၉၀၀။

သူ့ခေါင်းမှာ ကောင်းကင်တစ်ခုလုံးဖြင့် ဖိချခံနေရသည့်အလား ခံစားရသည်။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက သူ၏ကိုယ်အနှံ့အပြားတွင် ကခုန်နေပြီး ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာကိုယ်က လျင်မြန်စွာ လည်ပတ်နေသည်...

မီတာ ၂၉၅၀ .... မီတာ ၂၉၉၉ .... နောက်ဆုံး ... မီတာ ၃၀၀၀။

ကြေးဒယ်အိုးကား မန်ဟို၏အရှေ့တည့်တည့်တွင် ဖြစ်သည်။ သူသည် မီတာသုံးရာမိုးကြိုးရပ်ဝန်းဖြင့် ခြံရံလျက် ကတုန်ကယင်ဖြင့် ရပ်နေ၏။ အကန့်အသတ်မရှိသော မိုးကြိုးများ၏ အလယ်တွင် သူက သွေးတစ်ပွက်အန်ပြီးနောက် လက်ကို တဖြေးဖြေး မြှောက်လိုက်သည်။ ထို့နောက် အံတင်းတင်းကြိတ်ရင်း ကြေးဒယ်အိုး၏မျက်နှာပြင်အပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဧရာမဒယ်အိုးကြီးက တကျီကျီ အော်လာပြီး မီတာသုံးရာမိုးကြိုးနယ်မှာ မန်ဟို့အပေါ် စုဆုံလာကြသည်။

ဘုန်း

“အခုကစပြီး မင်းက ငါ့အပိုင်ပဲ” မန်ဟိုက မိုးကြိုးများကြားမှ တုန်ယင်နေသောအသံဖြင့် ပြောသည်။

***

All Chapters