ဦးတည်ရာ - ယီးကျန့်ဂိုဏ်း
Vol. 54 Ch. 753
ဂျိန်း
မီတာသုံးရာနယ်ပယ်အတွင်းရှိ မိုးကြိုးများက မန်ဟို့ဆီသို့ အပြေးအလွှား ဝင်ရောက်ကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်ကြသည်။ လေလယ်ရှိ မိုးကြိုးအဘိုးကြီးက မန်ဟို၏အပြုအမူများကို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေ၏။ ဤအခိုက်အတန့်တွင် သူ့မှာ လုံးလုံးလျားလျား တုန်လှုပ်နေလေပြီ။
ထို့နောက် ရုတ်တရက်ဆိုသလို ဧရာမကြေးဒယ်အိုးကြီးသည် တလှုပ်လှုပ် တုန်ခါလာသည်။ မိုးကြိုးများအတွင်းတွင် မန်ဟိုမှာ တစစီ ကွဲထွက်သွားတော့မည့်ပုံပင်။ သူ၏အရေပြားမှာ စုတ်ပြတ်သပ်နေပြီး ပေါက်ကွဲတော့ခါနီးဖြစ်နေ၏။
ထို ပေါက်ကွဲသွားလုဆဲဆဲ အခိုက်အတန့်တွင် သဘာဝနိယာမက ဆင်းသက်လာပြီး သူ၏ခေါင်းကို လှည့်ပတ်သွားသည်။ ယခု မန်ဟို့တစ်ကိုယ်လုံးမှာ ... တာအိုရှာဖွေခြင်းအဆင့်ဖြစ်နေလေပြီ။
ဤအရာကို တာအိုရှာဖွေခြင်းအဆင့် အပြင်အားကိုယ်ဟု ခေါ်သည်။
ဤတာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါမှာ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံလောက် မသိသာပေ။ ၎င်း၏ သဘာဝနိယာမအပေါ် လွှမ်းမိုးမှုမှာ သိပ်မပြင်းထန်လှ။ သို့သော် ဤအခိုက်အတန့်မှစပြီး မန်ဟို၏ခန္ဓာကိုယ်သည် တာအိုရှာဖွေခြင်းအဆင့်ရတနာနှင့် အမှန်တကယ် တူသွားလေပြီ။
ယခုအချိန်တွင် သူသည် မျက်လုံးပိတ်၍ မည်သည့်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကိုမဆို သူ့အား စိတ်တိုင်းကျတိုက်ခိုက်ခွင့်ပေးထားလျှင်ပင် ၎င်းက သူ၏ခန္ဓာကိုယ်အား နည်းနည်လေးမှ ထိခိုက်စေမည်မဟုတ်ပေ။
အမှန်အားဖြင့် တောင်ကောင်းကင်၏နယ်မြေများတွင် မန်ဟို့အပြင်အားကိုယ်နှင့် ယှဉ်နိုင်သော အပြင်အားကိုယ်ကို ရှာဖွေနိုင်ဖို့ ဆိုသည်မှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများသဖွယ် ရှားပါးကြောင်း တွေ့ရပေမည်။ ကျီမျိုးနွယ်စု၌ပင် ယခုလိုအပြင်အားကိုယ်နှင့် လူတစ်ယောက်အား ရှာတွေ့နိုင်ဖို့ ခဲယဉ်းပေမည်။
၎င်းသည်မှာ အတိုင်းထက်အလွန် အစွမ်းထက်သော အပြင်အားကိုယ်တစ်ခု ဖြစ်၏။
မန်ဟိုက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ အချိန်တိုလေးအတွင်း ပတ်ဝန်းကျင်ရှိ မိုးကြိုးအားလုံး သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရလေပြီ။ ၎င်းတို့မှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့၏။ မန်ဟိုသည် လေပေါ်ပျံတက်လိုက်ပြီး မည်သည့်မိုးကြိုးကိုမှ သူ့အပေါ်တွင် မမြင်ရတော့သော်လည်း သူ၏မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း ကြည့်လျှင် သိပ်မပီပြင်သေးသော မိုးကြိုးအား အာရုံရနိုင်သည်။
မန်ဟိုသည် လေလယ်တွင် ရပ်နေစဉ် သူ၏အာရုံများအား ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြန့်ကျက်လိုက်ပြီး ၎င်း မည်မျှ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လဲ ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမတချို့ကိုပင် အာရုံရနိုင်သည်။ ဤသည်မှာ မြင့်မြတ်သော ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်သည့်အတွက် ဤနေရာရှိ သဘာဝနိယာမမှာ တောင်ကောင်းကင်၏ သဘာဝနိယာမနှင့် ကွဲပြားခြားနားလေ၏။ ထို့ကြောင့် သူ၏အရှိန်အဝါမှာ ယခုတွင် ယခင်ထက်ပို၍ ကမ္ဘာဦးဆန်ပြီး ပရမ်းပတာ ဖြစ်နေလေသည်။
၎င်းသည် အချိန်စီးဆင်းမှုဖြင့် ပြည့်နှက်လျက် ရှေးကျပြီး သူ ထုတ်လွှတ်နေသော အငွေ့အသက်မှာ အကန့်အသတ်မဲ့သည့် အချိန်အငွေ့အသက်မျိုး ဖြစ်၏။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဧရာမကြေးဒယ်အိုးကြီးကို ပြန်ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။ လွန်ခဲ့သော အခိုက်အတန့်၊ ဒယ်အိုးအပေါ် လက်တင်ခဲ့တုန်းက သူ၏ဝိညာဉ်မှ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ခွဲထွက်၍ ဒယ်အိုးထဲသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရ၏။
သူ ယခု ၎င်းကို ကြည့်လိုက်သောအခါ ၎င်းနှင့် သူ့အကြား၌ ထူးဆန်းသောဆက်သွယ်မှုတစ်ခုကို စမ်းတဝါးဝါး အာရုံရလိုက်လေသည်။
“မြောက်တက်လိုက်” သူက လက်ကို အပေါ်မြှင့်တင်ရင်း ပြောသည်။
ဂျိန်း
ဧရာမကြေးဒယ်အိုးကြီး တုန်ရီသွားသည်။ ၎င်းသည် လေပေါ်သို့ တဖြေးဖြေး မြောက်တက်လာသဖြင့် အက်ကွဲသံများ ကြားလိုက်ရပြီး အက်ကြောင်းများက ပတ်ဝန်းကျင်တစ်ခွင် ဖြာထွက်ပျံ့နှံ့သွားကာ ဖုန်လုံးကြီးများက တိမ်တိုက်များသဖွယ် အရပ်လေးမျက်နှာတွင် တလိပ်လိပ် ထသွားလေသည်။
ဒယ်အိုးကြီး လေပေါ် မြောက်တက်သွားစဉ် ၎င်း၏ ရှေးကျသော ကမ္ဘာဦးအရှိန်အဝါသည် မန်ဟိုနှင့် ပို၍ ဆင်တူလာ၏။
ထိုမြင်ကွင်းက လေလယ်တွင် ရပ်နေသော အဘိုးကြီးကို ပင့်သက်ရှိုက်မိသွားစေသည်။ သူသည် မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဒုတိယကိုယ်အစစ်ကို ငုံ့ကြည့်လိုက်လေသည်။
“ငါက ဒယ်အိုးရဲ့ စိတ်ဝိညာဉ်မဟုတ်ပေမယ့်” သူက ပေါ့ပေါ့ပါးပါး ပြောသည်။ “သူ့ရဲ့ အစောင့်အရှောက်ပဲ။ ဒီရတနာနဲ့ပတ်သက်ပြီး တကယ် တန်ဖိုးရှိတဲ့အရာက လျှို့ဝှက်ဆန်းကြယ်တဲ့ မူလအစရှိတဲ့ အတွင်းဒယ်အိုးဖြစ်တယ်။ အပြင်ဒယ်အိုးကတော့ ငါ့ဆရာ သွန်းလုပ်ခဲ့တာ။ အခုတော့ မင်းအပိုင်ဖြစ်သွားပြီပေါ့လေ။ မင်း အပိုင်အဖြစ် ရသွားပြီဆိုတော့ ... မင်းက သူနဲ့ ရေစက်ပါတယ်လို့ ဆိုလိုတာပဲ။ ငါ့ဆရာလုပ်ခဲ့သလိုမျိုး ဒီဒယ်အိုးကို သုံးပြီး မင်း ရွှေသရဖူဆောင်းနိုင်မလားဆိုတာ အချိန်က စကားပြောလိမ့်မယ်
“အခု မင်း ဒယ်အိုးကို ရရှိသွားပြီဖြစ်တဲ့အတွက် ငါ့တာဝန်ပြီးသွားပြီ ....” သူ၏မျက်လုံးများသည် မှေးမှိန်လာပြီး သူ၏ခန္ဓာကိုယ်မှာ တစတစ လွင့်ပျယ်ပျောက်ကွယ်လာသည်။
သူက အေးတိအေးစက် ဆက်ပြောသည်။ “ငါ့အနေနဲ့ သေသွားသင့်တာ ကြာပြီ။ အဲဒီနှစ်တုန်းက ငါက ပြစ်ဒဏ်မိုးကြိုးကြောင့် မသေဘဲ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသော အသက်ရှင်သူပဲ။ အခု ငါ့တာဝန်ပြီးပြီမလို့ ပြန်လည်မွေးဖွားနိုင်ပြီ .....
“ငါ စတုတ္ထတောင်ရဲ့ မြေအောက်ကမ္ဘာကို ခရီးနှင်ပြီး လူသားအဖြစ် ပြန်မွေးရဖို့ ဘဝပြန်ဝင်စားမယ်။ အခုကစပြီး နောင်နှစ်တွေကြာရင် မင်းနဲ့ ငါ တစ်ချိန်ချိန် အင်မော်တယ်ဖြစ်ဖို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှ ဆုံတွေ့ကောင်း ဆုံတွေ့ရလိမ့်မှာပါ....” သူသည် ဆက်လက်မှေးမှိန်လာပြီး နောက်ဆုံးတွင် ကောင်းကင်သို့ ပျံတက်သွားသော အလင်းစက်များဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။
မန်ဟိုသည် အဘိုးကြီးထွက်ခွာသွားခဲ့သည့် အရပ်မျက်နှာဘက်သို့ ကြည့်နေ၏။ ထိုလူမည်သူလဲ မသိသော်လည်း ဟိုးယခင်နှစ်တွေတုန်းက သူ စိတ်အာရုံမြင်ကွင်းထဲတွင် မြင်ခဲ့ရသော ထောင်ထောင်မောင်းမောင်းလူကို မတွေးမိဘဲ မနေပေ။
တခဏကြာသော် သူတို့နှစ်ယောက်မှာ အတော်လေးဆင်တူလာခဲ့သည်။
မန်ဟိုက ဧရာမဒယ်အိုးကြီးကို ပြန်ကြည့်လိုက်သည်။
“ကျုံ့လိုက်” သူက အမိန့်ပေးလိုက်၏။
ဒယ်အိုးသည် တကျည်ကျည် မြည်ပြီးနောက် ကျုံ့လာ၏။ လက်ဝါးအရွယ် ရောက်သောအခါ ၎င်းက မန်ဟို့လက်ဝါးအပေါ်သို့ ပျံဝဲလာလေသည်။ ၎င်း သူ့ကို ထိလိုက်လျှင်ချင်း မိုးကြိုးများက မန်ဟို့ထံမှ ဖြာထွက်လာပြီး သူ့မှာ လျှပ်စီးများအကြားထဲ နစ်မြုပ်သွားတော့၏။
မိုးကြိုးများအတွင်း၌ မန်ဟို၏ခန္ဓာကိုယ်သည် တုန်ရီနေပြီး ကြေးဒယ်အိုး၏ ပြောင်မြောက်သော စွမ်းရည်တချို့ကို အာရုံရလိုက်လေသည်။ ဤအသိမှာ ဒယ်အိုးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ထဲ၌ ရုတ်တရက် ဖျတ်ခနဲ ပေါ်လာခဲ့ခြင်းဖြစ်၏။
“နေရာလဲသိုင်း....” သူသည် ခေတ္တခဏ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် ဒယ်အိုးကို ဖိချ၍ ဒုတိယကိုယ်အစစ်ကို လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် အရာအားလုံး ရုတ်တရက် တဒင်္ဂဝေဝါးသွားသည်။ သူ ရှင်းရှင်းလင်းလင်း ပြန်မြင်ရသောအခါ ... သူသည် ဒယ်အိုးကို ကိုင်ထားဆဲဖြစ်သော်လည်း ယခုတွင် သူ၏ဒုတိယကိုယ်အစစ် ရပ်နေခဲ့သော မြေကြီးအပေါ်သို့ ရောက်နေလေပြီ။ သူ၏ဒုတိယကိုယ်အစစ်မှာမူ မန်ဟို စောစောက ရှိခဲ့သော လေလယ်ရှိနေရာတွင် ပျံဝဲနေ၏။
“မိုက်ချက်ပဲ” သူက မျက်လုံးများပြူးနေလျက် တွေးလိုက်သည်။ သူသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း မိုးကြိုးဒယ်အိုးကို ငုံ့ကြည့်ပြီး မျက်လုံးများကား ထူးဆန်းစွာ တောက်ပလာတော့သည်။ ဤဒယ်အိုးသည် မှော်တိုက်ပွဲ၌ အင်မတန် အသုံးဝင်မည်ဖြစ်ကြောင်း သူ ချက်ချင်း ပြောနိုင်၏။
အမှန်တွင် ၎င်း၏အသုံးဝင်မှုမှာ စစ်ပွဲတွင်သာမဟုတ်၊ တခြားအခြေအနေများတွင်လည်း အသုံးပြုနိုင်လိမ့်မည်။ ၎င်းကား ကောင်းကင်ဘုံကို အာခံနေသော ရတနာတစ်ပါးပင်။
“တခြားစွမ်းရည်တွေလည်း ရှိသေးတယ်” သူက တွေးသည်။ “မိုးကြိုးထုတ်လွှတ်နိုင်တဲ့အပြင် မယုံနိုင်လောက်အောင် လေးတဲ့အတွင် ချေမှုန်းဖိခြေခြင်းတွေ လုပ်ဆောင်နိုင်တယ်
“ဒါ့အပြင် ရှေးခေတ်တုန်းက ဖန်တီးထားတဲ့ဟာ။ ပစ္စည်းတွေရဲ့ မာကြောမှုက တခြားမှော်ပစ္စည်းတွေ သူနဲ့ ယှဉ်လို့မရအောင်ကိုပဲ” သူသည် အတွင်းဒယ်အိုးနှင့်အတူ မိုးကြိုးဒယ်အိုးထဲရှိ ရုပ်တုများကို ရုတ်တရက် တွေးလိုက်မိသဖြင့် မျက်လုံးများ လင်းလက်သွားလေ၏။
“ဒါ တကယ် အဖိုးထိုက်ရတနာပဲ” သူက အသက်ပြင်းပြင်းရှူရင်း တွေးသည်။ သူသည် မိုးကြိုးဒယ်အိုးကို သိုလှောင်အိတ်ထဲ ထည့်၍ လေပေါ် ပျံတက်လိုက်၏။
သူသည် ဒုတိယကိုယ်အစစ်နှင့်အတူ အဝေးသို့ တဟုန်ထိုး ထွက်သွားတော့သည်။
အချိန်အနည်းငယ်ကြာသော် သူက မြင့်မြတ်သော ရှေးဟောင်းနယ်မြေမှ နေရာရွှေ့ပြောင်းထွက်လာပြီး ချင်းလော်ဂိုဏ်း၏ ချောင်ထဲရှိ ကြာပွင့်ပုံသဏ္ဌာန်စင်မြင့်အပေါ် သို့ ပြန်ရောက်သွားကြောင်း တွေ့ရလိုက်၏။ တံခါးမှာ အလုပ်မလုပ်တော့သည့်အပြင် တစ်ပိုင်းတစစီ ကျိုးပဲ့ကာ ပျောက်ကွယ်သွားလေပြီ။
မန်ဟိုက ပျောက်ကွယ်နေသော တံခါးကို ပြန်ကြည့်ပြီးနောက် မြေအက်ကြောင်းထဲမှ ပျံထွက်လိုက်သည်။ သွေးမိစ္ဆာဂိုဏ်းသားများက အပြင်တွင် စောင့်နေခဲ့ကြပြီး မန်ဟို့ကို မြင်လျှင် လက်ယှက်ကာ အရိုအသေပေးကြ၏။
“သွေးမင်းသား၊ ပြန်လည်ကြိုဆိုပါတယ်”
သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးမှာ မန်ဟိုနှင့်ပတ်သက်၍ တစ်စုံတစ်ခု ထူးခြားနေကြောင်း အာရုံရလိုက်သော်လည်း မည်သည့်အရာက ထူးခြားနေသလဲ မသိကြပေ။ ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာမု သွေးကိုယ်ပွားရုပ်သေးရုပ်များ ဖြစ်နေကြ၍ မပြောနိုင်ပေ။
သင်းကွဲကျင့်ကြံသူသိန်းပေါင်းများစွာမှာတော့ ဘာဆိုဘာမှ မသိကြပေ။ မန်ဟိုပုံစံက တစ်နည်းနည်းနှင့် ...အနည်းငယ် သန်မာလာပြီး ရှေးဆန်လာသည်ကိုသာ သူတို့ ပြောနိုင်၏။
“ချင်းလော်ဂိုဏ်း ပျက်စီးသွားပြီ” မန်ဟိုက လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်ရင်း ကြေညာလိုက်သည်။ “နောက်သွားမယ့်နေရာက ... ယီးကျန့်ဂိုဏ်းပဲ”
“ယီးကျန့်ဂိုဏ်း” သွေးမိစ္ဆာဂိုဏ်းသားများ၏ မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားပြီး သူတို့၏သတ်ဖြတ်လိုစိတ်မှာ မီးတောက်များသဖွယ် တောက်လောင်လာသည်။ သင်းကွဲကျင့်ကြံသူများလည်း စိတ်လှုပ်ရှားလာကြ၏။
“သူက တကယ်ပဲ သူ့ကို တိုက်ခိုက်ခဲ့တဲ့ အင်အားစုလေးစုကို အရှင်းဖယ်ရှားပစ်တော့မှာဟ”
“သွေးမိစ္ဆာဂိုဏ်းသာ အဲဒီလိုလုပ်လိုက်ရင် တောင်ပိုင်းဒေသ တစ်စည်းတစ်လုံးတည်း ဖြစ်သွားလိမ့်မယ်”
သိန်းချီသော သင်းကွဲကျင့်ကြံသူများ သူတို့၏ အံ့ဩမှုတို့ကို ဖော်ပြနေသည့်အချိန်မှာပင် မိုးကြိုးသဖွယ် အလင်းရောင်က မန်ဟို၏ခြေထောက်အောက်တွင် ပေါ်လာပြီး သူကား သွေးမိစ္ဆာဂိုဏ်းသားနှင့်အတူ အဝေးသို့ ထွက်သွားလေပြီ။
ရက်အနည်းငယ်ကြာသော် ယီးကျန့်ဂိုဏ်း၏အပြင်ရှိ ကောင်းကင်မှာ တဂျုန်းဂျုန်း မြည်လာသည်။ အင်အားကြီးမားသော လေပြင်းတစ်ချက်က ပတ်ဝန်းကျင်တွင် သောင်းကျန်းလိုက်သဖြင့် တိမ်တိုက်များ ပြိုကွဲသွား၏။ လေမုန်တိုင်းကား ယီးကျန့်ဂိုဏ်း၏အပေါ်တွင် စုဝေးနေသယောင်ပင်။
ယီးကျန့်ဂိုဏ်းမှာ အဝင်အထွက် တင်းကြပ်ထားသည်။ အတွင်းရှိ ဂိုဏ်းသားများမှာ ထွက်သွားခွင့်မရှိသည့်အပြင် တစ်ဂိုဏ်းလုံးသည် ရန်သူတော်ကြီးတစ်ယောက်အား စောင့်ဆိုင်းနေသည့်အလား အသင့်အနေအထားရှိနေ၏။ သွေးမိစ္ဆာဂိုဏ်း၏ လက်တုံ့ပြန်မှုကို ခုခံရန် အကုန်လုံးမှာ ချုပ်နှောင်ခံထားရလေသည်။
ယီးကျန့်ဂိုဏ်း၏အခြေအနေမှာ ညှို့မှိုင်းအုံ့ဆိုင်းပြီး စိတ်ဓာတ်ကျနေကြသည်။ လူတိုင်း စိုးရိမ်ထိတ်လန့်နေကြလေသည်။ ဂိုဏ်းသားအရေအတွက်မှ သောင်းဂဏန်းမျှသာ ကျန်တော့ရှိသဖြင့် အကုန်လုံးမှာ ချောက်ကမ်းပါးသို့ ရောက်နေကြလေသည်။ ဂိုဏ်း၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဂိုဏ်းချုပ် သေဆုံးသွားပြီဖြစ်ရာ တစ်ဂိုဏ်းလုံးတွင် အစွမ်းထက်ဆုံးမှာ ဆရာကျန်းအပါအဝင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသုံးဦးသာ ဖြစ်၏။
သူတို့သည် လေကိုခွင်းလာနေသော အလင်းတန်းများကို မြင်သည့်အခါ ပြန်မတိုက်ခိုက်နိုင်ကြောင်း သိလိုက်ကြပြီး ဂိုဏ်းကို ကာကွယ်ဖို့ ဖန်တီးထားသည့် မဟာမန္တန်ဝင်္ကပါအနေဖြင့် ကလဲ့စားလာချေသော သွေးမိစ္ဆာဂိုဏ်းကို ခုခံနိုင်ပါစေဟု မျှော်လင့်နိုင်ကြလေသည်။
အလင်းတန်းများစွာ ချဉ်းကပ်လာသဖြင့် ဂိုဏ်းအပြင်ရှိ လေထုမှာ လှိုင်းများထလာသည်။ မန်ဟိုသည် ခေါင်းဆောင်နေရာတွင် ဖြစ်ပြီး သူ့ထံမှ အသတ်အဖြတ်အခိုးအငွေ့တို့က သိပ်သည်းနေ၏။ ယီးကျန့်ဂိုဏ်းကို မြင်လိုက်ရသည်နှင့် အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားလေသည်။
တောင်ပိုင်းဒေသ၏ ဤအပိုင်းတွင် တောင်တန်းများသည် ဓားများသဖွယ် မားမတ်လျက်ရှိ၏။ ဂိုဏ်းအလယ်တွင် မြူပါးပါး ရစ်သိုင်းနေသော တောင်တစ်လုံးရှိသည်။ မြူများမှ တစ်ဆင့် ဂိုဏ်းကို လှမ်းကြည့်လျှင် ၎င်းသည် လုံးဝမှောင်မိုက်ပြီး လူသူကင်းမဲ့နေသယောင်ရှိ၏။
မြူများက ပါးသော်လည်း တကယ်တမ်း ယီးကျန့်ဂိုဏ်း မဟာမန္တန်ဝင်္ကပါ၏ ပထမဆုံးမန္တန်ဝင်္ကပါ ဖြစ်လေသည်။
မန်ဟို့အနောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားများက တစ်ခဲနက် ကြွေးကြော်လိုက်ကြရာ အသံလှိုင်းများက ယီးကျန့်ဂိုဏ်းကို ရိုက်ခတ်သွား၏။
“အညံ့ခံမလား အသေခံမလား”
မည်သည့်တုံ့ပြန်မှုမှ မရှိ။ သို့သော် ယီးကျန့်ဂိုဏ်းကို ဝန်းရံထားသော မြူများမှာ လည်လာရင်း နဂါးများအသွင်ပြောင်းသွားသည်။ နဂါးများက တစ်ကောင်နှင့်တစ်ကောင် ပေါင်းစည်းကာ .... ဧရာမဓားနဂါးကြီးတစ်ကောင် ဖြစ်လာ၏။
နဂါးသည် ပုတ်သင်နှင့်တူပြီး တစ်ဂိုဏ်းလုံးကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားလေသည်။ ၎င်း၏ကျောတွင် မရေမတွက်နိုင်သော ဓားများက ဆူးများသဖွယ် ထောင်မတ်နေ၏။ နဂါးသည် အစိမ်းရောင်ဖြစ်ပြီး အဆုံးစွန်အထိ တုန်လှုပ်ဖွယ်ကောင်းလေသည်။ ၎င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းမော့၍ မန်ဟို့ကို ဟိန်းဟောက်လိုက်သည်။
မန်ဟို၏မျက်လုံးများ အေးစက်သွား၏။ သူက သိုလှောင်အိတ်ကို ညာလက်ဖြင့် ပုတ်လိုက်ရာ မိုးကြိုးဒယ်အိုး ပျံထွက်လာသည်။ ၎င်းသည် တကျည်ကျည်မြည်ရင်း တောင်တစ်လုံးအရွယ်ရောက်သည့်တိုင်အောင် ကြီးမားလာသည်။ အဆုံးမရှိသော မိုးကြိုးတန်းများက ၎င်းထံမှ ဖြာထွက်ကာ ကောင်းကင်ကို မိုးကြိုးကမ္ဘာသဖွယ် ဖြစ်သွားစေ၏။
အံ့မခန်းလိလိ ဖိအားကြီး သက်ရောက်လာပြီး ဒယ်အိုးကြီး၏ပုံစံက ဆရာကျန်းနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများကို ပျာယာခတ်သွားစေသည်။ ကျန်ဂိုဏ်းသားများမှာမူ အမြုတေအထိ တုန်လှုပ်သွားကြ၏။
သို့သော် ဂိုဏ်း၏ ချောင်တစ်ချောင်ထဲရှိ လူတစ်ယောက်မှာတော့ နည်းနည်းလေးမှ ထိတ်လန့်နေခြင်းမရှိပေ။ သူသည် အဘိုးကြီးနှင့်တူသော်လည်း တကယ်တမ်း သက်လတ်ပိုင်းအရွယ်ဖြစ်၏။ သူ့တွင် မုတ်ဆိတ်မွှေးငုတ်တိုများနှင့် အထီးကျန်နေသော ပုံစံရှိသည်။ သူသည် ယီးကျန့်ဂိုဏ်း၏ ဂိုဏ်းသားဖြစ်သော်လည်း သူ့လက်ထဲတွင် ဓားမရှိပေ။
သူ့တွင် ရှိသည့်အရာဆို၍ သူ သောက်နေသော အရက်အိုးတစ်အိုးသာ။ သူက ခပ်လှမ်းလှမ်းရှိ တောင်ပေါ်တွင် မေးတင်နေသော သာမန်ကျောက်ဆောင်တစ်ခုကို ငေးကြည့်နေသည်။ အနီးကပ်ကြည့်ပါက ကျောက်ဆောင်ထဲတွင် လူတစ်ယောက်အား မြင်ရနိုင်၏။ ထိုလူကား သူ၏နှလုံးသားထဲတွင် ထာဝရတည်ရှိနေမည့်လူဖြစ်လေသည်။
“ညီလေး” သူက ပြောသည်။ “သတ်ပစ်လိုက်... ယီးကျန့်ဂိုဏ်းက လူတွေအကုန်လုံး သတ်ပစ်လိုက်။ ငါ့ဆရာအတွက် လက်စားချေပြီး ငါ့ပြစ်မှုတွေအတွက် ပေးဆပ်ခိုင်းလိုက်စမ်းပါ” သူက ခါးခါးသီးသီးပြုံးရင်း အရက် နောက်တစ်ကျိုက် မော့သောက်လိုက်သည်။
အံ့ဖွယ်မိုးကြိုးဒယ်အိုးကြီး အရွယ်အစား ကြီးလာသည်နှင့်အမျှ မိုးကြိုးများ ပိုမိုများပြားလာရာ အားလုံးကို တုန်ခါနေစေတော့သည်။
သွေးမိစ္ဆာဂိုဏ်းသားများနှင့်အတူ စောင့်ကြည့်နေသော သင်းကွဲကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်။ သူတို့ ပါးစပ်အဟောင်းသားနှင့် ကြည့်နေစဉ်မှာပင် မိုးကြိုးဒယ်အိုးက ယီးကျန့်ဂိုဏ်း၏ ဓားနဂါးဆီသို့ ပြေးဝင်သွားလေပြီ။
ဂျိန်း
“အကုန်လုံး မားမားမတ်မတ် ရပ်ထားကြ” ဆရာကျန်းက ပြောသည်။
“ဂိုဏ်းသားအကုန်လုံး၊ မန္တန်ဝင်္ကပါကို အားဖြည့်” ယီးကျန့်ဂိုဏ်း ခေါင်းဆောင်ကြီးသုံးဦးအနက်မှ နောက်တစ်ယောက်က ပြောသည်။
ယီးကျန့်ဂိုဏ်းသားများမှာ အံတင်းတင်းကြိတ်၍ ရှိသမျှအားအလုံးစုံကို မန္တန်ဝင်္ကပါထဲ ထည့်သွင်းလိုက်သည်။ ချက်ချင်းပင် ယခင်ထက်ပို၍ အသက်ဝင်လာ၏။
လူတိုင်း ကြည့်နေကြစဉ် မိုးကြိုးဒယ်အိုးသည် ဟိန်းဟောက်၍ ပျံတက်လာသော ဓားနဂါးထံသို့ ထိုးဆင်းသွား၏။
ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ရိုက်ညောင်းသွားသည်။
ဓားနဂါးမှာ မိုးကြိုးဒယ်အိုးကို ဝင်တိုက်လိုက်သောအခါ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးခြင်းဖြင့်သာ နိဂုံးချုပ်သွားရသဖြင့် ပင့်သက်ရှိုက်များအား အရပ်လေးမျက်နှာမှ ကြားလိုက်ရလေသည်။ ၎င်းကား မိုးကြိုးဒယ်အိုးအား နည်းနည်းပင် ခုမခံနိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း တစစီ ကြေမွသွား၏။
၎င်းမှာ မြက်ခြောက်များကို တက်နင်းလိုက်သလို အလွယ်တကူ ဖျက်စီးခံလိုက်ရလေသည်။
***