← Chapters

နာကျင်မှုသက်သာစေသည့်ဆေး  

Vol. 2 Ch. 21

နာကျင်မှုသက်သာစေသည့်ဆေး  

Vol. 2 Ch. 21

စီနီယာတပည့်လီ၏ မျက်ခွံများက အနည်းငယ် တုန်ယင်သွားပြီး သူ့အတွက် အကောင်းဆုံးလမ်းကို ဆုံးဖြတ်ရန် ပြင်းပြင်းထန်ထန် တွေးတော​နေပုံရသည်။

တခဏကြာပြီးနောက် သူ၏ တင်းကျပ်စွာ ပိတ်ထားသည့် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ ဟန်လိလက်ထဲမှ ဆေးလုံးကို အာသာငမ်းငမ်းကြည့်လာသည်။

ဟန်လိက ထပ်မပြောတော့ဘဲ စီနီယာတပည့်လီ၏ ပါးစပ်ထဲသို့ ဆေးကို ထည့်ပေးလိုက်သည်။ သူ့ပါးစပ်တဝိုက်ရှိ အဖြူရောင်အမြှုပ်များက သူ့ကို ဆေးမြိုချခြင်းမှ မတားဆီးနိုင်ဘဲ ထိုဆေးကို သောက်ပြီးသည့်နောက် ဟန်လိက စီနီယာတပည့်လီ၏ ခန္ဓာကိုယ်မှ ငွေရောင်အပ်များ အားလုံးကို တဖြေးဖြေး ပြန်နှုတ်လိုက်သည်။

ငွေရောင်အပ်များအားလုံး ပြန်နှုတ်ပြီးနောက် အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးက စတင်၍ အာနိသင်ပြလာသည်။ စီနီယာတပည့်လီ၏ ဖြူဖျော့သော မျက်နှာက စတင်၍ အနီရောင်သမ်းလာသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်လာပြီး ခြေလက်များက စတင် တုန်ယင်လာကာ လည်ချောင်းထဲမှ ခပ်တိုးတိုး ညည်းညူသံ ထွက်ပေါ်လာသည်။

စီနီယာတပည့်လီက ဟန်လိ၏ အရှေ့တွင် ရယ်စရာမဖြစ်ချင်သောကြောင့် သူက နာကျင်မှုပြည့်နေသည့်အသံကို ဖိနှိပ်ရန်ကြိုစားသော်လည်း မအောင်မြင်ခဲ့ပေ။

ခပ်တိုးတိုး ညည်းညူသံက အလိုလို ပိုမိုကျယ်လောင်လာပြီး တုန်ယင်မှုကလည်း ပြင်းထန်လာသည်။ အချိန်အတော်ကြာပြီးနောက်မှသာ ညည်းညူသံက တဖြေးဖြေး လျော့ပါးလာသည်။

နောက်ဆုံးတွင် စီနီယာတပည့်လီက ပြန်လည်သက်သာလာကာ သူ၏ ဖြူဖျော့ဖျော့ မျက်နှာက ပုံမှန်ပြန်ဖြစ်လာပြီး ခန္ဓာကိုယ် တုန်ယင်နေခြင်းမှ ရပ်တန့်သွားသည်။ ဤသည်မှာ သူက အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးကို ဝါးမြိုခြင်း၏ ဘေးထွက်ဆိုးကျိုးများကို အောင်မြင်စွာ တောင့်ခံသွားနိုင်သည့် လက္ခဏာဖြစ်လေသည်။

စီနီယာတပည့်လီက ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ခြေထောက်များအား ခွေထိုင်လိုက်ပြီး တရားထိုင်သည့်ဟန် မျက်လုံးများကို မှိတ်၍ ချီအား လှည့်ပတ်ရင်း သူ့ဒဏ်ရာများကို ကုသရန်ကြိုးစားနေသည်။ ဟန်လိက အနီးတွင် ကြီးမားပြီး သန့်ရှင်းသည့် ကျောက်တုံးတစ်တုံးကို တွေ့သဖြင့် ထိုင်ချလိုက်ရင်း စီနီယာတပည့်လီကို စောင့်ကြည့်နေခဲ့သည်။

အစားအသောက်တစ်ခါစား အချိန် ကြာပြီးနောက် တရားထိုင်နေသည့် စီနီယာတပည့်လီက မျက်လုံးများကို ဆတ်ခနဲဖွင့်လိုက်ပြီး သူ့ ဓားကို ဆွဲထုတ်ကာ တောက်ပနေသည့် ဓားအား ဟန်လိ၏ လည်ပင်းထက်သို့ တင်လိုက်သည်။

"မင်းကို မသတ်ရမယ့် အကြောင်းပြချက် တစ်ခုပေး။" စီနီယာတပည့်လီ၏ မျက်လုံးများတွင် အေးစက်သည့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေခဲ့သည်။

"ကျုပ်က အခုလေးတင် ခင်ဗျားအသက်ကို ကယ်ခဲ့တာ။ ဒါ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူးလား။" ဟန်လိက မျက်မှောင်ကြုတ်လိုက်သည်မှအပ အမူအရာအပြောင်းအလဲမရှိဘဲ တည်​ငြိမ်နေသည်။ တစ်စုံတစ်ယောက် ဟန်လိ မျက်နှာကို ရည်ရွယ်ချက်ရှိရှိ မလေ့လာလျှင် အပြောင်းအလဲများကို မြင်ကြလိမ့်မည် မဟုတ်ပေ။

စီနီယာတပည့်လီ၏ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသော်လည်း ဟန်လိကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နေသည်။

"ခင်ဗျားကို ကယ်ဖို့ ဆုံးဖြတ်ချက်မချခင် ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ထိန်းနိုင်ဖို့ ကျုပ်ကို သတ်လိမ့်မယ်လို့ခန့်မှန်းမိပြီးသားပါ။ ဒါပေမယ့် ခင်ဗျားက ဒီလောက်မြန်​မြန် လှုပ်ရှားလာမယ်လို့ ထင်မထားမိဘူး။" ဟန်လိက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်ဟန်နှင့် ပြည့်နေသည့် မျက်နှာနှင့် ခါးသက်စွာ ရယ်မောလိုက်သည်။

"ဟင်း... ခင်ဗျားကို ကယ်တာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေလိမ့်မယ်ဆိုတာသိပေမယ့် ဆေးပညာကို သင်ယူနေတဲ့ သူတစ်ယောက်အနေနဲ့ ကျုပ်က ခင်ဗျား သေမှာကို ထိုင်ကြည့်မနေနိုင်ခဲ့ဘူး။" ဟန်လိက သက်ပြင်းချလိုက်သည်။

စီီနီယာတပည့်လီက ထိုစကားလုံးများကို ကြားလိုက်သည်နှင့် သူ့မျက်နှာတွင် ရှက်ရွံ့သည့် အမူအရာတို့ ဖြစ်ပေါ်လာကာ ဟန်လိလည်ပင်းထက်မှ သူ့ဓားကို အနည်းငယ်ရွှေ့လိုက်သော်လည်း ဓားအား အပြည့်အဝဖယ်လိုက်ခြင်း မရှိသေးပေ။

ဟန်လိက စိတ်သက်သာရာရစွာ တိိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ပို၍ ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် စကားဆက်ပြောလိုက်သည်။

"ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ကျုပ် ဖော်ထုတ်မိမှာ စိုးရိမ်စရာမလိုဘူး။ ကျုပ် မျက်နှာကို ကြည့်ရုံနဲ့တင် ကျုပ်က အတင်းအဖျင်းပြောတတ်တဲ့ လူမျိုး မဟုတ်ဘူးဆိုတာ ခင်ဗျားသိလိမ့်မယ်။ တကယ်လို့ ခင်ဗျား စိုးရိမ်နေသေးတယ်ဆိုရင် ကျုပ် သစ္စာဆိုပေးနိုင်တယ်။ ကျုပ်က သိုင်းပညာမှာ မကျွမ်းကျင်ဘူးဆိုတာ ခင်ဗျား သိမှာပဲ။ ​ဒါကြောင့် ကျုပ် သစ္စာကို ဖျက်မိတာ ရှာတွေ့ခဲ့ရင် ခင်ဗျား ကျုပ်ကို အလွယ်တကူ သတ်နိုင်တယ်။" ဟန်လိက တည်ငြိမ်စွာ အကြံပြုလိုက်သည်။

"ကောင်းပြီ။ ဒါဆိုလည်း သစ္စာဆိုပါ။" စီနီယာတပည့်လီက တည့်တိုးပြောလိုက်၏။

ယခုမှသာ ဟန်လိက စိတ်သက်သာရာရသွားခဲ့သည်။ သူ စီနီယာတပည့်လီကို မကယ်ခင်က စီနီယာတပည့်လီက ရက်စက်ကြမ်းကြုတ်သည့် လူမျိုးမဟုတ်သည်ကို ခန့်မှန်းရုံသာရှိပြီး တထစ်ချသေချာခြင်း မရှိခဲ့ပေ။ သူ မှားယွင်းဆုံးဖြတ်မိခဲ့ပြီး စီနီယာတပည့်လီက ကြင်နာမှုကို ရက်စက်ကြမ်းကြုတ်မှုနှင့် ပြန်ဆပ်တတ်သူဖြစ်ခဲ့လျှင် သူ့ကိုယ်သူ ကာကွယ်ရန် သူ၏ လျှို့ဝှက်အသက်ကယ်နည်းလမ်းကို ထုတ်သုံးရလိမ့်မည် ဖြစ်သည်။

သူက ၎င်းကို အသုံးပြုရန်မလိုတော့သည်ကို သိလိုက်သည့်အခါ သူ့လက်များကို ဝတ်စုံအတွင်းမှ တိတ်တဆိတ် ပြန်ဆုတ်လိုက်သည်။

ဟန်လိက သစ္စာကျိန်ဆိုလိုက်ပြီး နောက်ဆုံးတွင် စီနီယာတပည့်လီက ဓားကို ဖယ်ကာ ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။

ဟန်လိသည် ဓားအသွားကြောင့် သူ့လည်ပင်းက သွေးစတို့ အနည်းငယ်စွန်းသွားကြောင်း ခံစားမိလိုက်သည်။ လည်ပင်းကို ထိလိုက်သည့်အခါ စေးကပ်ကပ်ဖြစ်နေပြီး ဟန်လိ၏ နှလုံးခုန်သံတို့ ပုံမှန်ပြန်ဖြစ်လာပြီးမှ သူ့ကျောဘက်တွင် အေးစက်သည့် ချွေးတို့နှင့် စိုရွှဲနေကြောင်း ခံစားမိနိုင်သည်။

'ဘယ်လောက်အန္တရာယ်များလိုက်သလဲ။ စီနီယာတပည့်လီကို ကယ်တင်ဖို့ ငါ့ရဲ့ အကဲဖြတ်မှုက သူ့အပေါ် နားလည်မှု မလုံလောက်ခဲ့ဘူး။ နောက်တစ်ခေါက် သူများလက်ထဲ ငါ့အသက်ကို ထိန်းချုပ်မခံရအောင် ကာကွယ်ဖို့ ဒီအမှားကနေ သင်ခန်းစာယူရလိမ့်မယ်။' သူသည် ထိုအဖြစ်အပျက်မှ ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်သည်။

'ငါ့ရဲ့ အန္တရာယ်ကင်းမှုကို အာမမခံနိုင်ရင် အနာဂတ်မှာ တခြားလူကို သေချာပေါက် မကယ်တော့ဘူး။' ဟန်လိက ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ဟန်လိက တစ်စုံတစ်ယော​က်ကို ကယ်သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သော်လည်း ထိုအတွေ့အကြုံက သူ့ပါးစပ်ထဲတွင် ဆိုးရွားသည့်အရသာမျိုး ချန်ရစ်ထားခဲ့သည်။ ဤအဖြစ်အပျက်သည် လောကကြီး၌ မထင်မှတ်ထားသော အလှည့်အပြောင်းများ ပြည့်နေပြီး သူ့တွင် နောက်ဆုံး ကျန်ရှိနေသည့် ကြင်နာတတ်မှု အကြွင်းအကျန်တို့ပါ တဖြေးဖြေး စွန့်ပစ်လိုက်မိစေရန် ဖြစ်သွားစေခဲ့သည်။ သူက မကောင်းဆိုးဝါးအဖြစ် ပြောင်းမသွားခဲ့လျှင်ပင် သူတော်စင်တစ်ယောက် ဖြစ်လိမ့်တော့မည် ​မဟုတ်ပေ။

"မင်းက ငါ့အသက်ကို ကယ်ထားပြီး လျှို့ဝှက်ချက် ထိန်းပေးမယ်လို့လည်း သဘောတူခဲ့တယ်။ ငါ လီဖေးယွီ အခုချိန်ကစပြီး မင်းအပေါ် အကြွေးတင်သွားခဲ့ပြီ။ ငါအသက်ရှင်နေသရွေ့ မင်း အကူအညီ လိုအပ်တဲ့ ဘယ်ကိစ္စမဆို မင်း ငါ့ကို လာရှာနိုင်တယ်။ ငါ လုပ်နိုင်စွမ်းရှိတဲ့ကိစ္စဖြစ်နေသရွေ့ မင်းကို ကျိန်းသေကူညီမယ်။" စီနီယာတပည့်လီက ဆေး၏ ဘေးထွက်ဆိုးကျိုးများမှ အပြည့်အဝပြန်လည်သက်သာလာပြီးနောက် ဟန်လိ မွှေနှောက်ရှာဖွေထားသည့် ပစ္စည်းများကို သိမ်းရင်း သူ့နာမည်နှင့်သူ တိုင်တည်ကာ တည့်တိုးသစ္စာပြုလိုက်သည်။

"ကျုပ်မှာ လတ်တလော ခင်ဗျားကို ဘာပြဿနာမှ ပေးစရာမရှိပေမယ့် ခင်ဗျားမှာတော့ ပြဿနာတွေ အများကြီးရှိနေပြီမလား။" ဟန်လိက အပြုံးတစ်ခုနှင့် စီနီယာတပည့်လီကို မေးခွန်းထုတ်လိုက်သည်။

"မင်း ဘယ်လိုသိလဲ။" လီဖေးယွီက တည်ငြိမ်မှု အနည်းငယ် ပျောက်ဆုံးသွားကာ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘယ်သူမဆို အလွယ်တကူမှန်းနိုင်တာပဲ။ ခင်ဗျားက စောင့်ရှောက်သူတစ်ယောက်ရဲ့ သာမန်တပည့်လေးဖြစ်ပေမယ့် ခင်ဗျားရဲ့ စွမ်းရည်ကတော့ ဒုဂိုဏ်းချုပ်၊ ခန်းမသခင်တွေနဲ့ အကြီးအကဲတွေရဲ တပည့်တွေထက် သာလွန်နေတယ်လေ။ သူတို့က ခင်ဗျားကို အေးအေးချမ်းချမ်း အသက်ရှင်ခိုင်းဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။" ဟန်လိ၏ တုန့်ပြန်ချက်က သွေးထုတ်သည့် အပ်ကဲ့သို့ စူးရှလှပြီး တစ်ချက်တည်းနှင့် ပြဿနာကို တည့်မတ်စွာ ထိုးထွင်းသိမြင်နိုင်ပေသည်။

စီနီယာတပည့်လီ၏ အမူအရာက မည်းမှောင်သွားပြီး တိတ်တိိတ်နေခြင်းဖြင့် သဘောတူလိုက်၏။

"ခင်ဗျားရဲ့ ပြဿနာက ခင်ဗျား ကိုယ်ပိုင်ကိစ္စပဲ။ ကျုပ်က ဝင်စွက်ဖက်ဖို့ ဆန္ဒမရှိသလို ဝင်စွက်ဖက်ချင်ရင်တောင် အဲဒီလို မလုပ်နိုင်ဘူး။ ဒါပေမယ့် အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးကို သောက်ရတာကြောင့် ရလာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်လာရင်တော့ နာကျင်မှုကို လျှော့ချဖို့ ကူညီပေးနိုင်တယ်။"

"တကယ်လား။" လီဖေးယွီ၏ ယခင် မည်းမှောင်နေသော အမူအရာက ရုတ်တရက် မျှော်လင့်စောင့်စားခြင်းနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် အစားထိုးသွားခဲ့သည်။ သူသည် အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးအား သောက်သုံးခဲ့စဥ်ကတည်းက ဘေးထွက်ဆိုးကျိုး၏ နှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရပေသည်။

"ဒီလိုပြောလို့ ကျုပ်မှာ ရမယ့် အကျိုးအမြတ်လည်း မရှိဘဲ ခင်ဗျားကို ဘာကြောင့်လိမ်ရမှာလဲ။" ဟန်လိက စီနီယာတပည့်လီကို ကြည့်လိုက်သည်။ သူသည် အားလပ်သည့်အချိန်များတွင် ကျန်းထျယ်အတွက် နာကျင်ခြင်းအား သက်သာစေနိုင်သော ကုသဆေးကို ရှာဖွေကာ ဖော်စပ်ခဲ့ပြီး ဖြစ်သည်။ ၎င်းက အလွန် သက်ရောက်မှုရှိပြီး နာကျင်မှုကို ခံစားနိုင်သည့် အာရုံကြောများ၏ စွမ်းရည်ကို ဖြတ်တောက်ပေးနိုင်သည်။

"အဲဒါ တကယ်ကောင်းတယ်။ ကောင်းတယ်။" လီဖေးယွီက လက်ခုပ်လက်ဝါးတီးလိုက်ပြီး ဟန်လိကို စိတ်လှုပ်ရှားမှုတို့ဖြင့် ကြည့်လိုက်သည်။

"ဘာလို့ ကျုပ်ကို အဲဒီလိုအမူအရာမျိုးနဲ့ ကြည့်နေရတာလဲ။ ကျုပ်မှာ အခု အဲဒီဆေးရှိမနေဘူး။ ခင်ဗျားကို အဲဒီဆေး ဖော်စပ်မပေးခင်မှာ နတ်ဘုရားလက်တောင်ကြားကို ပြန်ဖို့လိုအပ်တယ်။"

လီဖေးယွီက ဟန်လိပြောသည်ကို ကြားပြီးနောက် သူ့မျက်နှာထက်တွင် ရှက်ရွံ့သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ သူက ယခုလေးတင် ဟန်လိကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သော်လည်း ချက်ချင်းပင် ဟန်လိ၏ အကူအညီအား တောင်းခံနေခဲ့ပေသည်။

"မနက်ဖြန်နေ့လယ် ကျုပ်ကို နတ်ဘုရားလက်တောင်ကြား ဝင်ပေါက်မှာ စောင့်နေပါ။ အဲဒီကို ဆေးလာပို့ပေးမယ်။ သမားတော်မော့က လတ်တလော အပြင်ကို သွားနေတာဆိုတော် တခြားလူတွေကို နတ်ဘုရားလက်တောင်ကြားဆီ အလွယ်တကူ ဝင်ခွင့်မပြုနိုင်ဘူး။" ဟန်လိက ရှင်းပြလိုက်သည်။

"ကောင်းပြီ။ ကျုပ် အချိန်ကျရင် အဲဒီကို လာခဲ့မယ်။ ကျေးဇူးတင်ပါတယ် ချစ်လှစွာသောညီအစ်ကိုရေ။" ဟန်လိ စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့စွာဖြင့် သဘောတူညီမှုကို ချက်ချင်း တုန့်ပြန်လိုက်သည်။

"ကျုပ်နာမည်က ဟန်လိ။ ကျုပ်က သမားတော်မော့ရဲ့ တပည့်ပါ။ ခင်ဗျားရဲ့ သိုင်းပညာကျင့်ကြံခြင်း မြင့်တာကြောင့် နောက်ပိုင်းမှာ ကျုပ်ကို ဂျူနီယာညီလေးဟန်လို့ တိုက်ရိုက်ခေါ်လို့ရပါတယ်။"

ဟန်လိက 'ချစ်လှစွာသောညီအစ်ကို' ဟူသည့် စကားလုံးကို ကြားပြီးနောက် ကြက်သီးဖြန်းဖြန်းထသွားရကာ စီနီယာတပည့်လီမှ သူ့ကို ရှက်စရာအခေါ်အဝေါ်မျိုးနှင့် ခေါ်ခြင်းမှ တားဆီးရန် အလျင်အမြန် ပြောလိုက်ရသည်။

All Chapters