စမ်းသပ်ခြင်း
Vol. 2 Ch. 23
ကံကောင်းခြင်းနတ်ဘုရားက သူ့ကို ပြုံးပြနေခြင်းဖြစ်နိုင်မလားဟူသည့် အတွေးက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
သူက လွှင့်ပစ်လိုက်သော လည်သာအိတ်ထံ အလျင်အမြန်သွားကာ ကျင်လည်စွာလှုပ်ရှားရင်း အတွင်းဘက်တွင် ထည့်ထားသည့် ကံကောင်းခြင်းအဆောင်ကို ထုတ်ယူလိုက်သည်။
သူ့လက်ဝါးပေါ်သို့ ကံကောင်းခြင်းအဆောင် ရောက်လာသည့်အချိိန်တွင် ၎င်းမှ လတ်ဆတ်သော ခံစားချက်တစ်ခု ထုတ်လွှတ်လာကာ သူ့စိတ်ကို တည်ငြိမ်လာစေသည်။ သူ၏ ယခင် ပရမ်းပတာဖြစ်နေသော စိတ်ရှုပ်ထွေးမှုများက အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီး သူ့ချီစွမ်းအားနှင့် သွေးတို့က ဆူပွက်လှုပ်ရှားနေခြင်းမှ ရပ်တန့်သွားခဲ့ကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
လက်ရှိအခြေအနေတွင် ဟန်လိက အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာအရင်းအမြစ်ကို ရှာဖွေရန် စိတ်ဝင်စားမှုမရှိတော့ပေ။ သူ၏ လက်ဝါးထဲတွင် ကံကောင်းခြင်းအဆောင်ကို ဆုပ်ကိုင်ရင်း မျက်နှာနှင့် အပ်လိုက်သည်။ ၎င်းကို ညင်သာစွာ ဂရုတစိုက်ကိုင်ရင်း ဟန်လိက သူ၏ အာရုံစိုက်မှုအားလုံးကို ထိုအပေါ်၌ ပုံထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ဟန်လိက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကံကောင်းခြင်းအဆောင်အား အာရုံစိုက်နေမှုကို ရပ်တန့်လိုက်သည်။
ဟန်လိသည် ယခုလေးတင် သူ့ထံ ဖြစ်ပေါ်လာသည့် ဖြစ်စဥ်က ချီသွေဖည်ခြင်းကြောင့် မဟုတ်ဘဲ ကျင့်ကြံသူအားလုံး ရင်ဆိုင်ရတတ်သည့် 'အတွင်းစိတ်နတ်ဆိုး' ဝင်ရောက်ခြင်းကြောင့် ဖြစ်ကြောင်း မသိခဲ့ပေ။ ကံကောင်းစွာနှင့် သူက ၎င်းကို အစောပိုင်းအဆင့်၌ ရှာဖွေတွေ့ရှိခဲ့ပြီး သူနှင့် ရင်းနှီးနေသော အရာဝတ္ထုကို အာရုံစိုက်ကာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်။ သူက ထိုသို့မလုပ်မိခဲ့လျှင် အတွင်းစိတ်နတ်ဆိုးက သူ့ဝိညာဥ်သို့ ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်လိမ့်မည်ဖြစ်ပြီး သွေးကြောများ ပေါက်ထွက်သေဆုံးရပေလိမ့်မည်။ သို့သော် ဟန်လိက ထိုအကြောင်းကို အနာဂတ်၌ စစ်မှန်သောကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ခြေချပြီးသည့်နောက်၌ပင် သိရှိလိမ့်မည်မဟုတ်ပေ။
ဟန်လိက ချီစွမ်းအားကို ခန္ဓာကိုယ်တလျှောက် လှည့်ပတ်ပြီးနောက် မည်သည့်မူမမှန်သော အရာကိုမှ မတွေ့ရှိခဲ့ပေ။ သူ့ကို ထိတ်လန့်အံ့သြစေသည့် တစ်ခုတည်းသောအရာမှာ ထိုအဖြစ်ကြောင့် ဒဏ်ရာများစွာ ရသွားရမည့်အစား ကျင့်ကြံခြင်းအဆင့်က အကြီးအကျယ်တိုးတက်လာခြင်းပင် ဖြစ်လေသည်။ သူက စတုတ္ထအဆင့်ကို မချိုးဖျက်ရသေးသော်လည်း ကိုယ်တွင်းစိတ်နတ်ဆိုးကို ဆန့်ကျင်ခဲ့သည့်အတွက်ကြောင့် တတိယအဆင့်အထွတ်အထိပ်သို့ ထင်ထားသည်ထက် စောစီးစွာ ရောက်ရှိခဲ့ပြီး စတုတ္ထအဆင့်သို့ ချိုးဖျက်ရောက်ရှိရန် ဆံချည်တစ်မျှင်စာမျှသာ လိုပေတော့သည်။
ဤမမျှော်လင့်သော ကံကောင်းခြင်းကြောင့် ဟန်လိ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် သူက နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ သူက မတည်ငြိမ်သည့် ခံစားချက်ကြောင့် နောက်ထပ် ချီသွေဖည်ခြင်းဖြစ်ပေါ်လာမည်ကို စိုးရိမ်နေခဲ့သည်။ နောက်တစ်ခါ ထိုသို့ဖြစ်ခဲ့လျှင် သူက ရှင်သန်နိုင်စွမ်းရှိပါမည်လား မသေချာပေ။ ထိုစိတ်နှင့် သူက လည်သာအိတ်ကို ယူကာ သူ့အသက်ကို ကယ်ခဲ့သည့် ကံကောင်းခြင်းအဆောင်ကို ပြန်ထည့်ရန် ပြင်လိုက်သည်။
"အာ..." ထို့နောက်မှသာ ဟန်လိသည် လည်သာအိတ်အတွင်း၌ သူအချိန်အကြာကြီး မေ့ထားမိခဲ့သည့် အရာတစ်ခုရှိနေသည်ကို သတိပြုမိလိုက်သည်။ ထိုအရာက အိတ်ထဲ၌ မေ့ပျောက်ခံထားရသည်မှာ နှစ်အနည်းငယ် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော ပုလင်းဖြစ်ပေသည်။
ဟန်လိက ထိုထူးခြားဆန်းကြယ်သည့်ပုလင်းအကြောင်း လုံးဝ မေ့နေခဲ့ပြီ ဖြစ်သည်။ သူက ၎င်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယခင်က ဖြစ်ပျက်ခဲ့သည်များအား သတိရလာသည်။
လက်ရှိ ဟန်လိက လွန်ခဲ့သော လေးနှစ်မှ ဟန်လိထက်ပို၍ ဗဟုသုတနှင့် စဥ်းစားဉာဏ်ပိုရှိလာပြီ ဖြစ်သည်။ ဤလေးနှစ်အတွင်း သူက သမားတော်မော့အိမ်အတွင်းမှ စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီး ဗဟုသုတများစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။ သူက သူ၏ စိတ်ကို ထိရှလွယ်စွာ ခံစားမိစေသညခ့ အမည်မဲ့ကျင့်စဥ်ကိုလည်း ကျင့်ကြံခဲ့သေးသည်။ သူ အတိတ်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အရ သူသည် ထိုပုလင်း၌ အလွန် ထူးခြားသည့်စွမ်းရည်တို့ ရှိသည်ဟု အလွယ်တကူ ကောက်ချက်ချနိုင်ပေသည်။
ဟန်လိ ယခု လုပ်ရန်လိုအပ်သည်မှာ ပုလင်း၏ လျှို့ဝှက်ချက်ကိုဖော်ထုတ်ပြီး သူ့အတွက် အသုံးဝင်နိုင်သလား ကြည့်ရန်သာ ဖြစ်သည်။ သူက ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် အရာကို လည်သာအိတ်ထဲ၌ ထည့်ထားကာ အလဟဿဖြစ်စေရန် အကြောင်းမရှိပေ။
ဟန်လိက ပုလင်းကို ထုတ်ယူကာ ၎င်း၏ မျက်နှာပြင်အား စူးစမ်းလေ့လာလိုက်ကာ လွန်ခဲ့သည့်လေးနှစ်က သူ့စစ်ဆေးမှုတွင် လွဲချော်သွားသော တစ်စုံတစ်ရာရှိမရှိ ရှာဖွေရန်ကြိုးစားလိုက်သည်။
သို့သော် သူ မည်မျှ စစ်ဆေးပါစေ မည်သည့်အရာကိုမှ အသစ်ရှာဖွေမတွေ့ရှိခဲ့ပေ။
ဟန်လိက အချိန်ဖြုန်းနေခြင်းကို ရပ်တန့်လိုက်ပြီး ပုလင်းအဖုံးကို ဖွင့်လိုက်သည်။ လွန်ခဲ့သော လေးနှစ် လျှို့ဝှက်ဆန်းကြယ်သော ပုလင်းအတွင်း၌ ဖြစ်ပေါ်လာခဲ့သော ကျောက်စိမ်းရောင် အရည်စက်သည် ပထမဆုံး ပေါ်ပေါက်လာသည့်အချိန်ကနှင့် မည်သည့်ကွာခြားမှုမှ မရှိခဲ့ပုံရသည်။
သို့သော် ဟန်လိသည် ထိုကျောက်စိမ်းရောင် အရည်စက်က ပုလင်း၏ လျှို့ဝှက်ချက်ဖြစ်ကြောင်း သေချာပေသည်။ သူ၏ ကောက်ချက်အဖြေကို စမ်းသပ်ရန် သူက တိရစ္ဆာန်ငယ်လေးတချို့ ရှာဖွေကာ အနည်းငယ် ရက်စက်သည့် စမ်းသပ်မှုအချို့ ပြုလုပ်ရလိမ့်မည် ဖြစ်သည်။
ညသန်းခေါင်ရောက်နေပြီဖြစ်သောကြောင့် အပြင်၌ ကောင်းကင်က မည်းမှောင်နေပြီ ဖြစ်သည်။ အမှောင်ထုက တိရစ္ဆာန်ငယ်လေးများကို အမဲလိုက်ရန် သူ့အတွက် အချိန်ကောင်းမဟုတ်ဟု ပြောနေပြီး အစောပိုင်းက ကိုယ်တွင်းစိတ်နတ်ဆိုးဝင်ရောက်မှုကြောင့် သူက မောပန်းနွမ်းနယ်နေခဲ့ပေသည်။ သူက တိရစ္ဆာန်အရှင်တစ်ကောင်တစ်လေ ဖမ်းနိုင်လျှင်ပင် ဤမည်းမှောင်နေသည့် အချိန်၌ စမ်းသပ်မှုပြုလုပ်ပြီး မည်သို့သော အပြောင်းအလဲတို့ကို မြင်တွေ့ရနိုင်လိမ့်ပါမည်နည်း။ ဟန်လိက မည်သို့သော လှုပ်ရှားမှုမျိုး ပြုလုပ်ပါစေ ၎င်းက အလဟဿအားထုတ်မှုသာ ဖြစ်ရပေလိမ့်မည်။
ချင့်ချိန်တွေးဆပြီးနောက် ဟန်လိက အနားယူကာ သူ၏ စွမ်းအင်တို့ကို ပြန်လည်ဖြည့်တင်း၍ နောက်တစ်နေ့မှသာ စမ်းသပ်မှုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မနက်ဖြန်၌ သူ့ကို အံ့သြစရာကိစ္စကြီးတစ်ခုက စောင့်ကြိုနေလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ပြောရင်း ထိုအတွေးနှင့် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ဟန်လိသည် မနက်စာအတွက် တောင်ကြားအပြင်မှ စားဖိုဆောင်သို့မသွားခင် ကိုယ်လက်ဆေးကြောသန့်စင်လိုက်သည်။ သမားတော်မော့ တောင်ပေါ်တွင် ရှိစဥ်အချိန်က သူသည် စားဖိုဆောင်မှ အစားအသောက်များကို တောင်ကြားသို့ ပို့ဆောင်ပေးရန် ညွှန်ကြားခဲ့ပြီး သမားတော်မော့၏ တပည့်ဟူသော အဆင့်အတန်းကြောင့် သူ့အစားအသောက်များကို ပို့ဆောင်ပေးကြသောကြောင့် ဟန်လိက စားသောက်ရန် တောင်ကြားအပြင်သို့ ထွက်စရာမလိုခဲ့ပေ။ သို့သော် ယခု သမားတော်မော့က ချီးရွှမ်ဂိုဏ်း၌ မရှိခဲ့သည့်အတွက် သူ့ အစားအသောက်များကို လာရောက်ပို့ဆောင်ပေးကြခြင်းမရှိတော့ဘဲ သူ၏ ပုံမှန် သြဇာအာဏာမရှိသော အချိန်သို့ ပြန်ရောက်သွားခဲ့ရပေသည်။
မနက်စာ စားသောက်ပြီးနောက် သူက ချက်ချင်းထွက်မသွားခဲ့ပေ။ ထို့အစား သူက စားဖိုမှူးနှင့် စကားပြောရန်သွားခဲ့ပြီး အသက်ရှင်နေသေးသော တောယုန်နှစ်ကောင်ကို ငွေပြားအနည်းငယ်နှင့် အလဲအလှယ်လုပ်ကာ တောင်ကြားသို့ ပြန်လာခဲ့သည်။
သူ တောင်ကြားသို့ ပြန်ရောက်လာပြီးနောက် ဟန်လိက ဆေးဥယျာဥ်အတွင်း ကျယ်ဝန်းသော နေရာတစ်ခုရွေးချယ်လိုက်ပြီး ယုန်များကို တိုင်တစ်ခုတွင် ချည်ထားလိုက်ကာ အချိန်တစ်ခုထိ အပြင်ဘက်တွင် နေရောင်ပြထားလိုက်သည်။
ယုန်များက အပူရှိန်ကြောင့် မူးဝေလာပြီး ရေငတ်မှုကြောင့် သေလုနီးပါးဖြစ်လာပြီးနောက် ဟန်လိက လျှို့ဝှက်ဆန်းကြယ်သည့် ပုလင်းကို ထုတ်ယူကာ အထဲမှ ကျောက်စိမ်းရောင် အရည်စက်ကို ပန်းကန်လုံးတစ်ခုထဲသို့ လောင်းထည့်ကာ အာနိသင်လျော့နည်းသွားစေရန် ရေရောလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အရည်စက်က ပဲ့စေ့အရွယ်ခန့်သာ ရှိပြီး ရေထဲတွင် အလွယ်တကူပျော်ဝင်သွားကာ ပန်းကန်လုံးတစ်ခုလုံးရှိ ရေတို့က ကျောက်စိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ဟန်လိက ထိုပန်းကန်လုံးကို ယုန်များအနီးသို့ ချထားလိုက်ပြီး သူတို့ သောက်လိုက်မည်အား စောင့်ဆိုင်းနေသည်။ အချိန်အတော်ကြာ နေပူခံထားရသည့် ယုန်များက တုန်တုန်လှုပ်လှုပ်နှင့် ထလာကြပြီး ပန်းကန်လုံးအတွင်းရှိ ရေတို့ကို အငမ်းမရ သောက်သုံးလိုက်ကြသည်။ ဟန်လိသည် ထိုအရည်စက်ကို အာနိသင်လျော့ပါးစေရန် ရေရောထားသော်လည်း ယုန်များအား တစ်ပန်းကန်လုံး သောက်ခွင့်ပြုရန် ဆန္ဒမရှိသောကြောင့် ရေတစ်ဝက်ကျိုးသွားပြီးနောက် သူက ရေပန်းကန်လုံးကို ယုန်များ လက်လှမ်းမမီသည့်နေရာသို့ ရွှေ့လိုက်သည်။
ထို့နောက် သူက ၎င်းတို့ကို လေ့လာရန် ထရပ်လိုက်ပြီး ယုန်များထံတွင် ပြောင်းလဲမှုတစ်ခုခု ရှိလာမည်လား စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ အချိန်ခဏကြာပြီးနောက် ယုန်များက စတင်၍ အရူးအမူးခုန်ပေါက်လာပြီး သူတို့၏ အပြုအမူများက လှုံ့ဆော်ခံရသလို ပိုမို ကြမ်းကြုတ် ပြင်းထန်လာသည်။ သူတို့၏ ခန္ဓာကိုယ်များကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသွင်ပြောင်းမှု စတင်လာခဲ့သည်။ သူတို့အမွေးနှင့် အရေပြားတို့က ကြက်ဥအရွယ် အဖုအထစ်များ ထွက်ပေါ်လာပြီး ထိုအဖုအထစ်များက ယုန်များ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်ချည်း ဖုံးလွှမ်းသွားခဲ့သည်။ အဖုအထစ်များသည် ယုန်များကို ဖရဲသီးအရွယ်ခန့် တစ်ရွယ်တည်း ကြီးထွားလာစေခဲ့သည်။
ယုန်များ၏ အသွင်ပြောင်းမှုဖြစ်စဥ်တလျှောက် နှိပ်စက်ခံရသလို ဆူညံအော်ဟစ်သံများက ဟန်လိကို အလွန် ထိတ်လန့်သွားစေခဲ့သည်။
သူ့မျက်စိရှေ့မှ အဖြစ်အပျက်များက သူ၏ မျှော်မှန်းချက်ထက် ကျော်လွန်နေခဲ့၏။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် အရည်စက်က ကျင့်ကြံခြင်းကို တိုးတက်စေသည့် အံ့အားသင့်ဖွယ် ဆေးဝါးတစ်ခုဖြစ်လျှင် ထိုမျှ ထိတ်လန့်သွားရလိမ့်မည် မဟုတ်ပေ။ သို့သော် သူသည် ယုန်များက ခန္ဓာကိုယ် တစ်ခုလုံးအဖုအထစ်များ ထွက်လာပြီး ထိုမျှ အရွယ်အစားထိ ကြီးထွားကာ သန္ဓေပြောင်းခြင်းဖြစ်စဥ်က ယုံကြည်နိုင်သည့် အနေအထားထက် ကျော်လွန်နေခဲ့ပေသည်။