← Chapters

ထိတ်လန့်ဖွယ် ဆုံးဖြတ်ချက် 

Vol. 2 Ch. 24

ထိတ်လန့်ဖွယ် ဆုံးဖြတ်ချက် 

Vol. 2 Ch. 24

သူ့ရှေ့မှ ယုန်များကို ကြည့်လိုက်သည့်အခါ ယုန်များက တဖြေးဖြေး ဆက်လက် ကြီးထွားလာနေသည်ကို မြင်လိုက်ရသည်။

ဟန်လိသည် တစ်စုံတစ်ခုက မှားယွင်းနေကြောင်း နောက်ဆုံးမှသာ သဘောပေါက်ခဲ့ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူက လက်ထဲမှ ဆေးရည်ပုလင်းကို မြွေကဲ့သို့ ကြည့်လိုက်ပြီး ဆေးဥယျာဥ်ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူက ဖနောင့်နှင့် တင်ပါးတသားတည်းကျအောင် ပြေးကာ ယုန်များနှင့် ဆယ်မီတာအကွာအဝေးထက် ပိုသည့် နေရာသို့ ရောက်မှ ရပ်တန့်လိုက်သည်။

သူ ပြန်လှည့်ကြည့်ရန် တွေးလိုက်သည့်အချိန် ပေါက်ကွဲသံနှစ်ခုက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဟန်လိက ထိုနေရာသို့ လှည့်ကြည့်လိုက်ပြီး တုန်ယင်သွားသည်။ ထင်ထားသလိုပင် ယုန်နှစ်ကောင်မှာ သွေးလွှမ်းနေသည့် အသေကောင်များအဖြစ် ပြောင်းလဲသွားပြီး အသားတုံးများအဖြစ် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားပေသည်။ မြေပြင်ပေါ်တွင် အသွေးအသားစတို့ ပြန့်ကျဲနေခဲ့ပြီး မြက်ခင်းပြင်၌ သွေးတို့ဖြင့် လွှမ်းခြုံခံလိုက်ရပေသည်။ မူလက ယုန်နှစ်ကောင်ရှိနေသည့် နေရာတွင် တွင်းနှစ်ခုပေါ်ပေါက်လာသည်။ တွင်းနှစ်ခုအနီးတွင် ယုန်များ၏ အကြွင်းအကျန် အသားစများ ကျန်ရစ်နေပေသည်။ သွေးရဲရဲနှင့် အသားတုံးများက မြေပြင်တွင် ပြန့်ကျဲနေကာ ကြည့်ရန်ပင် အလွန် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းနေသည်။

ဟန်လိက ပင့်သက်ရှိုက်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူသာ ထိုအခိုက်အတန့်တွင် အလျင်အမြန် မပြေးလွှားနိုင်ခဲ့လျှင် ပေါက်ကွဲမှုထဲ၌ ​ပါဝင်သွားရပေလိမ့်မည်။ သူက အပြင်းအထန် ဒဏ်ရာရခြင်းမျိုး ရှိလိမ့်မည် မဟုတ်သော်လည်း သူ့တစ်ကိုယ်လုံးကို ယုန်သွေးများနှင့် အသားစတို့ဖြင့် ဖုံးလွှမ်းခံလိုက်ရမည်ဖြစ်ကာ ၎င်းက နှစ်လိုဖွယ်ကောင်းသည့် အဖြစ်မျိုးဖြစ်လိမ့်မည်တော့ မဟုတ်ပေ။

သူ့စိတ်တည်ငြိမ်လာသည်အထိ စောင့်ဆိုင်းပြီးနောက် ဟန်လိက ထရပ်လိုက်ပြီး တွင်းများရှိရာကို လျှောက်သွားခဲ့သည်။

ထိုနေရာမှ ခန္ဓာကိုယ်အပိုင်းအစများကို ကြည့်ပြီးနောက် သူက ဆေးရည်ထည့်ထားသည့် ပန်းကန်လုံးပါ ကွဲအက်သွားသည်ကို မြင်သည့်အခါ ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။

ဟန်လိသည် မူလက သူရှာတွေ့ခဲ့သည့် အစိမ်းရောင်အရည်က ဆေးဝါးတချို့ဖြစ်ရမည်ဟု ယုံ​ကြည်ထားခဲ့သော်လည်း ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် အရာမျိုးဖြစ်နေမည်ဟု ထင်မှတ်မထားမိထားခဲ့ပေ။ အဆိပ်က အဆိပ်ဖြစ်သော်လည်း ၎င်းသည် ယုန်များအား ထိုမျှ ဆိုးတိုးဝါးဝါးသေစေခဲ့ပေသည်။ သူက သူ့ကိုယ်သူ မည်သို့ပြောနေပါစေ ထိုအဖြစ်ကို လှည့်စားမှုတစ်ခုအနေဖြင့် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဟန်လိက သေစေနိုင်သော အဆိပ်များနှင့် ရင်းနှီးမှုရှိပေသည်။ သမားတော်မော့၏ နှစ်ပေါင်းများစွာ လမ်းညွှန်ချက်များ အောက်၌ ဟန်လိက ချက်ချင်း သေဆုံးစေနိုင်သည့် အဆိပ်များနှင့် ရင်းနှီးမှုရှိခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာကမှ တစ်စုံတစ်ယောက်ကို ထိုမျှဆိုးရွားစွာ သတ်ဖြတ်နိုင်စွမ်း မရှိပေ။

တခဏကြာပြီးနောက် ဟန်လိက သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိလာသည်။ သူ့ခေါင်းကို အေးအေးထားပြီး ဆေးဥယျာဥ်မှ ထွက်ခွာရန် လုပ်ဆောင်လိုက်သည်။

မကြာခင်၌ နေ့လယ်ခင်းသို့ ရောက်တော့မည် ဖြစ်သောကြောင့် သူက စီနီယာတပည့်လီကို ဆေးသွားပို့ရဦးမည် ဖြစ်သည်။ ဤနေရာမှ ကိစ္စများအတွက် သူက ဆေးသွားပို့ပြီးနောက်မှ ရှင်းလင်းရပေလိမ့်မည်။

ထိုသို့တွေးလိုက်မိသည်နှင့် ဟန်လိက ပေါက်ကွဲမှုမြင်ကွင်းကို နောက်တစ်ခေါက် ထပ်မကြည့်တော့ဘဲ ထိုပြဿနာများအားလုံးကို နောက်၌ချန်ရစ်ကာ သူ့အိမ်သို့ ပြန်သွားလိုက်သည်။ တခဏမျှ အနားယူပြီးနောက် သူက ဆေးကို ယူကာ နတ်ဘုရားလက်တောင်ကြား၏ ဝင်ပေါက်သို့ သွားခဲ့သည်။

ဟန်လိက အလွန် အချိန်တိကျပေသည်။ သူက မွန်းတည့်ချိန်၌ ဝင်ပေါက်သို့ ရောက်ရှိလာသော်လည်း လီဖေးယွီက အချိန်အတော်ကြာကပင် ရော​က်ရှိနေပုံပေါ်ကာ သူ့ကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည်။

သူက တောင်ကြားဝင်ပေါက်တွင် တစ်ယောက်တည်း စောင့်ဆိုင်းနေကာ အဖြူရောင်ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် သူသည် ဟန်လိ စိတ်ထဲ၌ အရိပ်မည်း ချန်ရစ်ထားခဲ့သော ဓားကို သယ်ဆောင်ထားဆဲ ဖြစ်သည်။ ဟန်လိ မရောက်သေးသည့်အတွက် လီဖေးယွီ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ ရှိနေခဲ့ပြီး ဂနာမငြိမ်နှင့် တောင်ကြားဘက်သို့ ခဏခဏကြည့်နေခဲ့သည်။

သူက နောက်ဆုံးတွင် ဟန်လိရောက်လာသည်ကို မြင်သည့်အခါမှ စိုးရိမ်ပူပန်နေမှုကို လွှတ်လိုက်နိုင်၏။ သူ့နှုတ်ခမ်းထောင့်စွန်းတို့က အနည်းငယ် မြင့်တက်သွားပြီး အပြုံးတစ်ခု ဖော်ပြလာသည်။

"ဂျူနီယာတပည့်ဟန် မင်းက တကယ် အချိန်တိကျတာပဲ။ မင်းက မွန်းတည့်ချိန်လို့ ပြောခဲ့ပြီး တကယ် အချိန်မှန်ရောက်လာပေးတယ်။ ငါ ဒီမှာ တစ်နာရီလောက်စောင့်နေခဲ့ရတာ။"

"တောင်းပန်ပါတယ်ဗျာ။ မနေ့က ဆေးဖော်စပ်ရတာ အချိန် အများကြီး ယူသွားလို့ နောက်ကျတဲ့အထိ မအိပ်လိုက်ရဘူးလေ။ ဒီမနက်ကို နောက်ကျပြီးမှ နိုးလာတာ။ ပြီးတော့ အချိန်မီလုပ်ရမယ့် ကိစ္စတချို့ရှိနေတာနဲ့ မွန်းတည့်လုနီးပါးဖြစ်သွားတာပဲ။" ဟန်လိက ပြောလိုက်သည်။ သူ ပြောသည့်စကားများက တစ်ဝက်သာမှန်ပေသည်။

"ဂျူနီယာတပည့်ဟန်... ဆေးက.. ဆေးကို မင်း ဖော်စပ်လို့ပြီးပြီလား။" စီနီယာတပည့်လီက အတော်လေး စိုးရိမ်ပူပန်ကာ စိတ်လောကြီးနေပြီး စကားပြောသည့်အခါ၌ပင် သူ့အသံက အနည်းငယ် တုန်ယင်နေခဲ့သည်။

ဟန်လိက စီနီယာတပည့်လီ၏ မေးခွန်းကို တိုက်ရိုက်အဖြေမပေးခဲ့ဘဲ တည်ငြိမ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ဝတ်ရုံအတွင်းမှ ဆေးအိတ်တစ်အိတ်ကို ထုတ်ယူကာ လီဖေးယွီထံ ပစ်ပေးလိုက်သည်။

"အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးကို မသောက်ခင် ဆေးမှုန့်တစ်ဇွန်းကို ရေကျက်အေးနဲ့ ရောပြီး အရင်သောက်လိုက်။ အဲဒါက ခင်ဗျားရဲ့ နာကျင်မှုကို သက်သာလာအောင် ကူညီပေးလိမ့်မယ်။"

"ကျေးဇူးတင်ပါတယ် ဂျူနီယာတပည့်ဟန်။ ကျေးဇူးတင်ပါတယ်။" စီနီယာတပည့်လီက အလွန် ပျော်ရွှင်သွားခဲ့သည်။ ၎င်းက သူ၏ နာကျင်မှုကို လျှော့ချနိုင်ရုံသာဖြစ်လျှင်ပင် သူ့အတွက် သတင်းကောင်းဖြစ်နေဆဲပင် ​ဖြစ်သည်။ အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးမှ သူ့ကို ပေးသည့် နာကျင်မှုမှာ တွေးရုံနှင့်ပင် တုန်လှုပ်လာအောင် ပြုလုပ်နိုင်သည်။ သူသည် ယခင်က နာကျင်မှုသက်သာစေသည့်ဆေးများကို စမ်းသပ်ကြည့်ခဲ့ပြီး ဖြစ်သော်လည်း သက်ရောက်မှုမရှိခဲ့ပေ။ သို့သော် ဂျူနီယာတပည့်ဟန်က အဆီအနှစ်ထုတ်ယူခြင်းဆေးလုံး၏ လက္ခဏာများကို သေချာသိရှိသည့်အတွက်ကြောင့် ဤဆေးက အမှန်တကယ် ထိရောက်မှု ရှိနိုင်ပေသည်။

"ကျုပ်ကို ကျေးဇူးမတင်ခင် ဆေးက အလုပ်ဖြစ်လား အရင်စောင့်ကြည့်ပါဦး။ ပြီးတော့ ဒီဆေးက တစ်နှစ်စာအတွက်ပဲ။ ဆေးဖော်ဖို့လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို လက်ရှိ အကုန်သုံးပစ်လိုက်ပြီမို့ နောက်တစ်ခေါက် စုဆောင်းပြီးတဲ့အထိ ထပ်လုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူး။" ဟန်လိက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ကိစ္စမရှိဘူး။ ဒါက တစ်နှစ်စာမလား။ အခုအတွက် လုံလောက်တယ်။ ဆေးက ထိရောက်မှုရှိရှိ မရှိရှိ ကျုပ် လီဖေးယွီက ဂျူနီယာတပည့်ဟန်ရဲ့ ကြင်နာမှုကို အမှတ်ရနေပါ့မယ်။" သူ လိုချင်သည့်အရာ ရရှိပြီးသည်နှင့် စိုးရိမ်ပူပန်နေခြင်းမရှိတော့ဘဲ ဟန်လိအား ကျေးဇူးတင်ကြောင်း တစ်ဖန်ဖော်ပြလာသည်။

ဟန်လိက ပြုံးလိုက်သည်။ မည်သည့် စကားမှမဆိုဘဲ စီနီယာတပည့်လီအား နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်သည်။

သူ့လက်ထဲမှ လျှို့ဝှက်ဆေးနှင့် လီဖေးယွီသည် ဆေး၏ သက်ရောက်မှုကို တတ်နိုင်သမျှ မြန်မြန် စမ်းသပ်ချင်လိမ့်မည် ဖြစ်သည်။ သူက ဟန်လိကို ဆက်ဆွဲမထားတော့ဘဲ နှစ်ယောက်လုံးက ကိုယ့်လမ်းကိုယ် သွားခဲ့ကြသည်။

တောင်ကြားဝင်ပေါက်မှ ပြန်ရောက်လာပြီးနောက် ဟန်လိ ပထမဆုံးလုပ်သည့်အရာမှာ ဆေးဥယျာဥ်ကို ရှင်းလင်းခြင်းဖြစ်သည်။ သူက ယုန်အသားအပိုင်းအစများ၊ မြေပေါ်မှသွေးများနှင့် ပန်းကန်လုံးအကျိုးအပဲ့များကို ရှင်းလင်းကာ တွင်းများကို မြေဖို့ပစ်လိုက်ပြီး ၎င်းက မည်သည့်အခါမှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသလိုပင် ထင်မှတ်ရပေသည်။

စိတ်ကျေနပ်စွာနှင့် ဟန်လိက လက်များကို ခါလိုက်ပြီး သူ ရှင်းလင်းရန် တစ်စုံတစ်ခု ကျန်နေခဲ့သလား လှည့်ပတ်ကြည့်လိုက်သည်။

သူ့မျက်လုံးများက အက်ကွဲနေသော ဆေးရည်ပန်းကန်ပေါ်သို့ ကျရောက်သွားသည့်အခါ စတင်တွေးတောလိုက်မိသည်။

သူသည် ပန်းကန်ကို လွှင့်ပစ်လိုက်သည့်အချိန်က ပန်းကန်လုံးအတွင်းမှ ရေတို့က ဆေးဥယျာဥ်အတွင်း တစ်နေရာအား ပက်ဖြန်းမိသွားသည်ကို သေချာမှတ်မိပြီး ၎င်းတို့က ဆေးပင်များပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် ဆေးပင်များက ထိုရေတို့ကို စုပ်ယူပြီးနောက် အဆိပ်ဖြစ်သွားလိမ့်မည်လား တွေဝေနေသည်။ ထိုအဆိပ်ဆေးပင်များကို တစ်စုံတစ်ယောက်က စားမိသည့်အခါ ယုန်များ၏ ဆိုးဝါးသောသေဆုံးခြင်းနှင့် တူညီသောရလဒ်မျိုး တွေ့ကြုံရလိမ့်မည်လား သူ မသိပေ။ သူက ထိုအဆိပ်ပင်များကို ဖျက်ဆီးပစ်သင့်သလား။ ဟန်လိ၏ စိတ်ထဲတွင် မေးခွန်းများက တသီတတန်းကြီး ထွက်ပေါ်လာပေသည်။

ဟန်လိက ခေတ္တစဥ်းစားနေပြီးနောက် အခြားစမ်းသပ်မှုများ လုပ်ဆောင်ရင်း စောင့်ဆိုင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့စောင့်ကြည့်နေရင်း ဆေးပင်များက အမှန်တကယ် အဆိပ်ပင်များ ဖြစ်လာလျှင် ထိုအခါမှ ဖျက်ဆီးပစ်လည်း နောက်ကျလိမ့်မည် မဟုတ်ပေ။

ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် သူက အခြား လုပ်ရန် လိုအပ်သည့်အရာ ရှိမရှိ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကျင့်ကြံရန် ကျောက်တုံးအခန်းအတွင်း ဝင်သွားခဲ့သည်။ သူသည် တတ်နိုင်သမျှ စောစောစီးစီး အဆင့်တက်နိုင်ရန် မျှော်လင့်မိပေသည်။

ဟန်လိက လက်ရှိတွင် ထိုကျင့်စဥ်၏ ထူးခြားသော အသုံးဝင်မှုကို ထပ်မံဂရုစိုက်ခြင်း မရှိတော့ပေ။ ထိုကျင့်စဥ်ကို ကျင့်ကြံခြင်းက သူ့အတွက် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့ပြီး ဖြစ်သည်။ သူက ၎င်းကို မကျင့်ကြံခဲ့လျှင် တောင်ကြား၌ နေထိုင်ရင်း မည်သည်ကို လုပ်ရမည်အား မသိရှိတော့ပေ။ ထို့ကြောင့် ထိုကျင့်စဥ်ကို ခေါင်းမာစွာ ကျင့်ကြံရင်း အဆင့်တက်လာရန်မှာ သူ၏ လက်ရှိဘဝရည်မှန်းချက် ဖြစ်လာခဲ့ပေသည်။

တစ်နေ့လယ်ခင်းလုံး ကျင်ကြံနေပြီးနောက် ဟန်လိသည် သူက ပါရမီရှင်မဟုတ်သည်ကို စိတ်ဓာတ်ကျလောက်အောင် သိရှိလိုက်ရသည်။ သူသည် စတုတ္ထအဆင့်သို့ရောက်ရန် လက်တစ်လုံးစာမျှသာ လိုအပ်တော့သည်ကို ခံစားမိခဲ့သော်လည်း ရှေ့တစ်လက်မပင် မတိုးတက်နိုင်ခဲ့ဘဲ တစ်နေ့လယ်ခင်းလုံး ဝီရိယရှိရှိနှင့် ကျင့်ကြံခဲ့ခြင်းက အချည်းနှီး ဖြစ်သွားရပေသည်။

ကြည့်ရသည်မှာ သူက ဆေးဝါးများ၏ ထောက်ပံ့မှုမရှိဘဲ ရှေ့မဆက်နိုင်ပုံရလေသည်။ မဟုတ်လျှင် သူက တတိယအဆင့် အထွတ်အထိပ်တွင် ထာဝရနေနေရမည်ဖြစ်ပြီး ရှေ့ဆက်တိုးတက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

ဟန်လိ၏ မသိစိတ်က သမားတော်မော့ စောစောပြန်လာပြီး ဟန်လိအဆင့်တက်နိုင်ရန် အကူအညီဖြစ်စေမည့် ဆေးဝါးတို့ကို ရှာဖွေတွေ့ရှိသည်အထိ ကံကောင်းမှုရှိရန် စတင်မျှော်လင့်လာမိပေသည်။

All Chapters