အောင်မြင်မှုအတွက် အတားအဆီး
Vol. 2 Ch. 25
နောက်ထပ်တစ်ည ကုန်ဆုံးသွားသည်။ ဟန်လိက မနက်မိုးသောက်တွင် နိုးထလာပြီး ဆေးဥယျာဥ်သို့ လျှောက်လာခဲ့သည်။ သူက ဆေးပင်များ၌ အပြောင်းအလဲတစ်ခုခု ရှိမရှိ သိချင်နေခဲ့၏။
သူ ဆေးဥယျာဥ်သို့ မဝင်ခင် အလွန် ကြွယ်ဝသော ဆေးရနံ့တို့ကို ရုတ်တရက် ရရှိလိုက်သည်။
ဟန်လိက ရုတ်တရက် တွေဝေသွားသော်လည်း မကြာခင်မှာပင် သူ့စိတ်က အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။ "ဖြစ်နိုင်တာက..."
သူက ချက်ချင်း အရှိန်မြှင့်လိုက်ပြီး နောက်ဆုံးတွင် ပြင်းထန်သည့် ရနံ့များ ထုတ်လွှတ်နေသော ဆေးပင်များရှေ့သို့ ရောက်ရှိလာသည်။
ဤဆေးပင်များသည် မနေ့က ဆေးပင်များ ဖြစ်ပါ၏လား။ ဟန်လိက သူ့မျက်လုံးများကိုပင် မယုံကြည်ရဲခဲ့ပေ။ လက်များကို သုံးကာ အိပ်ချင်မူးတူးဖြစ်နေဆဲ မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး နာကျင်လာသည့်အခါမှသာ ရပ်တန့်လိုက်သည်။
"ဒီနဂါးဝါ(ဟွမ်လုံ)မြက်ပင်ရဲ့ အရွက်တွေက ခရမ်းရောင်သမ်းနေပြီး ခါးသက်ကြာပန်းက တကယ်ပဲ ပွင့်ချပ်ကိုးခု ဖြစ်လာတယ်။ ဒီဝမ်းနည်းမှုမေ့ဖျောက်ခြင်းသစ်သီးကလည်း အနက်ရောင်ပြောင်းသွားတယ်.. ဟား...ဟား..." ဟန်လိက ရယ်မောလိုမှုအား ထိန်းချုပ်မထားနိုင်ခဲ့ပေ။ ပုံမှန်အားဖြင့် ဟန်လိက ရင့်ကျက်တည်ငြိမ်သူဖြစ်သော်လည်း ဤတစ်ကြိမ်၌ သူက ကောင်းကင်ကို မျက်နှာမူရင်း အူလှိုက်သည်းလှိုက် ရယ်မောခဲ့ပေသည်။
"ဒီတစ်ခေါက် ငါတော့ အကြီးအကျယ် ကံကောင်းတာပဲ။ ကြီးထွားဖို့ အချိန်နှစ်နှစ်လောက်လိုအပ်တဲ့ ဆေးပင်တွေက တစ်ညတည်းနဲ့ ကြီးထွားလာတယ်။ ပြီးတော့ အားလုံးကလည်း ဆယ်နှစ်သက်တမ်းထက် ကျော်လွန်တဲ့ ဆေးပင်တွေရဲ့ အသွင်အပြင်ရှိနေတယ်။ အရွက်တွေရဲ့ အရောင်၊ အသီးရဲ့သဏ္ဌာန်နဲ့ ပွင့်ချပ်တွေရဲ့ ရနံ့ကို ကြည့်ရင် ရင့်မှည့်ဖို့အချိန်အတော်လေး လိုအပ်တဲ့ ရှားပါးဆေးပင်တွေရဲ့ အရည်အသွေးတွေရှိနေတာပဲ။" ဟန်လိသည် ဆေးပင်များအားလုံးကို ဂရုတစိုက် စစ်ဆေးကာ ၎င်းတို့အားလုံးက ဆေးစာအုပ်တွင် ဖော်ပြထားသည့် အသွင်လဏ္ခဏာတို့နှင့် အတူတူပင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းတို့က အမှန်တကယ်ပင် အချိန်အတော်ကြာသက်တမ်းရှိသော ရှားပါးသည့် ဆေးဖက်ဝင်အပင်များ ဖြစ်လေသည်။
"ငါသာ ဆေးပင်တွေကို ဒီနည်းလမ်းနဲ့ ရင့်မှည့်စေနိုင်ရင် ရှားပါးတဲ့ ဆေးပင်တွေကို ငါ ဘယ်လောက်တောင် ရရှိနိုင်လိမ့်မလဲ။ အသုံးမပြုတဲ့ ဆေးပင်တွေကို ရောင်းလို့ရသေးတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ငါ ပိုက်ဆံဘယ်လောက်တောင် ရှာနိုင်မှာပါလိမ့်။" ဟန်လိက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ဘဲ အတွေးကမ္ဘာက စတင်ကျယ်ပြန့်လာသည်။
ဟန်လိက ပို၍ တွေးမိလာလေ သူက ပိုမို စိတ်တက်ကြွလာလေ ဖြစ်သည်။ သူက ဤတစ်ကြိမ်၌ ရတနာတစ်ခု ကောက်တွေ့ခဲ့ပြီဟု ခံစားခဲ့ရပေသည်။ ရုတ်ချည်းပင် သူက အကြိမ်ရေအနည်းငယ်ခန့် ကျွမ်းထိုးပစ်လိုက်သည်။ ထိုအချိန်တွင် သူက သာမန်တည်ငြိမ်သည့် အသွင်အပြင်ကို မထိန်းထားနိုင်တော့ဘဲ သာမန် ဆယ့်လေးဆယ့်ငါးနှစ်ကလေးများကဲ့သို့ စိတ်လှုပ်ရှားမှုကို ဖော်ပြလာခဲ့သည်။
တခဏကြာပြီးနောက် ဟန်လိက ပြန်လည်တည်ငြိမ်လာပြီး သူ့ဦးနှောက်က အသိတရားပြန်လည်ရရှိလာသည်။ သူသည် ကောင်းကင်မှ ကျလာသော အသားတုံးကြီးက ယူဆောင်လာမည့် ပြဿနာများကို မည်သို့ဖြေရှင်းရမည်အား စတင်တွေးတောလိုက်သည်။
ပထမဆုံးအနေနှင့် ဆေးပင်များ၏ ပြင်ပအသွင်အပြင်အရ မည်သည့်ပြဿနာမှ မရှိပုံရသည်။ သို့သော် သူက ဆေးပင်များ၏ အရည်အသွေးတို့ကို မစမ်းသပ်ကြည့်ရသေးပေ။ အဆုံးမှာတော့ ၎င်းတို့က ထူးဆန်းသည့်အရည်များကို စုပ်ယူပြီးနောက် ဤကဲ့သို့ ဖြစ်လာရုံသာဖြစ်သည်။ အတွင်းပိုင်းဖွဲ့စည်းမှုက သာမန်ဖြစ်မဖြစ်မည်သူက သိပါမည်နည်း။ မနေ့က သူသည် ယုန်များ၏ ဆိုးဆိုးဝါးဝါးသေဆုံးခြင်းကို မျက်မြင်တွေ့ခဲ့ရပေသည်။ သူက ဂရုစိုက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ဒုတိယအနေနှင့် ဆန်းကြယ်သောပုလင်းလေးထဲမှ အစိမ်းရောင်အရည်ကို အသုံးပြုပစ်ခဲ့ပြီး ဖြစ်သည်။ သူသည် ထိုအရည်စက်ကို ရရှိရန် ထူးဆန်းသည့် ဖြစ်စဥ် နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာလိမ့်ဦးမည်လား မသိရှိခဲ့ပေ။ ၎င်းက တစ်ကြိမ်တစ်ခါသာ ဖြစ်ပျက်ခြင်းလည်း ဖြစ်နိုင်သည်။ ညရောက်လျှင် သူက ကိုယ်တိုင်အတည်ပြုရန် လုပ်ဆောင်ရပေလိမ့်မည်။
ထိုကိစ္စနှစ်ခုတွင် ပြဿနာမရှိခဲ့လျှင် သူက ထိုသို့ကြီးထွားစေခဲ့သည့် ဆေးပင်များတွင် ပါဝင်နေသော အရည်အသွေးတို့ကို အသေးစိတ်ဆန်းစစ်ရန် လိုအပ်ပေလိမ့်မည်။ ထို့နောက်မှသာ သူက ဤမယုံကြည်နိုင်လောက်သော နည်းလမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပေလိမ့်မည်။
ဟန်လိက တွေးဆကြည့်ပြီးနောက် သူ အစောပိုင်းက ရည်ညွှန်းခဲ့သော ပြဿနာအနည်းငယ်ကို ဖြေရှင်းနိုင်စွမ်းမရှိပါက ဤကြီးမားသော အသားတုံးကြီးက မြူကြားထဲ ပျောက်ဆုံးသွားသော ပန်းတစ်ပွင့်ကဲ့သို့သာလျှင် ဖြစ်ရပေလိမ့်မည်။
အရာအားလုံးကို ချင့်ချိန်တွက်ဆပြီးနောက် ဟန်လိက စမ်းသပ်မှုများ စတင်လိုက်သည်။
သူက ပထမဆုံး တောင်ကြားအပြင်ဘက်ရှိ စားဖိုဆောင်သို့ သွားခဲ့ပြီး စားဖိုဆောင်ကြီးကြပ်ရေးမှူးအား မီးခိုးရောင်အမွေးတို့နှင့် ယုန်တစ်စုံထပ်ပေးရန် တောင်းဆိုလိုက်သည်။ ဟန်လိ၏ အပြုအမူများက ကြီးကြပ်ရေးမှူးကို ပျော်ရွှင်မှုနှင့် ဇဝေဇဝါဖြစ်မှုနှစ်ခုလုံး ခံစားမိစေခဲ့သည်။ ဤလူငယ်လေးက မည်သည့်အတွက်ကြောင့် အသက်ရှင်နေသည့် ယုန်များကို ဆက်တိုက်ဝယ်နေရပါသနည်း။ သူက အချက်အပြုတ်စွမ်းရည် လေ့ကျင့်ရန် ၎င်းတို့ကို ကိုယ်တိုင်သတ်ဖြတ်ချင်နေခြင်း ဖြစ်နိုင်သလား။
ဟန်လိသည် အခြားသူများ သူ့ကို မည်သို့တွေးမည်အား ဂရုစိုက်ခြင်းမရှိပေ။ သူက ယုန်များကို ယခင်ကကဲ့သို့ ဆေးဥယျာဥ်တွင် ချည်နှောင်ထားခြင်းမရှိတော့ဘဲ ထို့အစား ၎င်းတို့ မည်သို့ပြောင်းလဲသွားသည်အား အချိန်မရွေးလေ့လာနိုင်ရန် သူ့အခန်းတံခါးတွင် ချည်နှောင်ထားလိုက်သည်။
ထို့နောက် သူက ဆေးဥယျာဥ်သို့ သွားက ရင့်မှည့်နေသည့် ဆေးပင်များကို ဂရုတစိုက် ခူးယူလိုက်သည်။ သူက အရိုးနှင့် ကြွက်သားများကို အားဖြည့်ပေးသည့် ဆေးအနည်းငယ်ပြုလုပ်လိုက်ပြီး ယုန်များကြိုက်နှစ်သက်သည့် အစားအစာများထံသို့ ရောနှောလိုက်သည်။ သူက ထိုဆေးဖက်ဝင်အပင်များ၌ အဆိပ်ရှိမရှိ စမ်းသပ်ရန် ယုန်များကို အစားအသောက် သုံးနပ်စီ နေ့တိုင်းကျွေးမွေးခဲ့သည်။
ထိုသို့ပြုလုပ်ပြီးသွားသည်နှင့် ဟန်လိက ညရောက်လာသည်အား စိတ်လှုပ်ရှားစွာနှင့် စောင့်ဆိုင်းနေခဲ့သည်။ သူသည် အချိန်က အကုန်နှေးကြောင်း ခံစားနေရသည်။ ထို့နောက်တွင် သူ စောင့်ဆိုင်းနေသည့် အချိန်က ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်တွင် အမှောင်ထုတို့ စတင်လွှမ်းမိုးလာသည်နှင့် ဟန်လိက ပုလင်းလေးကို သူ့အခန်းထဲမှ ထုတ်ယူကာ မြေပြင်သို့ ချလိုက်သည်။ သူသည် ထိုပုလင်းလေးပေါ်တွင် အာရုံစိုက်ရင်း အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မျှော်လင့်နေသည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်၌ပင် ပုလင်းမှ မည်သည့်လက္ခဏာမှ ပြမလာခဲ့ပေ။
ထို့နောက် နာရီဝက်ကြာသွားခဲ့ပေမယ့် မည်သည့်လှုပ်ရှားမှုမှ ပြသခြင်းမရှိလာသေးပေ။
လေးဆယ့်ငါးမိနစ်ကြာသွားခဲ့သော်လည်း အတူတူပင် ဖြစ်သည်။
အချိန်က တဖြေးဖြေး ကုန်လွန်လာသည်နှင့် ဟန်လိ၏ နှလုံးသားက ပိုမို၍ နစ်မြုပ်သွားခဲ့သည်။ သူက မိုးသောက်သည်အထိ မအိပ်ခဲ့သော်လည်း ပုလင်းက ယခင်ကနှင့် မည်သည့် ကွာခြားချက်မှမရှိခဲ့ပေ။
သူက လုံးဝ စိတ်ဓာတ်ကျသွားခဲ့သည်။ ဤပုလင်းက အမှန်တကယ် တစ်ခါမျှသာ အသုံးပြုနိုင်သည်လား။ သို့မဟုတ်လျှင် သူက တစ်ခုခုမှားယွင်းသွားခဲ့သည်လား။
ဟန်လိက အားတင်းရင်း ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။
"မှောင်နေတဲ့ ကောင်းကင်ကလွဲရင် တခြား သံသယဖြစ်စရာလည်း မရှိပါဘူး။" ဟန်လိက ရေရွတ်လိုက်သည်။
သူက ထိုစကားစုကို ရေရွတ်ပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ခေါင်းကို မော့၍ ကောင်းကင်သို့ ကြည့်လိုက်သည်။ ကောင်းကင် တိမ်ထူထပ်ကာ မည်းမှောင်နေပြီး မည်သည့်အရာကိုမှ မမြင်ရပေ။ "ကောင်းကင်က မည်းမှောင်နေတာပဲ။"
ထိုစကားလုံးများကို ရေရွတ်ပြီးနောက် ဟန်လိက ရုတ်တရက်နားလည်သွားသည်။
"တိမ်တွေက ကြယ်တွေနဲ့ လရဲ့ အလင်းတွေကို ပုလင်းပေါ်မကျလာနိုင်အောင် တားဆီးထားတာကြောင့် ဖြစ်နိုင်လား။" ဟန်လိသည် ယခင်က ပုလင်း၏ ပြောင်းလဲမှုက ကြည်လင်နေသည့် ကောင်းကင်အောက်၌ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတိရလိုက်သည်။ ထိုနေ့က ကောင်းကင်၌ လနှင့် ကြယ်များ ပြန့်ကျဲနေခဲ့သော်လည်း ယနေ့တွင် မည်းမှောင်နေသည့် ရာသီဥတုရှိလေသည်။ ကောင်းကင်တစ်ခုလုံးကို တိမ်မည်းများဖြင့် ဖုံးလွှမ်းထားခဲ့သည်။
ဟန်လိ၏ မျှော်လင့်ချက်များက တစ်ဖန် မြင့်တက်လာခဲ့သော်လည်း ကောင်းကင်က အလင်းရောင်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူသည် ယနေ့ညအလုပ်ဖြစ်တော့မည် မဟုတ်သည်ကို သိရှိသောကြောင့် ပုလင်းကို ဖယ်လိုက်ပြီး ကောင်းကင်ကြည်လင်သည့်အခါမှသာ တစ်ဖန်စမ်းသပ်ရန်ပြင်လိုက်သည်။
သို့သော် ဟန်လိ၏ မျှော်မှန်းချက်နှင့် ဆန့်ကျင်စွာ နောက်လဝက်ထိတိုင် မိုးဖွဲလေးများကျဆင်းကာ ဆက်တိုက် အုံ့မှိုင်းနေခဲ့ပေသည်။
ဟန်လိက အပြင်ဘက်ရှိ အဆက်မပြတ် ရွာသွန်းနေသော မိုးစက်များကို ကြည့်လိုက်သည်။ သူ၏ စိတ်က မှုန်မှိုင်းနေပြီး ရာသီဥတုကြည်လင်လာသည်အား စောင့်ဆိုင်းနေရင်း အဆက်မပြတ် စိုးရိမ်ပူပန်နေခဲ့သည်။ မိုးက ရပ်တန့်ရန် အနည်းငယ်မျှပင် ရည်ရွယ်ချက် မရှိသကဲ့သို့ အဆက်မပြတ် ရွာသွန်းနေခဲ့သည်။
သူသည် အခန်းတွင်းသို့ ပြန်လှည့်ကာ မိုးခိုရန် သူ့အခန်းထဲရောက်နေသည့် ယုန်နှစ်ကောင်ကို ကြည့်လိုက်သည်။ သူတို့ ကျန်းကျန်းမာမာနှင့် သက်ဝင်တက်ကြွနေသည်က ဟန်လိကို ပိုမိုစိတ်ဓာတ်ကျအောင် လုပ်နေခဲ့သည်။ ယုန်များ စားသောက်ရန် အစားအစာအတွင်း ဆေးများရောစပ်ပေးခဲ့ပြီးကတည်းက သူတို့သည် မည်သည့်ပြဿနာမှ မရှိရုံမျှမက ယခင်ကထက်ပင် ကြံ့ခိုင်လာခဲ့သည်။ လွန်ခဲ့သည့် ဆယ်ရက်အတွင်း ဟန်လိသည် ယုန်များတွင် အဆိပ်မိသည့် လက္ခဏာရှိမရှိ နေ့တိုင်း ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ သို့သော် သူတို့က အဆိပ်မမိဘဲ အရိုးနှင့် ကြွက်သားများ သန်မာစေသည့် ဆေးများကြောင့် ပို၍ပင် ကျန်းမာလာကြသည်။
ထိုကောင်းမွန်သည့် ရလဒ်က ဟန်လိကို ပျော်ရွှင်အောင်မလုပ်နိုင်ရုံမျှမက အရှုံးအမြတ်အတွက် စိတ်ပူလာအောင် ပြုလုပ်နေသည်။ သူက အနည်းငယ်မျှပင် မတည်ငြိမ်နိုင်တော့ပေ။ ပုလင်းက အစိမ်းရောင် အရည်စက်ကို ထုတ်နိုင်ခြင်းရှိမရှိမှာ အရာအားလုံး၏ သော့ချက်ဖြစ်လာသည်။ ထို့ပြင် ရာသီဥတုက ဆိုးရွားနေသည့်အတွက် သူက သူ၏ ယူဆချက်ကိုလည်း စမ်းသပ်နိုင်ခြင်းမရှိခဲ့ပေ။ ဟန်လိက မည်သို့ စိတ်ဓာတ်မကျဘဲ နေနိုင်ပါမည်နည်း။