ဆေးပညာကျောင်းသား
Vol. 2 Ch. 26
ဟန်လိက အဆုံးမရှိရွာသွန်းနေသည့် မိုးစဲသွားသည်ကို စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် နေမင်းက ကောင်းကင်တွင် ထွန်းလင်းလာခဲ့ပြီး တိမ်များ ကင်းစင်လာသည်။
ဟန်လိသည် လွန်ခဲ့သည့် လဝက်ကတည်းက ပုလင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည့်အတွက် စိတ်မရှည်တော့သည်မှာ ပုံမှန်သာ ဖြစ်သည်။ ကြည်လင်သော ညကောင်းကင်၏ အောက်တွင် ဟန်လိသည် လွန်ခဲ့သောလေးနှစ်အချိန်က ဖြစ်ပျက်ခဲ့သည့် ထူးဆန်းဖြစ်ရပ်ကို တစ်ဖန် တွေ့ကြုံခဲ့ရသည်။ တဖြေးဖြေးချင်း အလင်းလုံးလေးများက ပုလင်းကို ဝန်းရံလာပြီး ကြီးမားသည့် အလင်းလုံးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်ကို တစ်ဖန်မြင်တွေ့လိုက်ရသောအခါ ဟန်လိက စိတ်လှုပ်ရှားသွားခဲ့ပြီး သူ့နှလုံးသားထဲ၌ ချိတ်ဆွဲခံထားရသော ကျောက်တုံးကြီးက ပြုတ်ကျသွားခဲ့ပေသည်။ ကြည့်ရသည်မှာ ပုလင်းက တစ်ခါသုံးဟုတ်ပုံတော့မရပေ။ ၎င်းသည် လရောင်ရနေသရွေ့ လျှို့ဝှက်ဆန်းကြယ်သော အရည်စက်ကို ထပ်ကာထပ်ကာ စုဆောင်းနိုင်ပုံရလေသည်။
နောက်ထပ် ခုနစ်ရက်စောင့်ဆိုင်းပြီး နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သည့် အရည်စက် ဖြစ်တည်လာခဲ့ပေသည်။ ဟန်လိက ပုလင်းထဲရှိ ကျောက်စိမ်းရောင်အရည်စက်ကို မြင်သည့်အခါ အလွန် စိတ်လှုပ်ရှားပျော်ရွှင်သွားသည်။ ယခု သူက အဖိုးတန်ဆေးပင်များကို အမြောက်အမြားထုတ်လုပ်နိုင်တော့မည် ဖြစ်ပြီး အရင်းအမြစ်များ ပြတ်လပ်မည်အား စိတ်ပူရန်မလိုအပ်တော့သည်ကို သိရှိပေသည်။
ဆေးပင်များ တန်ဖိုးကို ၎င်းတို့၏ သက်တမ်းဖြင့် ဆုံးဖြတ်သည်။ သက်တမ်းရင့်သည့် ဆေးပင်ဖြစ်လေ ဆေးဖက်ဝင်အာနိသင်က ပိုမိုအားကောင်းလေ ဖြစ်သောကြောင့် ပို၍အဖိုးတန်ပေသည်။ တစ်ချိန်တည်းတွင် ထိုသို့ပိုအဖိုးတန်သော ဆေးဖက်ဝင်အပင်များက ရှာဖွေရန်ပိုခက်ခဲတတ်သည်။ အချို့ဆေးဖက်ဝင်အပင်များကို တော၏ အနက်ပိုင်း သို့မဟုတ် ချောက်ကမ်းပါးများတွင်သာ ရှာတွေ့နိုင်ပေသည်။ အသက်ကို မစွန့်စားရဲသည့်လူများအတွက် ထိုအဖိုးတန်ဆေးပင်များကို ရှာဖွေတွေ့ရှိရန်မှာ ဖြစ်နိုင်ခြင်းမရှိပေ။
ထိုရှားပါးသည့် ဆေးပင်များကို အထူးပြုစိုက်ပျိုးသည့် ဆေးဆိုင်များစွာ ရှိသော်လည်း မြင့်မားသည့် ဝယ်လိုအား လိုအပ်ချက်ကြောင့် လျင်မြန်စွာ ရိတ်သိမ်းတတ်ကြပြီး သက်တမ်းရင့်လာသည်အထိ ကြီးထွားရန် အခွင့်အရေးမရှိခဲ့ကြပေ။ ထိုအကြောင်းပြချက်ကြောင့် စိုက်ပျိုးသူများသည် ရူးမိုက်စွာဖြင့် ဆေးပင်များကို အချိန်ကာလကြာမြင့်သည်အထိ ပျိုးထောင်ရန် မပြုလုပ်ကြဘဲ တတ်နိုင်သမျှ စောစောစီးစီး ရိတ်သိမ်းရန် ရွေးချယ်ကြသည်။
ချမ်းသာသည့် မိသားစုများသာလျှင် လိုအပ်လာနိုင်သည့် အခြေအနေမျိုးအတွက် အရန်ထားရှိရန် ရှားပါးဆေးပင်တို့ကို စိုက်ပျိုး၍ ကြီးထွားလာစေရန် အားထုတ်နိုင်သည်။ ရှားပါးသည့်အမျိုးအစား ဖြစ်ရုံမျှမက အချိန်အကြာကြီးလည်း စိုက်ပျိုးထားသည့် ဆေးပင်များ၏ အာနိသင်က သာမန်ဆေးပင်များထက် အဆများစွာ ပို၍အားကောင်းပေသည်။ အပင်များကို စိုက်ပျိုးရန် ကျွမ်းကျင်သူများလည်း မလိုအပ်ပေ။ ထိုမိသားစုများသည် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် သူတို့၏ ငွေကြေးတို့ကို လက်ဆင့်ကမ်းခဲ့ရုံမျှမက သူတို့ အချိန်အများကြီးသုံး စိုက်ပျိုးခဲ့သည့် ဆေးပင်များကိုလည်း လက်ဆင့်ကမ်းပေးခဲ့ကြလိမ့်မည် ဖြစ်သည်။ ရလဒ်အနေနှင့် အချိန်က ထိုမိသားစုများအတွက် ပြဿနာမဟုတ်ခဲ့ပေ။ ရာစုနှစ်များအတွင်း ထိုဆေးပင်များကို ဤနည်းလမ်းဖြင့်စိုက်ပျိုးခဲ့ကြသည်။ ငွေကြေးနှင့် ရှားပါးဆေးပင်နှစ်မျိုးလုံးက သာမန်လူများအနေဖြင့် ထိုသို့ အရန်သင့်ရရှိလိမ့်မည်မဟုတ်ပေ။
တစ်ခါတစ်ရံ ရှားပါးသည့် အပင်များသည် စျေးများတွင် ပေါ်ပေါက်လာတတ်သော်လည်း ချမ်းသာသည့်မိသားစုများ၏ ဝယ်ယူခြင်းကို ခံခဲ့ကြရပေသည်။ အချို့သော ဆေးပင်များသည် အဖိုးမဖြတ်နိုင်ဟု တံဆိပ်ကပ်နှိပ်ခြင်းခံရသည့်အတွက် ထိုဆေးပင်တန်ဖိုးတို့က တဖြေးဖြေး မြင့်တက်လာခဲ့ပေသည်။
ဟန်လိသည် သမားတော်မော့က ကျင့်ကြံခြင်းအတွက် သူ လိုအပ်သော အဖိုးတန်ဆေးပင်တို့ကို ကိုယ်တိုင်ရှာဖွေသည့် နည်းလမ်းအား သိပ်အကောင်းမြင်ခြင်းမရှိခဲ့ပေ။ သို့သော် ယခု သူ့အတွက် စိတ်ပူရန်မလိုအပ်တော့ချေ။ ဤဆန်းကြယ်သော ပုလင်းနှင့် သူသည် လိုအပ်သော ဆေးပင်များကို အချိန်တိုအတွင်း ဖန်တီးနိုင်စွမ်းရှိတော့မည် ဖြစ်၏။
သူ၏ နှလုံးသားအတွင်း ထူးဆန်းသော ခံစားချက်နှင့်အတူ ဟန်လိသည် လျှို့ဝှက်ဆန်းကြယ်သည့် အရည်စက်ကို ဆယ်ရက်အတောအတွင်း ဆေးပင်များအပေါ်၌ စမ်းသပ်နေခဲ့သည်။
တစ်ကြိမ်၌ သူက ရေရောစပ်ထားသည့် အစိမ်းရောင်အရည်ကို ဆေးပင်များပေါ်တွင် ဖြန်းပက်လိုက်သည်။ နှစ်ရက်ကြာပြီးနောက် ရလဒ်မှာ နှစ်နှစ်သက်တမ်း အာနိသင်ရှိသည့် ဆေးပင်အဖြစ် ကြီးထွားလာခြင်း ဖြစ်သည်။ ၎င်းက မူလထုတ်ကုန်ထက် အများကြီး ပိုမိုကောင်းမွန်ပြီး ဤစမ်းသပ်မှုနှင့် ဟန်လိသည် ပိုမိုအရေးကြီးသော စည်းမျဥ်းတစ်ခုကို သင်ယူရရှိခဲ့ပေသည်။
နောက်စမ်းသပ်မှုတွင် ဟန်လိသည် ကျောက်စိမ်းအရည်စက်ကို ရေရောရန်အလုပ်ရှုပ်ခံမနေဘဲ ဂျင်ဆင်းပင်ပေါ်သို့ အစိမ်းရောင်အရည်စက်အား လောင်းချလိုက်သည်။ ဒုတိယနေ့တွင် ဟန်လိသည် နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်းရိုင်းနှင့် ခွဲခြား၍မရနိုင်သော ဂျင်ဆင်းအဖြစ် ကြီးထွားလာကြောင်း မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရသည်။ ထိုစမ်းသပ်မှုသည် ဟန်လိကို ယခင်ကထက် ပိုမို ပျော်ရွှင်လာစေပေသည်။ ထိုသည်မှာ သူက ရှားပါးသော ဆေးဖက်ဝင်အပင်ကို ပိုင်ဆိုင်ရခြင်းကြောင့် မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သည့် အရည်စက်၏ အသုံးပြုပုံကို အတည်ပြုလိုက်နိုင်ခြင်းကြောင့် ဖြစ်လေသည်။
ထို့နောက် ဟန်လိက စမ်းသပ်မှုအတွက် အစိမ်းရောင်အရည်အချို့ ဖယ်ထားရန် ဆုံးဖြတ်ခဲ့ပြီး ကျန်သည့်အရည်များကို ကြွေပုလင်း၊ ကျောက်စိမ်းပုလင်းနှင့် ငွေပုလင်းများကဲ့သို့ အခြားထည့်စရာများထဲ ခွဲထည့်ထားလိုက်သည်။ သို့သော် မကြာခင်၌ သူသည် မည်သည့် ပုလင်းကမှ ထိုအရည်စက်ကို တစ်မိနစ်ထပ်ပို၍ ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ။ အရည်စက်ကို ပုလင်းမှ ထုတ်ယူလိုက်ပြီးနောက် ၎င်းကို တစ်မိနစ်အတွင်း အသုံးပြုရန် လိုအပ်ပေသည်။ မဟုတ်လျှင် ၎င်းက တဖြေးဖြေး အစအနမကျန်အောင် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ အရည်စက်ကို ရေရောလိုက်လျှင်ပင် အချိန်အနည်းငယ်သာ ပိုကြာပြီး တူညီသော ရလဒ်ကို ရရှိပေသည်။ အခြားအရည်များနှင့် ရောစပ်ခြင်းသည်လည်း သိပ်မကြာလှသောအချိန်၌ အစအနမကျန်အောင် ပျောက်ကွယ်သွားခြင်းသာ ဖြစ်ပေါ်ခဲ့သည်။
စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် ဟန်လိက အရည်စက်ကို အခြားသိုလှောင်ရေးပုလင်းများထဲ ထည့်ကာ ထိန်းသိမ်းရန် လက်လျှော့လိုက်သည်။ သူက ထိုလျှို့ဝှက်ဆန်းကြယ်သော အရည်စက်ကို အရန်သိုလှောင်ထား၍ မရနိုင်ပုံပေါ်သည်။ ထို့ကြောင့် ဟန်လိသည် အစိမ်းရောင်အရည်စက်ကို အသုံးပြုပြီးနောက် ဆေးပင်များ၏ သက်တမ်းဂုဏ်သတ္တိအား စမ်းသပ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နိုင်သည်။
ဟန်လိက စန်းဝူးမြက်တစ်စည်း ယူလိုက်ပြီး ၎င်းအပေါ်၌ အရည်စက်ကို အသုံးပြုလိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်းက နှစ်တစ်ရာသက်တမ်းရှိ အဝါရောင်စန်းဝူးမြက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အရည်တစ်စက်နှင့် ၎င်း၏ သက်တမ်းက နှစ်တစ်ရာအထိ တိုးတက်သွားသည်။
ထိုကဲ့သို့သော အာနိသင်ကို မြင်ပြီးနောက် ဟန်လိသည် နောက်နှစ်လအတွင်း တူညီသော နည်းလမ်းဖြင့် အရည်စက်ကို အသုံးပြုခဲ့သည်။ သူက ပုလင်းအတွင်းမှ အရည်စက်ကို အပိုကျန်ရှိသည့်အခါတိုင်း စန်းဝူးမြက်စည်းပေါ်သို့ အစက်ချပေးလိမ့်မည် ဖြစ်သည်။ ၎င်းက တဖြေးဖြေး အဝါရောင်မှ ဝါကျင့်ကျင့်နှင့်အနက်ရောင်သို့ ပြောင်းလဲလာခဲ့သည်။ အဆုံးတွင် ၎င်းက မှင်နက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး နှစ်တစ်ထောင်သက်တမ်းရှိ စန်းဝူးမြက်အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားခဲ့ပေသည်။
ဤစမ်းသပ်မှု အောင်မြင်သွားခဲ့ပြီး စိတ်ရှည်ရှည်နှင့် စန်းဝူးမြက်ကို ဆက်လက်ပျိုးထောင်ပါက သက်တမ်းအဆက်မပြတ် တိုးလာမည့်ပုံပေါ်ပေသည်။ သို့သော် ဟန်လိအတွက် ၎င်းက အများကြီး လိုအပ်နေခြင်းမရှိသေးပေ။ သူသည် ဆေးရည်၏ အာနိသင်ကို သိရှိခဲ့ရသည်ကိုပင် ကျေနပ်နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည် ထိုကဲ့သို့ သက်တမ်းအလွန်ရင့်သည့် ဆေးပင်မျိုးမလိုအပ်ဘဲ နှစ်တစ်ရာသက်တမ်းရှိသည့် ဆေးပင်ကပင် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်ဆုံး၌ ဟန်လိက ခေတ္တရပ်နားရန်ဆုံးဖြတ်လိုက်သည်။ သူ၏ အာရုံက တောင်ပေါ်မှ ထွက်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်သည့် သမားတော်မော့ထံ ရောက်ရှိသွားသည်။
ယခု ဟန်လိသည် နှစ်တစ်ထောင် စန်းဝူးမြက်ကို လက်ထဲတွင် ကိုင်ထားပြီး အိပ်ရာကို ကျောမှီ၍ ပျင်းတိပျင်းရွဲ ထိုင်နေခဲ့သည်။
သူ့ မျက်လုံးများက စန်းဝူးမြက်ကို လေ့လာကြည့်ရှုနေသည်။ သို့သော် အမှန်တွင် တစ်စုံတစ်ယောက်က ဟန်လိ၏ ရေရေရာရာမရှိသော မျက်ဝန်းများကို ကြည့်မိပါက သူတို့သည် သူက စန်းဝူးမြက်အား အာရုံစိုက်နေခြင်းမရှိသည်ကို သိရှိပေလိမ့်မည်။ ထို့်အစား သူက ကောင်းကင်သို့ စိုက်ကြည့်နေပြီး အခြားတစ်စုံတစ်ခုကို တွေးတောနေခဲ့သည်။
သူ့တွင် စန်းဝူးမြက်ကို နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်အဖြစ် ပထမဆုံး ဖန်တီးနိုင်ခဲ့စဥ်ကကဲ့သို့ ခံစားချက်မျိုးမရှိတော့ပေ။ ထို့အစား သူသည် ဤပုလင်းမှ သူ့ထံသို့ ယူလာနိုင်သည့် အန္တရာယ်များအကြောင်းနှင့် မည်သို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်သည်ကို စဥ်းစားနေခဲ့သည်။
ဟန်လိက အဖိုးတန်ရတနာများကြောင့် ဆိုးရွားလှသည့်ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသူများအကြောင်း သမားတော်မော့၏ စာကြည့်တိုက်အတွင်းမှ စာအုပ်များထဲတွင် မကြာခဏ မြင်တွေ့ဖူးခဲ့သည်။ သူ့လက်ထဲမှ ပုလင်းက ကျိန်းသေ အဖိုးတန်ရတနာဖြစ်လေသည်။ ဤပုလင်း၏ တည်ရှိိမှုကို တစ်စုံတစ်ယောက် ရှာဖွေတွေ့ရှိသွားပါက နောက်တစ်ရက်ထပ်မံ အသက်ရှင်ရန် ခက်ခဲသွားရပေလိမ့်မည်။ ဥပမာအနေနှင့် ခန်းမသခင်တစ်ယောက်က ၎င်းကို ရှာဖွေတွေ့ရှိသွားလျှင် သူတို့က ထိုအတိုင်းလွှတ်ပေးထားလိမ့်မည် မဟုတ်ပေ။ သူတို့သည် မည်သူမှ ရှာမတွေ့ခင် ပိုင်ရှင်ကို သတ်၍ ရတနာကို ခိုးယူကြလိမ့်မည်ဖြစ်သည်။
"ဒီပုလင်းအကြောင်း ငါ ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး။ သေချာဂရုစိုက်ပြီး သုံးမှရမယ်။ ဒီပုလင်းရဲ့ အလင်းစုဝေးတဲ့နည်းလမ်းက အရမ်းသိသာနေလွန်းတာကြောင့် တစ်ယောက်ယောက် စောင့်ကြည့်နေရုံနဲ့ အလွယ်တကူ ရှာတွေ့သွားနိုင်လိမ့်မယ်။" ဟန်လိက တွေးလိုက်သည်။ သူသည် လျှို့ဝှက်ချက်ကို မည်သူမှ ရှာမတွေ့နိုင်အောင် ပါးစပ်ပိတ်၍ သေချာထိန်းသိမ်းထားရမည်ဖြစ်သည်။
"ဒါပေမယ့် ကျင့်ကြံဖို့ ဆေးပင်တွေ အသုံးပြုရမယ့် နေရာရှိတယ်။ ဒီပုလင်းကို မသုံးရင် ဒါကဖြုန်းတီးမှုဖြစ်လိမ့်မယ်။ အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းကို ရှာမှရမယ်။" သူက ကျင့်ကြံခြင်းအကြောင်း စဥ်းစားမိသည့်အခါ ဝမ်းနည်းလာခဲ့သည်။ သူ့အတွက် ကျင့်ကြံခြင်းက ထိပ်တန်းဦးစားပေးဟု ပြောမရနိုင်ခဲ့ပေ။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဟန်လိအနေနှင့် တိုးတက်မှုအနည်းငယ်မျှသာရှိခြင်းကို သမားတော်မော့ပင် သတိပြုမိခဲ့ပေသည်။