← Chapters

ချန်ဖန်း၏ ဇာတ်လမ်း

Vol. 54 Ch. 754

ချန်ဖန်း၏ ဇာတ်လမ်း

Vol. 54 Ch. 754

မိုးကြိုးဒယ်အိုးသည် ဓားနဂါးကို ချေမှုန်းပြီး    နားမခံသာဖွယ် ပေါက်ကွဲသံများအကြား ယီးကျန့်ဂိုဏ်း၏မန္တန်ဝင်္ကပါကို ထိပ်တိုက်ပြေးဆောင့်လိုက်၏။

လှိုင်းများ ဖြာထွက်သွားပြီး အပြင်ရှိ ကျင့်ကြံသူများ၏ ရှုထောင့်မှ ကြည့်လျှင် ယီးကျန့်ဂိုဏ်းမှာ ပုံပျက်ရှုံ့တွနေပြီး အချိန်မရွေး ပျက်စီးတော့မည့်အလားပင်။ ဂိုဏ်းထဲရှိ ခေါင်းဆောင်ကြီးသုံးဦးမှာ သွေးအန်လိုက်ကြရသည်။

ယီးကျန့်ဂိုဏ်းသားများမှာလည်း တုန်ရီသွားကြပြီး သွေးအန်လိုက်ကြရရာ မျက်နှာများတွင် သွေးမရှိတော့ပေ။

“ဒုတိယမန္တန်ဝင်္ကပါ” ဆရာကျန်းအသံက ‌တစ်ဂိုဏ်းလုံး ပဲ့တင်ထပ်သွားသည်။ ဂိုဏ်းသားများမှာ ဆေးလုံးများ ချက်ချင်း ထုတ်စားလိုက်ကြ၏။

ဤတိုက်ပွဲသည် ‌ယီးကျန့်ဂိုဏ်း လွတ်မြောက်မလား ၊ ပျက်စီးမလား ဆုံးဖြတ်ပေးမည့် စစ်ပွဲဖြစ်ကြောင်း သူတို့ သိကြသည်။ မန္တန်ဝင်္ကပါ တောင့်ခံနိုင်လျှင် တောင်တန်းများ၌ အဝင်အထွက်ပိတ်ကာ ဆက်နေနိုင်မည်။ တောင့်မခံနိုင်လျှင် ... ယီးကျန့်ဂိုဏ်းဟူ၍ တောင်ပိုင်းဒေသတွင် ရှိနိုင်တော့မှာ မဟုတ်ဟု ဆိုလိုသည်။

မှန်ပါသည်၊ အညံ့ခံခွင့်လည်း ရှိသေးသည်။

ယီးကျန့်ဂိုဏ်း၏ ဂိုဏ်းသားများ စွမ်းအားအပြည့်အဝ ထုတ်လွှတ်လိုက်သဖြင့် မရေမတွက်နိုင်သော ဓားအလင်းတန်းများကား ‌မြေကြီး၊ တောင်တန်းများ၊ ‌အဆောက်အဦများနှင့် ဂိုဏ်း၏ချောင်ကြိုချောင်ကြားမှ ထွက်လာသည်။

အလင်းတန်းများကား တစ်သိန်းကျော်ပြီး လေဆင်နှာမောင်းကြီးသဖွယ် တစ်ဂိုဏ်းလုံးကို ရစ်သိုင်းခြုံသွားသည်။ လေဆင်နှာမောင်းကြီး  သောင်းကျန်းနေစဉ် ဓားများက တစ်လက်နှင့်တစ်လက် ပေါင်းစည်းကာ ... ဧရာမဓားကြီးတစ်လက် ဖြစ်လာသည်။

၎င်းသည် မီတာ သုံးသောင်းကျော် ရှည်လျားပြီး ယီးကျန့်ဂိုဏ်းတစ်ဂိုဏ်းလုံး အထဲတွင် ဆန့်၏။ ၎င်းမှာ ဓားပုံသဏ္ဌာန်အကာအကွယ်တစ်မျိုးဖြစ်သည်။

မန်ဟိုသည် မပြောင်းလဲသော မျက်နှာထားဖြင့် လေထဲသို့ ညွှန်လိုက်၏။ မိုးကြိုးဒယ်အိုးမှာ ကျုံ့သွားပြီး သူ့ဆီ ပြန်ရောက်လာသည်။ ၎င်း သူ၏လက်ဝါးအပေါ်‌ ရောက်သည်နှင့် မိုးကြိုးများက သူ့ကို ချက်ချင်း ဝန်းရံလိုက်လေသည်။

“အဲဒီဝင်္ကပါကို ဖျက်စီးလိုက်” သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက ချက်ချင်း ရှေ့တက်သွားလေသည်။ သူတို့က ဓားအကာအကွယ်အနား ရောက်သည့်အခါ လက်နှစ်ဖက်ကို ဝှေ့ယမ်း၍ တာအိုရှာဖွေခြင်းအထွတ်မထိပ်အဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်ကြ၏။ သွေးမိစ္ဆာဂိုဏ်းသားများလည်း တိုက်ကွက်များ ပို့လွှတ်လိုက်သဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများက မိုးပေါက်သဖွယ် ယီးကျန့်ဂိုဏ်း၏ မဟာမန္တန်ဝင်္ကပါအပေါ်သို့ ကျ‌နေလေသည်။

မန်ဟိုသည် ဒုတိယကိုယ်အစစ်ကို ထိန်းချုပ်ရန် အတွေးများ ပို့လွှတ်လိုက်သည်။ ဒုတိယကိုယ်အစစ်က ယီးကျန့်ဓားနှင့်အတူ ပေါ်လာပြီးနောက် တဟုန်ထိုး‌ ပြေးထွက်သွားတော့သည်။

တာအိုရှာ‌ဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းအခြေခံသုံးဦးအပါအဝင် ကျင့်ကြံသူသောင်းပေါင်းများစွာ၏ စုပေါင်းစွမ်းအားက မန္တန်ဝင်္ကပါကို အုန်းခနဲ ဝင်ဆောင့်လိုက်၏။ ချက်ချင်းပင် ယီးကျန့်ဂိုဏ်း၏ ဓားကြီးက တုန်ရီပြီး‌နောက် စတင် တိုက်ခိုက်တော့သည်။

မန်ဟိုက အဖြစ်အပျက်များကို သွေးအေးအေးကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။

ပေါက်ကွဲသံများက တစ်ဂိုဏ်းလုံး ဆူညံသွားပြီးနောက် ယီးကျန့်ဂိုဏ်း၏ဓားကြီးက မည်သည့်အရာကိုမှ ချုပ်တည်းမနေတော့ပေ။ ဓားဝင်္ကပါအဖြစ် ဖွဲ့စည်းထားသော ဓားပေါင်းများစွာ စတင်ပြိုပျက်လာသည်။ မန္တန်ဝင်္ကပါ မပြည့်စုံတော့လျှင် ၎င်း၏ပျက်စီးမှုက လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်။

အဆုံးသတ်တွင် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး မန္တန်ဝင်္ကပါမှာ ချိုးဖျက်ခံလိုက်ရလေပြီ။ ဓားပျံများမှာ ချွန်ထက်သောအပိုင်းအစများအဖြစ် ဖြာထွက်ကာ ပျက်စီးသွားရ၏။

ယီးကျန့်ဂိုဏ်း၏ မဟာမန္တန်ဝင်္ကပါမှာ ယခုတော့ အပေါက်ကြီးပေါက်သွားပြီဖြစ်ရာ ထိုအပေါက်ကြီးမှတစ်ဆင့် ယီးကျန့်ဂိုဏ်းအစစ်ကို မြင်လိုက်ရလေသည်။ မျက်နှာဖြူဆုပ်နေကြသော ဂိုဏ်းသားသောင်းပေါင်းများစွာနှင့်အတူ စိတ်ဓာတ်ကျနေ‌သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူသုံးဦးကို မြင်ရနိုင်သည်။

ဘုန်း

မန်ဟို၏ ဒုတိယကိုယ်အစစ်က အပေါက်ထဲ ဝင်ရောက်လိုက်သည်။ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်ရာ အက်ကွဲသံများ ပဲ့တင်ထပ်လာစေသည်။ အပေါက်ကြီးသည် မန္တန်ဝင်္ကပါတစ်ခုလုံး ပျက်စီးသွားသည့်တိုင်အောင် ပို၍ကြီးမားလာတော့၏။

တစ်ချိန်တည်းမှာပင် သွေးမိစ္ဆာဂိုဏ်းသားများက ယီးကျန့်ဂိုဏ်းကို သုတ်သင်ရန် အသင့်ဖြစ်နေသော သွေးတိမ်တိုက်ကြီးသဖွယ် ချီတက်လာကြသည်။

ယီးကျန့်ဂိုဏ်းသားများမှာ ခုခံလိုစိတ်ပင် မရှိအောင် စိတ်ဓာတ်ကျနေကြသည်။ မည်သူ ပထမဆုံး ပြောလိုက်သလဲ မသိသော်လည်း အကုန်လုံးဒူးထောက်၍ ဂါဝရပြုလိုက်ကြသည်။

“အညံ့ခံတယ်၊ ငါ အညံ့ခံချင်တယ်”

“ငါတို့ အညံ့ခံတယ်”

မျက်နှာဖြူဆုပ်နေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်‌ပညာရှင်သုံးယောက်အနက် နှစ်ယောက်က ခါးခါးသီးသီး ရယ်ပြီး အညံ့ခံကြောင်း ပြောတော့မည့်အချိန် ဆရာကျန့်၏ မျက်လုံးများ အရောင်လဲ့သွားသည်။ သူက ဖျတ်ခနဲ နေရာရွှေ့ပြောင်း၍ ခပ်လှမ်းလှမ်းရှိ ဓားအစား အရက်အိုးတစ်အိုးကိုင်ထားသော သက်လတ်ပိုင်းလူ၏ ဘေးတွင် ပြန်ပေါ်လာသည်။

သူ ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့လက်က မြွေလိမ်မြွေကောက် ထွက်သွားပြီး ထိုလူ၏ခေါင်းထိပ်ကို ဆုပ်ကိုင်လိုက်သည်။ ဆရာကျန့်၏မျက်လုံးများက အဆင်အခြင်မဲ့ကာ မိုက်ရူးရဲဆန်နေချေပြီ။

“မန်ဟို” သူက အသံကုန်ဟိန်းဟောက်လိုက်သည်။ “ဒါက မှီခိုရာဂိုဏ်းက မင်းရဲ့ ဂိုဏ်းတူအစ်ကို ချန်ဖန်းမဟုတ်လား။ မင်းနဲ့ သူ ရင်းနှီးတာ ငါ သိတယ်။ ဒီတော့ မင်း လှုပ်ရှားရဲရင် ငါလည်း‌ သေရမယ်‌ဆိုရင်တောင်မှ သူ့ကို သတ်ပစ်မယ်”

ဤဖြစ်ရပ်က သွေးမိစ္ဆာဂိုဏ်းသားများကို တုံ့ခနဲ ရပ်၍ ဆရာကျန့်အား အေးစက်စက် လှမ်းကြည့်မိလိုက်စေသည်။ ယီးကျန့်ဂိုဏ်းသားများပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ မည်သူမျှ နည်းနည်းလေးပင် ပျော်ရွှင်သွားပုံမရဘဲ အမှန်တွင် လူသေကောင်များသဖွယ် မျက်နှာဖြူဆုပ်သွားကြလေသည်။

အထူးသဖြင့် အသိနှင့်သတိ ကပ်သွားသော ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးနှစ်ယောက်ပင်။ သူတို့သည် သွေးမိစ္ဆာဂိုဏ်းအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သူတို့ သိကြ၏။ စောစောက ပြန်တိုက်ခိုက်ခြင်း မအောင်မြင်သည့်အချက်က ၎င်းအား သက်သေထူပြီးလေပြီ။

အညံ့ခံခြင်းသာ သူတို့၏တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။

သို့ထိတိုင် ဆရာကျန့်က ရုတ်တရက် ဤအပြုအမူဖြင့် ယီးကျန့်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူနှင့်အတူ ဆွဲခေါ်ရင်း မန်ဟို့ကို ရန်စလိုက်သည်။ ခေါင်းဆောင်ကြီးနှစ်ဦး၏မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားတော့၏။

“ဆရာကျန့် ဒီလိုမလုပ်နဲ့လေ”

“ဆရာကျန့် ခင်ဗျား ...”

ဆရာကျန့်၏အမူအရာမှာ ပို၍ပင် ကြမ်းကြုတ်လာသည်။ သူသည် ချန်ဖန်းခေါင်းကို တခဏ ငုံ့ကြည့်ပြီးနောက် သွေးမိစ္ဆာဂိုဏ်းနှင့် မန်ဟို့ကို ပြန်ကြည့်လိုက်သည်။

“မန်ဟို ငါ့ကို ယီးကျန့်ဂိုဏ်းရဲ့ အင်မော်တယ် ရုပ်သေးရုပ်ပေး၊ ငါ လိုချင်တာ အင်မော်တယ်ရုပ်သေးရုပ်ပဲ။ ငါ အဲ့ဒါကို ရတာနဲ့ ချန်ဖန်းဆံပင်တစ်မွှေးတောင် မထိတော့ဘူး စိတ်ချ”

ရှေးဟောင်းတာအိုရေကန်များမှာတုန်းက မန်ဟိုသည် ချန်ဖန်းကို မြင်သည်နှင့် အခြေအနေမကောင်းကြောင်း ပြောနိုင်ခဲ့၏။ သူ့မှာ ကူညီပေးချင်သော်လည်း ချန်ဖန်းကား အတွင်းထဲတွင် သေဆုံးနေခဲ့လေပြီ။ သူ ယနေ့ ယီးကျန့်ဂိုဏ်းကို ရည်ရွယ်ချက်နှစ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ တစ်ချက်က သွေးမိစ္ဆာဂိုဏ်းအတွက် လက်စားချေဖို့။ တစ်ချက်က ချန်ဖန်းအတွက် စိတ်ပူ၍ပင်။

“ခင်ဗျား ရူးနေတာလား” မန်ဟိုက တင်းမာသောမျက်နှာထားဖြင့် ပြန်မေးသည်။

“ရူးနေတော့ရော ဘာဖြစ်လဲ” ဆရာကျန့်က မျက်လုံးများ နီရဲနေလျက် ပြန်ဟိန်းဟောက်သည်။ “ငါ အင်မော်တယ်ရုပ်သေးရုပ်ပဲ လိုချင်တယ်။ အဲ့ဒါပေး ၊ သူ့ကို လွှတ်ပေးမယ်”

ချန်ဖန်းမှာ မန်ဟို့ကို လှမ်းကြည့်နေစဉ် မျက်နှာလေး နွမ်းဖတ်‌ဖြူလျော်နေသည်။ သူက ဘာမှမပြောဘဲ ပြုံးနေသည်။ ‌ဟိုးလွန်ခဲ့လေပြီးသော နှစ်တွေတုန်းက တောင်ပိုင်းဒေသတွင် မန်ဟိုနှင့် ပထမဆုံးပြန်ဆုံခဲ့တုန်းကအတိုင်း ပြုံးနေ၏။

“ဂိုဏ်းတူညီလေး ၊ မင်း အရွယ်ရောက်လာခဲ့ပြီပဲ ....” ယင်းက ထိုနှစ်တွေတုန်းက သူ ပြောခဲ့သော အရာပင်။ ယခု သူပြုံးနေသည့်အခါ မန်ဟိုသည် တာအိုကို တစိုက်မတ်မတ် လိုက်စားသော ၊ တက်ကြွသော မှီခိုရာဂိုဏ်း၏ ဂိုဏ်းတူအစ်ကိုကြီးချန်ဖန်းကို ပြန်မြင်ယောင်လိုက်မိ၏။

လျှပ်တပြက်လေးအတွင်း နှစ်ပေါင်းရာချီ ကုန်ဆုံးသွားခဲ့ပြီး ချန်ဖန်းကား ပြောင်းလဲသွားခဲ့လေပြီ။ ကျန်ရစ်ခဲ့သောအရာဟူ၍ မှီခိုရာဂိုဏ်းမှာတုန်းက သူတို့အကြား ခိုင်မြဲခဲ့သော ခံစားချက်များသာ ရှိသည်။

“မန်ဟို” ဆရာကျန့်က မျက်လုံးများ၌ မလိုတမာမှုအပြည့်ဖြင့် ပြောသည်။ “မင်းကတော့ အခု အင်အားကြီးပြီး အဆင့်မြင့်ကောင်းမြင့်မယ်။ ဒါပေမဲ့ မင်း အစ်ကိုကြီးရဲ့ ဘဝကတော့ ခါးသီးမှုတွေ အပြည့်ပဲ” သူသည် မန်ဟို၏တင်းမာနေသော မျက်နှာထားကို မြင်သော် အတန်ငယ် စိတ်သက်သာရာ ရသွား၏။ ပထမက မန်ဟို ချန်ဖန်း သေသေရှင်ရှင် ဂရုမစိုက်မှာ စိုးခဲ့ရလေသည်။ သူက မန်ဟို ပို၍ကရုဏာသက်သွားစေရန် မျှော်လင့်ရင်း အေးတိအေးစက် ဆက်ပြောသည်။

“ချန်ဖန်းက တစ်ခါတုန်းက ယီးကျန့်ဂိုဏ်းရဲ့ ရွေးချယ်ခံ ဖြစ်ခဲ့ပြီး ဓားသားတော်ခုနစ်ဖော်ထဲမှာတောင် ပါဝင်ခဲ့တယ်။ ကံဆိုးတာက .... သူ့အ‌နေနဲ့ ရှန်လင်းကို ဘယ်တော့မှ မချစ်မိခဲ့သင့်ဘူး

“ရှန်လင်းက ‌ကျောက်ဆောင်တစ်ခုရဲ့ လူရုပ်သွင်၊ အမွေအနှစ်အဖိုးထိုက်ရတနာဖြစ်တဲ့အပြင် ယီးကျန့်ဂိုဏ်းမှာ အရေးအပါဆုံး ရတနာပစ္စည်းပဲ

“သူ့အနေနဲ့ ခံစားချက်တွေ တည်ဆောက်ခွင့်မရှိသလို၊ လိုအင်ဆန္ဒတွေလည်း ထားရှိလို့မရဘူး။ အဲဒီလိုထားလိုက်ရင် သူဟာ စိတ်ဝိညာဉ်မဟုတ်တော့ဘဲ ကျောက်ဆောင်ကနေ ခွဲထွက်သွားရလိမ့်မယ်။ အဲဒါက ယီးကျန့်ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတယ် .... ဒဏ္ဍာရီတွေအရဆိုရင် အဲဒီကျောက်တုံးက နဝမတောင်ကနေ ဆင်းသက်လာတာ မဟုတ်လား”

ဆရာကျန်း ပြောနေစဉ် မန်ဟိုသည် ယီးကျန့်ဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်တုန်းက တောင်ပေါ်မှ ဆင်းသက်လာသော အမျိုးသမီးကို မြင်ခဲ့သည်ကို ပြန်မှတ်မိလိုက်၏ ။

“ချန်ဖန်းက စည်းဖောက်ခဲ့တယ်။ သူက ကျောက်ဆောင်နဲ့အတူ ထွက်ပြေးပြီး ရှန်လင်းကို ခိုးရင်း ကံကြမ္မာကို ပြောင်းလဲခဲ့တယ်။ အဆုံးသတ်မှာ ယီးကျန့်ဂိုဏ်းက သူတို့နှစ်ယောက်ကို ဖမ်းမိခဲ့တယ် .... အဲဒီနောက် ချန်ဖန်းအတွက်နဲ့ သူ့ဆရာက ....”

“တော်တော့” ချန်ဖန်းက အော်သည်။ သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး သွေးချင်းနီနေ၏။

မန်ဟို့နှလုံးသား တုန်ရီသွားသည်။ သူသည် ချန်ဖန်းကို နှစ်ပေါင်းများစွာ သိလာခဲ့၍ ဤသည်မှာ သူ ယခုလို ခံစားချက်များပြင်းထန်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ချန်ဖန်းမျက်လုံးများတွင် နာကျင်မှုအပြင် မိုက်ရူးရဲဆန်မှုပါ ရှိနေသည်။ ယင်းက မန်ဟို့အား ချင်းလော်ဂိုဏ်းတွင် ရှုချင်၏ ဝိညာဉ်ကို မြင်လိုက်ရတုန်းက သူ့အခြေအနေကို ပြန်တွေးမိလိုက်စေသည်။

“တော်တော့တဲ့လား” ဆရာကျန့်က ပြောသည်။ “ဘယ်လိုလုပ် တော်ရမှာလဲ။ ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ဒေါသ မင်းအပေါ် ပုံကျတော့မယ့် အချိန်ရောက်တော့ မင်းဆရာက မင်းကိုယ်စားခံခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားပြီး လူသားဖြစ်သွားရတယ်လေ။ အဲဒီလိုနဲ့ သေသွားခဲ့တာပဲ

“မင်းကတော့ ရှန်လင်း သူ့ကိုယ်သူ ဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် မဟုတ်ရင် ... ‌သူက မင်းရဲ့ တန်ဖိုးမရှိတဲ့ ဘဝကို ကယ်ဖို့ ကျောက်ဆောင်အဖြစ် ဘယ်တော့မှ နိုးထမလာဘဲ ဂိုဏ်းမှာ နေသွားပါမယ်လို့ သဘောတူပေးခဲ့ရတယ်လေ”

“တော်တော့ မပြောနဲ့တော့... “ ချန်ဖန်းမှာ တုန်ရီနေပြီး မျက်ရည်များစီးကျလာသည်။ သူ၏အမူအရာမှာ နာကျင်နေသောပုံစံရှိသော်လည်း သူကား ခါးသီးစွာ ပြုံးနေဆဲပင်။ သူ့မျက်လုံးများမှာ ပိုပို၍ အသက်မဲ့လာသည်။

သူ့မှာ သူ့ဆရာ သူ့အရှေ့တွင် ရပ်၍ ဂိုဏ်းကို ဦးညွှတ်ခဲ့ပုံကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူ့ဆရာက ဤအတိုင်းပြောခဲ့သည်။ “သူက ကျုပ်တပည့်ပါ။ သူ့အမှားအတွက် ကျုပ် တာဝန်ယူပါ့မယ်”

သူ့ဆရာ၏ကျင့်ကြံခြင်းအခြေခံ ဖျက်စီးခံခဲ့ရသည်ကို သူ့မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ကြည့်‌ခဲရသည်။  တစ်ချိန်က အစွမ်းထက်သော အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်ဖြစ်ခဲ့သော သူ့ဆရာမှာ သေမျိုးအဘိုးကြီးထက် မပိုတော့ပေ။ သို့သော် သူ့ဆရာက ကွယ်လွန်သွားသည့်အချိန်အထိ တစ်ကြိမ်လေးမှပင် မငြီးငြူဘဲ နွေးထွေးမြဲ နွေးထွေးဆဲ၊ ကြင်နာမြဲ ကြင်နာဆဲပင်။ ကံဆိုးစွာနှင့် ယင်းက ချန်ဖန်း၏ နာကျင်မှုကို ပို၍သာ ဆိုးသွားစေခဲ့သည်။

သူ့ဆရာ၏သားဖြစ်သူကလည်း ချန်ဖန်းကို သေလောက်အောင် မုန်းလေရာ ချန်ဖန်းမှာ သေချင်ခဲ့လေသည်။

ချန်ဖန်းရင်ထဲတွင် မုန်းတီးနာကြည်းမှုတို့ ပြည့်ကြပ်နေသည်။ မည်သည့်အရာကိုမှ မပြောင်းလဲနိုင်လောက်အောင် အစွမ်းအစမဲ့သော သူ့ကိုယ်သူ မုန်းသည်။ ယီးကျန့်ဂိုဏ်းကိုလည်း စာနာစိတ်မရှိတော့သည်အထိ မုန်းသည်။

သူ သေချင်သည်။

သို့သော် ... သူမအကြောင်း မတွေးဘဲ မနေနိုင်။

လုပ်စရာဆို၍ အရက်သောက်ဖို့သာ ကျန်သည်။ မူးယစ်နေသော အိပ်မက်များထဲတွင် ပျော်စရာကောင်းခဲ့သော အတိတ်ကို သူ ပြန်သွားနိုင်သည် မဟုတ်ပါလော။

သူ့ဆရာကို သူ စိတ်ပျက်စေခဲ့မိသည်။ ရှန်လင်းကို စိတ်ပျက်စေခဲ့မိသည်။ သူနှင့် ဘာမှမပတ်သက်သောသူများကိုလည်း စိတ်ပျက်စေခဲ့သည်။

မန်ဟိုက တည်ငြိမ်လေးနက်စွာ ရပ်နေသည်။ ယခုတွင် သူ ချန်ဖန်းကို နားလည်သွားလေပြီ။ တစ်ချိန်က  အလွန်တက်ကြွခဲ့ပြီး ဇွဲလုံ့လဝီရိယအပြည့်ရှိသော ချန်ဖန်း ဘာကြောင့် ယခုလို ချုံးချုံးကျနေသည်လဲ သူ နားလည်လိုက်ပြီ။

“တော်ပါတော့...” ချန်ဖန်းက ခေါင်းငိုက်စိုက်ကျနေရင်း ခါးသီးစွာ ပြောသည်။ “တောင်းပန်ပါတယ် ... ကျေးဇူးပြုပြီး ‌.... တော်ပါတော့ .... ကျေးဇူးပြုပြီး ...”

ဆရာကျန့်က အေးစက်စက် ပြောသည်။ “အဲဒီနေ့တုန်းက ရှန်လင်းရဲ့ အပြုအမူတွေကြောင့်သာ မဟုတ်ရင် မင်း ဒီလိုကြီးလေးတဲ့ပြစ်မှု ကျူးလွန်ခဲ့တာတောင် အနုသုခုမရုပ်ခန္ဓာလေး ကြေမွသွားရတာလောက်နဲ့ လွတ်သွားမယ်ထင်လား။ နောက်တစ်ဆင့် မတက်နိုင်တော့တာလောက်ပဲ ဖြစ်မယ်လို့ တကယ်ထင်လား ဟမ်

“မင်းရဲ့ တည်ရှိမှုက ရှန်လင်းကို ထိန်းချုပ်ဖို့ ပစ္စည်းသာသာပဲ။ ကံဆိုးစွာနဲ့ ... သွေးမိစ္ဆာဂိုဏ်းက မထင်မှတ်ထားအောင် ပြောင်းလဲလိုက်တယ်လေ” ဆရာကျန့်က မန်ဟို့ကို ကြည့်သည်။ “ဂိုဏ်းချုပ်ပဲ ကျောက်ဆောင်ကို ဘယ်လိုထိန်းချုပ်ရမလဲ သိတယ်။ မဟုတ်ရင် မင်း ငါတို့မန္တန်ဝင်္ကပါကို အလွယ်တကူ ချိုးဖျက်နိုင်မှာမဟုတ်ဘူး” မန်ဟို သူ၏စကားများအပေါ် အာရုံပိုစိုက်လာသည်ကို မြင်သောအခါ ဆရာကျန့်သည် အခြေအနေကို သူပိုင်နေပြီဟု ယုံကြည်လာ၏။ သူက ချန်ဖန်းကို ပြန်ကြည့်လိုက်သည်။

“မင်းက မင်းဆရာက သေအောင်လုပ်ခဲ့ပြီး မင်းချစ်သူကို ဖျက်စီးခဲ့တယ်။ ဒါတောင် ‘တော်တော့’ လို့ ပြောရဲသေးတယ်ပေါ့”

“သောက်ပါးစပ်ပေါက်ကို ပိတ်ထားစမ်း” မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ၏အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားပြီး သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်း တောက်နေ၏။ သူ့စကားလုံးများက ဆရာကျန့်၏သူငယ်အိမ်များကို ကျုံ့သွားစေပြီး ရင်လေးသွားစေသည်။ သူက ချက်ချင်း ညာလက်ကို ဖြစ်ချလိုက်၏

သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့လက်ထဲရှိ မိုးကြိုးဒယ်အိုးက လင်းခနဲ တောက်ပသွားလေသည်။

နေရာလဲသိုင်း

‌‌နေရာ လဲလိုက်သည်ကား ဆရာကျန့်မဟုတ်ကိုဘဲ ချန်ဖန်းကို ဖြစ်သည်။

***

All Chapters