ဒဏ္ဍာရီလာဆေးလုံးဖော်စပ်ခြင်း
Vol. 2 Ch. 27
သမားတော်မော့ အဝေးသို့ ရောက်နေစဥ် နတ်ဘုရားလက်တောင်ကြား၌ သူတစ်ယောက်တည်း ရှိသည့်အတွက်ကြောင့် ပုလင်းက ယာယီလုံခြုံလိမ့်မည်ဖြစ်ကြောင်း သိရှိပေသည်။ ပုံမှန်အားဖြင့် အပြင်လူများက တောင်ကြားသို့ တဇွတ်ထိုး ဝင်လာလိမ့်မည် မဟုတ်ပေ။ ထိုအာမခံချက်သည် မထင်မှတ်ထားသည့် အဖြစ်အပျက်များ ဖြစ်မလာသော အချိန်ကာလအတွင်း၌သာ ရှိပေသည်။
ဟန်လိက သမားတော်မော့ မည်သည့်အချိန်၌ ပြန်လာမည်ကို အကြမ်းဖျင်း တွက်ချက်ထားခဲ့သည်။ သမားတော်မော့က အနီးဝန်းကျင်ဒေသတွင် ကောင်းမွန်သည့် ဆေးဖက်ဝင်ပစ္စည်းများအား ရှာမတွေ့ခဲ့လျှင် သူက ပိုမိုဝေးကွာသည့် နေရာသို့ သွားရှာလိမ့်မည် ဖြစ်သည်။ သူက လူအများ သွားလာခဲသည့် တောင်တန်းများ အနက်ပိုင်းမှ ရှေးဟောင်းသစ်တောများထဲရှိ တစ်ခုသို့ သွားခြင်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော ဝေးကွာသည့် နေရာများ၌သာလျှင် ရှားပါးသော ဆေးဖက်ဝင်အပင်များကို ရရှိနိုင်ပေလိမ့်မည်။ သို့သော် သမားတော်မော့သည် တောင်များဆီသို့ ခရီးထွက်ကာ ဆေးဖက်ဝင်အပင်များအား စုဆောင်းပြီး တောင်ကြားသို့ပြန်လာရန် အနည်းဆုံး အချိန်တစ်နှစ်လိုအပ်ပေလိမ့်မည်။
သမားတော်မော့ ထွက်သွားခဲ့သည်မှာ နှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဟန်လိသည် သမားတော်မော့ ချီးရွှမ်ဂိုဏ်းသို့ ပြန်ရောက်မလာခင် အချိန်ခြောက်လ ခုနစ်လခန့် ရှိသေးသည်ဟု ခန့်မှန်းထားသည်။ သူ မရှိသည့်အချိန်အတွင်း ဟန်လိသည် အသုံးဝင်သည့် ဆေးပင်များစွာကို တတ်နိုင်သမျှ အလျင်အမြန် ကြီးထွားအောင် လုပ်ဆောင်ထားရပေလိမ့်မည်။ သူသည် အစိမ်းရောင်အရည်စက်ကို အရမ်းကာရော သုံး၍မရနိုင်သည်ကို သိရှိသည့်အတွက် သူက လိုအပ်သည့် အဖိုးတန်ဆေးပင်အနည်းငယ်ကိုသာလျှင် စိုက်ပျိုးရန် စီစဥ်ထားသည်။
ဟန်လိသည် သူ၏ ခွန်အားကို မြှင့်တင်ပေးပြီး အဆင့်ကျော်ဖြတ်တက်ရောက်နိုင်မည့် ဆေးဝါးကို အလျင်အမြန် စိစစ်လိုက်သည်။ ၎င်းတို့က သမားတော်မော့ ဖော်စပ်ရန် တောင်ကြား၌ ကျန်ခဲ့သော ဆေးအညွှန်းပင် ဖြစ်လေသည်။ သို့သော် သမားတော်မော့သည် လိုအပ်သည့် ဆေးဖက်ဝင်အပင်များ ပြတ်လပ်မှုကြောင့် တောင်ကြားအပြင်ဘက်သို့ ထွက်သွားခဲ့ရသည်။ ထိုဆေးဖက်ဝင်အပင်များထဲမှ တစ်ခုခုသည်ပင် အလွန်ရှားပါးကာ စျေးကြီးလှသဖြင့် စျေးထဲရှိ သာမန်ဆိုင်များ၌ ရရှိရန် ဖြစ်နိုင်ခြင်းရှိလိမ့်မည် မဟုတ်ပေ။ ကျန်းဟူမှ ကျင့်ကြံသူများသည် ထိုရှားပါးသည့်ရတနာများကြောင့် အစွမ်းရှိသမျှ အကုန်ထုတ်သုံးကာ တိုက်ခိုက်ကြပေလိမ့်မည်။
သမားတော်မော့၏ အလွန် ထူးချွန်သော ဆေးပညာစွမ်းရည်ကြောင့် မည်သည့်အခါမှ မြင်တွေ့ခဲ့ဖူးခြင်းမရှိသည့် ဆေးအညွှန်းများအပါအဝင် ဖော်စပ်နည်းလမ်းကို သူသာလျှင် သိရှိပေသည်။ သို့သော် သမားတော်မော့က ထိုဆေးဝါးများ ဖော်စပ်ခြင်းနည်းလမ်းကို သိရှိလျှင်ပင် ပါဝင်ပစ္စည်းများ လစ်လပ်နေပါက သူက မည်သို့မှမလုပ်နိုင်ဘဲ သက်ပြင်းချနေနိုင်ရုံသာ ရှိပေသည်။
ဟန်လိသည် သမားတော်မော့၏ လက်အောက်၌ ကုသခြင်းပညာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ထိုရှားပါးသည့် ဆေးအညွှန်းများကို အလွန် စိတ်ဝင်စားခဲ့သည်။ သူသည် ယခင်က ထိုအဖိုးတန်ဆေးများ ဖော်စပ်နိုင်စွမ်းရှိရန် မည်သည့်အခါမှ မျှော်လင့်ဖူးလိမ့်မည်မဟုတ်သော်လည်း ထိုဆေးအညွှန်းများစွာကို မှတ်မိပေသည်။ သမားတော်မော့သည် ထိုဆေးညွှန်းများကို သင်ယူရန် ဟန်လိ၏ စိတ်အားထက်သန်မှုကို အမြဲ လျစ်လျူရှုထားတတ်ပေသည်။ သို့သော် ဟန်လိမေးလိုက်သည့်အချိန်တိုင်း အသေးစိတ်ဖြေကြားပေးလိမ့်မည် ဖြစ်ပြီး ထိန်ချန်ထားခြင်းမရှိပေ။ သမားတော်မော့သည် သူ၏ ဆေးပညာရပ်များနှင့် ဗဟုသုတများကို လက်ဆင့်ကမ်းမပေးလျှင် ပျောက်ကွယ်သွားရလိမ့်မည်ဟု ယုံကြည်ထားခြင်း ဖြစ်နိုင်ပေသည်။
ထိုဆေးညွှန်းများကို ဖော်စပ်ခြင်းက ယခုတွင် ဟန်လိ၏ ဝါသနာတစ်ရပ် ဖြစ်လာတော့မည် ဖြစ်သည်။ သူသည် ဆေးညွှန်း၌ လိုအပ်သည့် ဆေးပင်များ၏ ကြီးထွားမှု အရှိန်မြင့်လာစေရန် နေ့တိုင်း စိုက်ခင်းသို့ စိတ်အားထက်သန်စွာ သွားရောက်ခဲ့သည်။ ထိုသို့ပြုလုပ်သည့်အခါ သူ၏ အချိန်က အကန့်အသတ်ရှိသည်ကို သိထားသောကြောင့် အနည်းငယ်မျှပင် စိတ်အေးလက်အေး မနေရဲခဲ့ပေ။ သူက သမားတော်မော့ပြန်မလာခင် ထိုဆေးပင်များအား ဖော်စပ်ခြင်းပြီးဆုံးရန် အလျင်လိုနေခဲ့သည်။ သမားတော်မော့ပြန်လာသည်နှင့် ဟန်လိက ပုလင်းကို သိမ်းထားလိုက်ရမည်ဖြစ်ပြီး ထပ်မံ၍ အလွယ်တကူ အသုံးပြုနိုင်စွမ်း ရှိလိမ့်တော့မည် မဟုတ်ပေ။
ဟန်လိသည် သမားတော်မော့၏ ရှေ့တွင် ထိုပုလင်းလေး၏ စွမ်းအားကို ထုတ်ဖော်ပြသမိခြင်းမရှိဘဲ အသုံးပြုနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိခဲ့ပေ။ သူသည် သမားတော်မော့က ပါးနပ်ကာ ဂရုတစိုက်ရှိသောသူဖြစ်ကြောင်း နှလုံးသားထဲမှ သိရှိပေသည်။ ထို့ကြောင့် ဟန်လိက ပုလင်း၏ လျှို့ဝှက်ချက်အကြောင်း သမားတော်မော့အား ပြောပြရန် ရည်ရွယ်ချက်မရှိပေ။
ဟန်လိသည် သူနှင့် သမားတော်မော့က အတော်လေး ထူးဆန်းသည့် ပတ်သတ်မှုမျိုးရှိသည်ဟု ခံစားမိပေသည်။ သူတို့က သာမန် ဆရာနှင့်တပည့်ကဲ့သို့ ရိုးရှင်းသည့် ဆက်ဆံရေးမျိုး သေချာပေါက်မဟုတ်ပေ။
သမားတော်မော့ သူ့ကို ကြည့်သည့် မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တို့ မကြာခဏ ရှိနေတတ်သည်။ ၎င်းသည် သမားတော်မော့က သူ့အား သေလောက်သည့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသလို ခံစားမိစေသည်။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်နှစ်တွင် ဟန်လိသည် ထိုခံစားချက်က ပို၍ပင် အားကောင်းလာကြောင်း ခံစားမိခဲ့ပေသည်။ ဤခံစားချက်သည် သမားတော်မော့နှင့် ဟန်လိတွင် သာမန်ဆရာနှင့် တပည့်ကြား ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိလာစေရန် လုပ်ဆောင်နေခဲ့သည်။ မည်သည့်ပြောစရာမှမရှိလျှင် တိတ်ဆိတ်နေလိမ့်မည် ဖြစ်သည်။
သမားတော်မော့သည် ဟန်လိကို နေ့စဥ် အထူးတလည် ဆက်ဆံတတ်ပြီး ကိုယ်ထိလက်ရောက်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ နှိပ်စက်ခြင်းမျိုး မည်သည့်အခါကမှ မရှိခဲ့ဖူးပေ။ သမားတော်မော့သည် သူ့ကို နာကျင်စေခြင်းမရှိသည့်အပြင် အမည်မဲ့ကျင့်စဥ်အား ဟန်လိကျင့်ကြံရန်အတွက် အကောင်းအခြေအနေဖန်တီးပေးရန် အားထုတ် ကူညီပေးနေသေးသည်။ သို့သော် ဆရာနှင့် တပည့်ကြားတွင် ခြားထားသော အလွှာပါးတစ်ခုရှိနေပုံရပြီး သူတို့ကို ကိုးရို့ကားယားနိုင်သည့် အခြေအနေသို့ တွန်းပို့နေခဲ့သည်။
သမားတော်မော့သည်လည်း ထိုကွာဟချက်တည်ရှိနေမှုကို ရှင်းလင်းစွာ သတိပြုမိပေသည်။ သို့သော် သူသည် ဆရာနှင့်တပည့်ကြားမှ ကွာဝေးနေသော ခံစားချက်ကို ဖြေဖျောက်ရန်လိုအပ်သည်ဟု အနည်းငယ်မျှပင် ခံစားခဲ့ရခြင်းမရှိဘဲ ထိုအခြေအနေအတိုင်းသာ ဆက်ထားခဲ့သည်။ သူ ပါဝင်ပတ်သတ်သည့် တစ်ခုတည်းသော အချိန်မှာ ဟန်လိက သူ၏ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ရန် တိုက်တွန်းချိန်၌သာ ဖြစ်လေသည်။ သမားတော်မော့ ဟန်လိထံ လာရောက်လည်ပတ်သည့်အခါတိုင်း သူ့အကြည့်များထဲမှ ထူးဆန်းသောလက္ခဏာများက တဖြေးဖြေး လျော့ပါးလာကာ အချိန်အတော်ကြာပြီးသည့်နောက် လုံးဝပျောက်ကွယ်သွားခဲ့ပေသည်။
သို့သော် ဟန်လိ၏ ဆဋ္ဌမအာရုံက သမားတော်မော့သည် သူ့အစီအစဥ်ကို စွန့်လွှတ်လိုက်ခြင်းမဟုတ်ဘဲ သူ၏ ရည်ရွယ်ချက်အား လျှို့ဝှက်သိမ်းဆည်းထားခြင်းသာ ဖြစ်ကြောင်း သတိပေးနေသည်။ ထို့ကြောင့် သမားတော်မော့အပေါ် ဟန်လိ၏ သတိထားနေမှုက ပိုမိုနက်ရှိုင်းလာသည်။ ဤအခြေအနေအောက်တွင် သူက မည်သို့ဖြစ်၍ သမားတော်မော့အား ပုလင်း၏ လျှို့ဝှက်ချက်ကို ပေးသိနိုင်ပါမည်နည်း။
ဟန်လိသည် မရေတွက်နိုင်သော သမိုင်းစာအုပ်များကို ဖတ်ရှုခြင်းမှ မယိမ်းယိုင်သည့် သင်ခန်းစာကို သင်ယူရရှိခဲ့သည်။ 'အခြားသူများကို ထိခိုက်စေခြင်းမှ ရှောင်ရှားပြီး သင့်ကို ထိခိုက်ရန်ကြိုးစားနေသူများကို သတိချပ်ပါ။' ဟု ဖြစ်လေသည်။
သမားတော်မော့က သူ့ကို အမှန်တကယ် ထိခိုက်စေခြင်းရှိသည်ဖြစိစေ မရှိသည်ဖြစ်စေ သူ၏ စိတ်ခံစားချက်က မှားယွင်းနေခဲ့လျှင်ပင် သတိကြီးကြီးထားခြင်းက ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်လိမ့်မည် မဟုတ်ပေ။ သမားတော်မော့က သူ့ကို ထိခိုက်စေရန် အမှန်တကယ် ရည်ရွယ်ခဲ့လျှင် ဟန်လိ၏ သတိကြီးကြီးထားမှုက သူ့ကို ပြင်းထန်စွာ ထိခိုက်စေခြင်းမှ ကယ်တင်နိုင်ပေလိမ့်မည်။ သူ၏ ဆဋ္ဌမအာရုံက မှားယွင်းခဲ့လျှင်ပင် သတိကြီးကြီးထားခြင်းက သူ့ကို ထိခိုက်စရာအကြောင်း မရှိပေ။ ထို့ပြင် ဟန်လိက သူ့ဆရာကို အစပြုကာ ထိခိုက်အောင်လုပ်လိမ့်မည် မဟုတ်ချေ။ ဟန်လိက သမားတော်မော့၏ အလုပ်သင်တပည့်ဖြစ်ပြီး သူက တပည့်ဝတ္တရားကို အတတ်နိုင်ဆုံး ကျေပွန်ရလိမ့်မည် ဖြစ်သည်။
ဟန်လိသည် သမားတော်မော့နှင့် ပတ်သတ်သည့် သူ၏ ခံစားချက်က အလွန် မသက်မသာဖြစ်နေကြောင်း သိရှိပေသည်။ ချီးရွှမ်ဂိုဏ်းအတွင်း ဤကဲ့သို့ ထူးဆန်းသည့် ဆရာတပည့် ဆက်ဆံရေးမျိုး မကြားဖူးခဲ့ပေ။ ထိုသို့တွေးမိလိုက်သည့်အခါ ဟန်လိက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပေသည်။
သမားတော်မော့ ပြန်ရောက်လာသည့်အခါ သူသည် လျှို့ဝှက်ဆန်းကြယ်သည့်ပုလင်းကို နောက်ထပ် အသုံးပြုနိုင်လိမ့်တော့မည် မဟုတ်ပေ။ သို့သော် ဟန်လိသည် ထိုလျှို့ဝှက်ချက်ကို သမားတော်မော့ထံမှ ဖုံးကွယ်ထားနိုင်လျှင်ပင် ချီးရွှမ်ဂိုဏ်းအတွင်းမှ အခြားတစ်ယောက်ယောက်က မတော်တဆ သိရှိသွားနိုင်ချေရှိကြောင်း သိပေသည်။ သူ၏ အကောင်းဆုံး ရွေးချယ်မှုမှာ ထိုဆန်းကြယ်သည့်ပုလင်းက မည်သည့်အခါကမှ မတည်ရှိခဲ့သလို ထာဝရဖုံးကွယ်ထားရန် ဖြစ်လေသည်။
ဟန်လိသည် ပုလင်းအား လုံးဝအသုံးမပြုတော့ရန်ကို ဆန္ဒမရှိသည့်အတွက် သမားတော်မော့ ပြန်လာပြီးသည့်အခါ ပုလင်းကို သတိထားကာ လျှို့လျှို့ဝှက်ဝှက် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် ဟန်လိက အေးချမ်းသွားသော စိတ်နှင့်အတူ အိပ်မောကျသွားခဲ့ပေသည်။
နောက်လများအတွင်း ဟန်လိသည် ပုလင်း၏ အစိမ်းရောင်အရည်ကို အသုံးပြုကာ အဖိုးတန်ဆေးပင်များကို အရေအတွက်အများအပြား ကြီးထွားမှုအရှိန် တိုးမြင့်လာစေခဲ့သည်။ ထို့နောက် သူက ဆေးညွှန်းအတွင်း ပါဝင်သည့် ဆေးအမည်များကို အသုံးပြုကာ ရှားပါးသည့်ဆေးဝါးများစွာ ဖော်စပ်ခဲ့သည်။ သို့သော် ဆေးလုံးဖော်စပ်ခြင်းဖြစ်စဥ်အတွင်း ကျရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့၏။ ဆေးဖော်စပ်ရန် အသုံးပြုရသည့် ပါဝင်ပစ္စည်းများက အလွန် တန်ဖိုးကြီးသောကြောင့် ကျရှုံးမှုတစ်ခုချင်းစီက ဟန်လိကို သောကရောက်စေခဲ့သည်။ ကျရှုံးမှုတစ်ခုချင်းစီက ငွေပမာဏပေါင်းများစွာကို ဖြုန်းတီးပစ်ခဲ့သည်ဟု အဓိပ္ပါယ်ရပေသည်။ သို့သော် သူက အပြစ်တင်၍မရနိုင်ပေ။ ဤသည်မှာ ထိုဆေးအညွှန်းများကို ဖော်စပ်ခြင်းက ပထမဆုံးအကြိမ် ဖြစ်သည့်အတွက်ကြောင့် အကြိမ်များစွာ ကျရှုံးလိမ့်မည်မှာ မလွဲမသွေသာဖြစ်သည်။ သမားတော်မော့က ထိုဆေးများကို ကိုယ်တိုင်ဖော်စပ်ခဲ့လျှင်ပင် သူက အမှားတစ်ခုနှစ်ခုခန့် လုပ်မိလိမ့်ဦးမည် ဖြစ်သည်။ ဤသို့တွေးခြင်းဖြင့်သာ ဟန်လိက သူ့ကိုယ်သူ နှစ်သိမ့်နိုင်ပေသည်။
'နဂါးဝါဆေးလုံး' 'ဝိညာဥ်သန့်စင်ဆေးမှုန့်' 'ရွှေအနှစ်သာရဆေး' နှင့် 'ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံး'။ စျေးကွက်ထဲ၌ပင် မြင်ရခဲသည့် ထိုရှားပါးဆေးဝါးများက ပုလင်းအသေး ဆယ်ပုလင်းထဲ၌ နေရာယူနေသည်။ တစ်ပုလင်းပြီး တစ်ပုလင်း ဟန်လိရှေ့တွင် အစီအရီရှိနေခဲ့သည်။ ဟန်လိက ထိုပုလင်းလေးများကို ကြည့်လိုက်ရင်း သူ့မျက်နှာက ပျော်ရွှင်မှုနှင့် တောက်ပနေသည်။ ထိုအံ့အားသင့်ဖွယ်ကောင်းသည့် ဆေးများနှင့်ဆိုလျှင် သူသည် စတုတ္ထအဆင့်ကို မပြောနှင့် ပဉ္စဆင့် ဆဋ္ဌမဆင့်ကိုပင် အခက်အခဲမရှိ ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုဆေးများကြားတွင် 'နဂါးဝါဆေးလုံး' နှင့် 'ရွှေအနှစ်သာရဆေးလုံး' မှာ သူ၏ ခံနိုင်ရည်အားကို တိုးတက်လာစေလိမ့်မည်ဖြစ်ပြီး အရိုးနှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည့် အံ့သြဖွယ် အာနိသင်ရှိပေသည်။ 'ဝိညာဥ်သန့်စင်ဆေးမှုန့်' က ကျော်ကြားလှသည့် အဆိပ်ဖြေဆေးတစ်ခုဖြစ်ပြီး သေစေနိုင်သည့် အဆိပ်ပေါင်းတစ်ထောင်ခန့် ဖြေရှင်းနိုင်စွမ်း ရှိပေသည်။ နောက်ဆုံး 'ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံး' က အတွင်းဒဏ်ရာများကို အံ့သြဖွယ်ကောင်းလောက်အောင် ကုသနိုင်စွမ်းရှိသည့် ဒဏ္ဍာရီလာဆေးလုံးတစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်က မည်မျှများပြားသည့် အတွင်းဒဏ်ရာ အပြင်ဒဏ်ရာများ ရရှိထားပါစေ အသက်ရှင်နေပြီး ထိုဆေးလုံးကို စားလိုက်သရွေ့ ဒဏ်ရာများကို တဖြေးဖြေး ကုသပေးလိမ့်မည်ဖြစ်ကာ တစ်စုံတစ်ယောက်၏ အသက်ကို ထိန်းသိမ်းပေးထားနိုင်စွမ်း ရှိပေသည်။