← Chapters

သမားတော်မော့ ပြန်ရောက်လာခြင်း 

Vol. 2 Ch. 28

သမားတော်မော့ ပြန်ရောက်လာခြင်း 

Vol. 2 Ch. 28

မူလက ဟန်လိသည် သူ၏ ကျင့်ကြံခြင်းထက် အခြားရည်ရွယ်ချက်များအတွက် ဆေးဝါးများ ဖော်စပ်ရန် စီစဥ်ထားခြင်းမရှိခဲ့ပေ။ သို့သော် တွေးတောကြည့်ပြီးနောက် မည်သို့ပင်ဖြစ်စေ သူက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေဆဲ ဖြစ်သောကြောင့် အခြားဆေးဝါးများလည်း ဖော်စပ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်နေ့နေ့တွင် သူက ကျန်းဟူအတွင်း သိုင်းပညာဂိုဏ်းများ၏ အရှုပ်အထွေးများအတွင်း ပါဝင်ပတ်သတ်မိကာ ပျက်စီးခြင်းဆိုက်ရောက်၍ အသတ်ခံရလိမ့်မည်လား မည်သူက သိပါမည်နည်း။ ဒဏ်ရာကုသခြင်းနှင့် အဆိပ်ဖြေဆေးတို့ကို ကြိုတင်ဆောင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက သူက ဒဏ်ရာရရှိခဲ့ခြင်း သို့မဟုတ် အဆိပ်မိခဲ့ခြင်းများ ဖြစ်ခဲ့သည့်အချိန် မည်သည့်ဆေးမှမရှိခဲ့လျှင် အလွန် ကံဆိုးမိုးမှောင်ကျရောက် သွားရပေလိမ့်မည်။

ဤစိတ်နှင့် ဟန်လိက သူ့ကိုယ်သူ မတော်တဆ တစ်ခုခုကြုံရမည့်အဖြစ်မှ ကာကွယ်ရန် ဝိညာဥ်သန့်စင်ဆေးမှုန့်နှင့် ခံနိုင်ရည်မြှင့်တင်ခြင်းဆေးလုံးဟူသည့် ဆေးနှစ်မျိုးကို ပိုမိုပြုလုပ်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယော​က် တစ်သက်တစ်ခါသာ ရှင်သန်နိုင်မည်ဖြစ်ပြီး ဟန်လိက အချိန်မတိုင်ခင်၌ မသေချင်ခဲ့ပေ။

သူက ဆေးများ ဖော်စပ်ရန် လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် သူက အမည်မဲ့ကျင့်စဥ်အား ကျင့်ကြံခြင်းက သိသိသာသာ နှေးကွေးသွားခဲ့သည်။ သို့သော် လောကအတွင်း ပြီးပြည့်စုံသည့် အရာအများအပြား မရှိနိုင်သောကြောင့် တစ်စုံတစ်ခုကို လိုချင်ပါက အခြားတစ်ခုကို လက်လွှတ်ရမည်မှာ ရှောင်လွှဲ၍ မရနိုင်သည့် ဓမ္မတာပင် ဖြစ်သည်။

နေ့တစ်ဝက်ခန့် ဆေးလုံးများကို သန့်စင်ပြီးနောက် သူက နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးတို့ကို စတင်သောက်သုံးလိုက်သည်။ ထိုဆေးနှစ်လုံးသည် အမှန်တကယ်ပင် ဒဏ္ဍာရီလာဆေးလုံးဟု သတ်မှတ်ထိုက်ပြီး ၎င်းတို့၏ စွမ်းအားက လူတိုင်းကို ထိတ်လန့်သွားစေနိုင်သည်။ ၎င်းတို့ကို စားသုံးပြီးနောက် သူသည် အတားအဆီးကို အားစိုက်စရာမလိုဘဲ ချိုးဖျက်နိုင်ခဲ့ပြီး အမည်မဲ့ကျင့်စဥ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပေသည်။

သူ စတုတ္ထအဆင့်သို့ရောက်ရှိသွားသည့်အခါ ဟန်လိသည် သူ၏ လက်ရှိနှင့် ယခင်က အခြေအနေကြားတွင် ကွာခြားချက်ရှိနေသည်ကို ချက်ချင်း ခံစားမိလိုက်သည်။ သူ၏ အာရုံခံစားမှုငါးပါးက ကမ္ဘာသစ်ဖွင့်လှစ်လိုက်သည့်အလား ရုတ်တရက် အရာအားလုံးက ထင်ရှားပြတ်သားကာ အများကြီး ကွဲပြားသွားခဲ့ပေသည်။ ယခင်က သူသည် အဝေးရှိ အရာများကို ကွဲပြားခြားနားစွာ မပြောနိုင်ခဲ့သော်လည်း ယခုတွင် သူက ကျယ်ပြောသည့် အကွာအဝေးအတွင်းရှိ အရာများကို ယခင်ကထက် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိလာပေသည်။ သူ မျက်လုံးများသည် အခန်းထောင့်၌ တွားသွားနေခဲ့သည့် ပိုးကောင်သေးသေးလေးများကို အလွယ်တကူ မြင်နိုင်စွမ်းရှိသည်။ သူ၏ အကြားအာရုံသည်လည်း အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ သူသည် ယခင်က မည်သည့်အခါမှ သတိမပြုမိခဲ့သော အသံများဖြစ်သည့် တီကောင်များ မြေကြီးကို ဖြတ်ကာ တွားသွားနေသံ၊ လေထဲ၌ ပိုးကောင်များ ပျံသန်းနေသည့်အသံများကဲ့သို့သော ဆူညံနေသံများကို ထိတ်လန့်တုန်လှုပ်ဖွယ် ကြားနေကြရပေသည်။ အသံများက အလွန် ကျယ်လောင်ပြီး သူ့နားနား၌ အော်မြည်နေသကဲ့သို့ပင် ဖြစ်လေသည်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည့်အပြင် ဟန်လိသည် သူ၏ အနံ့ခံအာရုံလည်း တိုးတက်လာကာ ရနံ့သစ်အချို့ကိုပင် ရလာကြောင်း သိရှိခဲ့ရသည်။

ဟန်လိသည် အမည်မဲ့ကျင့်စဥ်အား ကျင့်ကြံသည့် သူ့အားထုတ်မှုက အမှန်တကယ် အကျိုးရှိလာသည်ကို ပထမဆုံးအကြိမ် သိရှိလိုက်ရူည့်အတွက် ပျော်ရွှင်နေခဲ့သည်။ ဤသည်မှာ ထိုအမည်မဲ့ကျင့်စဥ်က ယခင်ကကဲ့သို့ လုံးဝအသုံးမဝင်ခြင်း မဟုတ်ကြောင်း သတိပြုမိစေခဲ့ပြီး ထိုဆန်းကြယ်ကာ ထူးခြားသည့် လက္ခဏာများကို ကျင့်ကြံခြင်းဖြင့်သာ ဖော်ထုတ်နိုင်ကြောင်း သိရှိစေခဲ့သည်။

ယခင်က သူသည် ကျင့်ကြံခြင်းတစ်ဆင့်တိုးလာတိုင်း သူ၏ အာရုံခံစားမှုက တိုးတက်လာကြောင်း ခံစားမိခဲ့သော်လည်း စတုတ္ထအဆင့်သို့ ရောက်သောအခါ ဖြစ်ပေါ်လာသည့် ကွာခြားချက်များကဲ့သို့ ခံစားမိခြင်းမရှိခဲ့ပေ။ ယခုတွင် သူက လုံးဝကွဲပြားခြားနားသည့် လူတစ်ယောက် ဖြစ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုက ယခင်ကထက် အများကြီး လျင်မြန်လာကြောင်း ခံစားခဲ့ရသည်။ သူ့စိတ်နှင့် ခန္ဓာကိုယ်က ပိုမိုသန်မာလာပေသည်။ ဟန်လိသည် သူ ရက်အတော်ကြာ မအိပ်ခဲ့လျှင်ပင် လန်းဆန်းနေလိမ့်မည်ဟု ခံစားမိခဲ့သည်။

အပြောင်းအလဲများစွာ ဖြစ်ပေါ်နေခဲ့သည့်အတွက် ဟန်လိက ထိုနေရာတွင်ထိုင်ကာ သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲ တစ်ခုချင်းစီတိုင်းကို လေ့လာနေခဲ့သည်။ ထိုအပြောင်းအလဲများက သူ့ကို လောကသစ်တစ်ခုဖွင့်ပေးလိုက်သလိုဖြစ်သည့်အတွက်ကြောင့် သူက ထိုခံစားချက်တွင် ပျော်မွေ့နေခြင်းမှလွဲ၍ အခြားတစ်ခုခု လုပ်ရန် တွန့်ဆုတ်နေခဲ့သည်။

အမည်မဲ့ကျင့်စဥ် စတုတ္ထအဆင့်သို့ ရောက်သည့်အခါမှသာလျှင် ထိုအပြောင်းအလဲများ ပေါ်ပေါက်လာနိုင်ကြောင်းကို သူက ယခုလေးတင်မှ သတိပြုမိခဲ့ပေသည်။ စတုတ္ထအဆင့်သို့ ရောက်ပြီးနောက်မှ အမည်မဲ့ကျင့်စဥ်၏ သေးငယ်သော အောင်မြင်မှုကို ရရှိသည်ဟု သတ်မှတ်နိုင်သည်။

သူသည် ထိုစတုတ္ထအဆင့်က ထိုမျှ အံ့သြဖွယ်ကောင်းသည့် ခံစားချက်ကို ယူဆောင်လာပေးနိုင်ကြောင်းကို တွေးတောနေခဲ့သည်။ စတုတ္ထအဆင့်၌ ထိုသို့ဖြစ်လျှင် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သို့ ဖြတ်ကျော်ပြီးသွားသည့်အခါ ပို၍ပင်

ထူးခြားလိမ့်မည် ဖြစ်သည်။

ဟန်လိက အဆင့်တက်ပြီးနောက် မကြာခင်တွင် ဤကျင့်စဥ်၏ အနှစ်သာရကို နားလည်ပေါက်အောင် လုပ်ဆောင်နေသည့်အချိန်၌ သူ့ဆရာ သမားတော်မော့ တောင်ကြားသို့ ပြန်လည်ရောက်ရှိလာပေသည်။ သို့သော် သူတစ်ယောက်တည်းမဟုတ်ဘဲ ထူးခြားဆန်းကြယ်သည့် လူတစ်ယောက်ကိုပါ သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

သမားတော်မော့ တောင်ကြားသို့ ပြန်ရောက်ရှိလာသည့်အချိန်တွင် ဟန်လိက ရင်းနှီးနေသည့် ချောင်းသံကို ကြားလိုက်ရသည်။ သူက သူ၏ ကျင့်ကြံခြင်းအခန်းအတွင်း နောက်တစ်ဆင့်တက်နိုင်ရန် အသည်းအသန် ကြိုးစားနေသော်လည်း သမားတော်မော့၏ အသံကို ကြားသောအခါ သူ့ကို နှုတ်ဆက်ရန် အခန်းထဲမှထွက်ကာ တောင်ကြားသို့ ဦးတည်လိုက်သည်။ သူ့ဆရာကို နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက်ကြောင့် သမားတော်မော့နှင့် တစ်ဖန် တွေ့ဆုံရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

ဟန်လိက သမားတော်မော့ကို မြင်သည့်အခိုက်အတန့်တွင် အလွန် ထိတ်လန့်သွားခဲ့သည်။ သမားတော်မော့က တူညီသော ပုဂ္ဂိုလ်ဖြစ်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ဒေါသအရိပ်အမြွက်တို့ ရှိနေခဲ့၏။ သူသည် မူလ​က နေမကောင်းမှုကြောင့် ဝါကျင့်ကျင့်အသားရောင်ရှိသော်လည်း ယခုကဲ့သို့ အလွန်အကျွံ မျက်တွင်းများချောင်ကျနေသည့် ပုံစံမျိုး မရှိခဲ့ဖူးပေ။

သို့သော် ဟန်လိကို အံ့အားအသင့်စေဆုံးမှာ သမားတော်မော့၏ နောက်မှ လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ပင် ​ဖြစ်သည်။ ထိုလူသည် ခန္ဓာကိုယ်အစိတ်အပိုင်းမှ အသားတစ်လက်မကိုပင် မမြင်နိုင်အောင် အဝတ်ဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ ထိုပုဂ္ဂိုလ်က ကြီးမားသော ခန္ဓာကိုယ်ရှိပြီး အရပ်မှာ ဟန်လိထက် အနည်းဆုံး ခေါင်းနှစ်လုံးစာခန့် ပို၍ ရှည်လျားပေသည်။ ပိတ်များနှင့် တစ်ကိုယ်လုံး ပတ်ထားခဲ့သည့်အတွက်ကြောင့် ထိုလူ၏ မျက်နှာအသွင်အပြင်ကို ဆုံးဖြတ်နိုင်ခြင်းမရှိပေ။ အနည်းဆုံး သူသည် ထိုပုဂ္ဂိုလ်၏ အမူအရာက အလွန်ကြောက်မက်ဖွယ် ကောင်းပြီး အရုပ်ဆိုးမည်ဆိုခြင်းကိုဖြင့် ပြောနိုင်ပေသည်။

ဟန်လိက သူ့စိတ်ထဲမှ မေးခွန်းများကို ဖိနှိပ်လိုက်ပြီး သမားတော်မော့အား လေးစားမှုအပြည့်ရှိသည့် လေသံနှင့် အလျင်အမြန် နှုတ်ဆက်လိုက်ကာ သမားတော်မော့က တစ်ခုခုပြန်​ပြောလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

သူသည် သမားတော်မော့က ထိုသို့သော ထုံးထမ်းများကို ဂရုမစိုက်ကြောင်း သိထားသော်လည်း တပည့်တစ်ယောက်အနေနှင့် သူတို့၏ ဆရာကို လေးလေးစားစား နှုတ်ဆက်သင့်ကြောင်း သိရှိပေသည်။ ဆရာအား လေးစားခယခြင်းက ဆရာမှ တပည့်ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံရန် လမ်းကြောင်းပေးနိုင်သည့်အတွက် အသုံးမဝင်သည့် ထုံးထမ်းတစ်ခုအနေနှင့် လျစ်လျူရှု၍ မရနိုင်ပေ။

ဟန်လိသည်လည်း သမားတော်မော့၏ အတွေးတို့ကို နားလည်ပေသည်။ သမားတော်မော့က အမြဲတမ်း ဟန်လိကို ကျင့်ကြံရန် တွန်းအားပေးတတ်ပြီး ယခု ဟန်လိကို မမြင်ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် သူက အမည်မဲ့ကျင့်စဥ်၌ မည်မျှ တိုးတက်လာသည်ကို သေချာပေါက် မေးမြန်းလိမ့်မည် ဖြစ်သည်။

ထင်ထားသလိုပင် သမားတော်မော့က ဟန်လိ သူ့ထံ ချဥ်းကပ်လာသည်ကို မြင်သောအခါ သူက တခဏမျှ စိုက်ကြည့်နေခဲ့ပြီး ချောင်းနှစ်ခါဆိုး၍ စကား​ပြောလိုက်သည်။

"ကျင့်စဥ်ကို ဘယ်လောက်တိုးတက်လာလဲ။ အဆင့်ရောတက်သွားပြီလား။" သူ၏ မျက်နှာထက်တွင် မျှော်လင့်နေသည့် စိုးရိမ်ပူပန်မှုတို့ ရှိနေခဲ့သည်။

ဟန်လိက ထိုမေးခွန်း၏ အဖြေကို အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

"အခုထိ အတူတူပဲ ရှိနေပါသေးတယ်။ ပြောင်းလဲတာ တစ်ခုမှ မခံစားမိဘူး။" ဟန်လိသည် သူ၏ ကျင့်ကြံခြင်းအရှိန်က ရုတ်တရက် ကြီးကြီးမားမား တိုးတက်လာခြင်းကို ရှင်းပြရန် နည်းလမ်းမရှိသောကြောင့် အမှန်အတိုင်း မပြောပြချင်ခဲ့ပေ။ ဟန်လိသည် သူ၏ ပင်ကိုအရည်အချင်းနှင့် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ အချိန်တိုအတွင်း ချိုးဖျက်တက်ရောက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

"လက်ဆန့်လိုက်။" သမားတော်မော့၏ အမူအရာက မည်းမှောင်သွားပြီး ခပ်ဆတ်ဆတ် အသံထွက်ပေါ်လာသည်။

ဟန်လိက သမားတော်မော့၏ အမူအရာကို သေချာအာရုံစိုက်လိုက်သည်။ သူ့နှလုံးသားက တုန်လှုပ်သွားခဲ့ပြီးမှ ပြန်၍ တည်ငြိမ်သွားခဲ့သည်။

သူသည် သွေးခုန်နှုန်းအား စမ်းသပ်ခြင်းဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သောချီကို တိုင်းတာခံရမည်အား ကြောက်ရွံ့ခြင်းမရှိပေ။ ထိုသည်မှာ သူ စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက် ဟန်လိသည် စစ်မှန်သောချီ၏ အင်အားကဲ့သို့သော သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှ လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်စွမ်း ရှိလာသည်အား ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် သူ၏ စစ်မှန်သောချီကို အလွယ်တကူ ထိန်းချုပ်နိုင်သည့်အတွက်ကြောင့် ၎င်းက တတိယအဆင့်၌သာ ရှိသည်ဟု ဖော်ပြထားနိုင်သည်။ ဤသို့ လှည့်စားနိုင်သော နည်းလမ်းနှင့် သူက သမားတော်မော့၏ စမ်းသပ်စစ်ဆေးမှုကို ကြောက်ရွံ့မှုမရှိခဲ့ခြင်း ဖြစ်သည်။

All Chapters