← Chapters

ပဋိပက္ခဖြစ်ပွားခြင်း 

Vol. 3 Ch. 29

ပဋိပက္ခဖြစ်ပွားခြင်း 

Vol. 3 Ch. 29

သမားတော်မော့၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ ပြသခြင်းမရှိခဲ့ပေ။ သူ၏ မျက်လုံးများက တစ်ဝက်မှိတ်ကာ တစ်ဝက်ဖွင့်ထားသည့် အနေအထားနှင့် ရှိနေခဲ့ပြီး ဟန်လိလက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

သူက ဟန်လိ ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သောချီပေါ်တွင် အပြည့်အဝအာရုံစိုက်ထားခဲ့သည်။ သူက အချိန်တချို့ ကြာသည်အထိ တိတ်ဆိတ်နေခဲ့၏။

လက်ဖက်ရည်တစ်ခွက် ပြုလုပ်ရန် အချိန်ခန့်ကြာပြီးနောက် သမားတော်မော့က သူ့စိတ်ထဲမှ ဒေါသထွက်စေသော အကြောင်းအရာ အားလုံးကို လွှတ်ချလိုက်သလို သက်ပြင်းမှုတ်ထုတ်လိုက်ပြီး မျက်လုံးများအား ဖွင့်လိုက်သည်။ သူ၏ မှိုင်းညို့နေသည့် မျက်လုံးများမှ စူးရှသည့် အလင်းတို့ ထုတ်လွှတ်နေပြီး မည်သူမှ သူ့ကို ရင်မဆိုင်နိုင်စေရန် ပြုလုပ်နေခဲ့သည်။

သူ့အမူအရာက သုန်မှုန်နေခဲ့သည်။ သူက ဟန်လိကို စိတ်တိုင်းကျခြင်းမရှိသည်မှာ အလွန် သိသာသော်လည်း သမားတော်မော့က ကြမ်းတမ်းသည့် စကားများကို ပြောဆိုခဲ့ခြင်းမရှိပေ။

သူက လျစ်လျူရှုကာ လက်များကို ခါလိုက်ပြီး သူ ထွက်သွားတော့မည့်အကြောင်း ဟန်လိအား ပြသခဲ့သည်။

ဟန်လိက သူ့နောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။ သူက ဘေးရှိ လျှို့ဝှက်ဆန်းကြယ်သည့် လူအကြောင်း အလွန်သိချင်နေခဲ့သော်လည်း ဟန်လိသည် သူဆန္ဒရှိသလို စူးစမ်းရမည့်အချိန်မဟုတ်ကြောင်း သိရှိပေသည်။

သူ အခန်းထဲ ဝင်ရောက်ပြီးနောက် သမားတော်မော့သည် ကုလားထိုင်ပေါ်တွင် နွမ်းလျစွာဖြင့် ထိုင်ချလိုက်ပြီး နောက်သို့ ခပ်လျော့လျော့ မှီချလိုက်သည်။ သူ့မျက်လုံးများထဲမှ တောက်ပမှုတို့က ပျောက်ကွယ်သွားပြီဖြစ်ကာ သူ၏ ကာလရှည်ကြာ ကျန်းမာရေးမကောင်းသည့် ပုံစံကို ဖော်ပြလာသည်။

လျှို့ဝှက်ဆန်းကြယ်သည့် လူက အစကအတိုင်း နီးကပ်စွာ လိုက်ပါလာသည်။ သမားတော်မော့က ထိုင်ချလိုက်သည့်အခါ သူက သမားတော်မော့ ထိုင်ခုံနော​က်တွင် လှုပ်ရှားမှုကင်းမဲ့စွာနှင့် တောင့်တင်းစွာ ရပ်နေခဲ့သည်။

ဟန်လိသည် လက်ရှိ၌ သမားတော်မော့က စိတ်တိုင်းမကျဖြစ်နေသည်ကို သိရှိခဲ့သည့်အတွက် သမားတော်မော့၏ ဒေါသကိုဆွမိမည်စိုးသောကြောင့် သူ့ပါးစပ်ကို ဖွင့်ရန် ဆန္ဒမရှိခဲ့ပေ။ လျှို့ဝှက်ဆန်းကြယ်သည့် လူကဲ့သို့ အခန်းအလယ်သို့ လျှောက်သွားပြီး လိမ္မာပါးနပ်စွာဖြင့် သမားတော်မော့ရှေ့တွင် ခေါင်းငုံ့ကာ ငြိမ်ငြိမ်လေးရပ်နေခဲ့သည်။ သူက သမားတော်မော့ သူ့အား မေးခွန်းစမေးမည်ကို စောင့်ဆိုင်းနေခဲ့၏။

အချိန်အတော်ကြာသည်အထိ မည်သူမှ စ​ကားမပြောခဲ့ကြပေ။ ဟန်လိက ဝေခွဲမရဖြစ်နေခဲ့ပြီး သူ၏ စိတ်ရှည်မှုပျောက်ဆုံးလုနီးပါး ဖြစ်လာခဲ့သည်။ သူက မသိမသာလေး ခေါင်းမော့ကာ သမားတော်မော့အား ခိုးကြည့်လိုက်သည်။

"မင်း ကြည့်ချင်ရင် ကြည့်လိုက်။ ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ။" သူ ခေါင်းမော့နေသည့် လမ်းတစ်ဝက်တွင် သမားတော်မော့၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

ဟန်လိက ရုတ်တရက် လန့်သွားခဲ့ပြီး ခေတ္တကြာမှ သူက နာနာခံခံနှင့် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က သမားတော်မော့ မျက်နှာကို ဝေ့ဝိုက်သွားပြီးနောက် ချက်ချင်း ပြန်ရုတ်လိုက်၏။

ဟန်လိ၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အမူအရာတို့ရှိနေခဲ့သည်။ သူသည် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်နေသလို တုန်လှုပ်နေခဲ့ပြီး သူ့နှလုံးသားက အဆက်မပြတ် ခုန်ပေါက်နေခဲ့သည်။

သမားတော်မော့၏ မျက်နှာက မည်သို့ဖြစ်၍ ရုတ်တရက် ထိုမျှ ထူးဆန်းသွားရသနည်း။ သူ၏ မီးခိုးရောင်သန်းကာ ခြောက်သွေ့နေသည့် မျက်နှာထက်တွင် အနက်ရောင်ချီတစ်လွှာ ရှိနေခဲ့သည်။ ထိုအနက်ရောင်ချီက မရေတွက်နိုင်သော ရေဘဝဲလက်တံများကဲ့သို့ အသက်ရှိနေသလို ထင်မှတ်ရပြီး ကြောက်မက်ဖွယ်ကောင်းစွာဖြင့် သူ့မျက်နှာနေရာအနှံ့ လျှောက်ပြေးနေခဲ့သည်။ ဤသည်မှာ ဟန်လိကို ပို၍ပင် ကြောက်ရွံ့လာစေခဲ့သည်။ သမားတော်မော့၏ ယခင် အပြောင်းအလဲမရှိသည့် အမူအရာနေရာတွင် ရက်စက်ကြမ်းကြုတ်သည့် အမူအရာတို့ ရှိနေခဲ့၏။ သူက အမှန်တကယ် ရက်စက်ဆိုးယုတ်သည့် အကြည့်တို့နှင့် ဟန်လိကို ကြည့်နေခဲ့ပေသည်။ သူ့နှုတ်ခမ်းထောင့်က လှောင်ပြောင်သရော်ဟန်ဖြင့် အထက်သို့ ကွေးတက်နေခဲ့သည်။

ဟန်လိသည် အခြေအနေက သူ့အတွက် ကောင်းမွန်ခြင်းမရှိကြောင်း ခံစားမိခဲ့သည်။ စိုးရိမ်ပူပန်မှုတစ်ခုက သူ့စိတ်ကို မငြိမ်မသက်ဖြစ်စေခဲ့ပြီး အခန်းအတွင်း၌ အန္တရာယ်ရှိသည့် လေထုအခြေအနေမျိုး စတင်ဖြစ်ပေါ်လာသည်။

သူက သတိအနေအထားနှင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်ခွာလိုက်သည်။ သူက အင်္ကျီလက်အတွင်းမှ ထုလုံးရှည်သဏ္ဌာန် ပစ္စည်းအား ဆုပ်ကိုင်လိုက်မိပြီး ၎င်းက သူ၏ စိတ်အခြေအနေကို အနည်းငယ် သက်သာရာရစေခဲ့သည်။ ထိုအချိန်တွင် သူက ရုတ်တရက် သမားတော်မော့၏ လှောင်ပြောင်သရော်သံကို ကြားလိုက်ရသည်။

"လှည့်ကွက်​လေးတစ်ခုလား။ အဲဒါကို ထုတ်ပြဖို့တောင် မင်း လုပ်ရဲလို့လား။"

သမားတော်မော့၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့သည်။ သူက လျော့ရဲရဲထိုင်နေသည့် အနေအထားမှ ဆတ်ခနဲ ထလိုက်သည်။

"ဟီး..ဟီး" သူက အေးစက်သောရယ်သံနှင့် ရယ်မောလိုက်ပြီး ဟန်လိဘေးသို့ ချက်ချင်း ရောက်ရှိလာသည်။

ဟန်လိ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် ဤအခြေအနေအလှည့်အပြောင်းက ကောင်းမွန်ခြင်းမရှိသည်ကို သိရှိကာ လက်ကို အလျင်စလို မြှောက်လိုက်သည်။ သို့သော် သူ့တစ်ကိုယ်လုံးက အကြောသေသွားသကဲ့သို့ ခြေတစ်လှမ်းပင် လှမ်းနိုင်ခြင်းမရှိခဲ့ပေ။

ထို့နောက်မှသာ သူသည် သမားတော်မော့၏ လက်က သူ့ရင်ဘတ်ရှိ အပ်စိုက်မှတ်မှ ဖယ်ခွာသွားကြောင်း မြင်လိုက်ရသည်။

သမားတော်မော့က အလွန် လျင်မြန်လှပေသည်။ ဟန်လိသည် သမားတော်မော့ လှုပ်ရှားလိုက်သည်ကို အနည်းငယ်မျှပင် မရိပ်မိနိုင်ခဲ့သဖြင့် အံ့အားသင့်သွားခဲ့သည်။

"လေးစားရတဲ့ စီနီယာမော့ ခင်ဗျား ဘာလုပ်တာလဲ။ ကျွန်တော် တစ်ခုခုအမှားလုပ်ခဲ့တာများ ရှိလို့လား။ ရှိခဲ့ရင် တွေဝေမနေဘဲ ပြောလို့ရပါတယ်။ ကျွန်တော့်ကို အကြောပိတ်ဖို့အထိတော့ မလိုဘူးမလား။" ထိုအချိန်တွင် ဟန်လိက တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ပေ။ သူက ထိုစကားများကို အတင်းအကျပ် ဖိအားပေးကာ ပြုံးရင်း သမားတော်မော့အား ပြောလိုက်သည်။

သမားတော်မော့က မည်သည့်စကားမှ မပြောခဲ့ပေ။ သူက အနောက်ကို အနည်းငယ်ဆုတ်ကာ ချောင်းဆိုးလိုက်သည်။ သူ၏ အသွင်အပြင်က လေတိုက်သည်ကိုပင် မခံနိုင်လောက်အောင် အားနည်းနေသည့် အသက်အရွယ်ကြီးရင့်သော စီနီယာတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

ဟန်လိသည် ယခုလေးတင်မှ သမားတော်မော့၏ တိကျပြတ်သား၍ ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ကို မြင်ဖူးခဲ့ပေသည်။ ဟန်လိက မည်သို့ဖြစ်၍ သူ့ကို နေမကောင်းသည့် သာမန်လူအိုကြီးအဖြစ် မှတ်ယူနိုင်ပါမည်နည်း။ ထို့အစား ဟန်လိက သမားတော်မော့၏ ပုံမှန်မဟုတ်သော အားနည်းသည့် အသွင်သဏ္ဌာန်ကို ပို၍ပင် သတိထားမိလာပေသည်။

"သမားတော်မော့ ခင်ဗျားက ဘယ်လိုအဆင့်အတန်းမျိုးလဲ။ ဒီတပည့်ရဲ့ အဆင့်ထိ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချဖို့ မလိုအပ်ပါဘူး။ ဒီတပည့်ကို အကြောမပိတ်လို့ရော ခင်ဗျားအတွက် ဘာဆိုးကျိုးရှိမှာမို့လို့လဲ။ ဒီတပည့်မှာ အပြစ်ရှိရင် တာဝန်အပြည့်ယူပြီး ဒီကိစ္စကို မေ့ပစ်ပေးပါ့မယ်။"

……

ဟန်လိက စိတ်ကျေနပ်ဖွယ် မြှောက်ပင့်စကားများကို ဆက်လက်၍ ပြောဆိုနေခဲ့သည်။

သို့သော် သမားတော်မော့က သူ့ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ဟန်လိ၏ အင်္ကျီလက်ကို လက်လှမ်းကာ ဖွက်ထားသည့် ထုလုံးရှည်သဏ္ဌာန်ပစ္စည်းအား ဖယ်လိုက်သည်။ ထို့နောက် သူက ဟန်လိကို အထင်အမြင်သေးကာ လှောင်ပြောင်သည့် အကြည့်နှင့် ကြည့်လိုက်သည်။

ဤအခြေအနေကို မြင်သောအခါ ဟန်လိ၏ နှလုံးသားက ရုတ်တရက် အကြီးအကျယ် တုန်လှုပ်သွားခဲ့ပေသည်။ သူသည် အစက သမားတော်မော့ထံမှ သနားစိတ်ထွက်ပေါ်လာစေဖို့ရာ စကားလုံးများ အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ အကြံအစည်က ကျရှုံးသွားခဲ့ပေသည်။

ကြည့်ရသည်မှာ သမားတော်မော့က ဟန်လိကို အရေးသာသွားစေမည့် အခွင့်အရေးအနည်းငယ်မျှပင် မပေးချင်ပုံရသည်။

ဟန်လိက တဖြေးဖြေး တိတ်ဆိတ်သွားသည်။ သူ၏ မျက်နှာက တည်ငြိမ်လာပြီး စိတ်ခံစားချက် ကင်းမဲ့သွားသော အကြည့်တို့နှင့် သမားတော်အား ကြည့်လိုက်သည်။

ရုတ်တရက် အခန်းထဲမှ အရာအားလုံးက ငြိမ်သက်သွားပုံရသည်။ ထိုသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်နေသကဲ့သို့ အကြွင်းမဲ့တိတ်ဆိတ်နေခဲ့သည်။

"ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။" သမားတော်မော့က ရုတ်တရက် 'ကောင်းတယ်' ဟူသော စကားကို သုံးခါဆင့်ကာပြောလိုက်သည်။

"မင်းက ကျုပ် မော့ကျွင်းရန်ရဲ့ သတိပြုခံရတဲ့လူတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ မင်းက အန္တရာယ်ကျရောက်နေတဲ့ အချိန်မျိုးမှာတောင် တည်ကြည်တဲ့ မျက်နှာထားကို ထိန်းသိမ်းထားနိုင်တယ်။ ကြည့်ရတာ လက်ဦးမှုယူပြီး မင်းကို အကြောပိတ်ထားလိုက်တာက အချည်းနှီးတော့ ဖြစ်တဲ့ပုံမပေါ်ဘူး။" သမားတော်မော့က ဟန်လိကို ချီးကျူးလိုက်သည်။

"အခု ကျုပ်ကို ဘာလုပ်ဖို့စီစဥ်နေတာလဲ။" ဟန်လိက သမားတော်မော့၏ စကားကို အဖက်လုပ်ခြင်းမရှိဘဲ မေးခွန်းသာ မေးလိုက်သည်။

"ဟီးဟီး.. မင်းကို ဘာလုပ်မှာလဲတဲ့လား။" သမားတော်မော့က ဟန်လိ၏ မေးခွန်းကို ပြန်ထပ်ရွတ်ကာ ဖြေရန် ငြင်းဆန်လိုက်သည်။

"မင်းကို ဘာလုပ်မှာလဲဆိုတော့ မင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်တာပေါ့။"

"ဘာကိုဆိုလိုတာလဲ။" ဟန်လိက မျက်ခုံးတို့ကို စုကျုံ့လိုက်ပြီး သမားတော်မော့၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေခဲ့သည်။

"ကျုပ် မပြောဘူး။ မင်းရဲ့ ဉာဏ်ကို လွှာပြီးသုံးကြည့်လေ။ တစ်ခုခုတော့ နားလည်နိုင်စွမ်းရှိမှာပါ။ ဟုတ်တယ်မလား။"

"ကျုပ် နည်းနည်းတော့ ခန့်မှန်းနိုင်ပေမယ့် ခင်ဗျားရဲ့ အစီအစဥ် အသေးစိတ်ကိုတော့ နားမလည်ဘူး။" ဟန်လိက ၎င်းကို မငြင်းပယ်ခဲ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အရမ်းကောင်းတယ်။ အဲဒါက မှန်ကန်တဲ့ နည်းလမ်းပဲ။ မင်းဘာသာသိမ်းမထားဘဲ ဘယ်မေးခွန်းမဆို ကျုပ်ကိုမေးနိုင်တယ်။" သမားတော်မော့၏ မျက်နှာတွင် ကောက်ကျစ်သည့်အပြုံးတစ်ခုရှိနေခဲ့သည်။ သူ့မျက်နှာထက်မှ အနက်ရောင်ချီတို့က အလွှာများစွာ ထူထဲလာပြီး သူ့အသွင်အပြင်ကို ပို၍ မကောင်းဆိုးရွားဆန်လာစေသည်။

"မင်းက အမြဲတမ်း ကျုပ်ကို သတိထားဆက်ဆံနေပြီး တကယ့် ဆရာတစ်ယောက်လို မမြင်တာကို သိတယ်။ ဒါပေမယ့် အဲဒါကိစ္စမရှိဘူး။ ကျုပ်ကလည်း မင်းကို တကယ့် တပည့်တစ်ယောက်အနေနဲ့ မမြင်ခဲ့ဘူးလေ။" သမားတော်မော့က သရော်ကာ နှာမှုတ်လိုက်ရင်း ပြောခဲ့ပေသည်။

All Chapters