သူရဲကောင်းတစ်ယောက်၏ ကံကြမ္မာ
Vol. 3 Ch. 30
"ကျုပ် အသက် ဘယ်လောက်ရှိပြီလို့ ထင်လဲ။" သူက ရုတ်တရက် ထူးဆန်းသည့် မေးခွန်းကို တောင့်တင်းစွာ မေးလိုက်ပြီး သိသိသာသာ တွန့်ရှုံ့နေသည့် သူ့ပါးမှ ကြွက်သားများကို ထိတွေ့လိုက်သည်။
"ခင်ဗျားရဲ့ အသွင်အပြင်ကို အခြေခံရမယ်ဆိုရင်တော့ အသက်ခြောက်ဆယ်ထက် ပိုကြီးမယ့်ပုံပေါ်တယ်။ ဒါပေမယ့် ခင်ဗျားက ဒီမေးခွန်းကို မေးလာတယ်ဆိုကတည်းက ခင်ဗျားရဲ့ အသက်က အသွင်အပြင်က ခင်ဗျား အသက်နဲ့ ကိုက်ညီမယ့်ပုံမပေါ်ဘူး။ ခင်ဗျား အသွင်အပြင်ထက် အသက်ကပိုကြီးနေတာ ဒါမှမဟုတ် ပိုငယ်နေတာမျိုး ဖြစ်နိုင်တယ်။" ဟန်လိက ထိတ်လန့်အံ့သြသွားသော်လည်း တည်ငြိမ်သောအသံနှင့် ပြောလိုက်သည်။
"ဟဟ... ကျေးလက်ကနေ လာတဲ့ လူတစ်ယောက်အနေနဲ့ အတော်လေး ထက်မြက်ပြီး ဉဏ်ကောင်းတာပဲ။ မင်းက 'ထာဝရနွေဦးကျင့်စဥ်' ကို ကျင့်ကြံနေတဲ့ ကျင့်ကြံသူ ပီသပါပေတယ်။" သမားတော်မော့က ဟန်လိကို လောဘတကြီးကြည့်နေရင်း ပါးစပ်မှ ဆက်လက်ချီးကျူးနေခဲ့သည်။
"မင်း မှန်းတာမှန်တယ်။ ကျုပ်က ဒီနှစ်မှ သုံးဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ။" သမားတော်မော့၏ ပါးစပ်မှ ထွက်လာသည့် နံပါတ်က ဟန်လိကို မယုံကြည်သလို ခံစားမိစေခဲ့သည်။
"အဲဒါဖြစ်နိုင်လို့လား။" ဟန်လိသည် သူ၏ စိတ်ကို ငြိမ်အောင်မထားနိုင်တော့ဘဲ တအံ့တသြမေးလိုက်သည်။
"မဖြစ်နိုင်ဘူး။ တကယ့်ကို မဖြစ်နိုင်ဘူး။ ကျုပ်ကို တွေ့တဲ့လူတွေက အသက်ခြောက်ဆယ််ပြောနဲ့ အသက်ခုနစ်ဆယ်တန်းက စီနီယာတစ်ယောက်လို့တောင် ပြောဆိုရည်ညွှန်းကြသေးတယ်။ သူတို့ ဘယ်သူမှ ကျုပ်အသက်ကို မခန့်မှန်းနိုင်ကြဘူး။" သမားတော်မော့က ပြောရင်းနှင့် သူ့အသံက ရုတ်တရက်မြင့်မားလာပြီး စူးရှစွာ ထွက်ပေါ်လာပေသည်။ ထိုအသံသည် ဟန်လိနားစည်အတွင်း ထိုးဖောက်ဝင်ရောက်လာပြီး သူ့ နှလုံးသားအတွင်းမှ နာကျင်စေသည့်နေရာကို ထိခိုက်စေကာ သူ့ကို အလွန် မသက်မသာ ခံစားရစေခဲ့သည်။
"ကျုပ် မော့ကျွင်းရန်က ငယ်ငယ်ကတည်းက ကျော်ကြားခဲ့တာ။ ယွဲ့ပြည်နယ် လန်စီရင်စုအတွင်းမှာ လက်ဗလာနဲ့ ကိုယ်ပိုင်နေရာတစ်ခုရအောင် တည်ဆောက်နိုင်ခဲ့ပြီး နာမည်တစ်လုံးရလာအောင် လုပ်နိုင်ခဲ့တယ်။ ဟီး.. ဟီး.. အဲဒီတုန်းက လန်စီရင်စုအတွင်းမှာ လူတိုင်း ကျုပ်ကို 'သရဲလက်' ဆိုပြီး သိကြတယ်။ ဖြောင့်မတ်မှန်ကန်သူဖြစ်ဖြစ် ဆိုးယုတ်သူဖြစ်ဖြစ် ကျုပ်ကို နာခံရင် အသက်ရှင်ပြီး ဆန့်ကျင်ရင် သေရမယ်။" သမားတော်မော့က သူ၏ ဇာတ်ကြောင်းကို ပြောပြရန် ပုံမှန်ကဲ့သို့ နက်ရှိုင်း၍ နှေးကွေးသော အသံကို အသုံးပြုလိုက်သည်။ သူ့အကြောင်းကို ပြောပြနေရင်း သူ့မျက်လုံးများထဲမှ ဓားကဲ့သို့ ထက်ရှမှုတို့ကို ထုတ်လွှတ်နေကာ သူသည် ယခင်က ထိပ်ဆုံး၌ ရပ်တည်နေသည့် အချိန်အခါတွင် ပြန်လည်နစ်မြုပ်သွားပုံရပေသည်။
သမားတော်မော့၏ ဇာတ်ကြောင်းကို နားထောင်ရင်း ဟန်လိက တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့ဆရာဖြစ်သူသည် တစ်ချိန်က ထိုမျှနာမည်ကျော်ကြားသူဖြစ်လိမ့်မည်ဟု မည်သည့်အခါမှ တွေးထားခဲ့ဖူးခြင်းမရှိပေ။
"နှမြောစရာကောင်းတာက ကောင်းတဲ့အရာတွေဆိုတာ အကြာကြီး အကြာကြီးမခံဘူး။ ကျုပ် အသက်သုံးဆယ်တန်းကို ရောက်တဲ့အခါ အဲဒီထက်ပိုပြီး နာမည်ကျော်လာအောင် ခြေလှမ်းကြီးကြီးလှမ်းဖို့ စီစဥ်ထားပေမယ့် ကျုပ် ယုံကြည်ခဲ့တဲ့ လက်ထောက်ရဲ့ စက်ဆုပ်စရာလှည့်ကွက်အောက်ကို ကျရောက်ပြီး အဆိပ်မိခဲ့တယ်။ ကျုပ်ရဲ့ ထူးချွန်လှတဲ့ ဆေးပညာဗဟုသုတကြောင့် အဆိပ်ပျံ့နှံ့လာတာကို တားဆီးနိုင်ခဲ့ပေမယ့် အပြည့်အဝပြန်ကောင်းလာအောင် မလုပ်နိုင်ခဲ့ဘဲ ကျုပ်ရဲ့ စွမ်းအားတွေက တဖြေးဖြေး လျော့ကျလာခဲ့တယ်။ ရလဒ်အနေနဲ့ ကျုပ်က မြောက်ပိုင်းမှာ ကျုပ်ရဲ့ အဆင့်အတန်းအနေအထားကို ထိန်းမထားနိုင်ခဲ့ဘူး။ ရန်သူကလန်တွေက ကျုပ် အားနည်းနေတာကို အခွင့်ကောင်းယူမှာစိုးတာကြောင့် ကျုပ်ရဲ့ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်ပစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး ခြေရာဖျောက်ခဲ့ရတယ်။ ကျုပ်က ယွဲ့ပြည်နယ်ရဲ့ တခြားဒေသတွေကို ခရီးထွက်ရင်း ကျုပ်ရဲ့ အရင်က စွမ်းရည်တွေ ပြန်ရလာအောင် လုပ်ပေးနိုင်မယ့် ကုသနည်းကို ရှာဖွေခဲ့တယ်။" သမားတော်မော့က ပြောပြနေရင်း သူ၏ ကိုယ်ပိုင်ဇာတ်ကြောင်းအတွင်း နစ်မြုပ်သွားပုံရကာ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားခဲ့သည်။ သူ၏ လက်သည်းများက လက်ဝါးအတွင်း စိုက်ဝင်နေခဲ့ပြီး လတ်ဆတ်သောသွေးများ စီးကျလာသော်လည်း သူက သတိမပြုမိပုံရပေသည်။ သူမျက်နှာတွင် မည်သည့်အမူအရာမှ ဖော်ပြခြင်းမရှိခဲ့လျှင်ပင် သူက သွားများကို တင်းတင်းကြိတ်ထားခဲ့ပြီး ခက်ထန်သည့် အသွင်အပြင်နှင့် ရှိနေခဲ့သည်။ သမားတော်မော့၏ ရက်စက်ကြမ်းကြုတ်သော အမူအရာက မြင်တွေ့ရသည့် လူတိုင်းကို ချွေးအေးများဖြင့် တုန်ယင်လာစေခဲ့ပြီး သူသည် သူ့အား အဆိပ်ခတ်ခဲ့သည့်လူအား မုန်းတီးမှုတို့က အရိုးတွင်းထိ ရှိနေဆဲဖြစ်ကြောင်း ပြသနေသည်။
သူ့စကားလုံးများထဲမှ နက်ရှိုင်းသည့် မုန်းတီးမှုများကို နားထောင်ရင်း ဟန်လိက ကြက်သီးမွေးညင်းများ ထလာခဲ့ပေသည်။ သူ့နှလုံးသားအတွင်းမှ အေးစက်သည့် ခံစားချက်တို့က စတင်မြင့်တက်လာသည်။
"ကောင်းကင်မှာ မျက်လုံးရှိတယ် ပြောရမယ်။ 'အသက်ရှည်ကျမ်း' လို့ ခေါ်တဲ့ ထူးဆန်းတဲ့စာအုပ်တစ်ခုကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ရရှိခဲ့တယ်။ အဲဒါကို ဖတ်ရှု နားလည်ဖို့အတွက် စွမ်းအားတွေ အများကြီး အသုံးပြုခဲ့ပြီးတော့ ကျုပ်ရဲ့ အရင်သိုင်းပညာစွမ်းရည်တွေ ပြန်ရရှိဖို့ ဖြတ်လမ်းနည်းတစ်ခု ရှာတွေ့ခဲ့တယ်။ ပြီးတော့...." သမားတော်မော့က ရုတ်တရက် ရပ်တန့်လိုက်သော်လည်း သူ့မျက်နှာက နောင်တတရားနှင့် ဒေါသတို့ကို ပြသနေခြင်းဖြင့် သူ့တည်ငြိမ်မှုကို သစ္စာဖောက်နေခဲ့သည်။
"ရလဒ်အနေနဲ့ ခင်ဗျားက အခု နတ်ဆိုးတစ်ကောင်နဲ့ တူလာတယ်မလား။" ဟန်လိက သမားတော်မော့၏ စကားကို ဆက်ဖြည့်ပေးရန် ကြိုးစားလိုက်သည်။
"မှန်တယ်။ စာအုပ်ထဲက အဆင့်အတိုင်း လိုက်လုပ်တာက အရင်တုန်းက စွမ်းအားတွေကို ပြန်ရရှိခဲ့ပေမယ့် အဖိုးအခအနေနဲ့ အသက်အရွယ်က အိုမင်းရင့်ရော်သွားပြီး လူသားတစ်ပိုင်း အလောင်းကောင်တစ်ပိုင်း ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။" သမားတော်မော့က ဝမ်းနည်းစွာဖြင့် ခေါင်းငိုက်စိုက်ထားပြီး ဟန်လိ၏ လှောင်ပြောင်သရော်သော မှတ်ချက်ကို မည်သည့် ဒေါသမှ ဖော်ပြခြင်းမရှိခဲ့ပေ။
"အခု ခင်ဗျားက အသက်အရွယ်ကြီးရင့်မှုကို ကုစားနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားခဲ့ပြီ ဟုတ်တယ်မလား။"
"ကျုပ်ရဲ့ ကျင့်စဥ်က မမှန်ကန်တာမို့ ကျုပ်ခန္ဓာကိုယ်ကို နတ်ဆိုးချီတွေ ကျူးကျော်လာစေခဲ့တယ်။ ကျုပ်အတွက် တစ်နေ့တာ အသုံးပြုရတဲ့ စွမ်းအားက သာမာန်လူတစ်ယောက် ဆယ်ရက်စာနေထိုင်ဖို့ လိုအပ်တဲ့ စွမ်းအားနဲ့ ညီမျှတယ်။ ရလဒ်အနေနဲ့ ကျုပ်ရဲ့ သက်တမ်းက အဆက်မပြတ် ဝါးမြိုခံနေရတယ်။ ကျေးဇူးတင်စရာကောင်းတာ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ စွမ်းရည်ကောင်းကောင်းပြည့်ဝတာမို့ စာအုပ်ထဲမှာ ညွှန်ကြားထားတဲ့အတိုင်း လျှို့ဝှက်ဆေးတွေ ဖော်စပ်နိုင်ခဲ့ပြီး သက်တမ်းလျော့ကျမှုကို နှေးကွေးစေခဲ့ပြီး ဒီနှစ်တွေတလျှောက် ရှင်သန်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။"
"ကျုပ် ကျင့်ကြံခဲ့တဲ့ အမည်မဲ့ကျင့်စဥ်က ခင်ဗျားရဲ့ ပြဿနာနဲ့ ဘယ်လိုပတ်သတ်မှု ရှိနေသလဲ။" ဟန်လိက ပြဿနာအရင်းအမြစ်ကို တည့်တိုးမေးလိုက်သည်။
"ကျုပ် အခုလိုဖြစ်လာပြီး မကြာခင်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စာအုပ်ထဲမှာ ရှာတွေ့ခဲ့တယ်။ အဲဒါက မင်း အခု ကျင့်ကြံနေတဲ့ 'ထာဝရနွေဦးကျင့်စဥ်' ပဲ။ ကျုပ်အတွက် ထာဝရနွေဦးကျင့်စဥ် စတုတ္ထအဆင့်ထိ ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်က သူ့ချီကို အသုံးပြုပြီး ကျုပ်ရဲ့ လျှို့ဝှက်အပ်စိုက်မှတ်တွေကို နှိပ်နယ်ပြီး လှုံ့ဆော်ပေးဖို့ လိုအပ်တယ်။ အဲဒါက ကျုပ်ကို လက်ရှိဒုက္ခကနေ ကယ်တင်နိုင်ပြီး ဆုံးရှုံးသွားတဲ့ အသက်စွမ်းအားကို ပြန်ရရှိလာအောင်လုပ်ပေးနိုင်တယ်။"
"ဘာလို့ ကျုပ်ကို အထူးတလည်လိုအပ်တာလဲ။ အဲဒီကျင့်စဥ်ကို ကျင့်ကြံဖို့ ကျပန်းလူတစ်ယောက်ယောက် ရှာလိုက်လို့မရဘူးလား။" ဟန်လိသည် သူ့အား အချိန်အကြာကြီး သိချင်နေစေခဲ့သည့် မေးခွန်းအား ထုတ်မေးလိုက်သည်။
"ဒီထာဝရနွေဦးကျင့်စဥ်က ကြုံရာလူ ကျင့်ကြံလို့ရလိမ့်မယ် ထင်လို့လား။ ဒီကျင့်စဥ်ကို ကျင့်ကြံဖို့ ဆယ်ကျော်သက်အရွယ် လူငယ်လေး ဖြစ်ဖို့လိုရုံမကဘဲ အဲဒီကျင့်ကြံမယ့်လူရဲ့ ခန္ဓာကိုယ်က 'ဝိညာဥ်ရင်းမြစ်' ရှိဖို့ လိုအပ်တယ်။ 'ဝိညာဥ်ရင်းမြစ်' ဆိုတာ ဘာလဲ မသိပေမယ့် မင်းအရှေ့မှာ ရာကျော်တဲ့တပည့်တွေကို ရှာကြည့်ခဲ့သေးတယ်။ သူတို့တစ်ယောက်မှ ထာဝရနွေဦးကျင့်စဥ်ကို မကျင့်ကြံနိုင်ခဲ့ကြဘူး။" သမားတော်မော့က ဒေါသထွက်နေသည့် မျက်နှာနှင့် ပြောလိုက်သည်။
"အဲဒီလို လိုအပ်ချက်မျိုးရှိတယ်လား။" ဟန်လိက မရေမရာနှင့် ကြည့်လိုက်သည်။ သူသည် ဤကျင့်စဥ်ကို ကျင့်ကြံရန် ထိုကဲ့သို့ တင်းကျပ်သည့် အခြေအနေမျိုး ရှိရန် လိုအပ်လိမ့်မည်ဟု တွေးထင်ထားခဲ့ခြင်း မရှိပေ။
"ကျုပ်ရဲ့ နောက်ဆုံးလက်ကျန် အချိန်တွေမှာ ဒီကျင့်စဥ်ကို ကျင့်ကြံနိုင်မယ့် တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ထားတာကြောင့် လက်လျှော့လိုက်ပြီး နေရာအနှံ့ပဲ လျှောက်သွားနေလိုက်တယ်။ အဲဒီအချိန်မှာ ထောင်ချောက်ဆင်ခံလိုက်ရတဲ့ ချီးရွှမ်ဂိုဏ်းချုပ်နဲ့ တွေ့ဆုံမိခဲ့မယ်လို့ လုံးဝထင်မထားမိဘူး။ တူညီတဲ့ အခြေအနေမှာ ဒုက္ခရောက်ရတာချင်း တူညီတာကြောင့် ကျုပ်က ချီးရွှမ်ဂိုဏ်းချုပ်ကို အကူအညီပေးပြီး သူ့ရဲ့ အရေးမပါတဲ့ အသက်ကို ကယ်ပေးလိုက်မိတယ်။ အဲဒီနောက် ချက်ချင်းပဲ ချီးရွှမ်ဂိုဏ်းချုပ်က ကျုပ်ကို ချီးရွှမ်ဂိုဏ်းဆီ ဖိတ်ခေါ်ခဲ့ပြီး ဂုဏ်သရေရှိအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျုပ်က ကျန်တဲ့ ဘဝသက်တမ်းတလျှောက် တောင်တန်းတွေမှာ တိတ်တဆိတ်ပုန်းကွယ်ရင်း နေသွားတော့မလို့ စီစဥ်ထားတာ။ ဟီးဟီး... ဒါပေမယ့် ရုတ်တရက်ကြီး ဆန်းကြယ်မှုတစ်ခု ဖြစ်ပေါ်လာတယ်လေ။ အစကတော့ ကျုပ် သေသွားခဲ့ရင် ကျုပ်ရဲ့ ဆေးပညာစွမ်းရည်တွေကို ဆက်ခံမယ့်သူ မရှိမှာ စိုးရိမ်နေခဲ့တာကြောင့် မင်းတို့နှစ်ယောက်ကို ကျုပ်တပည့်အဖြစ် လက်ခံဖို့ တောင်ကြားဆီ ခေါ်လာခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ ရုတ်တရက် စိတ်ကူးရပြီး မင်းတို့နှစ်ယောက်ကို ထာဝရနွေဦးကျင့်စဥ် ကျင့်ကြံခိုင်းခဲ့မိတယ်။ အဲဒါကလည်း ကျုပ်အနေနဲ့ မျှော်လင့်ချက်သေးသေးလေး ထားမိနေသေးလို့ ဖြစ်မယ်။ ဒါပေမယ့် ရုတ်တရက်ကြီး မင်းတို့နှစ်ယောက်ကို ထာဝရနွေဦးကျင့်စဥ် ကျင့်ကြံခိုင်းလိုက်မိတာက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ ကောင်းချီးပေးတာထင်ပါရဲ့။ အမှန်တော့ မင်းတို့နှစ်ယောက်က အဲဒီကျင့်စဥ်ကို မကျင့်ကြံနိုင်ခဲ့ရင်တောင် ကျုပ်ရဲ့ တပည့်အဖြစ် လက်ခံပေးပြီး ကျုပ် သိထားထားသမျှ ဆေးပညာရပ်အားလုံး သင်ကြားပေးဦးမှာ။ ဒါပေမယ့် မင်းက ကျင့်စဥ်ကို ကျင့်ကြံံသွားနိုင်လိမ့်မယ်လို့ လုံးဝထင်မထားမ်ဘူး။ ဟားဟား... ကြည့်ရတာ ကောင်းကင်က တစ်စုံတစ်ယောက်ရဲ့ လမ်းကြောင်းကို ဘယ်တော့မှ ပိတ်မထားဘူးပဲ။"
သမားတော်မော့က အသက်ပင်တစ်ချက်မရှူဘဲ အရာအားလုံးကို ပြောပြလာသည်။ သူ၏ မျက်နှာက လေပြတ်လပ်မှုကြောင့် နီရဲနေသည်။ သူက ကောင်းမွန်သည့်အနာဂတ်ကို မြင်တွေ့ခဲ့ရသည့်အတွက် အလွန် ကျေနပ်ပျော်ရွှင်နေပုံရသည်။
"
ကျုပ်က ထာဝရနွေဦးကျင့်စဥ်ကို စတုတ္ထအဆင့်အထိ မကျင့်ကြံရသေးဘူးလေ။ ဘာလို့ ကျုပ်ကို ရုတ်တရက်ကြီး ဒီအကြောင်းတွေ ပြောပြနေရတာလဲ။" နောက်ဆုံး၌ ဟန်လိက သူ အသိချင်ဆုံး မေးခွန်းကို ထုတ်မေးလိုက်သည်။
"အဲဒါက မင်းကိုယ်မင်းပဲ အပြစ်တင်ရလိမ့်မယ်။ ကျုပ် မင်းအပေါ်မှာ သွေးတွေချွေးတွေနဲ့ စွမ်းအားတွေ အများကြီးရင်းခဲ့ပေမယ့် မင်းက ကျုပ်ရဲ့ လိုအပ်ချက်တွေကို ကျေနပ်အောင် မလုပ်နိုင်ပေးနိုင်ခဲ့ဘဲ အမြဲတမ်း လှည့်ကွက်တွေ သုံးနေတယ်။ မင်းက နောက်ဆုံးခြေတစ်လှမ်းပဲ ကျန်တော့ပေမယ့် တမင်သက်သက် အရှိန်နှေးကွေးအောင် လုပ်ပြီး နောက်တစ်ဆင့်တက်ဖို့ ဆန္ဒမရှိခဲ့ဘူး။ အစက မင်းကို နောက်နှစ်နှစ် ထပ်စောင့်ပေးဖို့ ရည်ရွယ်ထားတာ။ ဒါပေမယ့် ကျုပ် တောင်အောက်ကို ဆင်းသွားတဲ့အချိန် ရန်သူမျိုးနွယ်ထဲက တစ်ယောက်က ကျုပ်ကို မှတ်မိသွားတယ်လေ။ အဲဒါနဲ့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျုပ် ရန်သူကို သတ်နိုင်ခဲ့ပြီး အနိုင်ရခဲ့တယ်ဆိုပေမယ့် စွမ်းအင်အများကြီး သုံးလိုက်ရတာမို့ သက်တမ်းကတော့ အတော်လေးတိုသွားခဲ့ရတယ်။ ကျုပ်မှာ ရှိသမျှ စွမ်းရည်အားလုံးကို အသုံးပြုပြီး သက်တမ်းကို နောက်တစ်နှစ်လောက်ပဲ ဆွဲဆန့်ထားနိုင်ခဲ့တယ်။ ကျုပ်က ဘယ်လိုလုပ် ဒီထက်ပိုပြီး စောင့်နိုင်တော့မှာလဲ။" သမားတော်မော့၏ မောက်မာသော အမူအရာက အစအနမကျန်အောင် ပျောက်ကွယ်သွားပြီး ကြမ်းကြုတ်သည့်အမူအရာနှင့် ဟန်လိကို အော်ဟစ်လိုက်သည်။
ဟန်လိ နားထောင်ပြီးသွားသည့်အခါ သူ့အမူအရာက တူညီစွာ ကျန်ရှိနေခဲ့သည်။ သူက မည်သည့်တုန်လှုပ်နေမှုကိုမှ မပြသခဲ့ပေ။
သို့သော် သူ့နှလုံးသားက လှိုင်းထန်သည့် ပင်လယ်ပြင်ကဲ့သို့ လှုပ်ရှားနေကာ သူ၏ တည်ငြိမ်ကာ ယုံကြည်ချက်ရှိသည့် အပြုအမူနှင့် တခြားစီဖြစ်နေခဲ့သည်။
သူသည် သမားတော်မော့က သူ၏ ကျင့်ကြံခြင်းကို အလွန် တင်းတင်းကျပ်ကျပ် ဂရုစိုက်ကြောင်း အစကတည်းက သိရှိလျှင်ပင် သူသည် ၎င်း၏ နောက်ကွယ်၌ ထိုမျှပြင်းထန်သည့် ဇာတ်လမ်းရှိနေဦးမည်ဟု ထင်မှတ်မထားမိခဲ့ပေ။ သမားတော်မော့၏ သရုပ်မှန်နှင့် အတွေ့အကြုံများက သူ ခန့်မှန်းနိုင်သည့် အနေအထားမှ များစွာ ကျော်လွန်နေခဲ့သည်။