ပိုးမွှားအလောင်းကောင်ဆေးလုံး
Vol. 3 Ch. 31
ဟန်လိ၏ နှလုံးသားက အကြောက်တရား၊ နောင်တနှင့် အကူအညီမဲ့မှုတို့ဖြင့် ပြည့်နှက်ကာ ထုံကျင်လာသည်။ သူက အချိန်ကို တမင်သက်သက် နှောင့်နှေးစေရန် ကြိုးစားခဲ့သော်လည်း သူ့ကိုယ်သူ ဤအခြေအနေမှ မည်သို့ ရုန်းထွက်ရမည်ကို အဖြေမရှာနိုင်သေးသောကြောင့် စိုးထိတ်မှုက ကြီးထွားလာသည်။
ထို့ပြင် သူက အလွန်ငယ်ရွယ်သေးပြီး ကျန်းဟူ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သမားတော်မော့အား ယှဥ်၍ အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သမားတော်မော့သည် ဟန်လိ ဖန်တီးထားခဲ့သော ကလိန်ကကျစ်နည်းလမ်းများကို တန်ပြန်ချေပနိုင်စွမ်း ရှိပေလိမ့်မည်။ သူက စက္ကူကျားတစ်ကောင် ဖြစ်နေသလို ခံစားလိုက်ရပြီး ဟန်လိက ချွေးများဖြင့် စိုရွှဲလာတော့သည်။
သမားတော်မော့က ဟန်လိ မျက်နှာထက် ဖြတ်ပြေးသွားသည့် များပြားလှသော အမူအရာများကို ကြည့်ကာ သူ ဖြစ်စေခဲ့သည့် ဖိအားကြောင့် စိတ်ကျေနပ်သွားခဲ့သည်။ သူ၏ အတွေ့အကြုံအရ တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်ကာ ဇဝေဇဝါ ဖြစ်နေချိန်မှသာ အမှန်တရားကို နှိုက်ယူရန် အဆင်ပြေပေလိမ့်မည်။
"ခင်ဗျားက တကယ်ပဲ ကျုပ် ကျင့်ကြံရေးမှာ နှောင့်နှေးစေခဲ့တယ်လို့ ထင်တာလား။" ဟန်လိက သမားတော်မော့ထံမှ ထိုကောက်ချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။
"သိသာနေတာပဲ။ အခု နှစ်နှစ်ကြာသွားတာတောင် မင်းက စတုတ္ထအဆင့်ကို မရောက်နိုင်သေးဘူး။ မင်း ဘာတွေးနေလဲဆိုတာကို ကျုပ် မဖတ်နိုင်ဘူးလို့ တကယ်ထင်နေတာလား။ အရင်တုန်းက ပထမ သုံးဆင့်ကို ရောက်ဖို့အတွက် သုံးနှစ်ပဲ အချိန်ယူခဲ့တာ။ ဝိညာဥ်ဆေးပင်တွေရဲ့ အကူအညီမရှိဘဲ စတုတ္ထအဆင့်ကို ရောက်ဖို့ ခက်တယ်ဆိုရင်တောင် နည်းနည်းလေးမှ တိုးတက်မလာတာတော့ မဖြစ်နိုင်ဘူး။" သမားတော်မော့က ပြောရင်း မျက်ခုံးများကို ကျုံ့ကာ သတ်ဖြတ်လိုစိတ်များအား ထုတ်လွှတ်နေသည်။ ထိုသည်မှာ သူ အမြဲ ခံစားခဲ့ရသည့် မကျေနပ်ချက်များက ယနေ့မှ ပေါက်ကွဲထွက်လာသလိုပင် ဖြစ်သည်။
"ကြည့်ရတာ ကျုပ် ဘယ်လိုရှင်းပြပါစေ သမားတော်မော့က ကျုပ်ကို ဘယ်တော့မှ ယုံကြည်မှာမဟုတ်ဘူးပဲ။" ဟန်လိက ခါးသက်စွာ ပြုံးလိုက်သည်။ သူက သူ၏ ကျင့်ကြံခြင်းတိုးတက်မှုဖြစ်စဥ်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်းက သမားတော်မော့၏ အဆုံးမဲ့သံသယများအား ပိုမို နက်ရှိုင်းသွားစေမည်ဟု ထင်ထားခဲ့ခြင်း မရှိပေ။ သူက သူ ထားခဲ့သည့်ကျောက်တုံးကို အမှန်တကယ် ကန်မိခဲ့ပုံရလေသည်။
"လုံလောက်ပြီ။ မင်းရဲ့ စောက်ရေးမပါတဲ့ စကားတွေကို ထပ်ပြီး နားထောင်ဖို့ ဆန္ဒမရှိဘူး။ ကျုပ် မင်းကို နောက်တစ်နှစ် အချိန် ထပ်ပေးမယ်။ အဲဒါဆို မင်း စတုတ္ထအဆင့်ကို ရောက်ဖို့ ဖြစ်နိုင်မယ် ထင်လား။" သမားတော်မော့က အေးစက်စွာ ရယ်မောရင်း ဟန်လိအား စူးစိုက်ကြည့်ကာ လေးနက်သည့် အမူအရာနှင့် အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
ဟန်လိ၏ စိတ်က အလွန် ရှင်းလင်းနေခဲ့သည်။ သူ့အဖြေက သမားတော်မော့၏ အသက်ကိုသာမက သူ့ရှင်သန်မှုကိုပါ သက်ရောက်မှုရှိစေလိမ့်ကို သူ သိပေသည်။
"ကျုပ်ဘက်က မရဘူးလို့ ပြောမရနိုင်တာကို ရှင်းရှင်းလင်းလင်းသိပါတယ်။ ကျုပ်ကို အကြောဖွင့်ပေးလို့ ရပြီ ထင်တယ်။" ဟန်လိက စိတ်သက်သာရာရစွာနှင့် လက်ခံလိုက်သည်။
သူ၏ စကားကို နားထောင်ပြီးနောက် သမားတော်မော့ မျက်နှာက အနည်းငယ် ပြန်ကောင်းမွန်လာပြီး သူ့မျက်လုံးများထဲတွင် ဂုဏ်ယူသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ သို့သော် သူက ဟန်လိ အကြောများ ပိတ်ခံထားရသည်အား ချက်ချင်း ဖွင့်မပေးခဲ့ပေ။ ထို့အစား သူက ဝတ်ရုံအတွင်းမှ ပိတ်ထားသည့် သေတ္တာလေးအား ထုတ်ယူလိုက်သည်။
"မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ စိတ်ချထားမနေနိုင်ဘူး။ မင်းက အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ မင်းက ကျင့်ကြံခြင်းမှာ ကြိုးကြိုးစားစား အားထုတ်ဖို့ ငြင်းဆန်ခဲ့ရင် အခုအခြေအနေနဲ့ ဘာကွာခြားမှုမှ ရှိသွားမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ အသက်နဲ့ လောင်းကြေးထပ်ရမယ့် ကိစ္စမို့ အာမခံချက်တစ်လွှာလောက်တော့ ထပ်ပေါင်းထည့်ရလိမ့်မယ်။" သမားတော်မော့က အေးစက်နေသည့် အသံနှင့် ပြောလိုက်သည်။
ဟန်လိ၏ အကြောကို ပြန်ဖွင့်မပေးခင် သမားတော်မော့က သူ၏ အောင်မြင်မှုကို သေချာစေရန် အပိုဆောင်းတွက်ချက်မှုများ ပြုလုပ်နေသည်။ သူက သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ပြီး သေတ္တာအလယ်တွင် ရှိနေသည့် အဖြူရောင်ဆေးလုံးကို ဖော်ပြလာပြီးမှ အကြောပိတ်ထားသည်အား ဖွင့်ပေးလိုက်သည်။ ဟန်လိ မလှုပ်ရှားနိုင်ခင် သမားတော်မော့က သူ့ရှေ့ကို သေတ္တာအား ထိုးပေးလာသည်။
"မင်းက ဉာဏ်ကောင်းတဲ့လူပဲ။ စကားအများကြီးနဲ့ အချိန်ဖြုန်းဖို့မလိုဘဲ ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်။" သမားတော်မော့က နှလုံးသားထဲမှ ဆိုးယုတ်သည့် ရည်ရွယ်ချက်တို့ကို ဖော်ပြရင သူ့ကို ကြည့်လိုက်သည်။
ဟန်လိ၏ ထုံထိုင်းနေသော ခြေလက်များက လှုပ်ရှား၍ရလာပြီးနောက် သူက မည်သည့်စကားမှမဆိုဘဲ သေတ္တာထဲမှ အဖြူရောင်ဆေးလုံးကို ထုတ်ယူလိုက်သည်။ သမားတော်မော့၏ ရှေ့တွင် ဟန်လိက ချက်ချင်း အဖြူရောင်ဆေးလုံးအား သူ့ပါးစပ်ထဲ ထည့်ကာ မြိုချလိုက်သည်။ သူက မည်သည့်အားနည်းသော လက္ခဏာကိုမှ ပြသရန်ဆန္ဒမရှိခဲ့ပေ။
ဖြောင်း...ဖြောင်း... (လက်ခုပ်တီးသံ)
"သိပ်ကောင်းတယ်။ အချိန်အခါကိုလိုက်ပြီး ပြုမူတတ်တဲ့လူက တကယ် ယောက်ျားကောင်းပဲ။ မင်းသာ ကျုပ်ကို ပုံမှန်ပြန်ဖြစ်လာအောင် ကူညီနေသရွေ့ ကျုပ် မင်းကို ဆုလာဘ်တွေ အများကြီးပေးနိုင်တယ်။ ကျုပ်တို့ကြားမှာ ပဋိပက္ခတွေ ရှိနေခဲ့ပြီးသားမို့ မင်းကို တပည့်အဖြစ် လက်ခံပြီး တခြားပညာရပ်တွေ သင်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် မင်း ဘဝတစ်သက်တာလုံး ချမ်းသာကြွယ်ဝလာအောင် ပစ္စည်းဥစ္စာတွေ ချီးမြှင့်ဖို့ဆိုတာ ကျုပ်အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။" သမားတော်မော့က လက်ခုပ်တီးလိုက်ကာ ဟန်လိအား ဆုလာဘ်များပေးမည်ဟု ကတိပေးလိုက်သည်။
"အခု ကျုပ် သောက်လိုက်တဲ့ ဆေးက ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ ပြောပြသင့်တယ်။ မဟုတ်ရင် မတော်တဆ အကန့်အသတ်ကို ကျော်လွန်မိလိုက်တာနဲ့ ကျုပ် အသက်ဆုံးရှုံးသွားမလား ဘယ်သူသိမလဲ။" ဟန်လိက အမူအရာမဲ့စွာနှင့် သမားတော်မော့ကို မေးလိုက်သည်။
"ဟီးဟီး... ဒီဆေးလုံးနာမည်က ပိုးမွှားအလောင်းကောင်ဆေးလုံးပဲ။ ဒီဆေးကို သန့်စင်တဲ့ ဆေးပင်အစိတ်အပိုင်းတွေနဲ့ ဖော်စပ်ထားပေမယ့် အဆိပ်ရှိတဲ့ပိုးကောင်ဥတွေ လိုအပ်တယ်။ အဲဒီဆေးကို သောက်ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်နှစ်လောက် အိပ်နေလိမ့်မယ်။ ဒါပေမယ့် မင်းစိတ်ချထားလို့ရတယ်။ တစ်နှစ်အတွင်း အဲဒါက မင်းကို လုံးဝမသက်ရောက်စေဘူးလို့ အာမခံတယ်။ တစ်နှစ်ကြာပြီးတဲ့နောက် ဖြေဆေးသောက်လိုက်တာနဲ့ ဆေးက အာနိသင်ပြယ်သွားပြီး အစအနတောင် ကျန်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နှစ်ကြာပြီးလို့မှ ဖြေဆေးမသောက်ဘူးဆိုရင် ပိုးဥက အကောင်ပေါက်လာပြီး မင်းခန္ဓာကိုယ်ထဲက အာဟာရတွေကို ဝါးမြိုလိမ့်မယ်။ ပိုးကောင်က မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို စားသုံးပစ်ပြီး သေတာထက်ဆိုးတဲ့ နာကျင်မှုကို ခံစားရစေလိမ့်မယ်။ နာကျင်မှုက သုံးရက်သုံးညကြာမြင့်ပြီး တဖြေးဖြေး သေလောက်အောင် နာကျင်မှုနဲ့ သေဆုံးရလိမ့်မယ်။" သမားတော်မော့က ဆေး၏ အာနိသင်ကို ဖြေးညင်းစွာ ရှင်းပြရင်း ဟန်လိအား သတိပေးနေခဲ့သည်။
ဟန်လိက သူ သောက်လိုက်သည့် ဆေး၏ သက်ရောက်မှုအာနိသင်ကို ကြားပြီးနောက် သူ့ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ကာ အမူအရာက ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် ဒေါသမီးလျှံတို့ တောက်လောင်လာသော်လည်း သူက မည်သည့်စကားမှမဆိုနိုင်ခင်မှာ သမားတော်မော့က သူ၏ ဝှက်ဖဲတစ်ခုအား ထပ်ထုတ်ပြလာသည်။
"အိုး.. ဟုတ်သားပဲ။ မင်းရဲ့ မိသားစုက မင်းကျေးဇူးနဲ့ ကောင်းကောင်းမွန်မွန် နေနေရတယ်လို့ ကြားမိတယ်။ သူတို့ သုံးဖို့ ငွေကြေးလုံလောက်ရဲ့လား။ မလောက်ခဲ့ရင် ကျုပ်ကို အသိပေးပေါ့။ မင်းက ကျုပ်အတွက် ကောင်းကောင်းအလုပ်လုပ်ပေးနေတာဆိုတော့ မင်းရဲ့ မိသားစုတွေကို ကောင်းကောင်း ဂရုစိုက်ပေးရမှာ ကျုပ်တာဝန်ပဲလေ။" သမားတော်မော့က ပြုံးရင်းနှင့် ဟန်လိ၏ ပခုံးကို ပုတ်လိုက်သည်။
ဟန်လိက အေးခဲသွားပြီး သူ့မျက်နှာက စိမ်းဖန့်သွားခဲ့သည်။ သမားတော်မော့၏ စကားလုံးများက သူ့အား တည်ငြိမ်မှုပျောက်ဆုံးသွားအောင် လုပ်ဆောင်နေခဲ့၏။
သူ၏ နောက်ဆုံး ဆင်ခြင်တုံတရားအား အသုံးပြုကာ သူက အံတင်းတင်းကြိတ်လိုက်ပြီး တိတ်ဆိတ်နေစေရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ သူသည် နောင်တရနိုင်မည့် စကားများ သမားတော်မော့ကို ပြောမိမည်အား စိုးရိမ်နေခဲ့သည်။ သမားတော်မော့က သူ့အား ထိန်းချုပ်ရန် မိသားစုကို အသုံးမချနိုင်စရာအကြောင်းမရှိကြောင်း နားလည်ပေသည်။
"စိတ်မပူပါနဲ့ သမားတော်မော့။ တစ်နှစ်အတွင်း စတုတ္ထအဆင့်ကို ရောက်စေရမယ်လို့ ကတိပေးပါတယ်။" ရွေးချယ်စရာမရှိဘဲ ဟန်လိက အံကြိတ်ရင်း သမားတော်မော့အား ကတိပေးခဲ့သည်။
သမားတော်မော့၏ ခြိမ်းခြောက်မှုအောက်တွင် ဟန်လိက အညံ့ခံရုံသာတတ်နိုင်သည်။ သူသည် နှလုံးသားထဲမှ လူသားဆန်မှုကို စွန့်ပစ်နိုင်ခြင်းမရှိသေးရာ သူ့မိသားစု၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ မနေနိုင်ပေ။
ယခု ဟန်လိ၏ အားနည်းချက်ကို သမားတော်မော့က ဆုပ်ကိုင်ထားခဲ့ပြီး သူက သေချင်လျှင်ပင် သမားတော်မော့၏ သဘောတူညီချက်ကို ယူရလိမ့်ဦးမည်ဖြစ်သည်။ ဟန်လိသည် သူက ဤတစ်ကြိမ်၌ ရှုံးနိမ့်သွားရသည်ကိုသိရှိပေသည်။
သမားတော်မော့က ဟန်လိ၏ စကားများကို ကြားပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ စိုးရိမ်ပူပန်နေမှုက ဟန်လိထက် မလျော့နည်းသော်လည်း သူ၏ တောင့်တင်းနေသော မျက်နှာအောက်တွင် ခံစားချက်များကို တင်းတင်းကျပ်ကျပ် သိမ်းဆည်းထားနိုင်ခဲ့သည်။
"ထာဝရနွေဦးကျင့်စဥ်က တကယ် ထူးခြားတယ်။ ဒီကောင်လေးက ငယ်ရွယ်နေသေးပေမယ့် သူ့ကို ကိုင်တွယ်ဖို့ ဒီလောက်ခက်နေခဲ့ပြီ။" သမားတော်မော့သည် သူ့နှလုံးသားထဲမှ မနာလိုအားကျမှုတို့ကို ခံစားနေရသည်လား မသိတော့ပေ။
အမှန်တကယ်တွင် ထာဝရနွေဦးကျင့်စဥ်ကို ကျင့်ကြံသည့်သူများ၌ မတူကွဲပြားသော အကျိုးသက်ရောက်မှုများ ရှိသည်။ ဟန်လိအတွက်မူ ငယ်ရွယ်စဥ်ကတည်းက ဉာဏ်ကောင်းသူဖြစ်သောကြောင့် ထာဝရနွေဦးကျင့်စဥ်အား ကျင့်ကြံလိုက်သောအခါ သူ၏ ဉာဏ်ပညာက အသက်အရွယ်နှင့်မမျှ သာလွန်သွားခဲ့ပေသည်။