← Chapters

သူရဲကောင်းစိတ်ဝိညာဥ် 

Vol. 3 Ch. 32

သူရဲကောင်းစိတ်ဝိညာဥ် 

Vol. 3 Ch. 32

ဟန်လိက ထွက်ခွာရန် ပြင်လိုက်သည်။ သူက ဝင်ပေါက်သို့ ရောက်ရှိသည့်အခါ နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်၏။

"အဲဒီညီအစ်ကို သူ ရောက်လာကတည်းက စကားတစ်ခွန်းမပြောဘဲ သမားတော်မော့နောက်မှာ တိတ်တိတ်​လေး ရပ်နေခဲ့တယ်။ သူ ဘယ်က ရောက်လာတာလဲ။"

ဟန်လိ၏ မေးခွန်းကို ကြားပြီးနောက် သမားတော်မော့က အရေးတယူလုပ်ကာ အဖြေမပေးခဲ့ဘဲ ကောက်ကျစ်သည့် ရယ်သံကိုသာ ပေးလိုက်သည်။

"မင်းက အရမ်းဉာဏ်ကောင်းတာပဲ။ ဘာလို့ ကိုယ့်ဘာသာမခန့်မှန်းရတာလဲ။ မင်း အဖြေရှာတွေ့လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။"

ဟန်လိက ခေါင်းကိုယမ်းလိုက်ကာ သမားတော်မော့၏ နေအိမ်မှ ထွက်ခွာလာသည်။ သူက ခန့်မှန်းရန် ဆန္ဒမရှိခြင်းလား အဖြေမှန်ကို သိနိုင်စွမ်းမရှိခြင်းလားဆိုသည်မှာ သူသာလျှင် သိရှိပေလိမ့်မည်။

သူ တံခါးအပြင်ဘက်သို့ ​ခြေချပြီးနောက် ဟန်လိ၏ အမူအရာက မှိုင်းညို့ကာ စိတ်ဓာတ်ကျဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာသည်။

"သမားတော်မော့နဲ့ ငါ့ကြားက ဒီပြဿနာမှာ ငါက ကြက်ပေါက်စလေးလို အကူအညီမဲ့နေပြီး သူ့ထိန်းချုပ်မှုလောက် လုံးလုံးကျရောက်သွားခဲ့တယ်။ ငါက အရမ်းနုံအပြီး ငါ့ရဲ့ လိမ္မာပါးနပ်မှုပမာဏသေးသေးလေးက သူ့ရဲ့ အကောက်ဉာဏ်ကို ကျော်လွန်နိုင်မယ်လို့ ထင်ခဲ့တာ။ အဆုံးမှာတော့ ငါဖော်စပ်ခဲ့တဲ့ အဆိပ်ငါးမျိုးရေစင်က အစွမ်းအပြည့်တောင် ထုတ်ဖော်မပြလိုက်ရဘဲ အလဟဿဖြစ်သွားရတယ်။ ပြန်ရောက်တဲ့အခါ ခွန်အားတိုးလာဖို့ အကောင်းဆုံး နည်းလမ်းကို လေးလေးနက်နက်တွေးတောရမယ်။"

ထိုသို့တွေးပြီးနောက် သူက ​ခြေလှမ်းကျဲကျဲဖြင့် စတင်လျှောက်ကာ သူနေထိုင်ရာသို့ ပြန်လာခဲ့သည်။ သူက သမားတော်မော့၏ ထိန်းချုပ်မှုအား ခံမည်ကို အလွန် ဆန္ဒမရှိသည့်ပုံပေါ်ပေသည်။

သမားတော်မော့၏ အိမ်တွင် သမားတော်မော့က ကြမ်းပြင်သို့ စိုက်ကြည့်နေခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ပန်းကန်လုံးအရွယ် အပေါက်ကြီးတစ်ခု ရှိနေခဲ့၏။ ယခုလေးတင် သူ၏ ဂရုမစိုက်မိမှုကြောင့် ကြမ်းပြင်ကို တိုက်စားသွားသည့် ထိုအဆိပ်ကြောင့် သေလုဆဲဆဲ ဖြစ်သွားခဲ့ရသည်။ အဆိပ်က အလွန်ပြင်းထန်သည့်အတွက် သမားတော်မော့က ဒေါသတကြီးကျိန်ဆဲလိုက်မိသည်။

"အဲဒီလိပ်သားလေး၊ သူ ဘယ်အချိန်က ဒီလိုမျိုး သေစေနိုင်တဲ့ အဆိပ်မျိုးကို သင်ယူလိုက်တာလဲ။ သူ့ကို ငါ အရင်တုန်းက ဒါမျိုးတွေ မသင်ပေးဖူးပါဘူး။ ကြည့်ရတာ ငါ သူ့ကို လျှော့တွက်ထားမိနဲ့ပုံပဲ။ သူက အရမ်း အကြင်နာကင်းရက်စက်ပြီး မိတ်ဆွေဟောင်းတွေကိုတောင် ကျောခိုင်းနိုင်တယ်။"

[Note: လိပ်သားလေး(ကွေးအာ့ကျီ) = မျိုးမစစ်လေး(ဆဲဆိုသည့်စကားလုံး)]

ဟန်လိသည် သူက သမားတော်မော့ကို ထိုကဲ့သို့ အကြီးအကျယ်ထိတ်လန့်သွားစေခဲ့ကြောင်း မသိရှိပေ။ သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် သူက အိပ်ရာပေါ်သို့ ​ခေါင်းချလိုက်ကာ အိပ်ပျော်သွားခဲ့သည်။ ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်က သူ့ကို ခွန်အားနှင့် ဉာဏ်ရည်အား နွမ်းနယ်သွားစေပြီး ပြန်သက်သာလာစေရန် အနားယူဖို့ရာ လိုအပ်ပေသည်။

အချိန်အတော်ကြာပြီးနောက် ဟန်လိက အိပ်ရာမှနိုးလာကာ ထထိုင်၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အရုဏ်က ချဥ်းကပ်လာနေပြီဖြစ်၏။ သူက ထင်ထားသည်ထက် အချိန်အကြာကြီး အိပ်မိသွားပုံရလေသည်။

နိုးလာပြီးနောက် ဟန်လိက ချက်ချင်း အိပ်ရာမှ မထခဲ့ပေ။ အိပ်ရာပေါ်တွင် ထိုင်ကာ မေးကို လက်နှစ်ဖက်နှင့် ထောက်၍ သမားတော်မော့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ဆန်းစစ်နေခဲ့သည်။

သိသာစွာပင် သူက အချိန်တစ်နှစ်သာ လုံခြုံမည်ဖြစ်၏။ သမားတော်မော့က သူ့ကိုယ်ပိုင်အသက်ကို ကာကွယ်ရန် လိုအပ်သောကြောင့် ဤအချိန်အတောအတွင်း သူ့ကို မည်သည့် အန္တရာယ်မှ ပြုလိမ့်မည်မဟုတ်သည်မှာ သေချာပေသည်။ သို့သော် တစ်နှစ်နောက်ပိုင်း၌ အာမခံချက်ရှိရန် ခက်ခဲပေလိမ့်မည်။

ဟန်လိက ထာဝရနွေဦးကျင့်စဥ်ကို အဆင့်တက်ရန် ပြဿနာအား စိတ်ပူခြင်းမရှိပေ။ သူသည် ရက်အနည်းငယ်ကပင် စတုတ္ထအဆင့်သို့ ဖြတ်ကျော်ပြီးသွားခဲ့ပြီဖြစ်ကာ တစ်နှစ်အတွင်း ပဉ္စမအဆင့်သို့ တက်ရောက်နိုင်ရန် ယုံကြည်ချက်ရှိနေသောကြောင့် ထိုအကြောင်းကို စိတ်ပူစရာမလိုခဲ့ပေ။

ပိုးမွှားအလောင်းကောင်ဆေးလုံး၏ ပြဿနာသည်လည်း အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ အချိန်ကျလာသည့်အခါ သူ၏ စွမ်းရည်အစစ်အမှန်ကို ဖိနှိပ်ထားခြင်းအား ရပ်တန့်လိုက်ပြီး သမားတော်မော့အား မကုသခင် ဖြေဆေးနှင့် အလဲအလှယ်ပြုရန် ခြိမ်းခြောက်နိုင်ပေသည်။

ရုတ်တရက် ဟန်လိက တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ သူက ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုပုလင်းထဲမှ ကျောက်စိမ်းရောင်ဆေးလုံးကို ယူကာ မြိုချလိုက်သည်။ တခဏကြာပြီးနောက် ဆေးလုံးက အာနိသင်ပြလာပြီး သူက တိတ်တိတ်ဆိတ်ဆိတ် လေ့လာနေခဲ့သည်။

"ဂီး... သမားတော်မော့က ပိုးမွှားအလောင်းကောင်ဆေးလုံးအကြောင်း အမှန်အတိုင်း ပြောခဲ့တာပဲ။ ဝိညာဥ်သန့်စင်ဆေးမှုန့်က လောကကြီးထဲမှာ အကောင်းဆုံးအဆိပ်ဖြေဆေးတွေထဲက တစ်ခုပဲ။ အဲဒါတောင်မှ ပိုးမွှားအလောင်းကောင်ဆေးလုံးရဲ့ အာနိသင်တွေကို ချေဖျက်နိုင်စွမ်းမရှိဘူး။ ကြည့်ရတာ ဖြေဆေးရဖို့ တစ်နှစ်စောင့်ဆိုင်းရုံပဲ တတ်နိုင်တော့မယ် ထင်တယ်။" ဟန်လိက ရေရွတ်လိုက်သည်။

သူက အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး အခန်းထဲကို လှည့်ပတ်လျှောက်နေရင်း သူ၏ အခြားပြဿနာများအကြောင်း စဥ်းစားရန် ကြိုးစားနေ၏။

ဟန်လိက သမားတော်မော့ သူ့အား အစောပိုင်းက ပြောခဲ့သည့်စကားများကို အပြည့်အဝ ယုံကြည်ခြင်းမရှိပေ။ သို့သော် သမားတော်မော့က ဟန်လိ၏ အားနည်းချက်ကို လက်ထဲ၌ ဆုပ်ကိုင်ထားသည့်အတွက် ရွေးချယ်စရာမရှိဘဲ သမားတော်မော့၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန်သာ တတ်နိုင်သည်။

ဟန်လိသည် သမားတော်မော့၏ ကတိက စစ်မှန်ခြင်းရှိမရှိ မသိခဲ့ပေ။ ၎င်းက အမှန်ဖြစ်လျှင် သူက သမားတော်မော့၏ တောင်းဆိုချက်အတိုင်း လိုက်လုပ်ပေးရုံမျှသာ ရိုးရှင်းပေသည်။ ဟန်လိသည်လည်း အခြားမည်သည့် ပြင်ဆင်မှုမှ လုပ်ဆောင်မှုမှ လိုအပ်လိမ့်မည်မဟုတ်ဘဲ စိတ်ချလက်ချနေ၍ ရပေလိမ့်မည်။ သို့သော် သမားတော်မော့က သူ့ကို လိမ်ခဲ့ပြီး သူက မည်သည့် တန်ပြန်တိုက်ခိုက်မှု အစီအစဥ်ကိုမှ ပြုလုပ်မထားပါလျှင် ယခုမှစကာ တစ်နှစ်ကြာပြီးနောက် သူက သေသည်ထက် ဆိုးဝါးလှသော ကံကြမ္မာကို တွေ့ကြုံရလိမ့်မည်ဟု သိရှိပေသည်။

ဟန်လိသည် ပြဿနာကို ဖြေရှင်းရန် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ခဲ့သော်လည်း မည်သည့် ကောင်းမွန်သော ဖြေရှင်းချက်ကိုမှ မတွေ့နိုင်ခဲ့ပေ။

ယခု ဟန်လိနှင့် သမားတော်မော့တို့ နှစ်ယောက်လုံးက အသက်အန္တရာယ်ကြားတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရပေသည်။ ဟန်လိသည် သမားတော်မော့က ရည်ရွယ်ချက် ပြည့်မြောက်ပြီးနောက် သူ့ကို ထိခိုက်စေလိမ့်မည်ကို စိုးရိမ်နေသည်။ အခြားတစ်ဖက်တွင် သမားတော်မော့သည်လည်း ဟန်လိက ကြိုးကြိုးစားစားမကျင့်ကြံဘဲ သူ့အသက်ကို အန္တရာယ်ဖြစ်စေမည်အား စိုးရိမ်နေခဲ့သည်။

အစပိုင်းတွင် ဟန်လိက သမားတော်မော့ကို ခြိမ်းခြောက်ရန် နည်းလမ်းအချို့ အသုံးပြုနိုင်ပါသော်လည်း သမားတော်မော့က သူ့အားနည်းချက်ကို အလျင်အမြန် ဖမ်းဆုပ်မိသွားကာ အာမခံအနေနှင့် သူ့မိသားစုကို အသုံးချလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

"ငါက ငါ့ကိုယ်ပိုင်အသက်ကိုတောင် ထိန်းချုပ်နိုင်စွမ်းရှိမနေဘူးလား။" ဟန်လိက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

"မဟုတ်ဘူး။ ဒီလိုမျိုးဖြစ်ပျက်နေတာကို ခွင့်ပြုထားစရာအကြောင်းမရှိဘူး။ ငါ့ရဲ့ ကံကြမ္မာကို တခြားလူရဲ့လက်ထဲ ထည့်ပေးထားလိုက်မိရင် အဲဒါက ငါ လုပ်ဖူးသမျှ ဆုံးဖြတ်ချက်တွေထဲ အရူးမိုက်ဆုံးဖြစ်သွားလိမ့်မယ်။"

ထိုသို့ပြောနေသော်လည်း အချိန်အကြာကြီး တွေးတောကြည့်လျှင်ပင် ဟန်လိက မည်သည့်ကောင်းမွန်သော ဖြေရှင်းချက်ကိုမှ မတွေးမိခဲ့ပေ။ နောက်ဆုံးတွင် သူက ဖြေရှင်းချက်အတိအကျမဟုတ်သော ဖြေရှင်းချက်တစ်ခုကို ဆုံးဖြတ်ခဲ့သည်။

သူသည် သူ့ခွန်အားကို အဘက်ဘက်မှ တိုးတက်လာစေရန် ဆုံးဖြတ်လိုက်သည်။ သမားတော်မော့က သူ့အသက်ကို တစ်နှစ်အကြာ၌ လိုချင်လျှင်ပင် ယခုအချိန်၌ အာမခံချက်တချို့ရှိနေဆဲ ဖြစ်သည်။

အမှန်တကယ်၌ သူ၏ ဆုံးဖြတ်ချက်က ရူးမိုက်သောအကြံအစည်ဖြစ်သည်။ သူက ခုခံကာကွယ်ရုံသာတတ်နိုင်ပြီး တိုက်ခိုက်နိုင်ခြင်းမရှိပေ။ သို့သော် လက်ရှိတွင် သူက ကိုယ်ပိုင်ခွန်အားကို တိုးမြှင့်ရန်အပြင် အခြားမည်သည့်နည်းလမ်းကိုမှ မတွေးနိုင်ခဲ့ချေ။

ဟန်လိက ဆုံးဖြတ်ချက်ပြုလုပ်ပြီးနောက် လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူက အခန်းတံခါးကို ဖွင့်ကာ အကြောဆန့်လိုက်ပြီး အိမ်အပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။

"ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ဖြစ်ရမယ်။ တခြားလူကို ဘယ်တော့မှ ထိန်းချုပ်ခွင့်ပြုမှာ မဟုတ်ဘူး။"

All Chapters