← Chapters

မျက်တောင်တစ်ခတ်ဓားပညာရပ် 

Vol. 3 Ch. 34

မျက်တောင်တစ်ခတ်ဓားပညာရပ် 

Vol. 3 Ch. 34

"မျက်တောင်တစ်ခတ်ဓားပညာရပ်လား။" ဟန်လိက ရေရွတ်လိုက်သည်။

"ဟုတ်တယ်။ ဒီဓားပညာရပ်က မျက်တောင်ခတ်တာနဲ့ သက်ဆိုင်တယ်လို့ မင်းထင်လား။ အဲဒီနာမည်က နည်းနည်းရယ်ရတယ်လို့ မထင်ဘူးလား။"

"အရင်တုန်းက အဲဒီလို ဓားနည်းစနစ်မျိုး လေ့ကျင့်ဖူးလား။" ဟန်လိက သိချင်စိတ်ဖြင့်မေးလိုက်သည်။

"မကျင့်ဖူးဘူး။ အဲဒီလိုအသုံးမဝင်တဲ့ ဓားပညာမျိုး ဘယ်သူက လေကျင့်မှာလဲ။ အဲဒါက ဟန်ပြပဲရှိပြီး အစွမ်းမထက်ဘူးလေ။ ဒီဓားပညာကို ဖန်တီးပြီးကတည်းက ငါ မပြောနဲ့ တခြားဘယ်သူမှ ဒီပညာရပ်ကို လေ့ကျင့်ဖို့မရွေးချယ်ဖူးကြဘူး။"

"ဂိုဏ်းချုပ်ရဲ့အသက်ကို မရေတွက်နိုင်အောင် ကယ်တင်ခဲ့ဖူးတဲ့ လူက ဒီဓားပညာရပ်ကို ဖန်တီးပြီး ခုနစ်ပါးခန်းမအတွင်း ထားရှိဖို့ ဆန္ဒရှိခဲ့တာ မဟုတ်ရင် အထွတ်အထိပ်ခုနစ်ပါးခန်းမက ဒီလိုဓားပညာရပ်မျိုးကို သိမ်းဆည်းထားပေးမှာတောင် မဟုတ်ဘူး။"

အေးစက်သော မျက်နှာထားနှင့် လီဖေးယွီကို ဤမျှ စကားများသူအဖြစ် ဟန်လိ မည်သည့်အခါကမှ တွေးထားခဲ့လိမ့်မည်မဟုတ်ပေ။ လီဖေးယွီက ဟန်လိပင် ပါးစပ်မဖွင့်ရသေးသော်လည်း ဤထူးဆန်းသည့် ဓားသိုင်းပညာရပ်နှင့် အခြားနည်းစနစ်များအားလုံးကို စာရင်းပြုစုကာ ပြောပြလိမ့်မည်ဟု မည်သူက ထင်လိမ့်ပါမည်နည်း။ လီဖေးယွီက ဟန်လိနှင့် နှစ်ယောက်တည်း ရင်ဆိုင်တွေ့သည့်အခါမှ ဤကဲ့သို့ပြုမူခြင်း ဖြစ်ပေသည်။ ဟန်လိ တစ်ယောက်တည်း၏ ရှေ့၌မဟုတ်ဘဲ အခြားတပည့်များရှေ့သို့ ရောက်လျှင် သူက အေးစက်သည့် မျက်နှာထားသို့ပြန်၍ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

လီဖေးယွီပြောလာသည်ကို ကြားပြီးနောက် ထိုနည်းစနစ်ပညာရပ်မှာ သူရှာနေသည့်အရာဖြစ်သည်ဟု ဟန်လိ၏ ထိုးထွင်းသိမြင်မှုကပြောပြနေသည်။

"စီနီယာတပည့်လီ အထွတ်အထိပ်ခုနစ်ပါးခန်းမက အဲဒီဓားပညာရပ်ကို ကျုပ်အတွက် ကူးယူလာပေးနိုင်မလား။"

"ဟီးဟီး ကိစ္စမရှိဘူး။ မင်းက တခြားသိုင်းပညာရပ်ကို တောင်းဆိုရင် တခြားလူတွေ စောင့်ကြပ်နေတာကြောင့် ကျုပ် အောင်မြင်ဖို့ အာမခံနိုင်စွမ်းမရှိဘူး။ ဒါပေမယ့် မျက်တောင်တစ်ခတ်ဓားပညာရပ်ကတော့ မင်း စိတ်ချထားလို့ရတယ်။ ဒါပေမယ့် အဲဒါကို ကူးလာဖို့ကတော့ ကရိကထအရမ်းများလိမ့်မယ်။ ဒါကြောင့် ကျုပ် မင်းအတွက် မူရင်းစာအုပ်ကို ခိုးလာပေးမယ်။ မင်း ဒီနည်းစနစ်ကို သေချာမှတ်သားပြီးတာနဲ့ ကျုပ်ကို ပြန်ပေးလိုက်။ အဲဒါကို တိတ်တိတ်လေး မူရင်းနေရာဆီ ပြန်ထားလိုက်မယ်။ ဒါဆို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။" လီဖေးယွီက ရဲတင်းစွာ အကြံပြုချက်ပေးလိုက်သည်။

ဟန်လိသည် လီဖေးယွီက ထိုကိစ္စနှင့် ပတ်သတ်ပြီး အလွန် ယုံကြည်ချက်ရှိနေသည့်အတွက် သူက ထိုအကြံပြုချက်ကို သဘောတူလိုက်သည်။

အစပိုင်းတွင် ဟန်လိသည် လီဖေးယွီက ၎င်းနည်းစနစ်ကို ကူးယူသည့်အခါ မတော်တဆ မျက်စိလျှမ်းပြီး တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားမည်ကို စိုးရိမ်ခဲ့သော်လည်း လီဖေးယွီက ထိုပညာရပ်၏ မူရင်းကို ခိုးယူလာပေးချင်သည့်အတွက် ဟန်လိက ပို၍ စိတ်သက်သာရာရသွားခဲ့သည်။

"နောက်ကျနေပြီ။ ကျုပ် ပြန်သွားပြီး သိုင်းကျင့်ရတော့မယ်။ မဟုတ်ရင် အထွတ်အထိပ်ခုနစ်ပါးခန်းမက ငါ ခိုးထွက်နေတာကို သတိထားမိသွားလိမ့်မယ်။" လီဖေးယွီက ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်လိုက်ပြီး အဝတ်များကို ဝတ်ကာ ဟန်လိ ပုန်းအောင်းရာ လျှို့ဝှက်တောင်ကြားမှ ထွက်ခွာသွားရန် ပြင်လိုက်သည်။

လီဖေးယွီ ထွက်မသွားခင် ဟန်လိက လီဖေးယွီ ဓားနည်းစနစ်အား ခိုးယူသောအခါ ဂရုစိုက်ရန် သတိပေးလိုက်သည်။

လီဖေးယွီ ထွက်သွားပြီးနောက် ဟန်လိက နတ်ဘုရားလက်တောင်ကြားကို ပြန်သွားခဲ့သည်။

တောင်ကြားကို ခြေချလိုက်သည်နှင့် ဟန်လိသည် သမားတော်မော့ အဝေးမှ ပြန်ခေါ်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က သမားတော်မော့၏ အိမ်အပြင်ဘက်တွင် စောင့်ကြပ်နေသကဲ့သို့ အမူအရာမဲ့စွာ ရပ်နေသည်ကို မြင်လိုက်ရပေသည်။ ယခုက ပူပြင်းသည့်နွေရာသီဖြစ်သော်လည်း သူ့ကို အနည်းငယ်မှ မသက်ရောက်သကဲ့သို့ပင်။

ဟန်လိသည် သူ့အိမ်ဝင်ပေါက်၌ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သမားတော်မော့၏ တံခါးပေါက်လှေကားထစ်တွင် ရပ်ကာ စောင့်ကြပ်နေသော လျှို့ဝှက်ဆန်းကြယ်သည့်သူကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

သမားတော်မော့ သူ့ကို ခြိမ်းခြောက်စဥ်ကတည်းက ဟန်လိသည် ထိုဖုံးကွယ်ထားသည့် ခေါင်းစွပ်အောက်မှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ ပုံသဏ္ဌာန်ကို စိတ်ဝင်စားနေခဲ့ပေသည်။ ဟန်လိသည် ထိုလူ တောင်ကြားသို့ ရောက်လာစဥ်ကတည်းက စကားတစ်ခွန်းမှပြောသည်ကို ကြားဖူးခြင်းမရှိဘဲ မွေးရာပါ ဆွံ့အနားမကြားဖြစ်နေသည်လား သိချင်စိတ်ဖြစ်လာစေပေသည်။

သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူက ဆင်တစ်ကောင်၏ ကြံ့ခိုင်မှုရှိပြီး တစ်နေ့လုံး အနည်းငယ်မျှပင် အနားမယူဘဲ တိတ်ဆိတ်စွာ မတ်တပ်ရပ်စောင့်ကြပ်နေနိုင်ပေသည်။ ဟန်လိ၏ နှလုံးသားထဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူကို ဖော်ပြရန် အသုံးပြုနိုင်သော စကားလုံးမှာ 'လူထူးဆန်း' ဟူသည့် စကားသာလျှင် ​ရှိပေသည်။

သူက ထိုလူနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ခဲ့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က သစ်သားတုံးကြီးကဲ့သို့ ဟန်လိ သူ့ကို မည်မျှ စကားပြောနေပါစေ မည်သည့်တုန့်ပြန်မှုမှ မပြုခဲ့ပေ။

ဟန်လိသည် သမားတော်မော့က လူတစ်ယောက်ကို ရုပ်သေးတစ်ရုပ် ဖြစ်သည်အထိ လေ့ကျင့်ပေးနိုင်သည်မှာ အလွန် အံ့သြစရာကောင်းသည်ဟု ခံစားမိခဲ့ပေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သည့်သူက မည်သည့် အားနည်းချက်နှင့် ခံစားချက်မှ မရှိပေ။ ထို့ပြင် အလွန် အားကောင်းလှသည့် ခွန်အားကို ပိုင်ဆိုင်ထားပြီး သမားတော်မော့၏ အမိန့်ကို တသဝေမတိမ်းနာခံပေသည်။ ဟန်လိ၏ သုံးသပ်ချက်အရ ထိုလျှို့ဝှက်ဆန်းကြယ်သည့်သူကို သမားတော်မော့က သူ၏ ခရီးမှ ပြန်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ဟန်လိသည် ဤလျှို့ဝှက်ဆန်းကြယ်သည့်လူက အနာဂတ်၌ သူ့ကို ဖိနှိပ်ရာတွင် သမားတော်မော့အတွက် အလွန် အသုံးဝင်နိုင်ကြောင်း သိရှိသော်လည်း သူက ထိုလူ၏ အားနည်းချက် သို့မဟုတ် ဖြေရှင်းချက်ကို ရှာဖွေနိုင်စွမ်းမရှိခဲ့ပေ။

ဟန်လိ၏ သိချင်စိတ်ကို နှိုးဆွနေသည့် တစ်ခုတည်းသောအရာမှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် လူကို မြင်တွေ့လိုက်သောအချိန်တိုင်း ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းကာ သူ ထိုလူကို ယခင်က မြင်တွေ့ဖူးသလို ခံစားမိစေပေသည်။ သို့သော် သူက မည်မျှ ချင့်ချိန်တွေးဆနေပါစေ ထိုလူ၏ နောက်ကျောကို မည်သည့်အတွက် ရင်းနှီးနေကြောင်း စဥ်းစား၍မရခဲ့ပေ။

တခဏကြာပြီးနောက် ဟန်လိက သက်ပြင်းချကာ တံခါးပိတ်လိုက်သည်။ သူက အိမ်ထဲသို့ ပြန်လာခဲ့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့်သူမှာ သမားတော်မော့ အမိန့်ပေးခြင်းမှမဟုတ်လျှင် ထိုနေရာ၌သာ ဆက်လက်၍ အနားမယူဘဲစောင့်ကြပ်နေမည်ကို သူ သိရှိပေသည်။

သူ့နှလုံးသားထဲမှ ခံစားချက်က အနည်းငယ် ရှုပ်ထွေးနေပြီး ဟန်လိသည် ထပ်၍ စိုးရိမ်မနေရန် ဆုံးဖြတ်ခဲ့ကာ အိပ်ရာပေါ်သို့ ခုန်တက်၍ လက်ချောင်းများကို ယှက်သွယ်ကာ ခေါင်းနောက်သို့ ထားရင်း လဲလျောင်းလိုက်သည်။ သူ့အိပ်ရာပေါ်တွင် ဟန်လိက အနားယူရန် မျက်လုံးများကို မှိတ်ကာ ယနေ့ ဖြစ်ပျက်သည့် အဖြစ်အပျက်များ၏ မှတ်ဉာဏ်များနှင့် အတွေးများကို စုစည်းလိုက်သည်။ သူက စီနီယာတပည့်လီ သူ့ကို သင်ပေးခဲ့သည့် နည်းစနစ်များ၏ နောက်ကွယ်မှ အနှစ်သာရကို သဘောပေါက်နိုင်ရန် အထပ်ထပ်အခါခါ လေ့လာဆန်းစစ်နေသည်။

၎င်းသည် ဟန်လိ ထာဝရနွေဦးကျင့်စဥ်ကို ပဉ္စမအဆင့်ထိ ကျင့်ကြံနိုင်ခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သော မမေ့ပျောက်ဘဲ အသေးစိတ်မှတ်မိနိုင်သည့် မှတ်ဉာဏ်ဖြစ်သည်။

သူ၏ အသေးစိတ်မှတ်မိနိုင်သော မှတ်ဉာဏ် အားသာချက်ကို အပြည့်အဝ အသုံးချကာ ဟန်လိသည် သိုင်းပညာရပ်များစွာကို မှတ်ဉာဏ်အတွင်း သွပ်သွင်းထားကာ တစ်ခေါက်ပြီးတစ်ခေါက် ခွဲခြမ်းစိတ်ဖြာကြည့်နိုင်ပေသည်။ သူ၏ အသေးစိတ်မှတ်မိနိုင်သည့် မှတ်ဉာဏ် စွမ်းရည်ကြောင့် လီဖေးယွီက သူ့ကို ပါရမီရှင်ဟု ခေါ်ခြင်း ဖြစ်ပေသည်။

လွန်ခဲ့သည့်နှစ်လခန့်က ဟန်လိသည် ထာဝရနွေဦးကျင့်စဥ်၏ ပဉ္စမအဆင့်သို့ အတင်းအကျပ် ချိုးဖျက်ရန် သူ ဖော်စပ်ထားသည့် ဆေးဝါးကို အသုံးပြုခဲ့ပေသည်။

နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေး နှစ်ခုလုံးက ဟန်လိ ထင်ထားသည်ထက် ကျော်လွန်သည့် အလွန် အားပြင်းသော ဆေးအာနိသင်ရှိသည်။ ထိုဖော်စပ်ထားသည့် ဆေးနှစ်လုံးကို အဖိုးမဖြတ်နိုင်သည့် ရတနာအဖြစ် သတ်မှတ်နိုင်သည်။

သို့သော် သူက သိမ်းဆည်းထားသည့် ဆေးများထဲမှ တစ်ဝက်ကို သောက်သုံးပြီး ဖြစ်သည်။ နောက်ကျန်သည့် အချိန်အတောအတွင်း ဟန်လိသည် ထာဝရနွေဦးကျင့်စဥ်၏ ဆဋ္ဌမအဆင့်သို့ ချိုးဖျက်တက်ရောက်ရန် အချိန်လုံလောက်နိုင်ကြောင်း ခန့်မှန်းမိခဲ့ပေသည်။ အားရဝမ်းသာစွာနှင့် သူက လက်များကို ပွတ်လိုက်ပြီး ထာဝရနွေဦးကျင့်စဥ်၏ ဆဋ္ဌမအဆင့်သို့ တက်ရောက်နိုင်သည့်အခါ သူ့အတွက် မည်သည့် အံ့သြစရာများ စောင့်ကြိုနေမည်ကို သိချင်နေပေသည်။

သမားတော်မော့ ကန့်သတ်ထားသည့် အချိန်ရောက်ရန် နှစ်ဝက်သာလျှင် ကျန်တော့သည်။ ဟန်လိက လီဖေးယွီထံမှ သိုင်းပညာတချို့ သင်ယူနေသော်လည်း သူ၏ စစ်မှန်သောချီနှင့် သိုင်းပညာရပ်ကို ပေါင်းစပ်နိုင်စွမ်းမရှိပေ။ သူက သိုင်းပညာရပ်၏ ဟန်ကို ထုတ်ဖော်နိုင်သော်လည်း လီဖေးယွီ သင်ကြားပေးခဲ့သည့် သိုင်းပညာရပ် နောက်ကွယ်မှ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိချေ။

အားနည်းကာ ပျော့ညံ့သူများကို ရင်ဆိုင်ရန်အတွက် ၎င်းက လုံလောက်သည်ထက် ပိုပေသည်။ သို့သော် သူက သမားတော်မော့အား ဤမျှ နိမ့်ပါးသောစွမ်းရည်နှင့် ဆန့်ကျင်တိုက်ခိုက်ချင်လျှင် အလွန် ရယ်စရာကောင်းနေပေလိမ့်မည်။ ခွေးကို အသားပေါက်စီနှင့် ရိုက်နေသကဲ့သို့ မည်သည့်အကျိုးသက်ရောက်မှုကိုမှ ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

ထိုအကြောင်းကို တွေးမိသည့်အခါ ဟန်လိ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာပေသည်။ မည်မျှ ပြဿနာများလိုက်သနည်း။ ထာဝရနွေဦးကျင့်စဥ်က သူ့ခန္ဓာကိုယ်အား နည်းလမ်းမျိုးစုံနှင့် တိုးမြှင့်ပေးနိုင်သော်လည်း တိုက်ပွဲဝင်ရန် သတ်ဖြတ်ရန် အသုံးပြုနိုင်ခြင်းမရှိပေ။

ယခု ကြည့်ရသည်မှာ သူက မျက်တောင်တစ်ခတ်ဓားပညာရပ်အပေါ်တွင်သာ မှီခိုအားထားရတော့မည်ဖြစ်ကာ ၎င်းက ဆန်းကြယ်မှုတို့ ဖြစ်ပေါ်လာစေပြီး ဖြစ်ပျက်လာမည့် ဒုက္ခသုက္ခတို့မှ အသက်ရှင်လျက် လွတ်မြောက်ဖို့ရာ အခွင့်အရေးရှိရန် မျှော်လင့်မိပေသည်။

All Chapters