← Chapters

မင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Vol. 54 Ch. 755

မင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Vol. 54 Ch. 755

မန်ဟို့လက်ထဲရှိ မိုးကြိုးဒယ်အိုးက စူးရှတောက်ပလာပြီး ထစ်ချုန်းသံတစ်သံ ထုတ်လွှတ်လိုက်သောအခါ ဆရာကျန့်၏မျက်နှာမှာ ပျက်သွားပြီး မကောင်းသောခံစားချက်များ သူ့ရင်တွင် ပြည့်သျှံလာတော့သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ကို ဖိချကာ ချန်ဖန်း၏ခေါင်းကို လက်ညှိုးဖြင့် ထိုးစိုက်၍ မန်ဟို့အား ခြိမ်းခြောက်ဖို့ လုပ်လိုက်သည်။

သို့သော် သူ၏လက်ချောင်း ကျသွားသည့်အခိုက်အတန့်တွင် မယုံနိုင်လောက်အောင် ‌တုန်လှုပ်ဖွယ်ကောင်းသော အားတစ်ခုက သူ့လက်ကို တန်ပြန်သက်ရောက်လေသည်။  သူသည် အသွေးအသားကို မဟုတ်ဘဲ ပူခြစ်နေသော သံတုံးကြီးကို ဖိချလိုက်ရသည့်အလားပင်။ ပြန်ကန်အားက သူ့လက်ဝါးကို အပ်များ စိုက်ဝင်သွားသလို ခံစားရစေသည်။ ဆရာကျန့်မှာ လုံးလုံးလျားလျား ထိတ်လန့်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် တစ်ချိန်လုံး သူကြည့်နေခဲ့သည့်အတိုင်း မန်ဟိုဖြစ်ရမည့်အစား ချန်ဖန်းကို ကြည့်နေရကြောင်း တွေ့လိုက်ရသဖြင့် မှင်သက်သွား၏။

သူ့မှာ ရင်တဒိန်းဒိန်းခုန်လျက် လက်ဝါးကို ဖြေးဖြေးချင်း ငုံ့ကြည့်လိုက်ရာ မန်ဟို့ခေါင်းပေါ် လက်တင်ထားမိကြောင်း မြင်လိုက်ရလေသည်။

သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ဦးရေပြားတို့ ထုံကျင်သွားသည်။ သူ့မှာ အလန့်တကြား နောက်ဆုတ်မိလိုက်၏။

“အဲ့ဒါ ဘာနတ်ဘုရားစွမ်းရည်လဲ” ဆရာကျန့်မှာ အံ့လည်း အံ့ဩ ၊ ကြောက်လည်း ကြောက်နေတော့သည်။ သူသည် ပို၍မြန်မြန် ပြေးနိုင်အောင် လျှာထိပ်ကို ကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်၏။

“ပြေးချင်တယ်လား” မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြောသည်။ သူသည် ဘယ်လက်ခလယ်ဖြင့် ညွှန်လိုက်ပြီး ဒုတိယကိုယ်အစစ်က သစ်သားအချိန်ဓားကို ချက်ချင်း ပစ်လွှတ်လိုက်၏။ ဆရာကျန့်မှာ သည့်ထက်မြန်လျှင်တောင်မှ သစ်သားအချိန်ဓား၏လက်ထဲ လွတ်အောင် ပြေးနိုင်ဦးမည်မဟုတ်ပေ။

၎င်းက မျက်စိတစ်မှိတ်အတွင်း သူ့အပေါ် ရောက်လာရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပုံပျက်ရှုံ့တွသွားစေသည်။ ဆရာကျန့်မှာ လျင်မြန်စွာ အိုမင်းခြောက်လာတော့သည်။ သူ မချိတင်ကဲ အောက်လိုက်သည့်အချိန်တွင် သစ်သားအချိန်ဓားက သူ့ခေါင်းတည့်တည့်သို့ ထိုးစိုက်ချလိုက်လေပြီ။

ဓားတစ်လက်ဖြင့် သုတ်သင်ခံလိုက်ရခြင်း။

သပ်သပ်ရပ်ရပ်နှင့် အပိုအလိုမရှိ သတ်ဖြတ်မှု။

ဆရာကျန့်၏ခန္ဓာကိုယ်မှာ ပိန်ချုံးခြောက်ကပ်လာကာ သူ၏အနုသုခုမနတ်ခန္ဓာမှာ အသတ်ခံလိုက်ရလေပြီ။ သူ ပြုတ်ကျလာစဉ် သူ့ပုံစံမှာ နှစ်တစ်သောင်း ကျော်ဖြတ်လိုက်ရသည့်အလားပင်။ ထို့နောက် သူကား လေနှင့်အတူ မျောလွင့်သွားသော ဖုန်များထက် မပိုတော့ပေ။

သူ ရှိခဲ့ဖူးသည်ဆိုပြီး သက်သေပြရန်ပင် မကျန်တော့။ သူကား လုံးလုံးလျားလျား သေဆုံးသွားခဲ့လေပြီ။

ယီးကျန့်ဂိုဏ်း၏ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ဦးနှင့်အတူ ဂိုဏ်းသားများမှာ အံ့ဩလွန်း၍ ဆွံ့အနေကြသည်။ သူတို့၏မျက်နှာများမှာ သွေးဆုပ်ဖြူလျောနေပြီး တခဏကြာသော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးနှစ်ဦးအနက်မှ တစ်ယောက်က စပြီး ဒူးထောက်အရိုအသေပေးလိုက်သည်။

“သွေးမင်းသား၊ ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်းကို အညံ့ခံလိုပါတယ်”

ကျန်ဂိုဏ်းသားများလည်း ရင်တဒိန်းဒိန်း ခုန်နေလျက် ချက်ချင်း ဒူးထောက်လိုက်ကြပြီး တုန်ယင်နေသောအသံများဖြင့် ကြွေးကြော်လိုက်ကြသည်။ “ဂါဝရပြုပါတယ် သွေးမင်းသား”

သူတို့၏အသံများတွင် ကြောက်စိတ်တို့ ပါနေသည့်တိုင် အရေအတွက်အားဖြင့် ထောင်သောင်းချီသည့်အတွက် ကြွေးကြော်သံများသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော အသံလှိုင်းကြီးဖြစ်သွားလေ၏။

မန်ဟိုက မတုံ့ပြန်။ ထိုအစား ချန်ဖန်းကို ပြန်ကြည့်လိုက်သည်။ ချန်ဖန်းမျက်နှာသည် ဘဝကြီးတွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့သည့်အလား ညှို့မှိုင်းနေ၏။ သူ့အတွက် ဘဝဆိုသည်မှာ သူ့ကိုယ်သူ သတ်ပစ်ချင်လောက်အောင် နာကျင်ရလေသည်။

မန်ဟိုသည် သူ၏မှတ်ဉာဏ်များ၌ တည်ရှိသော အစ်ကိုကြီးကို ပြန်တွေးမိလိုက်သည့်အခါ ရင်နာသွားရ၏။ ထိုလူက ယခုလိုမျိုးမဟုတ်ပေ။ ထိုလူသည် တာအိုကို တစိုက်မတ်မတ် လေ့လာလိုက်စားပြီး မြင့်မားသော ရည်မှန်းချက်များ ရှိသူဖြစ်၏။ တစ်ခါတရံ စာအုပ်ကြီးအတိုင်း ပျင်းစရာကောင်းသော်လည်း မန်ဟို့အရှေ့တွင်ရပ်ပြီး မည်သည့်အန္တရာယ်ကိုဖြစ်စေ ဟန့်တားပေးရန် ဘယ်တော့မှ မတွန့်ဆုတ်ဖူးသည့် သူရဲကောင်းတစ်ဦး ဖြစ်လေသည်။

ထိုချန်ဖန်းသည် သူတို့၏ဂိုဏ်း ပျောက်ကွယ်သွားပြီး‌နောက်တွင်ပင် မန်ဟိုကို  ဂရုစိုက်ပေးရန် လိုအပ်သေးသော ညီငယ်အဖြစ် မှတ်ယူခဲ့သည်။ သူက မန်ဟို့အတွက် မိန်းမရှာပေးရန်ပင် စဉ်းစားပေးခဲ့သော အစ်ကိုကြီးတစ်ဦးဖြစ်လေသည်။

“အစ်ကိုကြီး ... “ မန်ဟိုက တိုးညှင်းညင်သာစွာ ခေါ်လိုက်သည်။

ချန်ဖန်းက မန်ဟို့ကို မော့မကြည့်ခင် အတန်ငယ် တိတ်ဆိတ်နေခဲ့၏။ သူက တခဏကြာသော် အားတင်းပြုံးလိုက်လေသည်။

“ညီလေး မင်းအရွယ်‌ရောက်လာပြီပဲ ... နောက်ဆုံးတော့ အစ်ကိုကြီး စိတ်မပူဘဲ နေလို့ရပြီ.... အချိန်ရသေးလား။ အချိန်ရရင် နည်းနည်းပါးပါး သောက်ကြစို့ကွာ”

မန်ဟိုက ချက်ချင်း ခေါင်းညိတ်ကာ ယီးကျန့်ဂိုဏ်းသားများနှင့် သွေးမိစ္ဆာဂိုဏ်းသားမျာကို ထွက်သွားစေလိုက်သည်။ သူတို့အားလုံးက ဂိုဏ်းမှ ထွက်ခွာသွားကြပြီး အပြင်တွင် တင်ပျဉ်ခွေထိုင်လျက် စောင့်နေကြ၏။

ယီးကျန့်ဂိုဏ်းတစ်ဂိုဏ်းလုံး တိတ်‌‌ဆိတ်သွားသည်။ မန်ဟိုနှင့် ချန်ဖန်းသည် ထူးဆန်းသောကျောက်ဆောင်အောက်က တောင်ထွတ်အပေါ်တွင် ထိုင်လိုက်ကြ၏။ ချန်ဖန်းက အရက်တစ်အိုးထုတ်ကာ မန်ဟို့ထံ ကမ်းပေးသည်။

မန်ဟို့မျက်လုံးများက ရှုပ်ထွေးတွေဝေနေသော်လည်း သူ့မှာ မည်သို့အကြံပေးရမလဲ မသိသဖြင့် အရက်အိုးကို လက်ခံပြီး အကြာကြီး မော့သောက်လိုက်သည်။

အရက်သည် ပြင်းရှပြီး လည်ချောင်းတစ်လျှောက် ပူဆင်းသွား၏။

ချန်ဖန်းက ကျောက်ဆောင်ကို ကြည့်ပြီး တိုးညှင်းညှင်း ပြောသည်။ “သူက မင်း မရီးပဲ”

မန်ဟိုက တိတ်ဆိတ်စွာ ထိုင်နေသည်။

ချန်ဖန်း၏မျက်လုံးအိမ်တို့မှ မျက်ရည်များ စီးကျလာသည်။

“အင်မော်တယ်လမ်းစဉ်ဟာ အခက်အခဲ၊ အတားအဆီးတွေ အပြည့်နဲ့မလို့ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုရင်း အချိန်ကုန်ဆုံးကြမယ်ဆိုပြီး ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကတိပေးခဲ့ကြတယ်

“အခု သူ အိပ်နေတယ်။ ဒီဘဝမှာ နိုးလာချင်မှ နိုးလာတော့မှာ။ ဒါပေမဲ့လည်း နိုးလာရင်လည်း နိုးလာလောက်တယ် ... ငါ ဒီမှာ သူ့ကို အဖော်ပြရင်း နေသွားမယ်။ အဲ့ဒါ ငါတို့ရဲ့သစ္စာပဲ

“ငါ ဆရာ့ကို စိတ်ပျက်စေမိခဲ့တယ်။ ငါအနေနဲ့ ဆရာ့တပည့်ဖြစ်ဖို့တောင် မထိုက်တန်ပါဘူးကွာ....” ချန်ဖန်းမှာ အဘိုးကြီးနှင့်တူနေလေပြီ။ မျက်ရည်များက သူ၏မျက်နှာမှ ပိုးပိုးပေါက်ပေါက် ကျနေသည်။

ချန်ဖန်းသည် ငိုခဲ၏။ သူနှင် ရှန်လင်း ဂိုဏ်းသို့ ပြန်‌ဖမ်းခေါ်လာခဲ့ရတုန်းကပင် မငိုခဲ့ပေ။ ရှန်လင်း အိပ်စက်ရန် ဆုံးဖြတ်ခဲ့စဉ်က သူ့နှလုံးသားထဲတွင် မျက်ရည်များ ကျနေခဲ့သော်လည်း အပြင်သို့ ထွက်မလာခဲ့။ သူ ပထမဆုံးအကြိမ် အမှန်တကယ် ငိုသည့်အချိန်ကတော့ သူ့ဆရာ သူ့အတွက် ပြစ်ဒဏ်ခံယူလိုက်သည့် အချိန်ပင်။

ဒုတိယအကြိမ် ငိုခဲ့သည့်အချိန်မှာ သူ့ဆရာ ကွယ်လွန်သွားတုန်းက ဖြစ်သည်။

တတိယအကြိမ်မှာတော့ ယခု မန်ဟို၏ ရှေ့မှောက်တွင်ပင်။

“အစ်ကိုကြီး....” မန်ဟိုက စကားစလိုက်သော်လည်း ဘာပြောရမှန်းမသိသဖြင့် ရပ်သွားသည်။ တခဏကြာသော် ခိုင်မာပြတ်သားသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာ၏။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ရာ သူ၏လက်ချောင်းထိပ်မှ သွေးစက်တစ်စက် ဖြေးညင်းစွာ ထွက်လာသည်။

သွေးစက် ထွက်လာသောအခါ သူ၏မျက်နှာမှာ အတန်ငယ်ဖျော့တော့သွား၏။ တောက်ပနေသော သွေးအလင်းရောင် ပေါ်လာသည့်အခါ ချန်ဖန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ တခဏကြာသော် သူ၏မျက်လုံးများတွင် နားလည်သွားသော အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး သူက ငေါက်ခနဲ ထရပ်လိုက်၏။

သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အော်သည်။ “ညီလေး မင်း ဘာလုပ်နေတယ်ထင်လဲ။ အခုချက်ချင်း ရပ်လိုက်စမ်း”

“အစ်ကိုကြီး၊ ကျွန်တော့်အနေနဲ့ အစ်ကိုကြီးကို များများစားစား မကူညီပေးနိုင်ဘူးလေ။ အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းအခြေခံကိုပဲ ပြန်ကုပေးနိုင်မှာ။ အဲ့ဒါမှ သက်တမ်းပြန်တိုးလာပြီး ... အစ်ကိုကြီးရဲ့ချစ်ရသူနဲ့ နေဖို့ အချိန်ပိုရမှာပေါ့” သူက ထိုသို့ပြောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏အသက်သွေးသည် ချက်ချင်း ရှေ့တက်သွားပြီး ချန်ဖန်း၏ နဖူးထဲ ဝင်ရောက်သွား၏။

ချန်ဖန်း တုန်ရီသွားသည်။ လွန်ခဲ့သော နှစ်များက သူ၏ အနုသုခုမရုပ်ခန္ဓာမှာ ပျက်စီးကြေမွသွားခဲ့လေသည်။ သို့သော် ဤအခိုက်အတန့်တွင် အချိန်မှာ နောက်ပြန်သွားနေသယောင်ပင်။ သူ၏အနုသုခုမရုပ်ခန္ဓာသည် သွေးကို စုပ်ယူလိုက်ပြီး အက်ကြောင်းများ ပြန်စေ့သွား၏။

သွေးတွင် မန်ဟို၏အသက်စွမ်းအား တချို့သာ ပါရှိသည်မဟုတ်၊ သူ၏ထာဝရအလွှာမှ စွမ်းအားတချို့လည်း ပါရှိလေသည်။ ထိုစွမ်းအားက ချန်ဖန်း၏ ကျင့်ကြံခြင်းအခြေခံကို ပြန်ပြုပြင်ပေးလိုက်သည်။

မှန်ပါသည်၊ မန်ဟို့တွင် အသက်သွေးစက်အနည်းငယ်သာ ကျန်တော့၏။ များစွာ ခွဲထုတ်လိုက်လျှင် သူ့အနေဖြင့် ထာဝရအလွှာကို သုံးနိုင်တော့မည်မဟုတ်ပေ။

သို့သော် ချန်ဖန်းမှာ သူ၏အစ်ကိုကြီးဖြစ်သည်။ သူတို့နှစ်ယောက်အကြား ဖြစ်တည်လာခဲ့သော သံယောဇဉ်နှင့် ထိုစဉ်ကတည်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မန်ဟို့ကို နည်းနည်းလေးပင် မတွန့်ဆုတ်စေခဲ့ပေ။ ချန်ဖန်းကို အသက်သွေးမပေးလျှင် သူကား... မန်ဟိုမဟုတ်။

ချန်ဖန်းမှာ တဆတ်ဆတ် တုန်လာပြီး တဒင်္ဂကြာသော် သူ၏အနုသုခုမရုပ်ခန္ဓာ အကောင်းအတိုင်း ပြန်ဖြစ်သွားသဖြင့် သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်သည်။ ယခု သူ့တွက် အနုသုခုမရုပ်ခန္ဓာတစ်ခု ပြန်ရှိသွားပြီဖြစ်၍ သူ၏ကျင့်ကြံအဆင့်သည် တဟုန်ထိုး မြင့်တက်လာပြီး သူ၏ အရောင်မွဲနေသော ဆံပင်များမှာ ပြန်နက်မှောင်သွားလေသည်။

သူ၏အိုမင်းသော ပုံပန်းသွင်ပြင်မှာ ငယ်ရွယ်ပြီး ရဲစွမ်းသတ္တိပြည့်လာ၏။ သူကား အဘိုးကြီးနှင့် မတူတော့ဘဲ သက်လတ်ပိုင်းအရွယ်ဖြစ်ကာ အင်အားတို့ ပြည့်ဖြိုးနေသည်။

ယခု သူသည် မန်ဟို မှတ်မိသော ချန်ဖန်းနှင့် ပြန်တူသွားလေပြီ။

ချန်ဖန်းက မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်သည်။ “ညီလေး မင်း ..... “

“ဘာမှ ပြောစရာမလိုပါဘူး” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “အစ်ကိုကြီးက ကျွန်တော့်အစ်ကိုကြီးပဲကို....”

ချန်ဖန်းမှာ တိတ်ဆိတ်သွားပြီး အတော်လေးကြာသော် ဖြေးညင်းစွာ ခေါင်းညိတ်လိုက်၏။ သူက အရက်အိုးကို ကောက်၍ ကျောက်ဆောင်ကို ကြည့်ကာ အရက်စသောက်သည်။

ကောင်းကင်သည် မှောင်ရီပျိုးစပြုလာပြီး နောက်ဆုံး လသာလာသည်။ မိုးသောက်နေက မိုးကုပ်စက်ဝန်းတွင် ခေါင်းထွက်ပြူလာသောအခါ မန်ဟိုက စကားအရင်စလိုက်သည်။ သူနှင့် ချန်ဖန်းသည် မှီခိုရာဂိုဏ်းအကြောင်း၊ တောင်ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံ ပြောလာကြ၏။ သူတို့နှစ်ယောက်မှာ ပျော်ရွှင်ဖွယ်ရာ အတိတ်နေ့ရက်များကို ပြန်ပြောင်းပြောနေကြလေသည်။

မွန်းတည့်သောအခါ မန်ဟိုက ထရပ်လိုက်သည်။

“အစ်ကိုကြီး ကျွန်တော် အခု သွားရတော့မယ် ... ဒီမှာ နေရတာ ငြီးငွေ့လာရင် ကျွန်တော့်ကို သွေးမိစ္ဆာဂိုဏ်းမှာ အချိန်မရွေး လာရှာလို့ရတယ်နော်”

ချန်ဖန်းက ပထမဆုံး ဘာမှပြန်မပြော။ သူသည် ကျောက်ဆောင်နှင့် အထဲတွင် မျက်လုံးများပိတ်လျက် အိပ်ပျော်နေသော အမျိုးသမီးကို ကြည့်နေ၏။

“မင်း အရွယ်ရောက်လာခဲ့ပြီးပြီ” သူက တိုးညင်းပျော့ပျောင်းစွာ ပြောသည်။ “ပြီးတော့ မင်းအစ်ကိုကြီးလည်း အိုနေပြီ.... ငါ့အတွက် မပူနဲ့။ မင်းလမ်း မင်း‌ဆက်လျှောက် ... ငါလည်း ငါ့လမ်းငါ လျှောက်မယ်။ ငါ နောက်ဆုံး မျက်စိမှိတ်တဲ့အချိန်အထိ ဒီနေရာမှာ သူ့ကို စောင့်နေမယ်

“အဲဒီနေ့ရောက်လာရင် ညီလေး ... မင်းကိုယ်တိုင် ငါ့ကို ဒီနေရာမှာ မြှုပ်ပေးနိုင်မလား။ အဲဒါမှ နေထွက်နေဝင်တာကို သူနဲ့ အမြဲအတူတူ ကြည့်နိုင်မှာမလို့ပါ... ငါ ဒီနေရာကို ပြန်လာရှာမယ်။ တစ်ဘဝပြီးတစ်ဘဝ ... သူ နိုးလာမယ့်နေ့ မရောက်မချင်း စောင့်မယ်” သူက မန်ဟို့မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း လှည့်ကြည့်လေသည်။

“ညီလေး ... ကိုယ့်ကိုယ်ကို ဂရုစိုက်။ အစ်ကိုကြီးက အစွမ်းမထက်တော့ ... ငါ့ညီ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်။ မင်း အောင်မြင်ခမ်းနားပါစေကွာ”

မန်ဟိုက ချန်ဖန်းကို စိုက်ကြည့်နေပြီး ရှုပ်ထွေးနေသော ခံစားချက်များက သူ၏မျက်နှာတွင် ပြည့်နှက်နေတော့သည်။ တာအိုလမ်းစဉ်အပေါ် တစိုက်မတ်မတ် အာရုံစိုက်ခဲ့သော မှီခိုရာဂိုဏ်းမှ ထိုလူကို ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်ဟု သူလည်း ခံစားနေရလေသည်။ သူသည် ... သူ၏ဇာတ်လမ်း‌အကြောင်း တိုးတိုးလေး ရေရွတ်နေသော ယခု အစ်ကိုကြီးကိုလည်း မေ့နိုင်မည်မဟုတ်ပေ။

“အစ်ကိုကြီး ... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” မန်ဟိုက ခပ်တိုးတိုး ပြောသည်။ သူက လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးပြီးနောက် သက်ပြင်းခိုးချရင်း လှည့်ထွက်သွားသည်။

ချန်ဖန်းက တင်ပျဉ်ခွေထိုင်၍ မန်ဟို ထွက်သွားသည်ကို ကြည့်နေ၏။

“လင်းအာ၊ သူကလေ ကိုယ့်ရဲ့ ညီလေး သိလား။ ကိုယ့်နှလုံးသားထဲမှာ သူက ကိုယ့်ရဲ့ မိသားစုပဲ .... ကိုယ်မှာ သူနဲ့ ညီမလေးရှုက လွဲပြီး မိသားစုမရှိခဲ့ဘူး ... သူတို့နှစ်ယောက်တည်းပဲ

“မင်း အပြင်လောကကို နည်းနည်းသိနေသေးရင် သူတို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ကိုယ်တို့အတူတူ ဆုတောင်းပေးကြရအောင် ....”

မန်ဟိုသည် ယီးကျန့်ဂိုဏ်းမှ ပျံထွက်လာ၏။ သူ ထွက်လာသည်နှင့် ယီးကျန့်ဂိုဏ်းသားများနှင့် သွေးမိစ္ဆာဂိုဏ်းသားများက အလွန်လေး‌စားနေသော မျက်နှာအမူအရာများဖြင့် ထရပ်လိုက်ကြသည်။

မန်ဟိုက ယီးကျန့်ဂိုဏ်းကို လှမ်းကြည့်ပြီးနောက် ပြောသည်။ “မင်းတို့ ဝိညာဉ်မျှင်တွေထုတ်ပြီး သစ္စာဆိုကြ။ ပြီးရင်တော့ ဒီနေရာမှာ နေခဲ့ပြီး သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းခွဲဖြစ်လာရမယ်။ မင်းတို့ရဲ့ ကျောက်စိမ်းပြားတွေ၊ ရှေးဟောင်းမှတ်တမ်းတွေနဲ့ အမွေအနှစ်ရတနာတွေ အကုန်လုံးကို သွေးမိစ္ဆာဂိုဏ်းဆီ လွဲပေးရမယ်ဆိုပေမယ့် ကျန်တဲ့အရာတွေကတော့ သူ့အတိုင်းသူ ရှိနေလိမ့်မယ်

“အခုစကပြီး တောင်ပိုင်းဒေသမှာ ယီးကျန့်ဂိုဏ်းမရှိတော့ဘူး။ သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းခွဲပဲ ရှိတော့တယ်

“ဟို ကျောက်ဆောင်အောက်က တောင်ထိပ်ပေါ်မှာ ထိုင်နေတဲ့သူက ငါ့ရဲ့ အစ်ကိုကြီး ချန်ဖန်းပဲ။ ဘယ်သူမှ အဲဒီတောင်ပေါ်ကို ခြေလှမ်းလေးတစ်ဝက်တောင် မချနဲ့။ ဘယ်သူမှ သူ့ကို မခန့်လေးစား မလုပ်နဲ့”

သွေးမိစ္ဆာဂိုဏ်းသားများက သဘောတူကြောင်း တိုင်တည်လိုက်ကြသည်။ သူတို့သည် အညံ့ခံခဲ့သည့် အခိုက်အတန့်ကတည်းက ဤအတွက် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ သူတို့၏ဝိညာဉ်မျှင်များနှင့် သွေးသစ္စာကျန်းကျိန်မှုကို သွေးမိစ္ဆာဂိုဏ်းမှာ စီစဉ်ပြီးနောက် ဝိညာဉ်ပေလွှာတစ်ခုအဖြစ် ပြောင်းလဲကာ မန်ဟို့ကို ဆက်သကြသည်။ ထို့နောက် သူတို့၏ ရတနာစံအိမ်မှာ မှော်ပစ္စည်းများနှင့် ရှေးဟောင်းမှတ်တမ်းများ ဖယ်ရှားခံလိုက်ရပြီး အမွေအနှစ်ရတနာများလည်း ပါဝင်သည်။

နောက်ဆုံးတွင် သွေးမိစ္ဆာဂိုဏ်းသားတချို့က ဂိုဏ်းတွင် အမြဲတပ်ချလိုက်သည်။ ထို့နောက် ....

မန်ဟိုက အင်္ကျီလက်စခါလိုက်ပြီး သွေးမိစ္ဆာဂိုဏ်းမှာ ကောင်းကင်ကို စိုးမိုးသွားတော့သည်။

သူတို့၏နောက်ထပ်ပစ်မှတ်က ... ကျင်းဟန်ဂိုဏ်းဖြစ်သည်။

မန်ဟို၏ ဒုတိယကိုယ်အစစ်မှာမူ မတူညီသော နေရာသို့ ပို့လွှတ်ခံလိုက်ရ၍ ပျောက်ကွယ်သွားခဲ့လေပြီ။

***

All Chapters