လျှို့ဝှက်သိုင်းပညာ၏ ဇာစ်မြစ်
Vol. 3 Ch. 40
ထိုစောဒကတက်ခဲ့သည့် တပည့်များမှာ ဤဓားသိုင်းပညာကို ဖန်တီးခဲ့သည့် စီနီယာက အလွန်နက်ရှိုင်း၍ ကျွမ်းကျင်အဆင့် စွမ်းရည်မျိုးရှိကြောင်း မသိခဲ့ကြပေ။ သို့သော် သူ၏ သွေးကြောများသည် ကျန်းဟူအတွင်း အခြားသော ကျင့်ကြံသူတစ်ယောက်နှင့် ဆန့်ကျင်တိုက်ခိုက်ရင်း သူ၏ သွေးကြောများက ဒဏ်ရာရသွားခဲ့သည်။ ထို့ကြောင့် သူက စစ်မှန်သောချီကို ကျင့်ကြံနိုင်စွမ်းမရှိတော့ပေ။
ဂိုဏ်းအတွင်း သူ၏ အဆင့်အတန်းကို ကာကွယ်နိုင်ရန် ထိုစီနီယာသည် ၎င်းကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားခဲ့လေသည်။ ထို့နောက်မှစကာ သူသည် ဂိုဏ်းရှိ အဖွဲ့ဝင်များကို လှည့်စားရန်အတွက် သူ့တွင် သန်မာအားကောင်းသော ခွန်အားရှိနေသည့်ဟန်ဆောင်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူလှုပ်ရှားခဲ့သည်။
သို့ဆိုလျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် စွမ်းရည်တို့ လစ်လပ်နေသည်မှာ မငြင်းနိုင်သည့် အမှန်တရား ဖြစ်သည်။ သူသည် ထိုအချိန်မှစ၍ သူ၏ အတွေ့အကြုံတို့ကို အခြေခံကာ ထိုးထွင်းဉာဏ်ကို အသုံးပြုပြီး သူ့ကိုယ်သူကာကွယ်နိုင်ရန် ပရိယာယ်တို့ကို စဥ်းစားတွေးတောခဲ့သည်။
ထိုခေတ်၌ ချီးရွှမ်ဂိုဏ်းသည် ၎င်း၏ စွမ်းအားအမြင့်ဆုံး၌ ရပ်တည်နေခဲ့ပေသည်။
ထိုစီနီယာသည် သူ၏ စွမ်းအားက မည်သည့်အခါမှ ပြန်ကောင်းလာမည်မဟုတ်ကြောင်း သတိပြုမိသည့်အခါ သူက စိတ်ဓာတ်ကျလာပြီး ဂိုဏ်းငယ်လေးများကို ခိုးကြောင်းခိုးဝှက် စီးနင်းဝင်ရောက်ခဲ့သည်။ သူသည် သူ၏ အပြုအမူများကို ဖုံးကွယ်ထားကာ လိမ်လည်လှည့်ဖြားသည့် အကြံအစည်များကို အသုံးပြုပြီး သူ့ထက်အဆင့်မြင့်သည့် အကြီးအကဲများ၏ နောက်ကွယ်၌ လှုပ်ရှားခဲ့သည်။
ထိုစီးနင်းဝင်ရောက်မှုအတွင်း သူသည် စစ်မှန်သောချီမရှိဘဲ ကျင့်ကြံနိုင်သည့် ထိပ်တန်းအဆင့်သိုင်းကျမ်းကို ရှာဖွေတွေ့ရှိရန် မျှော်လင့်၍ လျှို့ဝှက်သိုင်းကျမ်းစာအုပ်များစွာကို အတင်းအကျပ် လုယက်ခဲ့သည်။
နှစ်ပေါင်းများစွာ ရှာဖွေမှုများပြုလုပ်ပြီးနောက် ထိုစီနီယာသည် စစ်မှန်သောချီကို လိုအပ်ခြင်းမရှိသည့် လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်များစွာကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ၎င်းတို့ထဲမှ မည်သည့်သိုင်းကျမ်းကမှ သူနှင့် မကိုက်ညီခဲ့ပေ။
သူက အလွန်ပင် စိတ်ဓာတ်ကျသွားခဲ့သည်။
သို့ပေမယ့် ဤစီနီယာ၏ ပါရမီနှင့် ဉာဏ်ရည်ထက်မြက်မှုက သာမန်ထက် ကျော်လွန်နေသည်။ စိတ်ဓာတ်ကျခြင်းနှင့် မခံမရပ်နိုင်ခြင်းတို့ကို ခံစားနေရပြီးနောက် သူက သူ ရှာဖွေတွေ့ရှိခဲ့သော နက်နဲသိမ်မွေ့သည့် သိုင်းနည်းစနစ်များ အားလုံးကို ပေါင်းစပ်၍ ထိပ်တန်းအဆင့် ကိုယ်ပိုင်သိုင်းကျမ်းကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။
သူ့စိတ်ထဲတွင် ထိုဆုံးဖြတ်ချက်ပေါ်လာသည်နှင့် သူ့စိတ်က ထိုဆုံးဖြတ်ချက်အတွင်း အပြည့်အဝနစ်မြုပ်သွားခဲ့သည်။ သူက ထူးခြားပြောင်မြောက်သည့် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ခဲ့သည်။ ဤသည်မှာ သိုင်းပညာရှင်တိုင်း လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာမျိုး ဖြစ်သည်။ သူက အာရုံစူးစိုက်မှုအပြည့်နှင့် အားထုတ်မှုဖြင့် ထိုသုတေသနပြုမှုတွင် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ မြှုပ်နှံလိုက်တော့သည်။ နောက်ဆုံး၌ သူက စိတ်အနှောက်အယှက်ဖြစ်စေမည့် ကိစ္စများ ရှိလာမည်ကို ကြောက်ရွံ့ကာ တံခါးပိတ်ကျင့်ကြံမည်ဟု ကြေညာ၍ ဂိုဏ်း၏ အရေးကိစ္စများကို ဝင်မပါတော့ပေ။
သိုင်းစွမ်းရည်တစ်ခု ဖန်တီးရန်မှာ လုပ်ဆောင်ရန် အလွန်ခက်ခဲသည့် အရာဖြစ်သည်။ ထို့ပြင် သူ ဖန်တီးချင်နေသည့် သိုင်းစွမ်းရည်မှာ အစစ်အမှန်ချီ မလိုအပ်သည့် ထိပ်တန်းအဆင့်စွမ်းရည်တစ်ခု ဖြစ်နေပြန်သည်။
ဤကဲ့သို့ ယှဥ်ပြိုင်ဘက်မရှိသည့် သိုင်းပညာကို ဖန်တီးခြင်းဖြစ်စဥ်တွင် တွေ့ကြုံရသည့် အခက်အခဲများမှာ သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် စိတ်ဓာတ်ခွန်အားက သာမာန်လူသားတစ်ယောက်ထက် ကျော်လွန်နေခဲ့ပေသည်။ ဆယ်နှစ်ထက်မကသည့် အချိန်ကို သုံးစွဲကာ အားထုတ်မှုများကို ပြုလုပ်ခဲ့ပြီး နောက်ဆုံး၌ သူက ကိုယ်ပိုင်သိုင်းကျမ်းဖြစ်သည့် 'မျက်တောင်တစ်ခတ်ဓားပညာရပ်' ကို တီထွင်နိုင်ခဲ့သည်။
ထိုစီနီယာက အလွန် စိတ်လှုပ်ရှားသွားခဲ့ပြီး ထိုပျော်ရွှင်ဖွယ် သတင်းကို ဂိုဏ်းသားများနှင့်အတူ မျှဝေချင်ခဲ့သည်။ သို့သော် သူ ရှာဖွေတွေ့ရှိခဲ့သည်မှာ ချီးရွှမ်ဂိုဏ်းက အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့ပြီး ယခုအခါတွင် အတိတ်က ကြီးကျယ်ခမ်းနားမှုတို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ ချီးရွှမ်ဂိုဏ်းက မရေတွက်နိုင်သော မဟာမိတ်ဂိုဏ်းများ၏ စုပေါင်းဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အချိန်မရွေး ဖျက်ဆီးခံရနိုင်သည့် အခြေအနေ၌ ရှိနေခဲ့သည်။
ထိုစီနီယာက သတင်းအားကြားသည့်အခါ အလွန် ဒေါသထွက်သွားခဲ့၏။ သူက ယခုလေးမှ ဖန်တီးခဲ့သည့် သိုင်းပညာကို အသုံးပြု၍ ထိပ်သီးအဆင့် ပြိုင်ဘက်များကို သတ်ဖြတ်ပစ်ကာ ကျန်ရှိနေသူများကို ကြောက်ရွံ့စေခဲ့သည်။ ဂိုဏ်းအသီးသီး၏ ဝန်းရံမှုအောက်တွင် သူသည် သတ်ဖြတ်မှုတို့ ပြုလုပ်ကာ သွေးလွှမ်းသော လမ်းကြောင်းကို ထွင်၍ ချီးရွှမ်ဂိုဏ်းကို အန္တရာယ်ကင်းစေရန် လမ်းဖောက်ပေးနိုင်ခဲ့သည်။
နှမြောစရာကောင်းသည်မှာ ဂိုဏ်းတစ်ခုလုံး ပျက်စီးခြင်းမှ ရှောင်လွှဲနိုင်ခဲ့သော်လည်း ထိုစီနီယာက သေမင်းခံတွင်းဝသို့ ရောက်ခဲ့ရသည်။ သူသည် အသစ်ဖန်တီးထားသည့် သိုင်းပညာကို အခြားတပည့်များအတွက် အမွေအနှစ်အဖြစ် အထွတ်အထိပ်ခုနစ်ပါးခန်းမသို့ လက်လွှဲပေးခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပေသည်။
ပို၍ နှမြောစရာကောင်းလှသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ နောက်မျိုးဆက်များထဲက ဟန်လိမှလွဲ၍ အခြားမည်သူမှ ထိုထူးခြားသည့် သိုင်းပညာကို အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ကြပေ။ ရလဒ်အနေနှင့် ဤတောက်ပသည့် ပုလဲလုံးက ဖုန်မှုန့်များအောက်၌ ဖုံးကွယ်ခံခဲ့ရပြီး နေအလင်းကို နောက်ထပ်မမြင်ခဲ့ရတော့ပေ။
ဟန်လိက မျက်တောင်တစ်ခတ်ဓားပညာရပ် နောက်ကွယ်မှ သမိုင်းကြောင်းကို သိရှိခဲ့ခြင်းမရှိပေ။ သူ သိရှိလျှင်ပင် သူက တုန်လှုပ်မည် မဟုတ်ချေ။ သူ့အတွက် ထိုထူးခြားသည့် ဓားသိုင်းပညာက သမားတော်မော့နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူ့အသက်သူကာကွယ်နိုင်စွမ်းရှိပါက လုံလောက်နေပြီ ဖြစ်သည်။ ၎င်း၏ သမိုင်းကြောင်းကို မည်သည့်အတွက် ဂရုစိုက်ရပါမည်နည်း။ ၎င်းကို ဖန်တီးခဲ့သည့် ဖြစ်စဥ်လား။ ဟန်လိသည် ထိုသို့သော အသေးစိတ် အချက်အလက်များကို စိတ်ဝင်စားခြင်း မရှိပေ။ သူက လက်တွေ့ကျသော လူတစ်ယောက်ဖြစ်ပြီး ဟန်လိသည် သူ့အတွက် အကျိုးအမြတ်မရနိုင်သည့် ကိစ္စများအပေါ် နားလည်သဘောပေါက်ရန် စွမ်းအင်နှင့် အချိန်အား ဖြုန်းတီးရမည်အား စိတ်ဝင်စားခြင်းမရှိချေ။
သူ၏ ကိုယ်ပိုင်အိမ်အတွင်း ဟန်လိသည် ဆီမီးအိမ်ကို ထွန်းညှိလိုက်ကာ စားပွဲရှေ့၌ ထိုင်လိုက်သည်။ သူက မီးအိမ်အလင်းအောက်တွင် သိုင်းကျမ်း၏ စာမျက်နှာများကို လျင်မြန်စွာ လှန်နေခဲ့သည်။
သူက သိုင်းကျမ်းကို ကူးယူထားရန် စိတ်ကူးမရှိပေ။ သူ၏ စွဲမြဲစွာမှတ်မိနိုင်သည့် မှတ်ဉာဏ်ကို အသုံးပြုကာ လျှို့ဝှက်သိုင်းကျမ်းအတွင်းမှ အကြောင်းအရာတို့ကို မှတ်သားထားရန် စီစဥ်နေခဲ့သည်။ ဤနည်းလမ်းဖြင့် သူက မည်သည့်သံသယမှ အဝင်မခံရဘဲ အကြောင်းအရာများကို သူ့စိတ်ထဲတွင် သိမ်းဆည်းထားနိုင်သည်။
သမားတော်မော့နှင့် ပတ်သတ်၍ ဟန်လိက သတိကြီးကြီး ထားနေဆဲ ဖြစ်သည်။ သူသည် သမားတော်မော့က သူ့အပေါ် စောင့်ကြပ်ကြည့်ရှုနေမှု လျော့ပါးနေမှုကြောင့် သူ လုံခြုံလိမ့်မည်ဟု တွေးထင်ရသည်အထိ မရူးမိုက်သေးပေ။ သမားတော်မော့က သူ့အိမ်တွင် ရှိနေသည့် လျှို့ဝှက်သိုင်းကျမ်းများအကြောင်း သိရှိသွားခဲ့လျှင် သူ့အကြံအစည်များအားလုံး ပျက်စီးသွားရလိမ့်မည် မဟုတ်ပါလား။
မီးအိမ်၏ မှုန်မှိုင်းသော အဝါရောင်အလင်းအောက်တွင် ဖောက်ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာပြီး ဟန်လိက အချိန်အတော်ကြာသည်အထိ လေ့လာနေခဲ့ကာ အနည်းငယ် အနားယူရန် အချိန်ဖြစ်ကြောင်း သတိပေးလာသည်။
သို့သော် ဟန်လိက ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် လျှို့ဝှက်သိုင်းကျမ်း၏ အကြောင်းအရာများထဲ အပြည့်အဝ နစ်မြုပ်နေခဲ့ပြီး အချက်အလက်အားလုံးကို သူ့စိတ်ထဲသို့ ပျော်ဝင်သွားစေရန် စုပ်ယူနေသည်။
ထိုအချိန်၌ မီးအလင်းက ပေါက်ကွဲထွက်လာသည်နှင့် အရိပ်တစ်ခုက နံရံထက် ပေါ်ပေါက်လာပြီး အလင်း၏ လှုပ်ရှားမှုအတိုင်း ရှေ့နောက်ယိမ်းနွဲ့နေသည်။ ဟန်လိက ထိုနေရာ၌ ဆက်လက်ထိုင်နေခဲ့ပြီး ဓားသိုင်းကျမ်းအတွင်း စျာန်ဝင်စားနေကာ တစ်လက်မလေးမှ မရွှေ့ခဲ့ပေ။ သူ့ခန္ဓာကိုယ်က ၎င်းနတ်ဆိုးပုံရိပ်သဏ္ဌာန်နှင့် ထက်ရှစွာ ဆန့်ကျင်ကွဲပြားနေသော်လည်း တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်ရှုပါလျှင် ၎င်းတို့နှစ်ခုကြား၌ သဟဇာတဖြစ်မှုတို့ ရှိနေသည်ကို မြင်ရပေလိမ့်မည်။
အချိန်ကုန်ဆုံးလာသည်နှင့် ဟန်လိ၏ နောက်မှ အရိပ်က ဝေဝါးလာပြီး တဖြေးဖြေးနှင့် မည်သည်မှ မကျန်တော့အောင် ပျောက်ကွယ်သွားခဲ့လေသည်။ အပြင်ဘက်၌ အရုဏ်တက်သွားပြီ ဖြစ်၏။
မသိလိုက်မသိဘာသာနှင့် ဟန်လိက တစ်ညလုံး လေ့လာရင်း အချိန်ဖြုန်းနေခဲ့သည်။
ဖတ်...
တိုးသက်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး မီးအိမ်မှအလင်း ကုန်သွားခဲ့သည်။ ထို့နောက်မှသာ ဟန်လိက အသိပြန်ဝင်လာခဲ့သည်။
သူက ခေါင်းကို မော့ကာ ဆီမီးအိမ်ကို ကြည့်ပြီးနောက် အိမ်အပြင်ဘက်၌ လင်းချင်းနေခဲ့ပြီ ဖြစ်သော နေ့အလင်းရောင်ကို ကြည့်လိုက်သည်။ သူ့နှလုံးသားအောက်ခြေမှ ခါးသက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူသည် သတ်ဖြတ်ခြင်းနည်းစနစ်အား လေ့လာရန်အတွက် အမှန်တကယ်ပင် တစ်ရက်တာလုံး အချိန်သုံးပစ်ခဲ့ပေသည်။ သူက ယခင်ကနှင့် ကွာခြားသွားခဲ့ပြီ ဖြစ်၏။
ဟန်လိက ခေတ္တမျှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နေပြီးမှ မတ်တပ်ထရပ်ကာ အပျင်းကြောဆန့်လိုက်၍ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာစေသည်။ ထိုသို့ပြုလုပ်ပြီးနောက် သူက အိမ်ထဲက ထွက်ကာ အနီးရှိ ရေတွင်းမှ ရေအေးများ တစ်ဇလုံစာခပ်ယူလိုက်ပြီး သူ့ကိုယ်သူ ဆေးကြောလိုက်၏။ ဟန်လိက ထာဝရနွေဦးကျင့်စဥ်ကို အသက်သွင်းလိုက်ပြီး ပြီးခဲ့သည့် ညက ကုန်ဆုံးသွားခဲ့သည့် အားအင်များကို ပြန်လည် ဖြည့်တင်းကာ မောပန်းနွမ်းနယ်မှုတို့ကို ပြေပျောက်သွားစေခဲ့သည်။
တစ်ညလုံး လေ့လာဆန်းစစ်ပြီးနောက် ဟန်လိသည် ထိုထူးခြားသည့် သိုင်းကျမ်းနောက်ကွယ်မှ အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူက ၎င်းကို အနည်းဆုံး ရှစ်နှစ်မှ ဆယ်နှစ်အထိ မလေ့ကျင့်လျှင် ကျွမ်းကျင်လာနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ပါရမီရှင်တစ်ယောက်သည်ပင် ရလဒ်အချို့ ရရှိအောင်မြင်နိုင်ရန် အနည်းဆုံး အချိန်နှစ်နှစ် သုံးနှစ် လိုအပ်လိမ့်မည် ဖြစ်သည်။
အချိန်က မည်သူ့ကိုမှ စောင့်ဆိုင်းလိမ့်မည် မဟုတ်ပေ။